အင်ဝိုင်းထဲရှိ ညိုပုတ်ပုတ် သဲများကို လက်ဖြင့်ပွတ်ရင်း နှုံးနှစ်ရောင် ရေများကြား ရွှေမှုန်စတစ်ခုကို ဦးခင်စောတွေ့လိုက်ရသည်။ ထိုအမှုန့်စလေးကို ဝါးကျည်တောက်ကလေးထဲ သူအလျှင်အမြန်ကောက်ထည့်လိုက်သည်။
“ဒါလေးက ငွေနှစ်သောင်းလောက်ရတယ်။”ဟုဦးခင်စောကဒေသသံဝဲဝဲဖြင့် ပြောပြသည်။
သူ့နောက်ကျောဘက်တွင်မူ မြေတူးစက်ကြီးများက မြေကြီးများကို ထိုးကော်ရာမှ ထွက်လာသောစက်သံများက ဆူညံနေသည်။ မြေတူးစက်များဖြင့်တူးဆွထားသည့် နီကျင့်ကျင့်စွန့်ပစ်မြေစာပုံများက မျက်စေ့တစ်ဆုံးရှိနေသည်။
ထိုရွှေမှုန်လေးသည် ဦးခင်စော တစ်နေကုန်ရှာဖွေပြီးနောက် ပထမဦးဆုံးရရှိလာသည် ရွှေစလေးဖြစ်သည်။
ဗန်းမောက်မြို့သား ဦးခင်စောသည် ကုမ္ပဏီများကရွှေတူးပြီးနောက် ကျန်ခဲ့သည့် ရွှေလုပ်ကွက်မြေဇာပုံများတွင် ရွှေကောက်သင်းကောက်သူ တစ်ဦးဖြစ်သည်။ ရွှေကောက်သင်းကောက်သူဆိုသည်မှာ ရွှေမှော်များအတွင်း ကုမ္ပဏီများက မလုပ်တော့သည့် ရွှေကျင်းများတွင် ရွှေအကြွင်းအကျန်အမှုန်များကို လိုက်၍ကျင်ယူသူများဖြစ်သည်။
စစ်တပ်အာဏာသိမ်းပြီးနောက် ဗန်းမောက်မြို့တွင် ရွှေတူးသည့် လုပ်ငန်းသာအဓိကလုပ်ကြတော့သည်။ အခြားစီးပွားရေးလုပ်ကိုင်ရန် အဆင်မပြေသောကြောင့် ရွှေကောက်ကင်းကောက်ရခြင်းဖြစ်သည်ဟု ဦးခင်စောကတော့ဆိုပါသည်။
စစ်တပ်အာဏာသိမ်းပြီးနောက် တရားမဝင်ရွှေတူးဖော်မှုများ နိုင်ငံအနှံ့ပေါ်ပေါက်လာခဲ့သည်။ ထိုအထဲတွင် ဗန်းမောက်မြို့နယ်လည်း အပါအဝင်ဖြစ်သည်။ စစ်တပ်အာဏာသိမ်းပြီးနောက် ဗန်းမောက်မြို့အတွက်အကြီးမားဆုံးအပြောင်းအလဲမှာ အခြားဒေသများထက် တရားမဝင်ရွှေတူးဖော်မှုအများဆုံး ဒေသဖြစ်လာခြင်းပင်။
ယခင်က ဗန်းမောက်မြို့နယ်တွင် လယ်ယာစိုက်ပျိုးရေးကို အဓိကလုပ်ကိုင်ခဲ့ကြသည်။ စပါး၊ဖရဲသီး၊ နှမ်း၊ ဝါ၊ ပဲ၊ ပြောင်း စသောသီးနှံတို့ကိုရာသီအလိုက် စိုက်ပျိုးကြသည်။ ယခင်က တပိုင်တနိုင် ရွှေလုပ်ကွက်ငယ်များရှိသော်လည်း ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်နောက်ပိုင်း ရွှေတူးဖော်မှုများဖြစ်ချင်သလိုဖြစ်ကုန်တော့သည်။
ဒေသခံပြည်သူ့ကာကွယ်ရေးတပ်များ(People’s Defence Forces)အားမကောင်းခြင်းကြောင့်တရားမဝင်ရွှေတူးဖော်မှုများပိုများလာခြင်းဖြစ်ကြောင်းဒေသခံအချို့ကပြောသည်။ PDF အားနည်းသဖြင့် ဗန်းမောက်မြို့ နယ်တွင်ဒေသခံများအပါအဝင် နယ်စုံမှရွှေမုဆိုးများ ၊စစ်ကောင်စီလက်အောက်တွင် အမှုထမ်းနေသည့် အကျင့်ပျက်ဝန်ထမ်းများ ၊စစ်ကောင်စီအလိုကျလုပ်ကိုင်ပေးသောရွှေလုပ်ငန်းရှင်များအတွက် ငွေရှာရလွယ်သော ရတနာမြေတစ်ခုဖြစ်လာသည်။
