Connect with us

Hi, what are you looking for?

LuduNwayOo

ဆောင်းပါး

စစ်ကောင်စီကို လူမိုက်အားပေး လုပ်နေတဲ့ အီရန်နဲ့ ပါကစ္စတန်

ဥရောပနဲ့ အနောက်နိုင်ငံ တချို့က မြန်မာနိုင်ငံမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ မြိန်ရည်ယှက်ရည် ကျူးလွန်နေတဲ့ စစ်အစိုးရကို စစ်လက်နက် ရောင်းချမှုနဲ့ ပတ်သက်တဲ့ အရေးယူ ပိတ်ဆို့မှုတွေ ပြုလုပ်ပြီး အပြစ်ပေးဖို့ ကြိုးစားနေပေမယ့် တစ်ဖက်မှာလည်း စိတ်ပျက်စရာ အခြေအနေ တစ်ခုက ရုရှားနဲ့ တရုတ်တို့ဟာ မြန်မာ စစ်အစိုးရကို စစ်လက်နက်တွေ ဆက်လက် ထောက်ပံ့နေတယ် ဆိုတာပါပဲ။ ဒီထက်ပိုပြီး အံ့ဩဖို့ ကောင်းတာက အီရန်နဲ့ ပါကစ္စတန်တို့ကပါ စစ်အစိုးရနဲ့ လက်နက် အရောင်းအဝယ် ကိစ္စတွေ ထိတွေ့ ဆက်ဆံလာနေတာပါ။

ဓာတ်ပုံ - AP

အမေရိကန်နဲ့ ဩစတြေးလျ၊ ကနေဒါ၊ နယူးဇီလန်တို့ အပါအဝင် နိုင်ငံတချို့ဟာ မြန်မာနိုင်ငံကို စစ်လက်နက်တွေ တင်ပို့မှု ပိတ်ပင်ကြောင်း အသီးသီး ကြေညာထားကြပြီးပါပြီ။ ကုလသမဂ္ဂကလည်း မြန်မာနိုင်ငံဆီ စစ်လက်နက် တင်သွင်းမှုတွေ တားဆီးပေးကြဖို့ ကမ္ဘာ့နိုင်ငံ အားလုံးကို တိုက်တွန်း ပန်ကြားထားပါတယ်။ ဥရောပနဲ့ အနောက်နိုင်ငံ တချို့က မြန်မာနိုင်ငံမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ မြိန်ရည်ယှက်ရည် ကျူးလွန်နေတဲ့ စစ်အစိုးရကို စစ်လက်နက် ရောင်းချမှုနဲ့ ပတ်သက်တဲ့ အရေးယူ ပိတ်ဆို့မှုတွေ ပြုလုပ်ပြီး အပြစ်ပေးဖို့ ကြိုးစားနေပေမယ့် တစ်ဖက်မှာလည်း စိတ်ပျက်စရာ အခြေအနေ တစ်ခုက ရုရှားနဲ့ တရုတ်တို့ဟာ မြန်မာ စစ်အစိုးရကို စစ်လက်နက်တွေ ဆက်လက် ထောက်ပံ့နေတယ် ဆိုတာပါပဲ။ ဒီထက်ပိုပြီး အံ့ဩဖို့ ကောင်းတာက အီရန်နဲ့ ပါကစ္စတန်တို့ကပါ စစ်အစိုးရနဲ့ လက်နက် အရောင်းအဝယ် ကိစ္စတွေ ထိတွေ့ ဆက်ဆံလာနေတာပါ။ အမေရိကန်နဲ့ ဥရောပ သမဂ္ဂ အပါအဝင် နိုင်ငံတွေ အများကြီးက အရေးယူ ပိတ်ဆို့ထားတာတောင် အခုဆိုရင် မြန်မာစစ်တပ်ဟာ ပြည်ပက စစ်လက်နက်တွေ ပမာဏ အမြောက်အမြားနဲ့ တင်သွင်း ဝယ်ယူနေဆဲ ဖြစ်ပါတယ်။

ပထဝီဝင် အနေအထားနဲ့ လက်နက် စျေးကွက် အခြေအနေတွေအရ မြန်မာ စစ်တပ်ဟာ စစ်လက်နက်တွေကို ဆက်ပြီး ဝယ်ယူနေနိုင်ပါတယ်။ ဒါ့အပြင် အစိုးရ တချို့ဆီကနေလည်း လက်နက် ဝယ်ယူဖို့အတွက် လမ်းဖွင့်ပေးထားတဲ့ အခြေအနေတွေ ရရှိထားပြန်တယ်။ အနောက်နိုင်ငံတွေက မြန်မာကို လက်နက်မရောင်းဘူး ဆိုပေမယ့် တခြား လုပ်ငန်းတွေကတော့ ကောင်းကောင်းမွန်မွန် ရှိနေတုန်းပါပဲ။

