Connect with us

Hi, what are you looking for?

ဆောင်းပါး

၂၀၂၁ မှသည် ၂၀၂၂ ဆီသို့- အပြောင်းအလဲများနှင့် လူထုတော်လှန်ရေး ခြေလှမ်းသစ်များ (အပိုင်း-၁)

နှစ်မကုန်ခင် လာမဲ့ရက်တွေမှာ ကျယ်ပြန့်နက်ရှိုင်းလာနေတဲ့ ကြေကွဲစရာလည်းဖြစ်၊ ခရီးဆက်နေဆဲလည်းဖြစ်တဲ့မြန်မာ့အကြပ်အတည်းနဲ့ ပက်သက်ပြီး အကဲဖြတ်သုံးသပ်ချက်တွေရေးလိုပါတယ်။ ဖွဲ့နွဲ့တင်စားတာတွေကိုရှောင်ရှားပြီး ပကတိအခြေအနေမှန်တွေကို ကြည့်ဖို့ကြိုးစားပါမယ်။

အီဂေါဗလာဇီဗစ်

၁။ ဘာသာစကားပြောင်းလဲဖို့လိုပြီ။ စစ်ဖြစ်နေတာလို့ တည့်တည့်ပြောကြရမယ်။

ဘာသာစကား ( ဝေါဟာရအသုံးအစွဲ) ပြောင်းလဲဖို့လိုပြီ။ အာဏာသိမ်းပွဲလို့ မပြောသင့်တော့ဘူး။ မအောင်မြင်တဲ့အာဏာသိမ်းပွဲလို့တောင် မရည်ညွှန်းပါနဲ့တော့။ မြန်မာပြည်မှာ ဖြစ်နေတာကို သရုပ်ဖေါ်ဖို့ဆိုရင် စစ်ပွဲဆိုတဲ့စကားကို ပြောဖို့လိုပါပြီ။ မြန်မာပြည်မှာကြုံနေရတာက စစ်တပ်တဲ့ အကြမ်းဖက်စစ်၊ ကျူးကျော်စစ်၊ ပြည်သူ့ဘဝတွေနစ်နာပြုန်းတီးကြွေလွင့်အောင် လုပ်နေတဲ့စစ်။ စစ်တပ်ရဲ့ နိုင်ငံကိုဆန့်ကျင်ကျူးလွန်နေတဲ့ စစ်ပွဲပါ။

“စစ်အာဏာရှင်က ထိန်းချုပ်ထားနိုင်ပြီ”တို့ ၊ “ စကစ အောင်ပွဲခံမှာ မလွှဲမရှောင်သာ” တို့ဆိုတဲ့ လုံးဝလွဲချော်တဲ့ဇာတ်ကြောင်းမှားတွေရှိပါတယ်။ အဲဒီဇာတ်ကြောင်းမှားတွေကို ဖယ်ရှားဖို့ ဘာသာစကားဟာ အရေးကြီးပါတယ်။အာဏာသိမ်းပွဲအကြောင်းပဲ ပြောနေမယ်ဆိုရင် ဆက်စပ်နေတဲ့ “ တိုင်းပြည် တည်ငြိမ်အောင်လုပ်ဖို့ စကစမှာအချိန်လိုပါတယ်” ဆိုတာမျိုး ကြောင်းကျိုးဆီလျော်တယ် ထင်ရတဲ့ ကောက်ချက်အမှားဆီ ရောက်သွားပါလိမ့်မယ်။ သုံးစွဲတဲ့ ဘာသာစကားက ဖြစ်နေတာတွေကို အပြည့်အဝ မခြုံငုံမိရင် တွေးပုံ လွဲမှာပဲ။ တွေးပုံလွဲရင် လူထုလှုပ်ရှားမှုဘက်မှာ နည်းနာ နဲ့ ဗျူဟာ မှားပါလိမ့်မယ်။