“ဒီမှာ အရင်တုန်းကလို ဌာနဆိုင်ရာက လာမစစ်နိုင်တော့ ရဲကိုငွေပေးပြီး စိတ်ကြိုက်တူးနေကြတာပါပဲ။ ”ဟု ဦးခင်စောကပြောသည်။
စစ်ကောင်စီလက်အောက်တွင် အမူထမ်းနေသည့် ဗန်းမောက်မြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့်ရဲ တပ်ဖွဲ့သည် ရွှေလုပ်ကွက်တစ်ခုကို တစ်လလျှင် ကျပ်ငွေ ၅သိန်းကို အခွန်အမည်ခံ၍ လာဘ်ငွေတောင်းယူသည်။ စက်ယန္တရားများအသုံးပြုခ၊ ထွက်ရှိလာသည့် ရွှေများမှ ရာခိုင်နှုန်း စသည့်တိုကိုလည်းပေးဆောင်ရသည်ဟု ရွှေတူးဖော်နေသည့် လုပ်ငန်းရှင်အချို့က ပြောသည်။
ထို့အပြင် ဗန်းမောက်သည် Shanni Nationality Army ဟုခေါ်သည့် ရှမ်းနီအမျိုးသားတပ်က လှုပ်ရှားရာနယ်မြေလည်းဖြစ်သည်။ ၎င်းတို့ကလည်း ဒေသတွင်းရွှေတူးဖော်မှုများကို အခွန်ကောက်သလို ၊ တူးဖော်ရာတွင်လည်းပါဝင်လုပ်ကိုင်ခြင်းမျိုးလည်းရှိသည်ဟု ဒေသခံများကပြောသည်။
“ပေးရတာကတော့ အစုံပါပဲ၊ ရဲကော၊ စစ်သားကော၊ ဌာနဆိုင်ကော၊ အခြားလက်နက်ကိုင်တွေပေးရတယ်။ ထွက်တဲ့ ရွှေရဲ့ ၃၀ ရာခိုင်နှုန်းကတော့ သူတို့ပေးတာနဲ့ ကုန်တာပါပဲ”ဟု ဗန်းမောက်မြို့၊ အနောက်ပိုင်းတွင် ရွှေတူးဖော်သည့် ဒေသခံလုပ်ငန်းရှင်တစ်ဦးဖြစ်သော ဦးကျောက်လုံး(အမည်လွှဲ)ကလည်းပြောသည်။
■မြို့နယ်ထွေအုပ်အတွက် ကျပ်သိန်းရာထောင်ချီရစေသောရွှေတွင်း
အာဏာသိမ်းစစ်ကောင်စီလက်အောက်မှ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးက တစ်ဧကလုပ်ကွက်တစ်ခုလျှင် တစ်လကျပ် ၅ သိန်းပေးရရှိ၍ လုပ်ကွက်ပေါင်း ၁၀၀ကျော်ရှိသည့်ဗန်းမောက်တွင် တစ်လလျှင် အနည်းဆုံး ကျပ်သိန်း ၅၀၀ ကျော်ရရှိနေသည်။ ထိုပမာဏသည် လုပ်ကွက်တစ်ခုအတွက် တရားဝင်ပေးဆောင်ရသည့် ပမာဏဖြစ်ပြီး စက်ယန္တယားကြေးနှင့် အခြားခေါင်းစဥ်ဖြင့် အခွန်ကောက်ခံမူများလည်းရှိသေးသည်။ ထိုပြင်စစ်ကောင်စီ ရဲများကိုလည်း နယ်မြေခံရဲမှ စ၍ မြို့နယ်မှူးအထိ လုပ်ကွက်ပမာဏအလိုက် နှုန်းအမျိုးမျိုး ဖြင့်လာဘ်ပေးရသည်ဟု လုပ်ငန်းရှင်များကပြောသည်။ထိုကြောင့် စစ်ကောင်စီ ထွေအုပ်ရုံးနှင့်ရဲများအတွက် တရားမဝင်ရွှေတူးဖော်မှုလုပ်ငန်းများက ရွှေတွင်းများပင်ဖြစ်တော့သည်။
သို့သော်လည်း အမှန်တကယ်ရွှေတူးခွင့်ကို မနှောက်ယှက်ပါက ထိုပမာဏပေးရသော်လည်း ဗန်းမောက်တွင်ရွှေတူးရန် အဆင်ပြေသည်ဟုဦးကျောက်လုံးကမှတ်ချက်ပြုသည်။