အာဏာသိမ်း မြန်မာ စစ်ကောင်စီဟာ JF-17 တိုက်လေယာဉ်တွေမှာ တပ်ဆင်ဖို့ ဝေဟင်ကနေ မြေပြင်ပစ်တဲ့ ဒုံးကျည်တွေကို ပါကစ္စတန်ဆီကနေ ဝယ်ယူလိုနေတယ်။ ပြီးခဲ့တဲ့နှစ်၊ စက်တင်ဘာလတုန်းက ပါကစ္စတန် ကာကွယ်ရေး ဝန်ကြီးဌာနရဲ့ အဆင့်မြင့် အရာရှိတွေ ပါဝင်တဲ့ ကိုယ်စားလှယ် အဖွဲ့တစ်ခုဟာ လက်နက် အရောင်းအဝယ် ကိစ္စအတွက် မြန်မာနိုင်ငံကို သိုသိုသိပ်သိပ် လာရောက်ခဲ့ဖူးပါတယ်။ မြန်မာနဲ့ ပါကစ္စတန်တို့ဟာ ရေတပ်အတွက် ခေတ်မီ လက်နက် နည်းပညာတွေ၊ လေယာဉ် ပြင်ဆင် ထိန်းသိမ်းရေး ကိစ္စတွေအတွက် စကားပြောခဲ့ကြပါတယ်။ အဲဒီတုန်းက ၁၀ ဦးပါ ပါကစ္စတန် ကိုယ်စားလှယ် အဖွဲ့ဟာ စစ်ကောင်စီ ကာကွယ်ရေး ဝန်ကြီးနဲ့ တွေ့ဆုံခဲ့သလို အဆင့်မြှင့်တင်ထားတဲ့ JF-17 တိုက်လေယာဉ်တွေနဲ့ ဝေဟင်-မြေပြင်ပစ် ဒုံးကျည်တွေ ရောင်းချရေး ကိစ္စကို အလွတ်သဘော ဆွေးနွေးခဲ့ကြပါတယ်။

ကြိုကြေညာထားတာ မဟုတ်ဘဲ အိမ်နီးချင်း နှစ်နိုင်ငံကြားမှာ အခုလို ခြေပုန်းခုတ်ပြီး တွေ့ဆုံနေတာနဲ့ ပတ်သက်လို့ စိုးရိမ်မှုတွေလည်း ရှိနေပါတယ်။ မြန်မာနဲ့ ပါကစ္စတန်ကြားက ကာကွယ်ရေး ကဏ္ဍနဲ့ ပတ်သက်တဲ့ ဆက်ဆံရေး တည်ဆောက်မှုတွေဟာ နှစ်နိုင်ငံတည်းရဲ့ သဘောထားတင် မကဘဲ တရုတ်ရဲ့ ညွှန်ကြားမှုတွေ ရောယှက် ပါဝင်နေနိုင်တယ်ဆိုတဲ့ ခန့်မှန်းမှုတွေကြောင့်ပါ။ အခုအတိုင်းဆိုရင် အနာဂတ်မှာလည်း မြန်မာနဲ့ ပါကစ္စတန်တို့ကြားက ကာကွယ်ရေးကဏ္ဍ ပူးပေါင်း ဆောင်ရွက်မှုတွေ ဆက်ပြီး တိုးမြှင့်သွားမယ့် သဘောပါပဲ။

Public Service Announcement

Public Service Announcement

တခြားတစ်ဖက်မှာတော့ အီရန်ကလည်း မြန်မာစစ်တပ်အတွက် လက်နက်တွေနဲ့ နည်းပညာတွေ ထောက်ပံ့ပေးနေပြန်ပါတယ်။ အီရန် တော်လှန်ရေး အစောင့်တပ်ရဲ့ အရာရှိတွေ လိုက်ပါလာတဲ့ လေယာဉ်တစ်စီးဟာ မြန်မာနိုင်ငံကို ရောက်ရှိလာခဲ့တာနဲ့ ပတ်သက်လို့ နှစ်နိုင်ငံကြား စစ်ရေး ပူးပေါင်း ဆောင်ရွက်မှုတွေ လျှို့ဝှက် လုပ်ဆောင်နေတယ်ဆိုတဲ့ ထင်ကြေးတွေလည်း အားကောင်းလာပါတယ်။ မကြာသေးခင်က မြန်မာနိုင်ငံကို အီရန်ရဲ့ ကုန်တင် လေကြောင်းလိုင်း Kesham Fars Airက ပိုင်ဆိုင်တဲ့ လေယာဉ်တွေ ဆင်းသက်ခဲ့တာကလည်း ပဲ့ထိန်း ဒုံးကျည်တွေ အပါအဝင် စစ်လက်နက်တွေ ပို့ဆောင်ပေးဖို့ ဖြစ်နိုင်ပါတယ်။