Public Service Announcement

Public Service Announcement

စစ်အာဏာရှင်တွေဟာ လွန်ခဲ့တဲ့ ၂ လမှာ လူထုအပေါ် တိုက်ခိုက်မှုကို သိသိသာသာ အရှိန်မြှင့်လာပါတယ်။ခြောက်သွေ့ရာသီမှာ လူထုခုခံမှု ပြိုကွဲဖို့ ရည်ရွယ်ချက်နဲ့ အရှိန်မြှင့်တာပါ။ အရေးကြီးတဲ့ ဒီလတ်တလောအခြေအနေမှန်ကို နိုင်ငံတကာနဲ့ သံတမန်အသိုင်းအဝိုင်းက ငြင်းပယ်နေကြတာများပါတယ်။ အိမ်နီးချင်းနိုင်ငံတွေ၊အာဆီယံ၊ UN နဲ့ နိုင်ငံတကာ အသိုင်းအဝိုင်းဟာ ဘာတခုမှ မလုပ်ပဲ စစ်အာဏာရှင် အောင်မြင်ဖို့ အချိန်ပေးထားသလို လုပ်နေပါတယ်။ ဒီနေရာမှာ သူတို့ရဲ့ မရိုးသားမှုရော၊ မူဝါဒအဆုံးအဖြတ် လွဲမှားတာရော နှစ်ခုလုံးကို တွေ့ရပါတယ်။

၂။ စစ်အာဏာရှင်တွေ မနိုင်နေဘူး။ မကြာခင်မှာ အနိုင်ရဖို့လည်း မရှိဘူး။ ဒါပေမဲ့ သူတို့ ရှုံးလည်း မနေဘူး။

မြန်မာပြည်သူတွေရဲ့ ခုခံမှုဟာ ပြည်သူအားလုံးပါတယ်။ သိပ်ကိုရဲရင့် အားကောင်းလှတယ်။ သိပ်ထူးကဲတဲ့ စွန့်လွှတ်ရန် အသင့်ဆိုတဲ့စိတ်ရှိတယ်။ တီထွင်ဆန်းသစ်မှု အမျိုးမျိုး လုပ်နိုင်ကြတယ်။ အဲဒီလိုပြည်သူတွေကို စစ်အာဏာရှင်တွေ ဘယ်နိုင်ပါ့မလဲ။ သို့ပေမဲ့ စစ်အာဏာရှင်တွေ သိပ်မကြာခင် ရှုံးမှာတော့လည်း မဟုတ်သေးဘူး။

အကြောင်းက စစ်အာဏာရှင်နဲ့ စစ်တပ်ဟာ ခံကတုတ်ထဲမှာ ခြေကုတ်အသေယူ ဗျူဟာနဲ့ သွားနေလို့ပဲ။ ခံတပ်ထဲက စစ်တပ်ဟာ ပြည်သူတွေ ပြုန်းတီးဆုံးရှုံး လက်ပန်းကျရေး စစ်ကို ဆင်နွှဲနေကြတယ်။ လက်ရှိမှာ စကစ ဟာတိုင်းပြည်ကို အုပ်ချုပ်ချင်တာ မဟုတ်တော့ဘူး။ အုပ်ချုပ်ဖို့လည်း မလို (အုပ်ချုပ်လို့လည်း မရ) တော့ဘူး။ သူတို့ဗျူဟာက ခံတပ်ထဲမှာအထိုင်ချ၊ စီးနင်းတာတွေထွက်လုပ်ပြီး ပြည်သူဘက်မှာ လူနဲ့ ရင်းမြစ်တွေ အဆက်မပြတ်ဆုံးရှုံးနေစေဖို့ပဲ။ အားလုံးထက်ပိုကြာကြာတောင့်ခံနိုင်ရင် အောင်မြင်မှာပဲ ဆိုတာက စစ်တပ်ရဲ့အောင်နိုင်ရေးဗျူဟာ ပင်မကျောရိုးဖြစ်ပါတယ်။