ဦးကျောက်လုံးသည် ကောလင်းမြို့နယ်တွင်လည်း ရွှေတူးခဲ့သေးသည်။ သို့သော် ဒေသခံပြည်သူ့ကာကွယ်ရေတပ်(PDF)များက ရွှေတူးခြင်းကို ခွင့်မပြုဘဲ တားမြစ်ထားခြင်းကြောင့် ဗန်းမောက်မြို့နယ်သို့ပြောင်းတူးခဲ့ခြင်းဖြစ်သည်။
“သူတို့ (PDFတွေ)လာမယ်စစ်မယ်ဆိုရင် စက်တွေ ဖွက်ရတာ အလုပ်နားရတာနဲ့ ကောင်းကောင်းမလုပ်ရဘူး။ စက်တွေဖျက်ဆီးတာ ဘာညာကြောင့် ဒီဘက်ပြောင်းလာတာပဲ”ဟု ဦးကျောက်လုံးကသူ့အတွေ့အကြုံကို မျှဝေသည်။ ထို့ကြောင့်၎င်းကဲ့သို့ လာဘ်ငွေပေးပြီးတရားမဝင်ရွှေတူးဖော်သူများက စစ်အုပ်စုလက်အောက်ခံ ထွေအုပ်များ ၊ရဲများကိုငွေပေးပြီးရွှေတူးရခြင်းကို သဘောကျသည်။လာဘ်မယူဘဲ ရွှေတူးခွင့်မပြုသော PDF များနှင့်အဆက်အဆံလုပ်ရမည်ကို စိုးရွံ့ကြသည်။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ သယံဇာတ နှင့် သဘာဝပါတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနက PDF များကို နိုင်ငံသယံဇာတများထိမ်းသိမ်းပေးသဖြင့် မှတ်တမ်းတင်ဂုဏ်ပြုကြောင်း ၂၀၂၁ အောက်တိုဘာလကထုတ်ပြန်ထားသည်။ အကြမ်းဖက်စစ်အုပ်စုက နိုင်ငံ့အာဏာသိမ်းပြီးနောက် နိုင်ငံ၏ မြေပေါ်မြေအောက်သယံဇာတများကို ထိန်းသိမ်းနိုင်စွမ်းမရှိဘဲ ၎င်းတို့ အာဏာတည်မြဲရေးတစ်ခုတည်းအတွက် ငွေရရှိရန် စစ်ကောင်စီလက်အောက်ခံ ကုမ္ပဏီများ၊လုပ်ငန်းရှင်များ ၊ဒေသခံဝိသမလောဘသမားများကို အထိန်းအကွပ်မရှိသယံဇာတများအားတရားမဝင်တူးဖော်
၊ရောင်းဝယ်ခွင့်ပြုထားသည်။ထိုအခြေအနေတွင် ပြည်သူမှပေါက်ဖွားလာသော PDF များက ၎င်းတို့ဒေသရှိ မြေပေါ်မြေအောက်သယံဇာတများကို တရားမဝင်တူးဖော်နေခြင်းကို အသက်ကိုပင်ပဓာန
မထားဘဲ ကာကွယ်ပေးနေသဖြင့်မှတ်တမ်းတင်ဂုဏ်ပြုကြောင်းချီးကျူး အသိ့အမှတ်ပြုထားသည်။စစ်အာဏာရှင်ပြုတ်ကျရေးတိုက်ပွဲဝင်ရင်း နိုင်ငံ့သယံဇာတများကို ဆက်လက်ကာကွယ်ပေးရန်လည်း PDFများ ကို NUG ကပန်ကြားထားသည်။
ဗန်းမောက်တွင် ရွှေလုပ်ကွက်တစ်ဧကတွင် တစ်ရက်လျှင် အနည်းဆုံး တစ်ကျပ်သားမှ တစ်ဆယ်သားအထိ ထွက်ရှိသည်။ ဗန်းမောက်မြို့နယ်အတွင်း စစ်တပ်အာဏာသိမ်းထားသည့် တစ်နှစ်အတွင်း လုပ်ကွက်ပေါင်း ၁၀၀ ကျော်ထပ်တိုးလာသည်။ ထိုကြောင့် ဗန်းမောက်မြို့နယ်တွင် တစ်ရက်လျှင် အကြမ်းဖျင်း ရွှေ တစ်ပိသာမှ ၁၀ ပိသာကျော်အထိ ထွက်နေသည်။
ထိုပမာဏသည် တပိုင်တနိုင်လုပ်ကွက်အငယ်စားများကိုသာ အခြေခံတွက်ချက်ထားခြင်းဖြစ်သည်။ ရွှေလုပ်ကွက်များမှာ တစ်ကွက်လျှင် ၂ ဧကမှ အကြီးဆုံးလုပ်ကွက်မှာ ဧက ၃၀ခန့်အထိကျယ်သောအကွက်များအထိရှိသည်။