ဇန်နဝါရီ ၁၃ ရက်က မြန်မာနိုင်ငံကို အီရန် ကိုယ်စားလှယ် အဖွဲ့တစ်ခု ဆိုက်ရောက်လာခဲ့ပြီး ဒါဟာ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်က စစ်တပ် အာဏာသိမ်းလိုက်တဲ့ နောက်ပိုင်း အီရန် ကိုယ်စားလှယ် အဖွဲ့တွေ ရောက်လာတာ ဒုတိယ၊ ဒါမှမဟုတ် တတိယ အကြိမ်လောက်လို့ ယူဆရပါတယ်။

စီးပွားရေး ပိတ်ဆို့မှုတွေကြောင့် ဘေးကျပ်နံကျပ် ဖြစ်နေတဲ့ မြန်မာစစ်တပ်ဟာ စစ်လက်နက်တွေ ဝယ်ယူရေးအတွက် လမ်းကြောင်း အသစ်တွေကို အပူတပြင်း ရှာဖွေနေပါတယ်။ စစ်ကောင်စီရဲ့ ဗိုလ်ချုပ်တွေဟာ ပါကစ္စတန်ဆီ ကိုယ်စားလှယ်အဖွဲ့ တစ်ခု စေလွှတ်ပြီး လက်နက် အရောင်းအဝယ် ဖြစ်နိုင်ခြေ လမ်းကြောင်းတွေအတွက် ကြိုတင် ဆွေးနွေးခဲ့ပါသေးတယ်။

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှာ မင်းအောင်လှိုင် ဦးဆောင်တဲ့ စစ်တပ်က ဒီမိုကရေစီ နည်းလမ်းနဲ့အညီ ရွေးကောက် တင်မြှောက်ထားတဲ့ မြန်မာ အစိုးရကို ဖြုတ်ချပြီး အဓမ္မ အာဏာ သိမ်းယူလိုက်ပါတယ်။ ဒီလုပ်ရပ်ကို တုံ့ပြန်တဲ့ အနေနဲ့ မြန်မာစစ်တပ်ရဲ့ ထိပ်တန်း အရာရှိတွေ၊ သူတို့နဲ့ ဆက်စပ်တဲ့ အဆွယ်အပွားတွေကို အနောက်နိုင်ငံတွေ အရေးယူ ပိတ်ဆို့မှုတွေ လုပ်ဆောင်ခဲ့ပါတယ်။ လက်ရှိအချိန်မှာတော့ စစ်ကောင်စီဟာ ဒီမိုကရေစီ အစိုးရကို ဖယ်ရှားလိုက်ပြီး စစ်တပ် ကြီးစိုးတဲ့ အုပ်ချုပ်မှုကို ထူထောင်ထားပါတယ်။

မြန်မာစစ်တပ်ဟာ ပါကစ္စတန်ဆီက ၆၀ မမနဲ့ ၈၁ မမ မော်တာတွေ၊ M-79 ဗုံးပစ်လောင်ချာတွေနဲ့ အကြီးစား စက်သေနတ်တွေကို ဝယ်ယူချင်နေတယ်။ သတင်းတွေအရ မြန်မာ စစ်တပ်ဟာ JF-17 တိုက်လေယာဉ်တွေအတွက် ဝေဟင်ကနေ မြေပြင်ပစ်တဲ့ ဒုံးကျည်တွေကိုလည်း ပါကစ္စတန်ဆီက ဝယ်ယူဖို့ စိတ်ဝင်စားတဲ့ အရိပ်အယောင်တွေ ပြသနေပါတယ်။ နိုင်ငံတကာ အရေးယူ ပိတ်ဆို့မှုတွေကြောင့် စစ်ကောင်စီဟာ ဒီဒုံးကျည်တွေကို တရုတ်ဆီကနေတော့ တိုက်ရိုက်ဝယ်လို့ မရပါဘူး။ ဒီတော့ အဲဒီ စစ်လက်နက်တွေဟာ ပါကစ္စတန်ကနေ တဆင့်ခံပြီး မှာယူမှ ရမယ့် သဘောပါ။ ၂၀၁၅ ခုနှစ်တုန်းက မြန်မာစစ်တပ်ဟာ ပါကစ္စတန်ရဲ့ Aeronautical Complexနဲ့ တရုတ်ရဲ့ Chendu Aircraft Industries Corporationတို့ ပူးပေါင်း ထုတ်လုပ်ထားတဲ့ JF-17တွေကို စတင် ဝယ်ယူခဲ့ပါတယ်။

