ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၁) နယ်မြေ သထုံခရိုင် ကျိုက်ထိုမြို့နယ်အတွင်း အာဏာ သိမ်းစစ်ကောင်စီတပ်မှ နယ်မြေကျူးလွန် စစ်ရေးလှုပ်ရှားလာ၍မကြာခဏပစ်ခတ်မှုများရှိခဲ့ပြီး စစ်ဘေးရှောင်ပြည်သူ ၁,၅၀၀ကျော် ရှိလာဟု တပ်မဟာ(၁)က သတင်းထုတ်ပြန်သည်။
ကျိုက်ထိုမြို့နယ်အတွင်း၌ စက်တင်ဘာ ၁၇ရက်၊ ၁၈ရက်နှင့် ၂၂ရက်နေ့များ၌ တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်မှ ၃၀ခန့် သေဆုံးခဲ့ပြီး ဒဏ်ရာရသူများလည်း ရှိခဲ့သည်ဟု ဖော်ပြထားသည်။
စက်တင်ဘာ ၂၂ရက် တိုက်ပွဲအပြီးတွင် အာဏာသိမ်းစစ်ကောင်စီဖက်မှ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်မှုကြောင့် ဒေသခံပြည်သူနှစ်ဦးသေဆုံးခဲ့ရပြီး တစ်ဦး ဒဏ်ရာရရှိခဲ့သည်ဟု ဆိုသည်။
တိုက်ပွဲများဖြစ်ပွားခြင်းကြောင့် မဲရုံကြီးကျေးရွာ၌ ပြည်သူလူထုပိုင် ပစ္စည်းများ ဆုံးရှုံးခဲ့ကြောင်း KNUက ထုတ်ပြန်သည်။

Public Service Announcement
ပျက်စီးဆုံးရှုံးမှုများမှာ မဲရုံးကြီးကျေးရွာနေ ကိုပဲလုံး၊ မနွယ်ဦး ကုန်စုံဆိုင်မှ ကုန်ပစ္စည်းများနှင့် ဆိုင်ကယ် (NCX-wave)တစ်စီး စုစုပေါင်းတန်ဖိုး ၃၃သိန်းကျပ်၊ ကိုစန်းဦး၊ မဟေမာဈေးဆိုင်မှ စားသောက်ကုန်ပစ္စည်းများ စုစုပေါင်းတန်ဖိုး ၂၀သိန်းခန့်၊ ဦးစောလွင်၊ ဒေါ်ခင်ဝင်း ကုန်စုံဆိုင်မှ ပစ္စည်းစုစုပေါင်းတန်ဖိုးငွေ ငါးသိန်းကျပ်နှင့်ကိုဇော်ဟိန်း၏ ဆိတ်တစ်ကောင် တန်ဖိုးတစ်သိန်းကျပ်ရှိပြီး ပျက်စီးဆုံးရှုံးမှု စုစုပေါင်းတန်ဖိုး ၅၉သိန်းခန့်ရှိသည်ဟုဆိုသည်။
အဆိုပါဒေသ၌ နေရပ်စွန့်ခွာ၍ စစ်ဘေးရှောင်သူ ဒေသခံ ၁,၅၈၀ ဦးရှိရာမဲရုံးကြီးကျေးရွာမှ လူဦးရေ ၁,၃၀၀၊ မဲရုံးကြီး တိုးချဲ့ကွက်သစ်၊ ဂူးကူအုပ်စုမှ လူဦးရေ ၁၂၀ဦး၊ မဲရုံးကြီးလက်အောက်ခံ တိုးချဲ့ကွက်သစ်၊ ရွှေခဲရုံးရွာမှ လူဦးရေ ၁၆၀ဦး တို့ဖြစ်သည်ဟု ဖော်ပြသည်။
ထို့ပြည် စစ်ကောင်စီတပ်မှ ထောင်ထားသည့် မိုင်းနင်းမိ၍ ဒေသခံအချို့ ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟုလည်း ထုတ်ပြန်သည်။


















































