— ကန့်ကော်/People’s Spring
ကာတာအခြေစိုက် Ooredoo လုပ်ငန်းစုက သူတို့ရဲ့ မြန်မာနိုင်ငံ ကဆက်သွယ်ရေး လုပ်ငန်းခွဲ Ooredoo မြန်မာကို ရောင်းချတော့မယ်လို့ စက်တင်ဘာ ၈ ရက်မှာ ကြေညာခဲ့ပါတယ်။ မရှေးမနှောင်းမှာပဲ အဲဒီ အရောင်းအဝယ် ကိစ္စကို နောက်ကွယ်ကနေ အဓိက ကြိုးကိုင်ခဲ့သူဟာ ဧရာဟင်္သာကုမ္ပဏီပိုင်ရှင် ဦးဇော်ဝင်းရှိန် ဖြစ်နိုင်တယ်လို့ သတင်းအချို့ထွက်လာပါတယ်။
အော်ရီဒူးမြန်မာကို စင်ကာပူနိုင်ငံမှာ ဇူလိုင်လလယ်ကမှတည်ထောင်ထားတဲ့ Nine Communications Pte. Ltd က အမည်ခံ ဝယ်ယူခဲ့ပါတယ်။ အဲဒီ ကုမ္ပဏီသစ်ကို Horizon Telecom က ဦးဉာဏ်ဝင်းနဲ့ထိုင်းနိုင်ငံက B Grimm Groupက တစ်စိတ်တစ်ပိုင်းပိုင်တဲ့ Link Family Office တို့ကဝယ်ယူတာလို့အမည်ခံထားတာပါ။
Horizon မှာရာထူးကြီးပေးခံထားရတဲ့ ဦးဥာဏ်ဝင်းဟာ ဧရာဟင်္သာကုမ္ပဏီက ပိုင်ဆိုင်တဲ့ A ဘဏ်နဲ့ တခြား စီးပွားရေး လုပ်ငန်းတွေမှာ ရှယ်ယာရှင် ဖြစ်နေတာကြောင့်လည်း အော်ရီဒူးဝယ်သွားသူဟာဦးဇော်ဝင်းရှိန်ဖြစ်နိုင်တယ်လို့ ထင်ကြေးတွေကို ပိုပြီး အားကောင်းလာစေခဲ့ပါတယ်။
တကယ်တမ်းကြတော့ ဦးဉာဏ်ဝင်းရဲ့ နောက်ကွယ်က အင်အားစုဟာ ဦးဇော်ဝင်းရှိန်နဲ့ ဧရာဟင်္သာကုမ္ပဏီတို့မဟုတ်ဘဲ သူတို့ထက်ပိုပြီးအင်အားကြီးမားသလို အရင်းအမြစ်လည်း ပိုကြွယ်ဝတဲ့အဖွဲ့ဖြစ်ပါတယ်။
ဒေါ်လာ ၅၇၅ သန်းတန် စီးပွားရေး လုပ်ငန်းကြီး တစ်ခုက လက်လွှဲရောင်းချတယ် ဆိုတာမျိုးက နိစ္စဓူဝ ကြုံနေရတဲ့ကိစ္စမျိုးတွေလောက်တော့ မရိုးရှင်းပါဘူး။ ဒီအရောင်းအဝယ်မှာ အဓိကပိုင်ရှင်တွေက ကိုယ်ယောင်ဖျောက်ထားချင်တာကြောင့် ပိုမိုရှုပ်ထွေး လျှို့ဝှက်နေပါတယ်။
သန်း ၅၇၅ သန်းဆိုတာ တန်ဖိုးသာဖြစ်ပါတယ် တစ်ကယ်အရောင်းအဝယ်ဖြစ်တဲ့နှုန်းမဟုတ်ပါဘူး ။ အဲဒီထဲ က သန်း ၄၂၀ ဟာ အော်ရီးဒူးမြန်မာကို ပိုင်ဆိုင်တဲ့ အော်ရီးဒူး စင်ကာပူကိုပေးချေဖို့