၂၀၁၇ မှာတော့ ရိုဟင်ဂျာ မွတ်ဆလင်တွေကို ဖိနှိပ်တဲ့ ကိစ္စနဲ့ ဆက်စပ်ပြီး မြန်မာနဲ့ ပါကစ္စတန် အစိုးရတွေကြား တင်းမာမှုတွေ ရှိလာပါတယ်။ ပါကစ္စတန်ဟာ ရိုဟင်ဂျာ အစွန်းရောက် လှုပ်ရှားမှုတွေကို အားပေး ထောက်ပံ့နေတယ်လို့ မြန်မာဖက်က စွပ်စွဲခဲ့တယ်။ ဒါ့အပြင် ရခိုင်ပြည်နယ်မှာ ခြေကုပ်ယူ လှုပ်ရှားနေတဲ့ စစ်သွေးကြွ အဖွဲ့အစည်း တချို့ကိုလည်း ပါကစ္စတန်က လက်နက် တပ်ဆင်ပေးပြီး လေ့ကျင့်ပေးနေတယ်လို့ မြန်မာဖက်က ထပ်စွပ်စွဲပြန်တယ်။ ဒီလို နှစ်ဖက် ရန်လိုတဲ့ အခြေအနေတွေ ရှိခဲ့ရာက လူမသိ သူမသိ တွေ့ဆုံ ဆွေးနွေးတာတွေ ဖြစ်လာတယ်ဆိုတော့ မေးခွန်း ထုတ်စရာတွေ အများကြီး ရှိလာပါတယ်။ လက်ရှိ ကာလတွေမှာ ပါကစ္စတန်နဲ့ မြန်မာ စစ်တပ်ကြား ကာကွယ်ရေး ကဏ္ဍမှာ ပူးပေါင်း ဆောင်ရွက်မှုတွေ ပိုအားကောင်းလာတယ်ဆိုတာ အထူးတလည် ပြောနေစရာတောင် မလိုတော့ပါဘူး။ နှစ်ဖက်စလုံးကလည်း မဟာဗျူဟာ ပူးပေါင်း ဆောင်ရွက်မှုတွေကို လိုလိုလားလား မြှင့်တင်နေကြပုံပါပဲ။

ပြီးခဲ့တဲ့နှစ်က အာဏာသိမ်းမှုအပြီး မြန်မာစစ်တပ်အပေါ် အနောက်နိုင်ငံတွေက အရေးယူ ပိတ်ဆို့မှုတွေ သတ်မှတ်လိုက်တဲ့အခါ ပါကစ္စတန်နဲ့ ဆက်ဆံရေးက ပိုပြီး တိုးတက်လာပုံပါပဲ။ အမေရိကန်နဲ့ တခြား နိုင်ငံတွေက မြန်မာကို စစ်လက်နက် တင်ပို့မှုတွေ ရပ်တန့်မယ်လို့ ကြေညာလိုက်တဲ့အခါ တရုတ်က ကျောထောက်နောက်ခံ ပေးနေတဲ့ ပါကစ္စတန်က ဒီကိစ္စကို အခွင့်အရေး တစ်ခုလို ရှုမြင် အသုံးချလာပြီး ကာကွယ်ရေး ပူးပေါင်း ဆောင်ရွက်မှုတွေမှာ မြန်မာ စစ်ကောင်စီနဲ့ အပေးအယူ ဖြောင့်လာပါတယ်။