ကျယ်ပြန့်စုံလင်လှတဲ့ ပြည်သူ့လှုပ်ရှားမှုဟာ တန်ခိုးရှင်ဖန်တီးပေးသလိုမျိုးလို့ တင်စားလို့ ရတဲ့ အင်အားနဲ့ ခံနိုင်ရည်ကို ဆွဲထုတ် ရပ်တည်နိုင်ခဲ့ပါတယ်။ အတော်စောစောထဲက ဖိနှိပ် ဖျက်စီးခံရလို့ ပိပြားပြိုကွဲသွားစရာ ရှိပေမဲ့အဲ့ဒီလိုမဖြစ်ခဲ့ပါဘူး။ သို့သော်လည်း ခုချိန်ထိမှာတော့ ပြည်သူ့လှုပ်ရှားမှုလုပ်ရပ်တွေဟာ စစ်တပ်ရဲ့ ခံတပ်ကို မထိုးဖေါက်နိုင်သေးဘူးဆိုတာလည်း နားလည်ဖို့ လိုပါမယ်။

စိတ်မသက်မသာ ဖြစ်ရတဲ့ ဒီအခြေအနေကို တည့်တည့်ရင်ဆိုင်ဖို့ အရေးကြီးပါတယ်။ ဒါမှသာ ရှေ့လာမဲ့ တိုက်ပွဲတွေမှာ ဘာကိုဦးစားပေးမယ်လို့ သေသေချာချာ စဉ်းစားနိုင်မှာဖြစ်ပါတယ်။ အစွန်အဖျားကင်းစခန်းတွေကိုတိုက်တာမျိုးတွေနဲ့ ရှားပါးတဲ့ ရင်းမြစ်တွေ ကုန်ခန်းတာ၊ ကံမကောင်းရင်ဆုံးရှုံးတာမျိုးတွေ အဖြစ်ခံမလားဆိုတာစဉ်းစားကြရပါမယ်။ ဒီတပွဲနိုင်လိုက်တယ်ဆိုရင်တောင် စစ်အာဏာရှင်ရဲ ခံတပ်ကို များများစားစား ထိပါးနိုင်တာဟုတ်ရဲ့လားလို့ စဉ်းစားဖို့ရှိပါတယ်။

အမြဲစဉ်းစားနေဖို့လိုတဲ့ အရေးကြီးမေးခွန်းက စစ်တပ်နဲ့ အာဏာရှင်ကို အထိနာစေမှာ ဘယ်နေရာတွေဖြစ်မလဲ၊ဘယ်လိုတိုက်မလဲ ဆိုတာပဲဖြစ်ပါတယ်။ စိတ်ကူးယဉ်တာမဟုတ်တဲ့ တကယ်လည်း လက်ရောက်နိုင်၊ လုပ်နိုင်တဲ့“အလှည့်အပြောင်းဖြစ်စေမဲ့”အနိုင်ဂိုးတွေ ဘယ်လိုသွင်းမလဲလို့ အကြိမ်ကြိမ် အထပ်ထပ်ကို အလေးအနက်စဉ်းစားနေဖို့လိုပါမယ်။ စစ်တပ်နဲ့ ပြည်သူရဲ့ အာဏာဟန်ချက်မှာ လူထုတော်လှန်ရေးဘက်ကို ချိန်ခွင်လျာ စောင်းလာစေမဲ့ အနိုင်ဂိုးတွေကို ဒီနေရာမှာ ရည်ညွှန်းပါတယ်။

၃။ စစ်ပွဲထဲရောက်နေပြီဆိုရင် (ရောက်လည်းနေပြီ) လက်နက်က အရေးကြီးတယ်။

မြန်မာပြည်သူတွေကြုံနေရတဲ့ စစ်ပွဲက လက်နက်အပြည့်နဲ့ စစ်တပ်ကနေ အများစုကြီးမှာ ဘာလက်နက်မှ မရှိတဲ့ပြည်သူကို စနစ်တကျ သတ်ဖြတ်နေတဲ့ အခြေအနေပါ။ ဒါ့ကြောင့် မြန်မာပြည်သူတွေမှာ လက်နက်နဲ့စစ်နည်းဗျူဟာအထောက်အကူ ရပိုင်ခွင့်ရှိတယ်ဆိုတာကို မူဝါဒသမားတွေ တွန့်ဆုတ်မနေပဲ ပြောသင့်ပါပြီ။

