Connect with us

Hi, what are you looking for?

သတင်း

ထီးချိုင့်မြို့နယ် မောင်းကုန်းရွာစျေးအနီး စစ်တပ်လေကြောင်းတိုက်ခိုက်မှု ပြည်သူ ၉ဦးသေဆုံး

လေကြောင်းအန္တရာယ် အမြဲသတိရှိ ရှောင်တိမ်းကြရန် ထီးချိုင့် ပအဖတိုက်တွန်း

ထီးချိုင်မြို့နယ် မောင်းကုန်းကျေးရွာကို စစ်ကောင်စီ လေကြောင်းတိုက်ခိုက်ပြီးနောက် တွေ့ရစဉ်။ ဓာတ်ပုံ - ထီးချိုင့် ပအဖ

ဟန်နွေ/People’s Spring

ထီးချိုင်မြို့နယ် မောင်းကုန်းကျေးရွာကို စစ်ကောင်စီ လေကြောင်း တိုက်ခိုက်၍ ပြည်သူ ၉ဦး သေဆုံးပြီး ၁၀ဦးဒဏ်ရာရခဲ့ကြောင်း ထီးချိုင့်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပအဖ)က ယမန်နေ့ညတွင် သတင်းထုတ်ပြန်သည်။

စက်တင်ဘာ ၁ရက် ညနေပိုင်းတွင် မိတ္ထီလာလေတပ်မှတက်လာသော ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ထီးချိုင့်မြို့နယ် မောင်းကုန်းရွာဈေးအနီးရှိ ပိပိရိရိ စားသောက်ဆိုင်ရှေ့ နှင့် ဂရိတ်ဝေါ ဝေမာသကြားစက်ဂိတ်ပေါက် ရှေ့နား ဗုံးသီးကျရောက်ပေါက်ကွဲခဲ့ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

ယင်းအနက် စျေးအနီး ကျရောက်သည့် ဗုံးသီးသည် ဆီပေပါများ တင်ထားသောကားပေါ် ကျရောက်ပေါက်ကွဲခဲ့ရာ နေရာအနီးရှိ ပြည်သူ ၉ဦးသေဆုံးကာ ၁၀ဦး ဒဏ်ရာရခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြသည်။

ပြည်သူအများစု စျေးရောင်းချနေသည့်နေရာကို စစ်ကောင်စီက စစ်ရေးပစ်မှတ်မရှိဘဲ ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း မြို့နယ်ပအဖက ထုတ်ပြန်သည်။

အလားတူ လေကြောင်းတိုက်ခိုက်ခြင်းမှုကို ဧပြီအတွင်း ကမ်းနီရွာဈေးတွင်လည်း တိုက်ခိုက်ခံခဲ့ရဖူးပြီး လေကြောင်းအန္တရာယ်အချက်ပေးမှုကို အချိန်မီသိရှိကာ ဗုံးခိုကျင်းများသို့ ရှောင်တိမ်းနိုင်ခဲ့ရာ ထိုစဉ်က ပြည်သူသေဆုံးမှုမရှိခဲ့ဘဲ ဒဏ်ရာပြင်းထန်သူ ၂ဦး အပါအဝင် ၅ဦး ဒဏ်ရာရခဲ့ဟု ဆိုသည်။

“အခု အပစ်ခံရတာက မောင်းကုန်းကို PDF သိမ်းပြီးတဲ့နေ့က ပြည်သူတွေကြိုဆိုကြတဲ့နေရာနားမှာရှိတာ။စစ်‌တပ်ကကောင်တွေ ယုတ်မာပြီးပစ်တာဗျ။ အခုက ဘာစစ်ရေးမှရှိမနေဘူး”ဟု ကာကွယ်ရေးရဲဘော်တစ်ဦးက ပြောသည်။