၂၀၂၁ ခုနှစ်၊ ဩဂုတ်လတုန်းက ဘင်္ဂလားဒေ့ရှ်ရဲ့ နိုင်ငံခြားရေး ဝန်ကြီး ရှာရီရာ အလမ်ဟာ အီရန်နိုင်ငံ၊ တဟီရန် မြို့တော်ကို သွားရောက်ခဲ့ပါတယ်။ အီရန် သမ္မတသစ် အီဘရာဟင်မ် ရိုင်ဆီရဲ့ ကျမ်းကျိန်ပွဲ အခမ်းအနားကို တက်ရောက်ဖို့ပါ။ အဲဒီအချိန်တုန်းက အလမ်ဟာ အီရန် ခေါင်းဆောင်တွေနဲ့ ပါလက်စတိုင်းအရေး၊ ရိုဟင်ဂျာ ပြဿနာတွေကို အဓိက ဦးစားပေး ဆွေးနွေးခဲ့ကြပါတယ်။ အီရန်က ရိုဟင်ဂျာ အရေးနဲ့ ပတ်သက်ရင် ဘင်္ဂလားဒေ့ရှ်နဲ့အတူ အမြဲတမ်း လက်တွဲ ရပ်တည်မယ်လို့ ကတိတွေ ဘာတွေ ပေးလိုက်ပါတယ်။

ကမ္ဘာတလွှားမှာ မွတ်ဆလင်တွေကို ဖိနှိပ်ဆက်ဆံတဲ့ ကိစ္စမှန်သမျှ ပြင်းပြင်းထန်ထန် ဆန့်ကျင် ရပ်တည်သွားမယ်လို့ အီရန်က အမြဲလိုလို ကြွေးကြော်လေ့ ရှိပါတယ်။ ၂၀၁၇ တုန်းကဆိုရင် မြန်မာနိုင်ငံမှာ ရိုဟင်ဂျာတွေ ဖိနှိပ် ခံနေရတာကို တားဆီး ကာကွယ်ဖို့အတွက် မွတ်ဆလင် နိုင်ငံတွေ တပ်ပေါင်းစုတစ်ခု ဖွဲ့စည်းဖို့တောင် အီရန် လွှတ်တော် ဒုတိယ ဥက္ကဋ္ဌက အဆိုပြုခဲ့ဖူးပါတယ်။ “NATOလိုမျိုး စစ်မဟာမိတ် အင်အားစုတစ်ခု စုဖွဲ့ဖို့ မွတ်ဆလင် နိုင်ငံတွေကရော ဘာကြောင့် မစဉ်းစားကြသလဲလို့” အလီ မိုတာဟာရီက အဲဒီအချိန်မှာ မေးခွန်းထုတ်ခဲ့ပါတယ်။ ရိုဟင်ဂျာ ပြဿနာမှာ အရေးပေါ် အစည်းအဝေး မခေါ်ယူခဲ့တဲ့အတွက် အစ္စလာမ်မစ် ပူးပေါင်း ဆောင်ရွက်ရေး အဖွဲ့ကြီး (OIC)ကိုပါ မိုတာဟာရီက ဝေဖန်ခဲ့ပါတယ်။ “စစ်အင်အား မသုံးဘဲနဲ့တော့ မြန်မာအစိုးရက ကျူးလွန်နေတဲ့ ရာဇဝတ်မှုတွေကို ရပ်တန့်လို့ ရမှာ မဟုတ်ဘူး”လို့ သူက တွင်တွင် ပြောဆိုခဲ့တယ်။

အခုတော့ တဟီရန်မှာ ရှိနေတဲ့ အီရန် အစိုးရဟာ သူတို့ရဲ့ မူဝါဒတွေကို ကိုယ်တိုင်ပဲ စွန့်လွှတ်လိုက်ပုံ ရပါတယ်။ ရိုဟင်ဂျာတွေကို မြိန်ရည်ယှက်ရည် နှိပ်စက် ညှင်းပန်းခဲ့တဲ့ မြန်မာစစ်တပ်ကို အီရန် ကိုယ်တိုင်က လက်နက်တွေ ထောက်ပံ့ တပ်ဆင်ပေးနေပါပြီ။ ဒီတော့ ကျင့်ဝတ်ပိုင်းအရ အီရန်ဟာ မြန်မာ စစ်အာဏာရှင်တွေက လူမျိုးသုဉ်း သတ်ဖြတ်မှုတွေ လုပ်ဆောင်နိုင်အောင် ကူညီပေးလိုက်တဲ့ သဘောမျိုးလား။ ဒီကိစ္စနဲ့ ပတ်သက်လို့ အီရန်ရဲ့ ရပ်တည်ချက်ကို ရှင်းရှင်းလင်းလင်း သိရအောင် ဘင်္ဂလားဒေ့ရှ် အပါအဝင် နိုင်ငံတကာ အသိုက်အဝန်းက အဖြေရှာသင့်နေပါပြီ။