“ဒီက ဒေသခံတွေ အဆင်ပြေအောင်နေပြီး မြန်မြန်တူးရတာပေါ့။ ပြီးတော့လည်း အခြားနေရာရွှေ့မယ်”ဟု ရွှေတူးသောကုမ္ပဏီတစ်ခု၏ မန်နေဂျာတစ်ဦးကသူတို့အစီအစဥ်ကိုပြောသည်။
■စစ်အုပ်စုအာဏာသိမ်းပြီးနောက်ပိုင်းတရားမဝင်ရွှေတူးဖော်မှုများလာ
စစ်တပ်အာဏာသိမ်းပြီးနောက်မြန်မာနိုင်ငံတွင်း တရားမဝင်ရွှေတူးဖော်မှုများအားကောင်းလာသည်ဟု ကမ္ဘာ့ဘဏ်က ၂၀၂၂ခုနှစ် ဇန်နဝါရီလတွင်ထုတ်ပြန်သည့် စီးပွားရေးစောင့်ကြည့်မှု အစီရင်ခံစာတွင်ဖော်ပြထားသည်။
ကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းတို့မှာအများဆုံးဖြစ်သည်။ကချင်ပြည်နယ်တွင် မြစ်ဆုံနှင့် မလိခမြစ်ကြောင်း တစ်လျှောက်တွင် ဖြစ်သည်။ တနိုင်း၊ ခန္ဓီးဘက်တွင်လည်း တရားမဝင် အလွန်အကျွံရွှေတူးဖော်လာကြသည်။
စစ်ကိုင်းတိုင်းတွင် ကောလင်း၊ ဝန်းသို၊ ဟုမ္မလင်း၊ အင်းတော်နှင့်ဗန်းမောက်မြို့နယ်များတွင် အများဆုံးတူးဖော်နေကြသည်။ စစ်ကိုင်းနှင့်ကချင်ရှိ တိုင်းရင်းသားလက်နက်ကိုင်များနှင့် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်များ (PDF ၊LDF ၊ ပ.က.ဖ) အားကောင်းသည့် ဒေသများတွင် တရားမဝင်ရွှေတူးဖော်မှုလျော့နည်းသွားသည်။ PDF နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့စိုးမိုးသောနယ်မြေများတွင် တရားမဝင်ရွှေတူးဖော်ပါက ချက်ချင်းအရေးယူသဖြင့် ဗန်းမောက်တွင်ရွှေတူးနေသော ဦးကျောက်လုံးကဲ့သို့ ရွှေတူးသမားများကလက်ရှောင်ကြ၍ဖြစ်သည်။
မြန်မာနိုင်ငံအောက်ပိုင်းတွင် မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်းတွင် အဓိက တူးဖော်နေသည်။ မွန်ပြည်နယ်တွင် ဘီးလင်းနှင့် တနင်္သာရီတိုင်းတွင် တနင်္သာရီ သစ်တောကြိုးဝိုင်း အတွင်း၌အများဆုံးတူးကြသည်။
ရွှေတူးဖော်ရာတွင် နှစ်မျိုး နှစ်စားရှိသည်။ ကျောက်ရွှေတူးဖော်ခြင်းနှင့် ဗြုန်းရွှေတူးဖော်ခြင်း တို့ဖြစ်သည်။ ကျောက်ရွှေတူးဖော်ခြင်းသည် တောင်များတွင် လှိုဏ်ခေါင်းဖောက်၍ ရွှေကြောရှာဖွေကာ တူးဖော်ခြင်းဖြစ်သည်။ ဗြုန်းရွှေတူးဖော်ခြင်းသည် လယ်မြေ၊ မြေလွတ်မြေရိုင်း၊ သစ်တောမြေနှင့် မြစ်ချောင်းဘေးတွင် တူးဖော်ခြင်းဖြစ်သည်။ ဗြုန်းရွှေတူးဖော်ခြင်းနည်းသည် ရွှေမှုန်ပါသည့် မြေကို တူးဖော်ပြီး ရေဖြင့် ကျင်ကာ ရယူခြင်းဖြစ်သည်။ ထို့အပြင် မြစ်ကြမ်းပြင်ရှိ သဲများကိုစုပ်ယူပြီး ရွှေကျင်သည့် ရွှေမျောလည်း မဲဇာမြစ်အတွင်းလုပ်ကိုင်ကြသည်။
■လယ်ယာမြေများ ၊ တောတောင်မြစ်ချောင်းများ ရွှေတူးခြင်းကြောင့်ပျက်စီးလာ
