Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ဘန်ကီမွန်းနှင့် မင်းအောင်လှိုင်တွေ့ဆုံမှု လူမိုက်ကို ပွဲထုတ်ခြင်းဖြစ်၍ ရှုတ်ချသင့်ဟု ယာယီသမ္မတပြော

အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ဝင်များအနေဖြင့်လည်း အကြမ်းဖက်စစ်ကောင်စီကို နိုင်ငံတ ကာမျက်နှာစာတွင် တိုးမဝင်နိုင်စေရေး သံခင်းတမန်ခင်းစွမ်းရည်ကို သုံးပြီး ဆက်လက် ကြိုးစားကြရန်လည်း ယာယီသမ္မတက တိုက်တွန်းသည်။

(အာဏာသိမ်းစစ်​ကောင်စီ​ခေါင်း​ဆောင်အချို့နှင့်ဘန်ကီမွန်းဦး​ဆောင်​သောကိုယ်စားလှယ်အဖွဲ့။ဓါတ်ပုံ-စစ်​ကောင်စီ)
(အာဏာသိမ်းစစ်​ကောင်စီ​ခေါင်း​ဆောင်အချို့နှင့်ဘန်ကီမွန်းဦး​ဆောင်​သောကိုယ်စားလှယ်အဖွဲ့။ဓါတ်ပုံ-စစ်​ကောင်စီ)

▪︎အကြမ်းဖက်စစ်ကောင်စီကို ယဉ်ကျေးအောင် ချော့မြူသည့် ချဉ်းကပ်မှု စစ်အာဏာရှင်ကို သက်ဆိုးရှည်စေမည်ဟု သတိပေး

ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ဟောင်း မစ္စတာဘန်ကီမွန်းနှင့် အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်တို့ နေပြည်တော်၌ တွေ့ဆုံခဲ့ခြင်းသည် လူမိုက်ကို ပွဲထုတ်သည့် လုပ်ရပ်ဖြစ်ပြီး ကျင့်ဝတ်အားဖြင့် မလျော်ကန်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ ယာယီသမ္မတ ဒူဝါလရှီးလက ပြောသည်။

ယနေ့ ကျင်းပသည့် အစိုးရ အဖွဲ့အစည်းအဝေး၌ ထိုသို့ ပြောဆိုခဲ့ခြင်းဖြစ်သည်။

“ဒီကိစ္စနဲ့ပတ်သက်ပြီး ကျွန်တော်တို့အနေနဲ့ မူအားဖြင့် ကန့်ကွက် ရှုတ်ချသင့်တယ်လို့ မြင်ပါတယ်။ အကြောင်းကတော့ ပြည်သူလူထုရဲ့ အသက် အိုးအိမ်စည်းစိမ်ကို လက်လွတ်စပယ် သတ်ဖြတ်ညှင်းဆဲနေတဲ့ အကြမ်းဖက်စစ်ကောင်စီကို နိုင်ငံတကာ ဇာတ်ခုံမှာ လူမိုက်ကို ပွဲထုတ်နေတယ်လို့ ယူဆပါတယ်။ ဒါဟာ ကျင့်ဝတ်အားဖြင့် မလျော်ကန်တဲ့ ကိစ္စလို့လည်း ယူဆပါတယ်”ဟု ယာယီသမ္မတက ပြောသည်။

Public Service Announcement
Public Service Announcement

နိုင်ငံတကာအစုအဖွဲ့ကိုယ်စားလှယ်များသည် အကြမ်းဖက် စစ်ကောင်စီကို ယဉ်ကျေးအောင် ချော့မြူနိုင်ရန် ကြိုးစားနေဟန်ရှိကြောင်း ၎င်းက ဆိုသည်။