တကယ်ဆိုရင် တရုတ်၊ ရုရှား၊ အိန္ဒိယ၊ ပါကစ္စတန်နဲ့ အီရန်တို့ဆီကနေ မြန်မာ စစ်ကောင်စီက လက်နက်တွေ အထောက်အပံ့ ရရှိနေတာကို နိုင်ငံတကာ အသိုက်အဝန်းရော၊ ဒေသတွင်း နိုင်ငံတွေပါ စိုးရိမ်သင့်နေပါပြီ။ ရုရှား၊ တရုတ်၊ ပါကစ္စတန်တို့ဟာ စစ်ကောင်စီရဲ့ လေတပ် အင်အား ချဲ့ထွင်ရေးကို ထဲထဲဝင်ဝင် ကူညီပေးနေပြီး အိန္ဒိယနဲ့ တရုတ်တို့ကတော့ ရေတပ်ကို ပိုအားဖြည့်ပေးနေကြပါတယ်။

အခုတစ်ခါ ပါကစ္စတန်အကြောင်း ဆက်ပြောကြပါမယ်။ ပါကစ္စတန်ဟာ ကက်ရှ်မီးယား ဒေသနဲ့ ပါလက်စတိုင်းက မွတ်ဆလင်တွေရဲ့ အခွင့်အရေးအတွက် အမြဲတမ်း အသံကျယ်ကျယ် တောင်းဆိုလေ့ ရှိပါတယ်။ ရိုဟင်ဂျာ အရေးနဲ့ ပတ်သက်ပြီး စုပေါင်း အဖြေရှာဖို့ ပါကစ္စတန်က တောင်းဆိုခဲ့သလို စစ်တပ် အာဏာသိမ်းမှုကိုလည်း ရှုတ်ချခဲ့ပါတယ်။ ဒါပေမဲ့ မီးစတစ်ဖက်၊ ရေမှုတ်တစ်ဖက် ဆိုသလို စစ်ကောင်စီအတွက် လက်နက်တွေကို ပါကစ္စတန်ကပဲ ပေးကမ်း ထောက်ပံ့နေပြန်တယ်။ စဉ်းစားကြည့်ရင် ဘယ်လောက် ဟာသဆန်တဲ့ သမိုင်းမှတ်တမ်းမျိုး ဖြစ်နေမလဲ။ တကယ့် မေးခွန်းက ပါကစ္စတန်ဟာ မြန်မာ စစ်ဗိုလ်ချုပ်တွေအတွက် လက်နက်တွေကို ဘယ်လို နည်းလမ်းနဲ့ ထောက်ပံ့ပေးနိုင်မလဲ။ ဒီလို လက်နက်တွေ ကူညီပေးနေတယ် ဆိုတာက ပါကစ္စတန်နဲ့ အီရန်တို့အတွက် စီးပွားရေး ရည်မှန်းချက် သက်သက် အတွက်ပဲလား။ မွတ်ဆလင် နိုင်ငံကြီးတွေပီပီ သူတို့ဟာ ကမ္ဘာတလွှားမှာ မွတ်ဆလင်တွေ ဖိနှိပ် ခံရတာနဲ့ ပတ်သက်လို့ အမြဲတမ်း အသံထွက် ဆန့်ကျင်ကြတယ်။ တခြားမျက်နှာစာမှာတော့ သူတို့ ကိုယ်တိုင်ပဲ တခြား မွတ်ဆလင် အသိုက်အဝန်း တစ်ခုဖြစ်တဲ့ ရိုဟင်ဂျာတွေ သုတ်သင် သတ်ဖြတ် ခံရအောင် စစ်လက်နက်တွေ ပံ့ပိုးနေပြန်တယ်။

