Connect with us

Hi, what are you looking for?

LuduNwayOo

ဆောင်းပါး

“ပွဲနှစ်ပွဲ ထိပ်တိုက်တိုးမယ့် ၂၀၂၃”

မင်းအောင်လှိုင်သည် ပါတီစုံဒီမိုကရေစီစနစ်ကို ပါးစပ်ဖျားမှ မချတမ်း တဖွဖွပြောဆိုနေသော်လည်း လုပ်ရပ်တွင်မူ တစ်ပါတီအာဏာရှင်စနစ်ကို ဦးတည်ထားသည်။

"ပွဲနှစ်ပွဲ ထိပ်တိုက်တိုးမယ့် ၂၀၂၃"
"ပွဲနှစ်ပွဲ ထိပ်တိုက်တိုးမယ့် ၂၀၂၃"

အာဏာသိမ်းထားပြီး ၂ နှစ်ရှိသည်တိုင်နိုင်ငံတကာအသိအမှတ်ပြုမှုမရ​သော မင်း​အောင်လှိုင်ဦး​ဆောင်သည့်အာဏာသိမ်းစစ်​ကောင်စီက တရားဝင်မှုရ​လေမလား​နောက်ဆုံးဗျူဟာအဖြစ် တရားမဝင်လုပ်ပွဲ​ရွေး​ကောက်ပွဲကိုပြုလုပ်ရန် စိုင်းပြင်​နေသည်။ ​တော်လှန်​ရေး၏ တပ်ဦး​နေရာတွင် ရှိ​နေ​သော အမျိုးသားညီညွတ်​ရေးအစိုးရကလည်း ယခုနှစ်တွင် ​အဆုံးသတ်တိုက်ပွဲအတွက် အဆုံးအဖြစ်နှစ်ဟု​ကြေညာ၍ ​တော်လှန်​ရေးကို အရှိန်မြှင့်ရန် ပြင်ဆင်​နေသည်။

အာဏာသိမ်းခေါင်းဆောင်မင်းအောင်လှိုင်သည် ပြည်သူလူထုရွေးချယ်ထားသည့် အရပ်သားအစိုးရကို ဖြုတ်ချရန် အာဏာသိမ်းမှုအတွက် ကြိုတင်ပြင်ဆင်မှုများလုပ် ခဲ့သလို တရားမဝင်သည့်အာဏာကို ဆက်လက်ကိုင်ထားရန် ကြံစည်နေသည်။ဆယ်စုနှစ်တစ်ခုကျော်စစ်အုပ်စုအချိန်ယူရေးဆွဲခဲ့သော ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် မညီဘဲ တိုင်းပြည်အာဏာကို စစ်အုပ်စုကအဓမ္မလုယူခဲ့သည်မှာ မကြာမီ ၂ နှစ်ပြည့်မည်ဖြစ်သည်။ သို့သော် စစ်အုပ်စုသည် ၎င်းတို့ကိုယ်တိုင် ချိုးဖောက်ခဲ့ပြီးဖြစ်သည့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဆက်လက်ကိုင်စွဲထားပြီးယခုလကုန်တွင်အနှီဘုတ်အုပ်အစိမ်းကြီးကို ထပ်မံဆွဲထုတ်လာပေဦးမည်။