Public Service Announcement

Public Service Announcement

“ ယခင် စစ်အစိုးရ အဆက်ဆက်မှာလည်း ဒီလို ပုံသေနည်းနဲ့ ချည်းကပ်ခဲ့လို့၊ ကျွန်တော်တို့ နိုင်ငံမှာ စစ်အာဏာရှင်ဟာ သက်ဆိုးရှည်နေခဲ့တာ တွေ့ရတယ်။ အခုလည်း စစ်အာဏာသိမ်းမှုနဲ့ စစ်ရာဇဝတ်မှုကို ကျူးလွန်နေတဲ့ စစ်အာဏာရှင်တွေကို သက်ဆိုးရှည်အောင် / အသက်ရှုပေါက်ချောင်အောင် လုပ်နေတယ်လို့ ယူဆပါတယ်။ အကြမ်းဖက် မင်းအောင်လှိုင်နှင့် စစ်အုပ်စုဟာ နေ့စဉ်နဲ့အမျှ အပြစ်မဲ့ပြည်သူများကို ရက်စက်စွာ သတ်ဖြတ်နေတယ်၊ ဒီလုပ်ရပ်တွေကို အမြန်ဆုံးရပ်တန့်နိုင်အောင် မင်းအောင်လှိုင်နှင့် စစ်အုပ်စုကို အပြစ်ပေးအရေးယူပြီး အထီးကျန်အောင် လုပ်ဆောင်ဖို့ လိုအပ်ပါတယ်” ဟု ယာယီသမ္မတက ပြောသည်။

အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ဝင်များအနေဖြင့်လည်း အကြမ်းဖက်စစ်ကောင်စီကို နိုင်ငံတ ကာမျက်နှာစာတွင် တိုးမဝင်နိုင်စေရေး သံခင်းတမန်ခင်းစွမ်းရည်ကို သုံးပြီး ဆက်လက် ကြိုးစားကြရန်လည်း ယာယီသမ္မတက တိုက်တွန်းသည်။

“ကျွန်တော်တို့ဟာ နေ့စဉ်နဲ့အမျှ ဖိနှိပ်ညှင်းဆဲခံနေရတဲ့ အဖိနှိပ်ခံ ပြည်သူလူထုရဲ့ ဘဝတွေကို လျစ်လျှူရှုလို့ မရပါဘူး။ နေ့စဉ် သတ်ဖြတ် ညှင်းဆဲခံနေရတဲ့ ပြည်သူတွေရဲ့ ဘဝကို အမြဲ သတိရအောက်မေ့ပြီး နိုင်ငံတကာအသိုင်းအဝန်း တစ်ခုလုံး နားလည်သဘောပေါက်အောင် လုပ်ရပါလိမ့်မယ်။ ကျွန်တော့်အနေနဲ့ နိုင်ငံတကာရဲ့ ကြားဝင် ဖြန်ဖြေမှုတွေကို အပြုသဘောဆောင် တယ်လို့ ယူဆပေမယ့် စစ်အာဏာရှင်စနစ်ကို သက်ဆိုးရှည်အောင် လုပ်နေတဲ့ အပြုအမူတွေကိုတော့ အပြင်းအထန် ကန့်ကွက်ရှုတ်ချကြောင်း ပြောကြားရင်း နိဂုံးချုပ်ပါတယ်” ဟု ယာယီသမ္မတက ပြောသည်။

ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းကလည်း အရပ်သားပြည်သူ ၁၇၀ ခန့် အသက်ဆုံးရှုံးခဲ့ရသည့် ကန့်ဘလူနယ် ပဇီကြီးရွာ လေကြောင်း တိုက်ခိုက်မှု ဖြစ်စဉ်အပြီး နိုင်ငံတကာအနေဖြင့် စစ်ကောင်စီ၏ လုပ်ရပ်များကို ရှုံ့ချကြောင်း ပြောကြားလာခြင်းများရှိသော်လည်း ယခု အချိန်သည် အရေးယူသင့်ကြောင်း၊ ရှုံ့ချသင့်ကြောင်းများသာ ပြောနေရမည့် အချိန်မဟုတ်တော့သည်မှာ သေချာနေပြီဖြစ်ကြောင်း ပြောသည်။

“ကမ္ဘာကြီးအနေနဲ့ မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ လူအခွင့်အရေး ချိုးဖောက်မှုတွေကို အခုထက်ပိုပြီး အာရုံစိုက်ပေးကြဖို့ လိုအပ်နေပြီ ဖြစ်ပါတယ်” ဟုလည်း ပြည်ထောင်စုဝန်ကြီးချုပ်က ပြောကြားသည်။