မွတ်ဆလင် နိုင်ငံတွေကြားမှာ တက်တက်ကြွကြွ လှုပ်ရှားတတ်တဲ့ နိုင်ငံတစ်ခု အနေနဲ့ တကယ်ဆိုရင် ပါကစ္စတန်ဟာ မြန်မာ စစ်ကောင်စီနဲ့ ဆက်ဆံရေး တိုးမြှင့်တဲ့ ကိစ္စမျိုးကို လက်ရှောင်သင့်တာ မဟုတ်လား။ ဒါဟာ ပါကစ္စတန် အစိုးရအတွက် ထုတ်ပြောနေစရာတောင် မလိုဘဲ တာဝန်သိသိ ကျင့်သုံးရမယ့် ကိစ္စတစ်ခုပါ။ မြန်မာစစ်တပ်နဲ့ ဆက်ဆံနေတာဟာ မဟာဗျူဟာ လုပ်ငန်းစဉ် တစ်ခု ဖြစ်ဦးတော့၊ စစ်ကောင်စီဟာ ရိုဟင်ဂျာတွေ ရာပေါင်းများစွာကို ရက်ရက်စက်စက် သတ်ဖြတ်နေတယ် ဆိုတာကိုတော့ ပါကစ္စတန်က ပြန်စဉ်းစားဖို့ လိုပါတယ်။ မဟာဗျူဟာ ရှုထောင့် တစ်ခုတည်းကို ကြည့်ပြီး ကိစ္စတိုင်းကို ဆုံးဖြတ်တာ၊ တွေးခေါ်တာမျိုးတော့ ပါကစ္စတန် အနေနဲ့ မလုပ်သင့်ပါဘူး။ မြန်မာ စစ်ကောင်စီနဲ့ ဆက်ဆံရေး မြှင့်တင်နေတာကို ပါကစ္စတန်ဟာ ရှောင်ကို ရှောင်သင့်ပါတယ်။ တကယ်ဆိုရင် မြန်မာနိုင်ငံက တိုင်းရင်းသား အားလုံးရဲ့ အခြေခံ အခွင့်အရေးတွေအတွက် ပါကစ္စတန်ဟာ အားကောင်းကောင်းနဲ့ ထောက်ခံ ရပ်တည်ပြနေရမှာပါ။

မြန်မာစစ်တပ်ဟာ ပြည်သူလူထုအပေါ် ရက်ရက်စက်စက် ဖိနှိပ်နေပါတယ်။ တပ်မတော်လို့ နာမည်ပေးထားတဲ့ လက်နက်ကိုင် အဖွဲ့အစည်းကြီးဟာ လူမျိုးသုဉ်း သတ်ဖြတ်မှုတွေကို ပေါ်ပေါ်ထင်ထင် ကျူးလွန်နေတယ်။ သူတို့ကို ထောက်ပံ့ပေးနေတဲ့ စစ်လက်နက်တွေကို ရိုဟင်ဂျာတွေသာ မကဘဲ ချင်းလိုမျိုး တိုင်းရင်းသား မျိုးနွယ်စုတွေကိုပါ နှိပ်ကွပ်ဖို့ အသုံးပြုနေတာပါ။ ဒါ့အပြင် ဒီလက်နက်တွေနဲ့ပဲ ဆန္ဒပြသူတွေ၊ ဂျာနယ်လစ်တွေ၊ ဖမ်းဆီးခံထားရတဲ့ ကျန်းမာရေး ဝန်ထမ်းတွေ၊ NLD နိုင်ငံရေးသမားတွေအပေါ် ဗိုလ်ကျ ဖိနှိပ်နေပြန်ပါတယ်။ စစ်ကောင်စီကို စစ်လက်နက်တွေ ပံ့ပိုးနေတယ် ဆိုတာကိုက ရိုဟင်ဂျာတွေနဲ့ ဒီမိုကရေစီရေး ဆန္ဒပြသူတွေရဲ့ လူ့အခွင့်အရေးတွေကို ချိုးဖောက်ဖို့၊ လူမျိုးသုဉ်း သတ်ဖြတ်မှုတွေ ကျူးလွန်နိုင်ဖို့ လမ်းဖွင့်ပေးထားတဲ့ အဓိပ္ပါယ်ပဲ ဖြစ်ပါတယ်။

အာဏာသိမ်းမှု အပြီးမှာ ပြည်သူ ၁၅၀၀ ကျော်လောက်ကို စစ်တပ်က သတ်ဖြတ်ပြခဲ့ပြီးပါပြီ။ ကမ္ဘာတလွှားက တောင်းဆိုတိုက်တွန်းနေတဲ့ လူ့အခွင့်အရေး စံနှုန်းတွေနဲ့ ပတ်သက်ရင် စစ်ကောင်စီက မျက်နှာပြောင် တိုက်ပြနေသလိုပါပဲ။ အီရန်နဲ့ ပါကစ္စတန်တို့ဟာ မြန်မာ စစ်ကောင်စီအတွက် လက်နက်တွေ ထောက်ပံ့နေတယ်ဆိုတာ သိပ်ကို မှားယွင်းတဲ့ လုပ်ရပ်ပါ။ သူတို့ဟာ လူ့အခွင့်အရေး ဖောက်ဖျက်သူတွေရဲ့ ကြံရာပါတွေ ဖြစ်လာနေပါပြီ။ ကျင့်ဝတ် သိက္ခာပိုင်းအရဆိုရင် ဘယ်ရှုထောင့်ကကြည့်ကြည့် စစ်ကောင်စီကို ထောက်ခံအားပေးစရာ ဘာအကြောင်းမှ မရှိပါဘူး။ တခြား စီးပွားရေး ကိစ္စတွေ၊ အလုပ်အကိုင်တွေကတော့ အခြေမပျက် ဆက်လည်ပတ်နေတာမျိုး ရှိရင်လည်း ရှိပါလိမ့်မယ်။ ဒါတွေကို လိုက်တားနေလို့တော့ မရပါဘူး။