Public Service Announcement

Public Service Announcement

မင်းအောင်လှိုင်ခေါင်းဆောင်သော စစ်အုပ်စု၏ ဇာတ်ညွှန်းအရ အရေးပေါ်ကာလသတ်မှတ်ပြဋ္ဌာန်းချက်သည် ၂ နှစ်ပြည့်ပြီဖြစ်၍ လုယူထား​သောအာဏာကို ထပ်မံသက်တမ်းတိုးရယူရန် ဇန်နဝါရီ ၃၁ ရက်တွင် ဇာတ်ကွက်တစ်ခုထပ်မြင်တွေ့ရဖွယ်ရှိနေသည်။ ကိုယ့်ဖဲကိုယ်ချိုး၊ ကိုယ့်ဖဲကိုယ်ဝေမည့် မင်းအောင်လှိုင်သည် ၂၀၀၈ အခြေခံဥပဒေ အခန်း ၁၁ အရေးပေါ်ကာလဆိုင်ရာပြဋ္ဌာန်းချက်များကို လိုသလိုအဓိပ္ပာယ်ဖွင့်ဆိုကာ တရားမဝင်ရယူထား​သောအာဏာကို ၎င်းလက်ဝယ် ဆက်လက်ကိုင်ထားနိုင်ရန် ကြိုးပမ်းမည့်အခြေအနေဟု နားလည်ကြောင်း နေပြည်တော်သတင်းရင်းမြစ်တစ်ဦးက မှတ်ချက်ပြုသည်။

၂၀၂၂ ဒီဇင်ဘာအတွင်းက ရန်ကုန်မြို့ ကုန်သည်စက်မှုအသင်းချုပ်(UMFCCI)၌ စီးပွားရေးလုပ်ငန်းရှင်များတွေ့ဆုံပွဲတွင် မင်းအောင်လှိုင်ပြောဆိုခဲ့သည့် စကားတစ်ခွန်းက အာဏာကို မလွှတ်တမ်းကိုင်ထားလိုသည်ကိုထပ်မံသက်​သေပြ​နေသည်။

“UMFCCI မှာ စီးပွားရေးလုပ်ငန်းရှင်တွေနဲ့တွေ့တော့ စင်ပေါ်မှာ စစ်ခေါင်းဆောင်ပြောတာတွေကိုပဲ နိုင်ငံပိုင်(ဝါဒဖြန့်)သတင်းစာတွေက ရေးတာပေါ့။ စင်အောက်ကို ဆင်းလာပြီး စီးပွားရေးလုပ်ငန်းရှင်တွေကို သူက ဘာပြောလဲဆိုတော့ ခင်ဗျားတို့က စီးပွားရေးသမားတွေဖြစ်တယ်။ နိုင်ငံရေးမှာ ဝင်မပါနဲ့။ နိုင်ငံရေးမှာ၊ တိုင်းပြည်မှာ ကျွန်တော်ပဲ ဆက်ရှိမယ်လို့ ပြောတယ်”ဟု ယင်းအဖြစ်အပျက်ကို သိရှိသည့် အမည်မဖော်လိုသူ သတင်းရင်းမြစ်က ပြောသည်။

ပြည်တွင်းသာမက ဒေသတွင်းအပါအဝင် နိုင်ငံတကာ၏ ထောက်ခံအားပေးမှု မရရှိသည့် အကြမ်းဖက်စစ်ခေါင်းဆောင်သည် အာဏာသိမ်း ၂ နှစ်ပြည့်ချိန်တွင် လက်ရှိစစ်ကောင်စီအဖွဲ့ကို ပြောင်းလဲဖွဲ့စည်းမှုများ ပြုလုပ်လာနိုင်ကြောင်း နိုင်ငံရေးအကဲခတ်များက သုံးသပ်သည်။ နာမည်ဆိုးဖြင့် ကျော်ကြားသည့် အကြမ်းဖက်စစ်ကောင်စီကို ကြားကာလအစိုးရ(Transitional Government)၊ ယာယီအစိုးရ(Guardian Government)စသဖြင့် အမည်ပြောင်းလဲကာ တရားမဝင်သည့်အာဏာကို ဆွဲဆန့်နိုင်ရေးအတွက် လှည့်စားလာ​တော့မည်ဟုသတင်းသဲ့သဲ့ထွက်​ပေါ်​နေသည်။