အကြွေးလိုင်းဖော်ထားတာသာဖြစ်ပါတယ်။ တကယ်တော့ အဒီလို အကြွေးလိုင်းဖော်ထားတာဟာ နိုင်ငံတကာ ရင်းနှီးမြုပ်နှုံမှုလုပ်သူများရဲ့ လုပ်လေ့လုပ်ထရှိတဲ့နည်းလမ်း တစ်ခုဖြစ်ပါတယ် ။ အဲလိုလုပ်ထားခြင်းဟာ ရရှိတဲ့ ဝင်ငွေကို အခွန်မဆောင်ခင် မူလကုမ္ပဏီကို ပြန်ပေးတဲ့အခါလွယ်စေဖို့ အတွက်ဖြစ်ပါတယ် ။ အကြွေးဆပ်ဖို့ဆိုရင်တခြားနိုင်ငံတကာကိုငွေလွှဲမှုလုပ်ဖို့ခွင့်ပြုချက်ယူတဲ့အခါ ဦးစားပေးဖြစ်ပါတယ်။ တကယ်လို့အရောင်းအဝယ်ဖြစ်ရင် အဒီအကြွေးဟာ ပယ်ဖျက်သွားမှာဖြစ်ပြီး တကယ့်ဝယ်ယူဈေးဟာ သန်း ၁၅၀ သာရှိပါတယ်။
နိုင်ငံတကာဆက်သွယ်ရေး ကုမ္ပဏီကြီးဆီကနေ လုပ်ငန်းလက်လွှဲဝယ်ယူဖို့ရယ် ၊ စစ်ကောင်စီသတောတူဖို့အတွက်က အချိတ်အဆက်တွေ၊ မူဝါဒရေးရာ အထောက်အပံ့တွေနဲ့ အကာအကွယ် အစီအမံတွေ လိုအပ်ပါတယ်။ မြန်မာနိုင်ငံက ပို့ဆောင်ရေးနဲ့ဆက်သွယ်ရေး ဝန်ကြီးဌာနမှာ အင်ဂျင်နီယာချုပ်လုပ်ခဲ့ဖူးတဲ့ ဦးဉာဏ်ဝင်း အနေနဲ့ မူဝါဒပိုင်းဆိုင်ရာ အဝန်းအဝိုင်းမှာတော့ သိပ်ပြီး မဝင်ဆံ့လှပါဘူး။
စစ်ကောင်စီရဲ့ဝန်ကြီးဌာနထဲက ယုံကြည် စိတ်ချရတဲ့ သတင်းရင်းမြစ် အချို့ရဲ့ အဆိုအရ ဦးဉာဏ်ဝင်းဟာ စစ်တပ်ကနေယူနီဖောင်းပြောင်းဝတ်ပြီးအုပ်ချုပ်တဲ့ ဦးသိန်းစိန်အစိုးရ လက်ထက်မှာ ဆယ်သွယ်ရေးနဲ့ သတင်းအချက်အလက်နည်းပညာ ဝန်ကြီးဌာန အပါအဝင် ဝန်ကြီးဌာန ဝန်ကြီးဌာနသုံးခုမှာ ဝန်ကြီးလုပ်ခဲ့ဖူးတဲ့ ဦးဇေယျာအောင်နဲ့ ဆရာတပည့်ဆက်ဆံရေးရှိခဲ့ပါတယ်။ ဦးဇေယျာအောင်က ရင်းနှီးမြှပ်နှံမှုကော်မရှင် ဥက္ကဌလည်း လုပ်ခဲ့သူပါ။ ဦးဇေယျာအောင် ဟာဂျော်နသန်ကျော်သောင်းရဲ့ အဒေါ်ဝမ်းကွဲဖြစ်သူနဲ့ လက်ထပ်ခဲ့တဲ့အတွက် ဆွေးမျိုးတွေလည်းဖြစ်ပါတယ်။ New York Times သတင်းစာကလည်း သူတို့နှစ်ဦးရဲ့ ဆွေမျိုးစပ်မှုကို ၂၀၂၁ နှစ်ကုန်ပိုင်းတုန်းက ထုတ်ဖော် ရေးသားခဲ့ဖူးပါတယ်။
