ရက်ပေါင်း ၅၀ ကျော်လာတဲ့အထိ ပင်ပန်းတဲ့အလုပ်တွေ သူ မလုပ်ဖြစ်သေး။ ဘာကြောင့်လဲဆိုတော့ ခန္ဓာကိုယ်ကနေ အားအင်တွေအများအပြား ထုတ်သုံးလိုက်ရမှာကို သူ စိုးရွံနေလို့ပါ။
ကိုဗစ်ဟာ ခန္ဓာကိုယ်အစိတ်အပိုင်းအားလုံးကို တိုက်ခိုက်ပျက်စီးစေတယ်ဆိုတာ သိထားတော့ အားမွေတဲ့အနေနဲ့ သူက အင်အားချွေတာလိုတာလည်း ပါတယ်။
တချို့တွေ ကိုဗစ်ဖြစ်ပြီး နလန်ထစမှာ အင်အားစိုက် ထုတ်ရတဲ့အလုပ်တွေ လုပ်မိလို့ အိပ်ယာထဲပြန်လှဲနေရတဲ့အဖြစ်တွေ သူ့ပတ်ဝန်းကျင်မှာ တွေ့နေရတယ်။
တချို့တချို့တွေဆို ကပ်ရောဂါကို ဘယ်လိုမှ မခုခံနိုင်တော့ဘဲ အရှုံးပေးပြီး ထာရအိပ်စက်သွားရသူတွေလည်း သူ့ပတ်ဝန်ကျင်မှာ ရှိနေခဲ့ပါတယ်။

Public Service Announcement
ဒါကြောင့်လည်းသူက တခြားသူတွေရဲ့အတွေ့အကြုံကို သင်ခန်းစာယူပြီး သတိနဲ့ နေထိုင်တာလို့ ဦးကျော်က ပြောပါတယ်။ ပုံမှန်ဆိုရင် သူက ကျန်းမာရေးလိုက်စားသူ တစ်ဦးပါ။
မနက်တစ်ကြိမ် ညနေတစ်ကြိမ် တစ်ရက်ကို အနည်းဆုံးနှစ်ကြိမ်လောက်တော့ ရပ်ကွက်ထဲ လမ်းပတ်လျှောက်နေကြ။ ခုတော့ ကိုဗစ်စဖြစ်ကတည်းက လမ်းပတ်မလျှောက်ဖြစ်တာ နှစ်လနီးပါး ရှိခဲ့ပြီ။
“အဲလိုဂရုစိုက်ခဲ့လို့လည်း ကျွန်တော်ခုထိ အသက်ရှည်နေသေးတာပေါ့။ ပြောမယ်ဆိုရင် ကိုယ့်ကိုကိုယ် အမြဲတမ်း ပြန်ဆန်းစစ်တယ်”လို့ ကျန်းမာရေးနဲ့ပတ်သက်တဲ့ သူ့ခံယူချက်ကို ဦးကျော်က ပြောပါတယ်။
အသက် ၆၅ နှစ်ရှိပြီဖြစ်တဲ့ ဦးကျော်ဟာ ကိုဗစ်ရောဂါနဲ့ ကိုဗစ်ရဲ့နောက်ဆက်တွဲ အခြေအနေတွေကို ခုခံတွန်းလှန်လာခဲ့တာ စက်တာဘာ ၅ ရက်အထိ ရက်ပေါင်း ၅၆ ရက် ရှိလာပါပြီ။
ကျန်းမာရေးလိုက်စားတဲ့သူ
နိုင်ငံ့ဝန်ထမ်းဟောင်းတစ်ဦးဖြစ်တဲ့ ဦးကျော်ဟာ ကိုဗစ်ကူးစက်မခံရမီက ပင်စင်လစာကို ကိုယ်တိုင်သွားထုတ်ပါတယ်။ သွားတဲ့အခါတိုင်းလည်း သူနေတဲ့အိမ်နဲ့ ဘဏ်က နှစ်မှတ်တိုင်ကျော်ပဲဝေးတာမို့ ခြေကျင်ပဲ သွားဖြစ်တယ်။
အဓိကကတော့ ကျန်းမာရေးအရ ကိုယ်လက်လှုပ်ရှားမှုလုပ်ပြီးသားဖြစ်အောင် လမ်းလျှောက်ပြီးသွားတာပါ ။
ပြီးတော့ ဦးကျော်က အစားအသောက်နဲ့ပတ်သက်ရင် အပြင်စာတွေ သိပ်မစားဘူး။ အသီးအရွက်နဲ့ အသားငါးကို မျှတအောင်အောင်ချက်ပြုတ်ပြီး အိမ်မှာပဲစားတယ်။
