မြန်မာစစ်ကောင်စီနဲ့သွားရောက်တွေ့ဆုံခဲ့တဲ့ အိန္ဒိယနိုင်ငံခြားသတင်းထောက်အသင်း ဥက္ကဋ္ဌ ရဲ့လုပ်ရပ်ကို ကန့်ကွက်ဆန္ဒပြတဲ့အနေနဲ့ အဖွဲ့ဝင်သတင်းထောက်တွေ နှုတ်ထွက်တာတွေရှိနေတယ်လို့ အိန္ဒိယသတင်းတွေမှာဖော်ပြကြပါတယ်။
ပြီးခဲ့တဲ့ ရက်သတ္တပတ် ဇွန်လ ၇ ရက်က နေပြည်တော်ကိုရောက်နေတဲ့ အိန္ဒိယ၊နယူးဒေလီမြို့အခြေစိုက် တောင်အာရှ နိုင်ငံခြားသတင်းထောက်များအသင်းဥက္ကဋ္ဌ ဟာ စစ်ကောင်စီဝန်ကြီးတွေဖြစ်တဲ့ ဦးကိုကိုလှိုင်နဲ့ နိုင်ငံခြားရေးဒုဝန်ကြီး တို့နဲ့တွေ့ဆုံခဲ့တာပါ။
ဒီလိုတွေ့ဆုံမှုကို စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ထားပါတယ်။
သတင်းသမားတွေကိုယ်စားပြုပြီး မီဒီယာ လွတ်လပ်ခွင့်အတွက် ရပ်တည်ရမယ့်အဖွဲ့ ဥက္ကဋ္ဌ အနေနဲ့ သတင်းမီဒီယာကိုဖိနှိပ်နေတဲ့ မြန်မာ စစ်ကောင်စီနဲ့သွားရောက်တွေ့ဆုံတဲ့ လုပ်ရပ်ကို အိန္ဒိယ နိုင်ငံခြားသတင်းထောက်အဖွဲ့ဝင်တွေက ရှုတ်ချထားတယ်လို့ သိရပါတယ်။

Public Service Announcement
အိန္ဒိယနိုင်ငံခြားသတင်းထောက်များအသင်း ဥက္ကဋ္ဌ ကတော့ သူအနေနဲ့ အသင်းဥက္ကဋ္ဌ တစ်ဦးအနေနဲ့ သွားရောက်တာမဟုတ်ကြောင်း ၊ ဒါအပြင် အသင်းရဲ့အဖွဲ့ဝင် သတင်းသမားတစ်ဦးအနေနဲ့ခရီးသွားတာ ၊ လူပုဂ္ဂိုလ်တွေနဲ့တွေ့ဆုံတာတွေအပါ် ကန့်သတ်ထားတာမျိုးလည်းမရှိဘူးလို့ ဝေဖန်မှုတွေအပေါ် တုံ့ပြန်ထားပါတယ်။
ဒါပေမယ့်အသင်းဥက္ကဋ္ဌ ရဲ့ လုပ်ရပ်ကို ကန့်ကွက်တဲ့အနေနဲ့ The Economist ၊ Washington Post ၊AFP ၊Financial Times စတဲ့ သတင်းဌာနတွေက သတင်းထောက်တွေဟာအသင်းကနှုတ်ထွက်စာတင်ထားကြပါတယ်။
နှုတ်ထွက်မယ့်သူတွေဟာအသင်းရဲ့ ဦးဆောင်အဖွဲ့ဝင်အချို့ ပါဝင်တယ်လို့အိန္ဒိယသတင်းတွေမှာဖော်ပြပါတယ်။


















