အနောက်နိုင်ငံကြီးတွေက ဒီအခြေအနေတွေကို မမြင်ကြတော့တာလား။ နိုင်ငံတကာ အသိုက်အဝန်းကရော ဘာကြောင့် ဒီလောက်တောင် အသံတိတ်နေရတာလဲ။ နိုင်ငံတကာ အသိုက်အဝန်းဟာ မြန်မာနိုင်ငံရဲ့ အခြေအနေကို အာရုံစိုက်ရပါမယ်။ ပိုပြီး ကြန့်ကြာလေလေ၊ မြန်မာနိုင်ငံမှာ ထိခိုက် နာကျင်စရာတွေ ပိုများလေလေ ဖြစ်ပါလိမ့်မယ်။ မြန်မာ စစ်တပ်ရဲ့ အာဏာသိမ်းမှုကို ထိထိရောက်ရောက် တုံ့ပြန်ဖို့ အတွက်ရော၊ စစ်ကောင်စီက ပြည်သူလူထုအပေါ် ဖိနှိပ် အနိုင်ကျင့်မှုတွေ တိုးမြှင့်မလာနိုင်အောင် တားဆီးဖို့ အတွက်ရောဆိုရင် ပါကစ္စတန်နဲ့ အီရန်တို့ အပါအဝင် နိုင်ငံတကာ အသိုက်အဝန်းဟာ မြန်မာစစ်တပ်ကို လက်နက် တင်ပို့ ရောင်းချမှု ပိတ်ပင်တဲ့ ကိစ္စမှာ ညီညီညွတ်ညွတ် ပူးပေါင်း ပါဝင်သင့်နေပြီ ဖြစ်ပါတယ်။

(Eurasia Review ၏ Pakistan, Iran Must Not Provide Weapons To The Myanmar Junta ဆောင်းပါးကို ဆီလျော်အောင် ပြန်ဆိုသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အစ္စ္စရေးနဲ့ အီရန်တို့ဟာ ခါးသီးရန်ဘက်တွေအဖြစ် ကာလရှည်ကြာ ရပ်တည်ခဲ့ပေမယ့် နှစ်နိုင်ငံကြား အတိအလင်း ကိုယ်ထိလက်ရောက် စစ်ပြုတိုက်ခိုက်တာမျိုးကတော့ ဧပြီ ၁၃ ရက်ဖြစ်စဉ်ဟာ ပထမဆုံးလို့ သိရပါတယ်။

နိုင်ငံတကာ

ကုလသမဂ္ဂဆိုင်ရာ အီရန် သံတမန် အဖွဲ့က အီရန်ရဲ့ တိုက်ခိုက်မှုဟာ တရားမျှတပြီး အမေရိကန် အနေနဲ့ ကြားမဝင်ဖို့ လိုတယ်လို့ သတိပေးလိုက်တာ ဖြစ်ပါတယ်။

နိုင်ငံတကာ

အီရန်က တော်လှန်ရေး အစောင့်တပ်ရဲ့ အရာရှိတွေ သေဆုံးခဲ့တဲ့ ကောင်စစ်ဝန်ရုံး တိုက်ခိုက်ခံရမှုဟာ အစ္စရေး လက်ချက်လို့ တပ်အပ် စွပ်စွဲထားပေမယ့် အစ္စရေးကတော့ ငြင်းဆိုတာ၊ ဝန်ခံတာ ဘာမှမရှိဘဲ နှုတ်ဆိတ်နေဆဲပါ။

နိုင်ငံတကာ

ဘာလိုချီစတန်က ဆိပ်ကမ်း တိုက်ခိုက်မှုမှာတော့ ပါကစ္စတန် အခြေစိုက် BLA ခွဲထွက်ရေး ပြောက်ကျားတွေက ကျူးလွန်ခဲ့ပြီး အပြန်အလှန် ပစ်ခတ်မှုတွေအတွင်း BLA တပ်ဖွဲ့ဝင် ၈ ဦး သေဆုံးခဲ့ပါတယ်။