ရွှေတူးဖော်ရာတွင် လယ်ယာမြေများကို မြေပိုင်ရှင်များက ရွှေတူးသူများကို ရောင်းချကြသည်။ တစ်ဧကလျှင်အနည်းဆုံးကျပ်သိန်း ၁၀၀မှ သိန်း ၃၀၀ အထိပေါက်ဈေးရှိသည်။ ရွှေရှာဖွေပြီးပါက မြေအများစုမှာ သီးနှံများ စိုက်ပျိုး၍ မရတော့အောင် ပျက်စီးသွားတော့သည်။ ရွှေတူးစဉ်က ပြဒါးနှင့် ဆိုက်ရာနှိုက် အသုံးပြုထားခြင်းကြောင့်လည်း ဖြစ်သည်။ ဗန်းမောက်မြို့နယ်တွင်လည်း ယခင်က လယ်ယာစိုက်ပျိုးခဲ့သောဒေသခံတောင်သူများ၏ လယ်ယာမြေများမှာရွှေတူးရန် အလွယ်ပင်ရောင်းလိုက်ကြ၍ ကုန်သလောက်ပင်ရှိနေပြီဖြစ်သည်။
ယခင်အရပ်သားအစိုးရလက်ထက်တွင် လယ်ယာမြေကို ထိုသို့ လုပ်ခွင့်မရပေ။ ရွှေတူးရန် ဌာနဆိုင်ရာ အဆင့်ဆင့်ထံစနစ်တကျခွင့်ပြုချက်ယူရသည်။ လယ်ယာမြေဆိုပါက အခြားနည်းလမ်း အဖြစ် ပြောင်းလဲသုံးစွဲခွင့်မပေးခဲ့ပေ။
သို့သော်ယခုအခါ ထိုအဆင့်များမလိုတော့။ မြေရှင်နှင့်ရွှေတူးသူများသာ အပြန်အလှန် သဘောတူရုံသာ လိုသည်။ ထိုကြောင့် မြေလွတ်မြေရိုင်း၊ ပလပ်နှင့် သစ်တောမြေများသည်လည်း ရွှေတူးဖော်ရာနေရာဖြစ်ကုန်သည်။
ဗန်းမောက်မြို့တွင်ရှိသော နန့်ခေါင်ဟူးသစ်တောကြိုးဝိုင်း နှင့် နန်းကျင်ကြိုဝိုင်း များတွင် အများဆုံး ရွှေတူး နေကြသည်။
“မြေကွက်ဝယ်ဖို့ ငွေမတတ်နိုင်တဲ့သူက တောထဲမှာသွားတူးကြတယ်။”ဟု ဗန်းမောက်မြို့ခံ၊ရှမ်းနီတိုင်းရင်း သား တစ်ဦးဖြစ်သည့် အသက် ၂၃နှစ်အရွယ် ကိုနန်းလင်းကပြောသည်။
အချိန်တိုအတွင်းရွှေအမြန် ထွက်ရန်သာအာရုံစိုက်ပြီး အထိန်းအကွပ်မရှိတူးဖော်ကြသဖြင့် သဘာဝပါတ်ဝန်းကျင်ပျက်ယွင်းမှုများ အချိန်တိုအတွင်းမှာပင် ကြုံတွေ့လာသည်။ဗန်းမောက်မြို့နယ် အတွင်းအဓိက ချောင်းဖြစ်သော တောင်ချောင်းပေါက်ချောင်း အပေါ်ပိုင်းနှင့် ချောင်းရိုးတစ်လျှောက်ရှိ လယ်ယာမြေများတွင် တရားမဝင် ရွေတူးဖော်မှုကို စည်းမဲ့ကမ်းမဲ့လုပ်ကြသောကြောင့် ချောင်းမှာ တိမ်ကောလာသည်။ လယ်ယာမြေများလည်း ပျက်စီးကုန်ပြီဖြစ်သည်။
တောင်ချောင်းပေါက်ချောင်းသည် မိုင်းတုန်တောင်မှ ချောင်းဖျားခံပြီး မဲဇာမြစ်အတွင်းသို့ ဖြတ်သန်းစီးဝင်သည်။ မဲဇာမြစ်အတွင်း တွင်လည်း ဖောင်ဖြင့်ရွှေတူးလုပ်ငန်းများရှိနေသည်။ ထိုကြောင့် မဲဇာမြစ်မှာလည်း သဘာဝအတိုင်းမစီးဆင်းနိုင်တော့ဘဲ ယိုယွင်းပျက်စီးလာနေပြီဖြစ်သည်။
“ဒီမှာက ၂၄နာရီကို အဆိုင်းတွေခွဲပြီး နေ့မအားမနား တူးကြတာပဲ၊ သဘာဝပတ်ဝန်းကျင်ထိခိုက်တယ်။ ဘာတွေဆိုလည်း မသိကြပါဘူး။ အလေးလဲမထားကြဘူး”ဟု ကိုနန်းလင်းက ဒေသခံများ၏ သဘာဝပါတ်ဝန်းကျင်အပေါ်သဘောထားကို ပြောပြသည်။