စစ်ကောင်စီတပ်သည် ၎င်းတို့အုပ်ချုပ်၍မရသည့်ဒေသများတွင် လူစုလူဝေးရှိရာအရပ်များဖြစ်သည့် ဆေးရုံ၊ဆေးခန်းများ၊စာသင်ကျောင်းများ၊ ဈေးများသို့ ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်နေ၍ လေကြောင်းအန္တရာယ်မှ ရှောင်ရှားနိုင်ရန်အတွက် လေယာဉ်ဦးတည်ရာလမ်းကြောင်းကို အစဉ်သတိရှိရှိ သတင်းရယူခြင်း၊သတင်းပြန်ပို့ခြင်းနှင့်‌လေယာဉ်ဦးတည်ရာအရပ်သည်မိမိတို့ရှိရာအရပ်သို့ဦးတည်သည်ဟု သတင်းရရှိသည်နှင့်တပြိုင်နက် အချိန်နှင့်တပြေးညီ ဗုံးခိုကျင်း(သို့မဟုတ်)ဗုံးဒဏ်ခံနိုင်သောအဆောက်အဦများ သို့အရေးပေါ်ရှောင်တိမ်းကြရန်လည်း ထီးချိုင့်မြို့နယ် မြို့နယ်ပအဖက တိုက်တွန်းထားသည်။

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)တို့ ပါဝင်သည့် တော်လှန်ရေးပူးပေါင်းတပ်များသည် ထီးချိုင့်မြို့သိမ်းတိုက်ပွဲဆင်နွှဲလျက်ရှိရာ ယခု လေကြောင်း တိုက်ခိုက်ခဲ့သည့် နေရာသည်

တိုက်ပွဲဖြစ်ပွားမှုမရှိသည့် နေရာဖြစ်ပြီး စစ်ကောင်စီက အရပ်သားများကို ပစ်မှတ်ထား တိုက်ခိုက်ခြင်းဖြစ်ဟု မောင်းကုန်းဒေသခံက ပြောကြားထားသည်။ မောင်းကုန်းဒေသကို တော်လှန်ရေးပူးပေါင်းတပ်က ဩဂုတ်လဆန်းကတည်းက သိမ်းပိုက်ထားပြီးဖြစ်သည်။

ယခု လေကြောင်း တိုက်ခိုက်ခံရ၍ သေဆုံးသူများအနက် ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးလည်းပါဝင်ကြောင်း ဒေသခံက အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်တပ်ရဲ့ ရန်ကြောင့် စစ်ရှောင်နေရတဲ့ ပြည်သူတွေကို စားနပ်ရိက္ခာ၊ အမိုးအကာနဲ့ ဆေးဝါးတွေ ထောက်ပံ့ကူညီပေးခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် (၁)စစ်ဆင်ရေးနယ်မြေ၊ အထူးတိုင်းစစ်ဌာနက ထုတ်ပြန်ပါတယ်။

သတင်း

ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ် ကျောက်ကြီးကျေးရွာကို စစ်တပ်က လေကြောင်းတိုက်ခိုက်မှု ထပ်မံ ပြုလုပ်ခဲ့လို့ အရပ်သားပြည်သူအစုလိုက်၊ အပြုံလိုက်သေဆုံးထိခိုက်ခဲ့ရကြောင်း အာရက္ခတပ်တော်(AA)က ထုတ်ပြန်ပါတယ်။

သတင်း

ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ် ကျောက်ကြီးကျေးရွာကို အာဏာသိမ်းစစ်တပ်က ဒီနေ့ နေ့လယ်ပိုင်းမှာ ဂျက်ဖိုက်တာ ၂စီး နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး အရပ်သားထိခိုက်မှုတွေရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ပြည်ပရောက်နေသူတွေက တော်လှန်ရေးအင်အားစုတွေကို ပံ့ပိုးတာဟာ ပြည်တွင်းကသူတွေကို ထိခိုက်ဆူံရှုံးမှုပိုဖြစ်စေတယ်ဆိုတဲ့ စစ်တပ်အလိုကျဝါဒ ဖြန့်သူတွေများလာတာကြောင့် ပြည်သူတွေအနေနဲ့ သေချာစဉ်းစားပြီး တုံ့ပြန်ကြဖို့ အဆိုတော် လင်းလင်းက တိုက်တွန်းလိုက်ပါတယ်။