အသက် ၄၀ ခန့်အရွယ် ဂျော်နသန်ကျော်သောင်းဟာ ကျော်သောင်းမိသားစုရဲ့ ရှေ့ထွက်မင်းသားဖြစ်ပြီးတော့ KT Group ကုမ္ပဏီအပါအဝင် သူ့ရဲ့မြောက်များစွာသော ကုမ္ပဏီတွေဟာအိမ်ခြံမြေနှင့် ပို့ကုန်သွင်းကုန်လုပ်ငန်းတွေဆောင်ရွက်တယ်လို့ အယောင်ပြထားပေမယ့် သူတို့ရဲ့အဓိက ငွေတွင်းကြီးကစစ်အုပ်စုအတွက် ရဟတ်ယာဥ်တွေ အပါအဝင်စစ်လက်နက်တွေကို ကန်ထရိုက်ရယူတင်သွင်းပေးခဲ့တာဖြစ်တယ်လို့ New York Times သတင်းစာကစုံစမ်းဖော်ထုတ်ရေးသားထားပါတယ် ။
“ကျော်သောင်းမိသားစုရဲ့ရာဇဝင်ဟာမြန်မာနိုင်ငံရဲ့ သမိုင်း အချိုးအကွေ့တွေနဲ့အပြိုင် ဖြစ်ပျက်ပေါ်ပေါက်ခဲ့တာဖြစ်ပြီးတော့ ရမ်းရမ်းကားကားစစ်တပ်နဲ့ အကျိုးစီးပွားတစ်ခုတည်းကိုသာ ကြည့်ပြီး အရာရာစတေးတတ်တဲ့ မိသားစုတို့က အညွန့်တလူလူနိုင်ငံတစ်ခုကို ချိုးဖဲ့ဖျက်ဆီးခဲ့ကကြတာဖြစ်တယ်”လို့ New York Times သတင်းစာက ကျော်သောင်းမိသားစုကိုပုံဖော်ရေးသားထားပါတယ်။
လူရည်လည်လှသလို စည်းရုံးတတ်တဲ့၊ အနောက်တိုင်းမှ ပညာသင်လာပြီး အင်္ဂလိပ်စကား ကျွမ်းကျင်တဲ့ကျော်သောင်းမိသားစုဝင်တွေဟာ စစ်ခေါင်းဆောင်တွေနဲ့တိတ်တဆိတ် လက်ဝါးချင်းရိုက်ထားတဲ့ သဘောတူညီချက်တွေကို အဓိက အားကိုးပြီး စီးပွားဖြစ်နေကြတယ်လို့ ကမ္ဘာကျော်သတင်းစာကြီးကရေးသားထားတာပါ။
အော်ရီဒူးမြန်မာ လက်လွှဲရောင်းချတာမှာဂျော်နသန်ကျော်သောင်းနဲ့ ဦးဇေယျာအောင်တို့က နောက်ကွယ်ကအဓိက ကြိုးကိုင်သွားသူတွေဖြစ်ပါတယ်။
▪︎ပြည်တွင်းပြည်ပကစိတ်ဝင်စားမှုတွေရှိခဲ့တယ်
စစ်အုပ်စုအာဏာသိမ်းမှုကြောင့် နိုင်ငံတကာ ဆက်သွယ်ရေး လုပ်ငန်းတွေ မြန်မာပြည်က ပြန်လည် ထွက်ခွာဖို့ ပြင်ဆင်လာချိန်မှာ ပြည်တွင်းကစစ်ကောင်စီနဲ့နီးစပ်တဲ့ခရိုနီကုမ္ပဏီတွေဟာ နိုင်ငံခြားဆက်သွယ်ရေးကုမ္ပဏီတွေကိုချဥ်းကပ်ပြီးတော့ မိတ်ဖက်အဖြစ် ပူးပေါင်းပြီးတော့ အစားထိုးဝင်နိုင်ဖို့ ပြင်ဆင်လာခဲ့ကြပါတယ်။စစ်ကောင်စီတပ်က ငြိမ်းချမ်းစွာဆန္ဒပြနေတဲ့ပြည်သူတွေကို သေနတ်နဲ့ပစ်ခတ်သတ်ဖြတ်လို့ ပြည်သူထောင်ချီသေဆုံးလာတဲ့အတွက် စစ်ကောင်စီကို ပြည်သူတွေက ခုခံတော်လှန်နေကြချိန်၊သပိတ်မှောက်နေချိန်မှာ စစ်အုပ်စုနဲ့နီးစပ်တဲ့ ခရိုနီတွေကတော့ စီးပွားရေးဂွင်ကြီးကြီးရဖို့အပြိုင်ကြိုးစားနေကြတာဖြစ်ပါတယ်။