■တရားဝင်ကုမ္ပဏီများလည်း ရွှေတရားမဝင်တူးလာကြ
လက်ရှိတွင် ရွှေတူးဖော်နေသည့် ကုမ္ပဏီအများစုသည် ယခင်ကတရားဝင်တူးခဲ့သော ကုမ္ပဏီများဖြစ်လျှင်ပင် ယခုအခါတရားဝင်တူးဖော်ခြင်းကို ရပ်ဆိုင်းထားပြီး တရားမဝင်တူးဖော်ခြင်းကိုသာအပြိုင်အဆိုင်လုပ်ကိုင်နေကြသည်။
ဗန်းမောက်မြို့နယ်တွင် ၂၀၀၈ခုနှစ်တွင် ရွှေတူးဖော်ရေးကုမ္ပဏီ ၃၀ ကျော်ရှိပြီး အကြီးစား ရွှေတူးဖော်သောကုမ္ပဏီများ မှာ ထာဝရ၊ အေးအေးခိုင်၊ ဆုထူးပန် စသည့်ကုမ္ပဏီတို့ဖြစ်သည်။ကျန်ကုမ္ပဏီများမှာ အသေးစားရွှေတူးဖော်ရေး ကုမ္ပဏီများသာဖြစ်သည်။
စစ်ယူနီဖောင်းချွတ်ပြီး ပုဆိုးနှင့်တိုက်ပုံပြောင်းဝတ်ခဲ့သော အရပ်သားတစ်ပိုင်း စစ်သားတစ်ပိုင်းဦးသိန်းစိန်အစိုးရလက်ထက် ၂၀၁၁တွင် ဗန်းမောက်မြို့နယ်၌ ရွှေလုပ်ကွက် ၅၅ ကွက်ကို ကုမ္ပဏီ ၃၄ ခုကို ချထားခွင့်ပြုပေးခဲ့သည်။ ထိုထဲတွင် ရုရှားကုမ္ပဏီ Noble Gold ကုမ္ပဏီလည်းပါဝင်သည်။
Noble Gold ကုမ္ပဏီသည် ရုရှားရေနံနှင့်စွမ်းအင်ကုမ္ပဏီ Noble Oil ၏ လက်အောက်ခံကုမ္ပဏီဖြစ်သည်။ Noble Oil သည် ဟုမ္မလင်းမြို့နယ်တွင် ကုန်းတွင်းရေနံလုပ်ကွက် B-2ကို လုပ်ကိုင်ခွင့်ရထားသည်။ ထို့အပြင်ရုရှားကုမ္ပဏီသည် ဗန်းမောက်မြို့နယ်တွင်လည်း မြေဧက ၃သိန်းကျော်ကို ၂၀၁၁ခုနှစ်ကတည်းက ရွှေတူးဖော်ခွင့်ရထားသေးသည်။
အဆိုပါကုမ္ပဏီသည်ယခုအခါ တရားဝင်တူးဖော်ခြင်းမရှိတော့ပေ။ Noble Gold တူးဖော်ခဲ့သည့် ရွှေမှော်ဟောင်းများသည်ယခုအခါ ဘာမှလုပ်မရတော့သောဖုန်းဆိုးမြေ လွင်တီးပြင်ကြီးအဖြစ်ကျန်ရစ်သည်။
ထို့အပြင် တရုတ်ရှယ်ယာအများစုပါသည့် ဩစတြေးလျ ကုမ္ပဏီ PanAust ကလည်း ဝန်သို၊ကောလင်း၊ ပင်လယ်ဘူး နှင့်ဗန်းမောက်မြို့နယ်များတွင် ရွှေနှင့်ကြေးနီတူးဖော်ရန် မြေဧက ၃၇၀,၀၀၀ လိုင်စင်ခုနှစ်ခု ရရှိခဲ့ကြောင်း ၂၀၂၀ခုနှစ်တွင်လည်း ကြေငြာခဲ့သည်။ သို့သော်ဝေဖန်ကန့်ကွက်မူများကြောင့် ထိုစီမံကိန်းကိုလက်တွေ့မလုပ်နိုင်ခဲ့ပေ။
PanAustကုမ္ပဏီသည် ဝန်းသို ၁ အမည်ဖြင့် ဗန်းမောက်မြို့နယ်တွင် ၅၂၇ စတုရန်းကီလိုမီတာ (ဧက ၁၃၀,၀၀၀)ရှိ လုပ်ကွက်ကို တူးဖော်ခဲ့သလို ၊ဝန်းသို-၂ အနေဖြင့် ပင်လည်ဘူးမြို့တွင် ၄၀၀ စတုရန်းကီလိုမီတာ (၉၈၈၄၂ ဧက)ရှိသောလုပ်ကွက်ကို လုပ်ကိုင်ခဲ့သည်။ ၂၀၂၀တွင် လုပ်ကိုင်ခွင့်ရသည့် ဧက သုံးသိန်းကျော်ရှိသောစီမံကိန်းမှာ ဝန်းသို-၃ဖြစ်သည်။ ဝန်သို- ၃ မှာ ပင်လည်ဘူး၊ဗန်းမောက်နှင့် ဝန်းသိုမြို့နယ်တို့တွင်တူးဖော်ရန်စီစဥ်ခဲ့ပြီးဝေဖန်ကန့်ကွက်မှုများကြောင့်ဆက်မလုပ်ခဲ့ခြင်းဖြစ်သည်။