လေယဉ်တွေ သံချပ်ကာကားတွေကို ပစ်ချဖို့ ဒုံး(RPG) တွေ ဘယ်လိုရမလဲဆိုတာမျိုး တယောက်ယောက်ကတော့ထုတ်ပြောဖို့ လိုနေပါပြီ။ နိုင်ငံတကာ အသိုင်းအဝိုင်းဟာ မြန်မာစစ်တပ်ကို လက်နက်ပိတ်ဆို့ဖို့ မလုပ်နိုင်ဘူး။ ဒါ့ကြောင့် ရုရှားနဲ့ တခြားနိုင်ငံတွေဆီကနေ စစ်တပ်ဟာ မပြတ်တမ်း လက်နက်ဖြည့်နေမှာပဲ။ ကုလသမဂ္ဂက ကြားဝင်ထိန်းတာတို့၊ လေယာဉ်မပျံသန်းရဇုံသတ်မှတ်တာတို့၊ R2P တို့ဟာ ဖြစ်နိင်ချေမရှိတဲ့ စိတ်ကူးယဉ်တွေလို့ သိကြတယ်။ ဒါဆိုရင် အနည်းဆုံးတော့ ရဟတ်ယာဉ်ကနေပစ်တာကို ကာကွယ်နိုင်တဲ့ လက်နက်လောက် ရှိနိုင်ရေးဟာပြည်သူ့အခွင့်အရေးပဲလေလို့ ထုတ်ပြောကြဖို့ တကယ်လိုအပ်နေပါတယ်။

ပေါ့ပါးပြီး သယ်ရလွယ်တဲ့ လက်နက်တွေရမယ်။ ရဟတ်ယာဉ်တွေ တိုက်လေယာဉ်တွေ အန္တရာယ်များအောင်ဘယ်လိုလုပ်ရမယ်၊ စစ်တပ်ရဲ့ ထောက်ပို့ကားတွေ အန္တရာယ်အလွန်များအောင် ဘယ်လိုလုပ်ရမယ်ဆိုတဲ့တိုးတိုးတိတ်တိတ် နည်းစနစ်အကြံဥာဏ်တွေရမယ်ဆိုရင် ဒါဟာ စစ်ပွဲကျယ်ပြန့်အောင်လုပ်တာ မဟုတ်ပါဘူး။ သူနဲ့ဆန့်ကျင်ဘက် စစ်ပွဲမြန်မြန်ပြီး မြန်မြန်ဆွေးနွေးညှိနှိုင်းကြအောင် လုပ်တာပဲဖြစ်ပါလိမ့်မယ်။ စစ်တပ်ဟာနယ်မြေသိမ်း ( နယ်ချဲ့) စစ်တပ်လို ကျူးကျော်စစ်ကို ဆင်နွဲနေတာပါ။ မနိုင်လောက်ဘူးဆိုသိမှ၊ တဘက်သတ်လက်နက်အင်အား အသာမရတော့ဘူးဆိုတာသိမှ ဆွေးနွေးတဲ့ဆီ လာမှာပါ။

စစ်တပ်ရဲ့ ကုန်းလမ်း ရေလမ်း ဆက်သွယ်ရေးနဲ့ ထောက်ပို့လမ်းကြောင်းတွေဖြတ်တာဟာ အရေးကြီးတဲ့ အသာစီးရမှုတွေထဲက တခုဖြစ်နိုင်ပါတယ်။ အဲဒါဆိုရင် အစွန်အဖျားတပ်တွေ အကာအကွယ်မဲ့သွားမယ်။ လက်နက် ရိက္ခာဖြည့်မရဖြစ်မယ်။ အခုထက်ကိုပိုပြီး မလုံမခြုံဖြစ်ပါလိမ့်မယ်။