နော်ဝေအခြေစိုက် တယ်လီနော်ကုမ္ပဏီဟာဆိုရင်လည်း သူ့ရဲ့လုပ်ငန်းခွဲ တယ်လီနော်မြန်မာ ကုမ္ပဏီကို လက်ဘနွန်သန်းကြွယ်သူဌေးပိုင် M1 Group နဲ့ ပြည်တွင်းကရွှေဗျိုင်းဖြူကုမ္ပဏီ တို့က ၂၀၂၁ ကတည်းကလက်လွှဲဝယ်ယူဖို့သဘောတူပြီးဒီနှစ်ဆန်းမှာ အပြီးသတ်လွှဲပြောင်းဝယ်ယူခဲ့တာပါ။ စစ်ကောင်စီထိပ်ပိုင်းခေါင်းဆောင်တွေနဲ့ရင်းနီးပြီး အာဏာသိမ်းခေါင်းဆောင်မိသားစုဝင်တွေရှယ်ယာပါတဲ့လို့သတင်းထွက်နေတဲ့ ရွှေဗျိုင်းဖြူ ပိုင်ရှင် ဦးသိန်းဇော်ဝင်းကလည်း ကာလတိုအတွင်းချမ်းသာကြွယ်ဝလာသူဖြစ်ပါတယ်။ သူတို့ကတယ်လီနောမြန်မာကို စင်ကာပူနိုင်ငံမှာ ကြားခံကုမ္ပဏီထူထောင်ပြီးတော့ အဆင့်ဆင့်လွှဲပြောင်းဝယ်ယူခဲ့တာဖြစ်ပါတယ်။
တယ်လီနောလိုပဲမြန်မာစျေးကွက်ကနေ Ooredoo ဆုတ်ခွာမယ့် အစီအစဥ်ဟာ ငွေကြေးဆိုင်ရာ ရှုပ်ထွေးမှုတွေရယ်၊ စျေးကွက် အခြေအနေနဲ့ လက်လွှဲရောင်းချဖို့ အဆင်မပြေသေးတာတွေကြောင့် နှောင့်နှေးမှုတွေ ကြုံခဲ့ရပါတယ်။
ထိုင်းအခြေစိုက် စီးပွားရေး သုတေသီ တစ်ဦးရဲ့ အဆိုအရ တရုတ် ဆက်သွယ်ရေး လုပ်ငန်းစုကြီး တစ်ခုဆီက ရှယ်ယာ ၁၀ ရာခိုင်နှုန်း ရောင်းချထားတဲ့ ထိုင်းထိပ်တန်း ဆက်သွယ်ရေး ကုမ္ပဏီ တစ်ခုကလည်း Ooredoo Myanmarကို ဝယ်ယူဖို့ စိတ်ဝင်စားဟန် ပြသခဲ့ပါသေးတယ်။ ဒါပေမဲ့ လုပ်ငန်းပိုင်း ရှုပ်ထွေးမှုတွေက ထိုင်းရဲ့ B Grimm Groupက တစိတ်တပိုင်း ပိုင်ဆိုင်တဲ့ Link Family Office ဟာ ခေတ္တအမည်ခံ ကြားခံဝယ်ပြီးတော့ပြန်ရောင်းတဲ့(warehouse)အခြေအနေကိုပဲ ဖြစ်ပေါ်စေခဲ့ပါတယ်။