ကုမ္ပဏီကြီးများသည် ဒေသခံတစ်ပိုင်တစ်နိုင်များကဲ့သို့ တူးဖော်ခြင်းမဟုတ်ပါ။ စက်ယန္တယားကြီးများဖြင့် ရွှေမိုင်းတွင်းပုံစံ တူးဖော်ခြင်းဖြစ်သည်ဟု ဒေသခံများကဆိုသည်။ စစ်အုပ်စုကအာဏာသိမ်းပြီးနောက်တွင် စက်ယန္တယားကြီးများဖြင့် ကုမ္ပဏီများက ပိုမိုတူးဖော်လာကြသည်ဟု ဒေသခံများကတစ်ညီတစ်ညွတ်တည်း လူထုနွေဦး (People’s Spring )သို့တစ်ညီတစ်ညွတ်တည်းပြောသည်။
ကုမ္ပဏီကြီးများတူးသောရွှေလုပ်ကွက်နေရာများသည် တောတောင်အတွင်းလူသူအရောက်ပေါက်နည်းပြီး လုံခြုံရေးအထူးတင်းကြပ်ထားလေ့ရှိသည်။ အရပ်သားအစိုးရလက်ထက်တွင် သက်တမ်းကုန်သွားသောရွှေတူးဖော်ရေးကုမ္ပဏီများကို သက်တမ်းထပ်မတိုးပေးတော့ဘဲ ရွှေအပါအဝင်သဘာဝသယံဇာတများကိုစနစ်တကျတူးဖော်ထုတ်ယူသုံးစွဲနိုင်ရန်အတွက် ဥပဒေကိုပြင်ဆင်ပြီး ထိုဥပဒေအတိုင်းလုပ်ကိုင်စေခဲ့သည်။တရားမဝင်ရွှေတူးဖော်သောကုမ္ပဏီများအတွက် ထိုအခြေအနေထက် သက်ဆိုင်ရာသို့ လာဘ်ငွေပေးပြီး တူးချင်သလိုတူးရသောယနေ့အခြေအနေကို သူတို့ကပိုအကြိုက်တွေ့နေကြသည်။
■စစ်ကောင်စီ ကျည်ဆံဖိုးနှင့် ဘဏ္ဍာငွေအထောက်အပံ့များ
ရွှေတူးဖော်မူများသည် အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ ဒေသဆိုင်ရာအဖွဲ့အစည်းများကိုရော နေပြည်တော်မှ စစ်ကောင်စီကိုပါတိုက်ရိုက်ရော ၊သွယ်ဝိုက်၍ပါ အကျိုးဖြစ်ထွန်းစေသည်။ ရွှေတူးသူများတွင် အကြမ်းဖက်စစ်တပ်နှင့် ဆက်စပ်ပါတ်နွယ်သူ၊ စစ်ကောင်စီ၏ တိုင်းအစိုးရနှင့် ဆက်နွယ်သူများဝင်ရောက်လုပ်ကိုင်လာကြခြင်းကြောင့်ဖြစ်သည်။ တူးဖော်ရရှိသည်ရွှေများကိုလည်းရွှေလုပ်ငန်းရှင်များမှ တဆင့် အကြမ်းဖက်စစ်တပ်က အကျိုးအမြတ် ရနေသည်။ အဘယ်ကြောင့်ဆိုသော် ရွှေတူးဖော်သူများက ထွက်လာသည့်ရွှေကို ဗန်းမောက်မြို့နယ်ပြင်ပသို့ သယ်ယူရောင်းချခွင့်မပြုပေ။ မြို့နယ်အတွင်းရှိ ပန်းတိမ်လုပ်ငန်းနှင့် ရွှေဝယ်သူများထံသာရောင်းချပေးရသည်။ ဖေဖော်ဝါရီ လလယ်တွင် ဈေးကွက်တွင် ၁ ကျပ်သား ကျပ် ၁၈ သိန်းခွဲ ဈေးပေါက်ချိန်တွင် စစ်ကောင်စီလက်အောက်ခံ ကုမ္ပဏီများက ၁၆ သိန်းမှ အများဆုံး ၁၈ သိန်းအတွင်းထိ့သာပေး၍ ဈေးနှိမ်ဝယ်ခြင်းဖြစ်သည်။
“ငွေလိုရင် ပန်းတိမ်ဆိုင်မှာဘဲ သွားရောင်းကြတယ်။ မန္တလေးတို့၊ ရန်ကုန်တို့ သယ်ခွင့်မရှိဘူး”ဟု ဦးကျောက်လုံးက ပြောသည်။