အသံတိတ်သပိတ်လို အစုအဖွဲ့လိုက် လှုပ်ရှားမှုတွေ၊ လျပ်တပြက်ဆန္ဒပြပွဲလိုမျိုးတွေဟာ အရေးကြီးတဲ့ ပြည်သူ့ခုခံဆန့်ကျင်မှုအဖြစ် အများကြီးဆက်လိုနေပါမယ်။ လူထုတိုက်ပွဲရဲ့ အရေးကြီးတဲ့ ထောက်တိုင်လည်း ဖြစ်ပါတယ်။မြန်မာ့နွေဦးတော်လှန်ရေးဟာ ပြည်သူလူထုအရေအတွက်မှာရော သတ္တိ နဲ့ တီထွင်ဖန်တီးမှု အရာမှာပါ ကမ္ဘာ့နေရာအရပ်ရပ်က ဘယ်အကြမ်းမဖက်လူထုလှုပ်ရှားမှုထက်မဆို သာလွန်တယ်လို့ ပြောနိုင်ပါတယ်။

ဒါပေမဲ့ လက်ရှိစစ်ပွဲအခြေအနေမှာ လူထုလှုပ်ရှားမှုရဲ့ သက်ရောက်အားကို ပိုတွက်တဲ့ အမှားမျိုး ရှောင်ကျင်ရပါမယ်။ စစ်အာဏာရှင်မှာ တရားဝင်မှု နိတ္ထိ၊ ပြည်သူဟာ လူများစုကြီးဆိုတာ နိုင်ငံတကာကိုရော ကိုယ့်ပြည်သူအချင်းချင်းပါပြဖို့ အင်မတန် ခန့်ငြားတဲ့ ပြည်သူ့လှုပ်ရှားမှုတွေဆက်လိုပါတယ်။

သို့သော်လည်း အသံတိတ်သပိတ်လို ခမ်းနားလှတဲ့ လှုပ်ရှားမှုတောင်မှ အကြောင်း ၃ ခုကြောင့် စစ်တပ်ရဲ့ ခံတပ်ကိုမကိုင်လှုပ်နိုင်တာတွေ့ရပါတယ်။ တခုက စစ်တပ်နဲ့ စစ်အာဏာရှင်ဟာ ပြည်သူကို ဂရုလည်းမစိုက်ဘူး၊ ( ပြည်သူ့ထောက်ခံမှုလည်း)မလိုပါဘူး။ နောက်တခုက စစ်တပ်ဟာ ပြည်သူတွေ ပြုန်းတီးနိမ့်ပါးလက်ပန်းကျသွားရေး စစ်ပွဲကို ဆင်နွဲနေတာကြောင့်ပါ။ နောက်တခုက အိမ်နီးချင်းနဲ့ ဒေသတွင်းနိုင်ငံတွေဟာ မြန်မာပြည် အကြပ်အတည်းရဲ့ဆိုးကျိုးကနေ ကိုယ့်နိုင်ငံကို ကာကွယ်ချင်လို့ ဝင်ပါနေကြတာ၊ မြန်မာပြည်ကို ကယ်တင်ဖို့ ပါဝင်နေကြတာမဟုတ်ဘူး။


ဆက်ရန်…

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ် ရွှေကူမြို့နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်နဲ့ စစ်တပ်အကြား တိုက်ပွဲတွေ နေ့စဉ် ပြင်းထန်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က အင်အားတွေ ဖြည့်တင်းထားလို့ တိုက်ပွဲတွေ ဖြစ်ပွားနိုင်ကြောင်း ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

ဆောင်းပါး

နိုင်ငံတစ်ဝန်း ဖြစ်ပေါ်နေတဲ့ စစ်မျက်နှာတွေအနက် ချင်းပြည်နဲ့ မကွေးတိုင်းတို့ရဲ့ စစ်ရေးမျက်နှာစာ ချိတ်ဆက် ဆက်စပ်နေမှုဟာ စိတ်ဝင်စားဖွယ် မဟာဗျူဟာ အလှည့်အပြောင်းကို ဖော်ဆောင်နေပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်အတွင်းမှာ တော်လှန်ရေးတပ်တွေနဲ့ စစ်တပ်အကြား တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး စစ်တပ်က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေ မီးရှို့ ဖျက်ဆီးတာတွေ ဆက်လုပ်ခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။