Link Family Office နဲ့ ဂျေ်ာနသန်ကျော်သောင်းရဲ့ KT Groupတို့ကြားမှာ လုပ်ငန်းပိုင်း ဆက်စပ်မှုတွေကြောင့် အသွယ်တွေ ရှိနေတာကို စီးပွားရေး လုပ်ငန်းဆိုင်ရာ မှတ်တမ်း ပြုစုသူ တစ်ယောက်ကအခုလိုအချက်အလက်တွေနဲ့ပြောပါတယ်။ ထိုင်းနိုင်ငံက အဲဒီ စီးပွားရေး လေ့လာ ဆန်းစစ်သူက ၂၀၂၂ ခုနှစ်၊ ပထမသုံးလပါတ်အတွင်းမှာ B Grimmရဲ့ လုပ်ငန်းပိုင်းနဲ့ ဆက်စပ်ပုဂ္ဂိုလ်တွေအကြောင်း အပါအဝင် အစီရင်ခံစာ တစ်စောင်ကို ပြုစုခဲ့ပါတယ်။ ၂၀၂၂ နှစ်လယ်ပိုင်းမှာတော့ B Grimmဟာ ဂျော်နသန်ကျော်သောင်းနဲ့ တိုက်ရိုက် ဆက်သွယ်မှုတွေ ရှိလာခဲ့တယ်လို့ဆိုပါတယ်။
▪︎အာဏာသိမ်းစစ်ကောင်စီရဲ့ခွင့်ပြုမှုလိုအပ်နေခြင်း
ဦးသိန်းစိန် အစိုးရ လက်ထက်တုန်းက သဘောထား တင်းမာသူလို့ လူသိများတဲ့အငြိမ်းစားဝန်ကြီး ဦးအောင်သောင်းသား ဦးနေအောင် ရဲ့ IGE ကုမ္ပဏီကလည်း Ooredoo Myanmarကိုကိုယ်တိုင်လက်လွှဲ ဝယ်ယူနိုင်ဖို့ ကြိုးစားခဲ့ပါသေးတယ်။ ဆက်သွယ်ရေး ကုမ္ပဏီတွေအရောင်းအဝယ်ကိစ္စတွေမှာ အတွေ့အကြုံရှိပြီး ကျွမ်းကျင်တဲ့ နည်းပညာအကြံပေး ဒေါက်တာမျိုးအုန်း ခေါ် ဦးမျိုးမြင့်အုန်း နဲ့ Ananda CEO ဟောင်း Alan Sinfield တို့ပူးပေါင်းထူထောင်ထားတဲ့ The One Matrix Investment (TOMV) ကတစ်ဆင့် ကြိုးစားခဲ့တာဖြစ်ပါတယ်။
ဒါပေမယ့် ဦးဇေယျာအောင်က သာ မင်းအောင်လှိုင် ဦးဆောင်နေတဲ့ စစ်ကောင်စီရဲ့ လိုလားမှုကို ရရှိခဲ့တာဖြစ်ပါတယ်။
ဦးဇေယျာအောင်ဟာ ပြည်ခိုင်ဖြိုးပါတီ အုပ်ချုပ်တဲ့ ခေတ်ကာလ ပြီးဆုံးသွားချိန် ကတည်းက သိုသိုသိပ်သိပ်ပဲ နေထိုင်နေခဲ့သူပါ။ ဝန်ကြီးဟောင်း ဖြစ်ခဲ့ဖူးသူတွေ၊ လက်ရှိ ပြည်ခိုင်ဖြိုး ပါတီ ခေါင်းဆောင်ပိုင်းတွေဖြစ်တဲ့ ဦးသန်းဌေး၊ ဦးခင်ရီတို့နဲ့ မတူဘဲ သူဟာ လူမြင်ကွင်းရှေ့ကို ပေါ်ပေါ်ထင်ထင် ထွက်မလာသလို မင်းအောင်လှိုင်နဲ့ ပတ်သက်လို့လည်း အတိုက်အခံ ဆန့်ကျင်ပြောဆိုတာတွေ ဘယ်တော့မှ မလုပ်ခဲ့ပါဘူး။
နောက်တစ်ချက်က ၂၀၁၃ မှာ Ooredooက မြန်မာနိုင်ငံကို စတင်ဝင်ရောက်လာပြီး ၂၀၁၄ ခုနှစ်မှာ လုပ်ငန်းလည်ပတ်တဲ့အခါ သူဟာ မူဝါဒရေးရာချမှတ်သူ၊ ခွင့်ပြုချက်ပေးရသူ အဖြစ် ပါဝင်ပတ်သပ်ခဲ့ဖူးပါတယ်။ Ooredoo Myanmarရဲ့ ပြည်တွင်း ဝန်ထမ်းတွေကလည်း သူ့ကို ချဉ်းကပ်ခဲ့ကြဖူးပါတယ်။