ရွှေဝယ်ယူသည့် ရွှေလုပ်ငန်းရှင်များကို စစ်ကောင်စီအလိုကျဆောင်ရွက်ပေးနေသည် မြန်မာနိုင်ငံရွှေလုပ်ငန်းရှင်အသင်းက ထိန်းချုပ်ထားသည်။ ထိုထဲတွင်စစ်ကောင်စီနှင့် နီးစပ်သူများမှာပိုမိုလုပ်ကိုင်ခွင့်ရကြသည်။
ထွက်လာသည့်ရွှေများကို ပြည်တွင်းဈေးကွက်အပြင် တရုတ်၊ထိုင်းနှင့် အိန္ဒိယဈေးကွက်များသို့ပါ ရောင်းဝယ်နိုင်ရန် စစ်ကောင်စီက ခွင့်ပြုထားသည်ဟု ရန်ကုန်အခြေစိုက်ရွှေလုပ်ငန်းရှင်တစ်ဦးကပြောသည်။ ထို့အပြင်စစ်တပ်အာဏာသိမ်းပြီးနောက် ဂျပန်၊ ကိုရီးယားနှင့် ဒူဘိုင်းစသည့် နိုင်ငံများသို့ပါ ရွှေရောင်းဝယ်မူများရှိလာသည်ဟု အထက်ပါရွှေလုပ်ငန်းရှင်ကပြောသည်။ ထိုအချက်များကြောင့် မြန်မာနိုင်ငံရွှေလုပ်ငန်းရှင်များမှ တာဝန်ရှိသူအများစုမှာ အာဏာလုစစ်ကောင်စီနှင့် ပနံသင့်စေပြီး ၊စစ်ကောင်စီခိုင်းသမျှတက်ကြွစွာလုပ်ပေးနေခြင်း၏ အဓိကအကြောင်းအရင်းများလည်းဖြစ်သည်။
ထိုကြောင့်ရွှေတူးဖော်ရာမှ ခေါင်းစဥ်မျိုးစုံဖြင့်အခွန်ငွေ ၊ ပန်းထိန်ဆိုင်များသို့ရွှေရောင်းရာမှ အမြတ်ဝေစု ၊ ပြည်ပသို့ရောင်းချရာမှ အခွန်ငွေ စသောခေါင်းစဥ်မျိုးစုံဖြင့် အာဏာလု စစ်အုပ်စုက အကျိုးအမြတ်များစွာရရှိနေသည်။ထိုငွေများက စစ်အာဏာရှင် ယန္တယားလည်ပတ်နိုင်ရေးအတွက် ဘဏ္ဍာငွေအထောက်အပံ့ဖြစ်သလို ၊စစ်အုပ်စုကို ဆန့်ကျင်တော်လှန်သူများကို ဖိနှိပ်ရန် အတွက်သေနတ်နှင့်ကျည်ဆံများဝယ်ယူရန် အထောက်အပံ့များဖြစ်စေတော့သည်။
“ဒီမှာရွှေတူးကြမယ်။ မြန်မြန်တူးကြမယ်၊ မြန်မြန်ငွေရှာမယ်ဆိုတာပဲ စိတ်ဝင်စားကြတယ်၊ ရန်ကုန်၊ မန္တလေးတိုလို မြို့ကြီး တွေမှာ ဘာဖြစ်နေလဲစိတ်မဝင်စားကြဘူး။ PDFတွေဘာလို့ ဒီဒေသကို လွှတ်ထားလည်းဆိုလည်း တွေးမရဘူး” ဟု ဦးခင်စော သူ့အမြင်ကိုပြောပါသည်။
ကောလင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၊ ပြန်ကြားရေးတာဝန်ခံကမူ စစ်ကိုင်းတိုင်းအတွင်း၌ သစ်တောနှင့် သယံဇာတ၊သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာဆိုင်ရာလုပ်ငန်းများကိုပိုမိုလုပ်ကိုင်သွားရန် ရှိသည်ဟု ပြောသည်။
“တရားမဝင်တဲ့ မည်သို့သော လုပ်ငန်းကိုမဆို တားဆီးပိတ်ပင်သွားမှာပါ။ ဒီ တရားမဝင်ရွှေတူးတာနဲ့ပတ်သတ်ပြီး မကြာခင် ကြေညာချက်တွေ ထုတ်ပြန်သွားမှာပါ”ဟု သူကပြောသည်။
ဆက်လက်၍ကောလင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၊ ပြန်ကြားရေးတာဝန်ခံက“အများကြီးတော့ မပြောနိုင်သေးပါဘူး။ ကျွန်တော်တို့ အလုပ်နဲ့ပဲ သက်သေပြပါမယ်”ဟု ပြောပါသည်။