မစ္စတာဘန်ကီမွန်းသည် ၂၀၂၁ ခုနှစ်အတွင်းက မြန်မာပြည်လာရောက်ရန် အဆိုပြုခဲ့ဖူးသော်လည်း စစ်ကောင်စီက ထိုစဉ်က ခွင့်မပြုခဲ့ဘဲ ယခုအချိန်မှ လာရောက်ခွင့်ပြုခြင်းမှာ စဉ်းစားဖွယ်ကောင်းကြောင်း၊ တရားမဝင်စစ်ကောင်စီနှင့် ဆက်ဆံသည့် နိုင်ငံတကာသံတမန်များအားလုံး အရှုံးနှင့်သာ ရင်ဆိုင်ရသည်မှာ ယခင်ဖြစ်စဉ်များက သက်သေရှိပြီးဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ NUG သမ္မတရုံး ပြောခွင့်ရပုဂ္ဂိုလ် ဦးကျော်ဇောကလည်း​ပြောသည်။

“ကုလသမဂ္ဂနဲ့ အာဆီယံအဖွဲ့ကြီးဟာ မြန်မာပြည်သူလူထုရဲ့ ဆန္ဒနဲ့ ကိုက်ညီတာ လုပ်ဖို့အတွက် ပြောထားတာရှိပါတယ်။ ဒါကို မစ္စတာဘန်ကီမွန်းအနေနဲ့ အလေးထားဖို့ တိုက်တွန်းပြောကြားချင်ပါတယ်။ မြန်မာပြည်သူလူထုရဲ့ ဆန္ဒအမှန်ကို လေးစားပြီး မြန်မာပြည်သူလူထုရဲ့ ဆန္ဒအစစ်အမှန်ကို အကောင်အထည်ဖို့ အတွက်ကို မစ္စတာဘန်ကီမွန်းလုပ်ဆောင်ဖို့ တိုက်တွန်းပြောကြားချင်ပါတယ်။ ထိရောက်တဲ့ ရလဒ်ရဖို့အတွက် မြန်မာနိုင်ငံမှာ စစ်ကောင်စီရဲ့ အကြမ်းဖက်မှု ရပ်တန့်ဖို့ မစ္စတာဘန်ကီမွန်းလုပ်ဆောင်ဖို့ဆိုရင် မြန်မာပြည်သူလူထုရဲ့ ဆန္ဒနဲ့ကိုက်ညီတဲ့လုပ်ဆောင်ချင်ဖြစ်ဖို့ လိုအပ်မယ်လို့ ပြောချင်ပါတယ်။ အကြမ်းဖက်စစ်ကောင်စီဟာ သူတို့ရှိနေသရွေ့အကြမ်းဖက်မှုတွေ ဖန်တီးနေမှာ၊ အကြမ်းဖက်မှုတွေကို ပိုမိုတိုးချဲ့ပြီးလုပ်နေမှာ ဆိုတာ သိသင့်ပါတယ်။ မစ္စတာဘန်ကီမွန်းအနေနဲ့ စစ်ကောင်စီရဲ့ ဝါဒဖြန့်ချီရေးမှာ အသုံးချခံ လက်ကိုင်တုတ်မဖြစ်ဖို့ သတိထားဆောင်ရွက်ပါ။ NUG နဲ့ တရားဝင်ထိတွေ့ဆက်ဆံပါ။ သက်ဆိုင်ရာ stakeholder အားလုံးနဲ့People’s Spring သို့​ပြောသည်။

အတွင်းရေးမှူးချုပ်ဟောင်းဖြစ်သည့် ဘန်ကီမွန်းကို နေပြည်တော်သို့ ဖိတ်ခေါ်ခြင်းမှာ နိိုင်ငံတကာမျက်နှာစာတွင် အပြကောင်းရန်၊ အသုံးချရန်အတွက် ဖြစ်နိုင်ပြီး ဘန်ကီမွန်း၏ ခရီးစဥ်ကြောင့် မြန်မာပြည်နိုင်ငံရေးတွင် သိသာထင်ရှားသည့်အပြောင်းအလဲဖြစ်လာရန် အကြောင်းမရှိကြောင်း မြန်မာ့နိုင်ငံရေးသုတေသီ ဦးသန်းစိုးနိုင်က မှတ်ချက်ပြုသည်။