ဦးဇေယျာအောင်ဟာ စစ်တပ်အသွင်ပြောင်းအစိုးရမှာ ဆက်သွယ်ရေးဝန်ကြီးတာဝန်မတိုင်ခင် မီးရထားဝန်ကြီး ၊ စွမ်းအင်ဝန်ကြီးတို့အဖြစ်တာဝန်ထမ်းဆောင်ခဲ့ပါသေးတယ်။ဒါ့အပြင် ရင်းနှီးမြှပ်နှံမှုကော်မရှင်မှာလည်းဥက္ကဌလုပ်ခဲ့ဖူးပြီးတော့ ဦးသိန်းစိန်အစိုးရရဲ့အားထားရသူဖြစ်ပါတယ်။ ဒါအပြင် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ၊အမှတ် ၈၈ ခြေမြန်တပ်မ ဌာနချုပ်တပ်ရင်းမှူး တာဝန်တွေထမ်းဆောင်ခဲ့သူဖြစ်ပါတယ် ။ အဲဒီ တပ်ရင်းနှစ်ခုလုံးဟာဆယ်စုနှစ်ပေါင်းများစွာ မြန်မာပြည်သူတွေအပေါ် ကျူးလွန်ခဲ့တဲ့ စစ်ရာဇဝတ်မှုတွေနဲ့ပတ်သက်မှု ရှိတယ်လို့ ကမ္ဘာ့ကုလသမဂ္ဂက ဖော်ထုတ်ထားပါတယ် ။
▪︎တူအရီးနှစ်ယောက် ပူးပေါင်းကြိုးကိုင်ခဲ့ခြင်း
အရေးကြီးဆုံက ဦးဇေယျာအောင် ဟာ ဂျော်နသန်ကျော်သောင်းရဲ့အဒေါ် ဝမ်းကွဲနဲ့အိမ်ထောင်ပြုထားလို့ ဂျေ်ာနသန်ကျော်သောင်းနဲ့ တူအရီးဖြစ်နေတာပါ။
Link Family Office နဲ့ အချိတ်အဆက် တည်ဆောက်ခဲ့ပြီးတဲ့နောက် ဂျော်နသန် ကျော်သောင်းဟာ ဦးဇေယျာအောင်ကို ချဉ်းကပ်ပြီး သူ့အလုပ်ကိစ္စ အထမြောက်အောင် ကူညီဖို့ တောင်းဆိုခဲ့ပါတယ်။ ဦးဇေယျာအောင်ဟာ သူ့လူတွေကို ချက်ချင်းစုစည်းပြီး နေပြည်တော်နဲ့ ကာတာနိူင်ငံက ဩဇာညောင်းသူတွေကို စည်းရုံးဖို့ လုပ်ငန်းစဉ် အကောင်အထည် ဖော်ရေး အဖွဲ့ငယ်တစ်ခု ဖွဲ့လိုက်ပါတယ်။ သူဟာ မြန်မာနိုင်ငံဆိုင်ရာ ကာတာ သံအရာရှိတွေကိုလည်း ဆက်သွယ်ခဲ့ပါတယ်။
ဦးဇေယျာအောင်က လိုအပ်တဲ့ လုပ်ထုံးလုပ်ငန်း အဆင့်ဆင့်ကိုအကောင်အထည်ဖော်ဖို့ ဦးဉာဏ်ဝင်းကို ညွှန်ကြားခဲ့ပါတယ်။ အဲဒီထဲမှာ ဦးဉာဏ်ဝင်း၊ Campana Groupက ဦးမျိုးအုန်းနဲ့ Link Family Officeတို့ ပါဝင်တဲ့ ခေတ္တဝယ်ပြီးတော့ပြန်ရောင်းတဲ့(Warehousing) ပုံစံကို Nine Company ဆိုတဲ့ နာမည်နဲ့ ထူထောင်ဖို့လည်း ပါဝင်ပါတယ်။