ဘာကြောင့်ဆို အပြင်စာတွေစားလို့ အခန့်မသင့်ရင် ဝမ်းပျက်ဝမ်းလျှောဖြစ်တာ ကျန်းမာရေးနဲ့ မညီညွတ်တာတွေ ဖြစ်လာမှာ စိုးရိမ်တဲ့အတွက်ပဲ။ ပြီးတော့ ဦးကျော်က အသက် ၅၀ ကျော်ပြီဆိုကတည်းက ခန္ဓာကိုယ်အတွက် အားဆေးတစ်မျိုးနဲ့ ငါးကျီးဆီဆေးပုံမှန်မှီဝဲခဲ့တာ ဖြစ်ပါတယ်။ အာရုံကြောအားဆေးတစ်မျိုးကိုလည်း သူပုံမှန် သောက်ရပါတယ်။
ဒီနောက်ပိုင်း ကျန်းမာရေးစစ်ဆေးတဲ့အခါ သွေးတိုးချင်တဲ့လက္ခဏာ နှလုံးသွေးကြောကျဉ်းတဲ့ လက္ခဏာတွေတွေ့ရလို့ ဆေးနှစ်မျိုးသောက်ဖို့ ဆရာဝကညွှန်ကြားလို့ အဲဒီဆေးတွေလည်း နေ့စဉ်သောက်ရပါသေးတယ်။
ကိုဗစ်ဖြစ်နေတဲ့အချိန်မှာ သည်ဆေးတွေ ဆက်သောက်လို့ရ ၊မရ အသိဆရာဝန်ထံမေးတဲ့အခါ သောက်ရတယ်ပြောလို့ ပုံမှန်အတိုင်း ဆက်သောက်ဖြစ်တယ်။
“ကိုဗစ်မဖြစ်ခင်ကတည်းက သောက်နေတာ ခုနစ်မျိုးလောက်ရှိတယ် ပုံမှန်။ ကိုဗစ်ဖြစ်တော့ သောက်ရတာက ရင်ကြပ်ပျောက်ဆေး ချောင်းဆိုးပျောက်ဆေး အဖျားကျဆေး ဒါပဲသောက်ရတယ်”လို့ ဦးကျော်က ရှင်းပြတယ်။
သူ့အသိတွေထဲ တချို့တွေကတော့ ကိုဗစ်ဖြစ်တော့မှ သွေးထိန်းဆေး အားဆေးနဲ့ ဗီတာအတွက်ဆေးမျိုးစုံးကို သောက်ကြတယ်လို့ သူက ပြောပါတယ်။ ဒါကြောင့် သူ့အနေနဲ့က ကိုဗစ်မတိုင်ခင်ကပဲ အထက်ပါဆေးမျိုးစုံကို ကျန်းမာရေးစစ်ဆေးမှုခံယူပြီးတဲ့နောက် စွဲသောက်လာခဲ့တာ ကိုဗစ်ဖြစ်ချိန်မှာ ဒီဆေးတွေရဲ့အာနိသင်ကို တခြားသူတွေထက် မြန်မြန်နဲ့ပြည့်ပြည့်ဝဝ ရလိုက်တာဖြစ်မယ်လို့ ဦးကျော်က ယူဆပါတယ်။

ပြီးတော့ ကိုဗစ်ကို အနိုင်တိုက်နိုင်တဲ့အထဲ ကိုယ်နေထိုင်တဲ့အိမ်မှာ လေဝင်လေထွက်ကောင်းပြီး အလင်းရောင်ကောင်းကောင်းရတာလည်း ပါနိုင်တယ်လို့ သူ့ ထင်မြင်ချက်ကို ပြောပါတယ်။
-လေဝင်လေထွက်နဲ့အလင်းရောင်ကောင်းတဲ့အိမ်
ဦးကျော်တို့မိသားစုနေတဲ့ ရန်ကုန်ကတိုက်ခန်း အလင်းရောင် ကောင်းကောင်းရတယ်။ ပြီးတော့ တိုက်ခန်းက အထပ်မြင့်ဖြစ်တော့ လေဝင်လေထွက်လည်း ကောင်းတယ်။
ဒီအချက်တွေက ကိုဗစ်နဲ့ပတ်သက်ပြီး ကျန်းမာရေးပညာရှင်တွေ သတိပေးတဲ့ လေဝင်လေထွက်ကောင်းတဲ့နေရာဖြစ်ရမယ် အလင်းရောင်ကောင်းကောင်းရရမယ်ဆိုတဲ့အချက်တွေနဲ့ ကိုက်ညီနေတယ်လို့ ဦးကျော်က ရှင်းပြတယ်။
ပြီးတော့ သူ့အခန်းရှေ့က ဝရမ်တာဟာဆိုရင်လည်း ခန့်မှန်း ပေ ၂၀ ကျော်လောက်ရှိလို့ ကိုယ်လက်လှုပ် ရှားမှုလုပ်ဖို့ သင့်တော်တဲ့အခြေအနေမှာ ရှိတယ်လို့ သူက ပြောပါတယ်။ ဒါကြောင့်သူက မနက်တိုင်း ဝရမ်တာထွက်ပြီး နာရီဝက်လောက် အသက်ရှူလေ့ကျင့်ခန်း နေ့စဉ်လုပ်ဖြစ်ပါတယ်။