“သူ(ဘန်ကီမွန်း)လာရောက်တဲ့အတွက် သူဖြစ်စေချင်တဲ့ အကြမ်းဖက်မှု ရပ်တန့်ဖို့ မဖြစ်နိုင်ပါဘူးး။ NLD ခေါင်းဆောင်တွေ လွှတ်ပေးဖို့ဆိုတာလည်း မဖြစ်နိုင်ပါဘူး။ စကားဝိုင်းဆွေးနွေးပွဲဆိုတာလည်း မဖြစ်နိုင်ပါဘူး။ ဒါ့ကြောင့်မို့ စစ်ကောင်စီအနေနဲ့ နိုင်ငံတကာရုပ်ပြအတွက် အသုံးချနိုင်မယ့်သူကို ရွေးဖိတ်တာလို့ ကျွန်တော်က ယူဆပါတယ်။ The Elders အဖွဲ့တဖွဲ့လုံးကို မဖိတ်ပါဘူး။ နိုင်ငံတကာကို အပြကောင်းအောင် ထပ်လုပ်နေတာလို့ တွက်ပါတယ်။ ဒီအတွက် မြန်မာပြည်နိုင်ငံရေးမှာ ဘာမှ သိိသာထင်ရှားတဲ့အပြောင်းအလဲတွေ ဖြစ်လာနိုင်စရာ အကြောင်းမရှိဘူးလို့ ထင်ပါတယ်” ဟု ၎င်းကသုံးသပ်သည်။

၂၀၀၇ မှ ၂၀၁၆ အထိ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်အဖြစ် သက်တမ်းနှစ်ကြိမ်ဆက် တာ၀န်ထမ်းဆောင်ခဲ့သူ တောင်ကိုရီးယားနိုင်ငံသား မစ္စတာဘန်ကီမွန်းသည် လက်ရှိ The Elders(ငြိမ်းချမ်းရေး၊ တရားမျှတမှု၊ လူ့အခွင့်အရေးနှင့် တည်တံ့သောကမ္ဘာမြေအတွက် အလုပ်လုပ်နေသည်ဆို​သော လွတ်လပ်သော ကမ္ဘာ့ခေါင်းဆောင်များအဖွဲ့)တွင် ဒုတိယဥက္ကဋ္ဌအဖြစ် တာ၀န်ယူထားသည်။ အဆိုပါ The Elders ဒုတိယဥက္ကဋ္ဌတစ်ဦးအနေဖြင့် အာဏာသိမ်း​ခေါင်း​ဆောင်မင်း​အောင်လှိုင်ကဖိတ်ကြား၍နေပြည်တော်သို့ လာရောက်ခြင်းဖြစ်ကြောင်း သည်။။ တောင်ကိိုရီးယားသံရုံးကလည်း ဘန်ကီမွန်း၏ ခရီးစဥ်နှင့်ပတ်သက်၍ စစ်ကောင်စီနှင့် ညှိနှိုင်းစီစဥ်ပေးခြင်းမရှိကြောင်း AP သတင်းဌာနကို ပြောသည်။

(အာဏာသိမ်းစစ်​ကောင်စီ​ခေါင်း​ဆောင်အချို့နှင့်ဘန်ကီ

မွန်းဦး​ဆောင်​သောကိုယ်စားလှယ်အဖွဲ့။ဓါတ်ပုံ-စစ်​ကောင်စီ)

ဆက်စပ်သတင်းများ

သတင်း

၁၉၈၉ ခုနှစ် ဧပြီ ၁၇ရက်‌တွင် စတင် တည်ထောင်ခဲ့သော ဝပြည် သွေးစည်း ညီညွတ်ရေးပါတီ (UWSP/UWSA) သည် ယနေ့တွင် (၃၅)နှစ်ပြည့်မြောက်ပြီဖြစ်သည်။

သတင်း

နိုင်ငံတဝန်း စစ်ရေးအရှိန်များတိုးမြှင့်ဖော်ဆောင်နေသည့် အခြေအနေတွင် ယခုကဲ့သို့ စစ်ဘက်ဆိုင်ရာကျင့်ဝတ်များ ထုတ်ပြန်လာခြင်းလည်းဖြစ်သည်။

သတင်း

ယနေ့ ကျင်းပသည့် အစိုးရအဖွဲ့အစည်းအဝေး၌ ယာယီသမ္မတက နွေဦးတော်လှန်ရေး၏ ခုခံတော်လှန်စစ် ပြောင်းလဲတိုးတက်မှု အခြေအနေကို ပြောပြရာ၌ အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

သတင်း

ယာယီသမ္မတထံသို့ ဝန်ကြီးဦးရည်မွန်က သွားရောက်တင်ပြခဲ့ပြီး ဒုဝန်ကြီး နိုင်ကောင်းရွက်က ဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းတို့ထံ တင်ပြခဲ့သည်ဟု အသိပေးသည်။