ဂျော်နသန်ကျော်သောင်းကတော့ Ooredoo Myanmarရဲ့ ပြည်တွင်းကဒေါ်လာ သန်း ၅၀ လောက် ငွေပင်ငွေရင်းကို တာဝန်ယူ ကိုင်တွယ်ဖြေရှင်းပေးရဖို့ ဖြစ်လာပါတယ်။ အော်ရီဒူးအတွက် ပြည်တွင်းကဒေါ်လာသန်း ၅၀ ကိုပေးဖို့အတွက် နောက်ထပ်မြှပ်ကွက်တစ်ခုရှိနေသေးတယ်လို့ စစ်ကောင်စီနဲ့ နီးစပ်နဲ့သတင်းရင်းမြစ်အချို့ဆီကသိရပါတယ် ။
ဒါကတော့ အော်ရီဒူးကပြည်တွင်းမှာလည်ပတ်ပြီး မြှပ်သွားတဲ့ ဒေါ်လာသန်း ၅၀ ကိုပေးဖို့အတွက် ဂျေ်ာနသန်ကျော်သောင်းနဲ့ အတူလက်တွဲလုပ်မယ့် ခရိုနီတစ်ဦးရှိနေသေးတာဖြစ်ပါတယ်။
ယခင်ဗိုလ်ချုပ်မှုးကြီးသန်းရွှေခေတ်ကတည်းက စစ်တပ်နဲ့နီးစပ်တဲ့ လက်ဟောင်း ခရိုနီတစ်ဦးလို့ သိရပေမယ့် ဘယ်သူလဲ ဆိုတာကို People’s Spring ကဆက်စုံစမ်းနေဆဲဖြစ်ပါတယ်။
ဩဂုတ် လကုန်ပိုင်းမှာတော့ သဘောတူညီမှုတွေကို အပြီးသတ်နိုင်ခဲ့ပြီး နေပြည်တော်က Kempinski ဟိုတယ်မှာ လက်လွှဲရောင်းချမှု အခမ်းအနားကို ကျင်းပခဲ့တာဖြစ်ပါတယ်။
Campana Groupက ဒီအရောင်းအဝယ် သဘောတူညီမှုထဲမှာ ပါဝင်ဖြစ်ခဲ့တယ် ဆိုတာဟာ ဒေသတွင်း ဆက်သွယ်ရေး နည်းပညာ ကဏ္ဍမှာ တစ်ခုတည်းသော အကြံပေးလုပ်ငန်း ဖြစ်နေတာကြောင့်ပါ။ အကြံပေး အနေနဲ့သာ ပါဝင်မယ်လို့ နောက်ကွယ်မှာ သဘောတူညီထားတဲ့ အခြေအနေအရ Nine Companyမှာ Campanaရဲ့ ဆက်စပ်မှု ကဏ္ဍကို တဖြည်းဖြည်းချင်းစီ လျှော့ချသွားရမယ်လို့သိရပါတယ်။
▪︎အော်ရီဒူးရဲ့ပိုင်ရှင်အသစ်တွေ
ဒါကြောင့် အော်ရီဒူးမြန်မာရဲ့အဓိက ပိုင်ရှင်သစ်တွေက ဘယ်သူလဲဆိုရင် ဂျော်နသန်ကျော်သောင်းနဲ့ ပြည်တွင်းကနေဒေါ်လာသန်း ၅၀ ရှာပေးမယ့် ခရိုနီတစ်ဦးတို့ပဲဖြစ်ပါတယ်။ သူတို့နှစ်ဦးစလုံးဟာ အာဏာလုစစ်ကောင်စီနဲ့နီးစပ်သလို သူတို့နောက်ကွယ်မှာအာဏသိမ်းစစ်ကောင်စီရှိနေမှာလည်းသေချာတယ်လို့ တပ်နဲ့နီးစပ်တဲ့လုပ်ငန်းရှင်တစ်ဦးကပြောပါတယ်။ သူတို့နှစ်ဦးအပြင် Ooredoo Myanmar ကိုပြည်တွင်းမှာ လည်ပတ်လုပ်ကိုင်ဖို့အတွက် ဦးနေအောင်ရဲ့ IGE လက်အောက်က Ananda ကလည်းပါဝင်လုပ်ကိုင်ခွင့်ရမှာဖြစ်ပါတယ်။ဒါကြောင့် ဦးနေအောင်ကလည်း ရှယ်ယာနဲ့အကျိုးအမြတ်တစိတ်တပိုင်းရမှာဖြစ်ပါတယ်။