အိပ်ယာထစမှာ သွေးတွင်းအောက်ဆီဂျင်က ၉၄ လောက်ပဲရှိတတ်တော့ အသက်ရှူလေ့ကျင့်ခန်းလုပ်မှသာ ၉၅ အထက်ပြန်ရောက်တယ်လို့ ဦးကျော်က သူ့အတွေ့အကြုံကို ပြောပါတယ်။
စိတ်ဓါတ်က အရေးကြီး
လေ့ကျင့်ခန်းလုပ်ရင်း ဝရမ်တာရှေ့ထွက်တာနဲ့ အနီးပတ်ဝန်းကျင်က လှုပ်ရှားသွားလာမှုတွေကို ကြည့်မိတဲ့အခါ အောက်ဆီဂျင်အိုးတွေသယ်လာတာ အရေးပေါ်ကားနဲ့ လူနာဒါမှမဟုတ် ရုပ်အလောင်းသယ်သွားတာတွေလည်း ရံခါဆိုသလို တွေ့ရတယ်။
ဒီမြင်ကွင်းမျိုးတွေမြင်တွေ့ရလို့ ဦးကျော်က စိတ်ဓာတ်ကျမသွားဘူး။
“သူများဖြစ်တိုင်း ငါဖြစ်မှာမဟုတ်ဘူး။ ငါ နေပြန်ကောင်းရမယ်”ဆိုတဲ့ စိတ်နဲ့ပဲ ကိုယ့်ကိုကိုယ်အမြဲ အားတင်းတယ်လို့ ဦးကျော်က ရင်ဖွင့်တယ်။
သူဆိုရင် စဖျားပြီး ၂ ရက်လောက်ကတည်းက အနံ့ပျောက်တာ ၁၂ ရက်လောက်နေမှ အနံ့ပြန်ရတယ်။ ဒါပေမဲ့ အနံ့ပျောက်နေတဲ့ကာလအတွင်း အစားဝင်အောင် တတ်နိုင်သမျှ ကြိုးစားပြီး စားရတယ်။
သည်လိုစားဝင်အောင်လည်း သူ့ဇနီးက ကောင်းနိုးရာရာ ဟင်းလျာတွေကို ဖွယ်ဖွယ်ရာရာ ချက်ပြုတ်ကျွေးတယ်။ ပြီးတဲ့အခါ စိတ်ဓာတ်ကျမသွားရအောင် အားပေးစကားပြောတာ လိုအပ်တဲ့ဝေယျာဝစ္စတွေ မညီးမညူပြုစုလုပ်ကိုင်ပေးတာဟာလည်း ကိုဗစ်ကိုတွန်းလှန်ဖို့ အားတစ်ခုဖြစ်စေတယ်လို့ ဦးကျော်က ထင်မြင်ချက်ပေးပါတယ်။
“ပြုစုမဲ့သူရှိလို့ အစားအသောက်အဆင်ပြေတာတောင်မှ လေးငါးခြောက်ရက်လောက်နေတော့ စားချင်စိတ် ပျောက်သွားတယ်။ ထမင်းလက်တစ်ဆုပ်စာကို မိနစ် ၄၀ လောက်စားယူရတယ်။ အဲတော့ ပြုစုမဲ့သူမရှိဘဲ တစ်ယောက်တည်းနေရတဲ့သူတွေဆိုရင် စိတ်ဓာတ် ကျပြီး ပိုဆိုးသွားနိုင်တယ်”
ကိုဗစ်ရောဂါကို အနိုင်တိုက်တဲ့နေရာမှာလည်း စိတ်ခွန်အားက ၇၀ ရာခိုင်နှုန်း အစားအသောက်က ၂၀ ရာခိုင်နှုန်းနဲ့ ဆေးဝါးတွေက ၁၀ ရာခိုင်နှုန်းအကျိုးပြုတယ်လို့ သူမှတ်သားဖူးတဲ့ ဆေးပညာဆိုင်ရာဆောင်းပါးတွေကိုကိုးကားပြီး ဦးကျော်ကရှင်းပြတယ်။
ဒါကြောင့် ကိုဗစ်ရောဂါကူးစက်ခံရပြီဆိုရင် စိတ်ဓာတ်မကျဖို့ သတိလက်လွတ်ဖြစ်ပြီး စိုးရိမ်မလွန်ဖို့ သူက ခုလိုအကြံပြုပါတယ်။
“အဓိကကတော့ သတိပေါ့ သတိ။ သတိမလွတ်စေနဲ့။ ဘာသတိလည်းဆိုတော့ ငါ ပြန်ကောင်းရမယ် ပြန်ကောင်းလာအောင်ကြိုးစားရမယ်ဆိုတဲ့ သတိပါပဲ”။
—People’s Spring


















