ဂျော်နသန်ကျော်သောင်းဟာ ၂၀၁၃ မှ ဖုန်းအော်ပရေတာတွေကိုခွင့်ပြုခဲ့ချိန်က လိုင်စင်ရဖို့ကြိုးစားခဲ့ပေမယ့်မအောင်မြင်ခဲ့တာက ဒီတစ်ကြိမ်ရည်မှန်းချက်ပြည့်လာတာဖြစ်ပါတယ်။
အော်ရီဒူးမြန်မာနိုင်ငံကိုစတင်ဝင်လာချိန်ကနေ လုပ်ငန်းပြန်ရောင်းထွက်သွားခဲ့တဲ့ ဇာတ်လမ်းတစ်ခုလုံးမှာ လူမသိသူမသိ အဓိကနေရာက ပါဝင်ခဲ့သူက ဒီအရောင်းအဝယ်တစ်ခုလုံးရဲ့ အဓိကဇာတ်ဆောင်တစ်ဦးကတော့ ဦးဇေယျာအောင်ပဲဖြစ်ပါတယ်။
People’s Spring က အခုဆောင်းပါးအတွက် ဒေါက်တာမျိုးအုန်းရဲ့ Campana Group ၊ ဦးနေအောင်ရဲ့ IGE Group နဲ့ Alan Sinfield တို့ဆီကို အီးမေးလ်ကနေတစ်ဆင့်ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ဘယ်သူဆီကမှ ပြန်မဖြေကြပါဘူး။
အော်ရီဒူး အရောင်းအဝယ် လုပ်သွားတာဟာ သုံးစွဲသူတွေအပေါ် ပွင့်လင်းမြင်သာမှုမရှိသလို၊ အရောင်းအဝယ်ကိစ္စကလည်း ကာလတိုအတွင်းမှာ ဖြစ်ပျက်သွားတာဟာ အံ့ဩဖို့ ကောင်းတယ်လို့ ခေတ်ပညာတက်ပြည်သူတစ်ဦးကပြောပါတယ်။
“စစ်အုပ်စုဘက်က ဒါမှမဟုတ် ဆက်နွယ်သူတွေရဲ့ နောက်ကွယ်ကနေ စီစဉ်တဲ့ ဟန်ပြကုမ္ပဏီ (အရောင်းအဝယ် မဖြစ်ခင် လပိုင်းအတွင်းမှာ စင်ကာပူမှာ ကုမ္ပဏီ မှတ်ပုံတင်ခြင်းကို ဆိုလို) ကနေ ဝယ်ယူတာလို့ နားလည်မိတယ်။ ပြောမယ်ဆိုရင် အော်ရီဒူးကိုယ်တိုင်က သုံးစွဲသူတွေအပေါ် မရိုးသားခဲ့ဘူး။ အခုချိန် ဆက်သွယ်ရေးကုမ္ပဏီအားလုံး စစ်အုပ်စုလက်အောက် ကျရောက်သွားတာမို့ သုံးစွဲသူတွေအနေနဲ့ အထူးဂရုပြုသင့်ပါတယ်။သုံးစွဲသူအတွက် လုံခြုံမှုဆိုတာ လုံးဝမရှိတော့ပါဘူး”လို့ ရန်ကုန်မြို့ မှာနေတဲ့သက်လတ်ပိုင်းအရွယ် ပြည်သူတစ်ဦးက သူ့ရဲ့အမြင်ကိုပြောပါတယ်။