Public Service Announcement

Public Service Announcement

အာဏာသိမ်းခေါင်းဆောင် သည် ယခုနှစ်ဆန်းတွင် ရွေးကောက်ပွဲကို နိုင်ငံတဝန်းအကြားအလပ်မရှိအောင် ကျင်းပပြုလုပ်ကာ ရွေးကောက်ပွဲအနိုင်ရပါတီကို အာဏာလွှဲပေးမည်ဟု ထုတ်ဖော်ပြောကြားသည်။ တချိန်တည်းတွင် စစ်တပ်ကျောထောက်နောက်ခံပြုပါတီ ပြည်ခိုင်ဖြိုး တစ်ကောင်တည်း ပြိုင်ဘက်မရှိ ရွေးကောက်ပွဲအနိုင်ရရန်အတွက်စိတ်ကြိုက်ရေးဆွဲထားသော နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေကို ထုတ်ပြန်လာသည်။

ယင်းဥပဒေအရ အစိုးရဖွဲ့ခွင့်ရှိသည့် ပြည်ထောင်စုတစ်ဝန်း ဝင်ရောက်ယှဥ်ပြိုင်နိုင်သော ပါတီဖြစ်ခွင့်ကို အကြီးအကျယ်ကန့်သတ်ထားရာ စစ်အုပ်စုက ကမကထပြုကျင်းပမည့် အတုအယောင်ရွေးကောက်ပွဲ ဝင်ရောက်ယှဥ်ပြိုင်မည့်ပါတီများအတွက် အခက်ကြုံလျက်ရှိသည်။ စစ်အာဏာရှင်ဟောင်းသန်းရွှေလက်ထက်ကပင် မရှိခဲ့သည့် ပြဋ္ဌာန်းချက်ကို မင်းအောင်လှိုင်က ၎င်း၏ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေတွင် ထည့်သွင်းထားသည်။ ပြည်ထောင်စုတစ်ဝန်းဝင်ရောက်ယှဥ်ပြိုင်လိုသည့် ပါတီမှာ ရက်ပေါင်း ၆၀ အတွင်း ပါတီဝင်အင်အား တစ်သိန်း၊ မှတ်ပုံတင်ကြေး သိန်း ၁၀၀၀ နှင့် မြို့နယ်ပေါင်း အနည်းဆုံး ၁၆၅ မြို့နယ်တွင် ပါတီရုံးဖွင့်လှစ်ရမည်ဖြစ်သည်။

မင်းအောင်လှိုင်သည် ပါတီစုံဒီမိုကရေစီစနစ်ကို ပါးစပ်ဖျားမှ မချတမ်း တဖွဖွပြောဆိုနေသော်လည်း လုပ်ရပ်တွင်မူ တစ်ပါတီအာဏာရှင်စနစ်ကို ဦးတည်ထားသည်။

ပုံမှန်အခြေအနေတွင် ပါတီဝင်တစ်သိန်းနှင့် မြို့နယ်ပေါင်း ၁၆၅ မြို့နယ်တွင် ပါတီရုံးဖွင့်လှစ်ဆိုသော အချက်မှာ (ဥပဒေအဖြစ် မပြဋ္ဌာန်းသည့်တိုင်၊ မပြဋ္ဌာန်းသင့်သည့်တိုင်) လူထု ထောက်ခံမှုရှိသော နိုင်ငံရေးပါတီများအတွက်မခက်ခဲချေ။ သို့သော် လက်ရှိတွင် စစ်အာဏာသိမ်းမှုကြောင့် နိုင်ငံတဝန်း ခုခံတော်လှန်စစ်မှာ ကျယ်ပြန့်စွာဖြစ်ပွားနေ၍ အတုအယောင်ရွေးကောက်ပွဲတွင် နိုင်ငံတဝန်းဝင်ရောက်ယှဥ်ပြိုင်မည့်ပါတီမှာ ပြည်ခိုင်ဖြိုးမှလွဲ၍ ကျန်ပါတီများအတွက် မဖြစ်နိုင်ပေ။

မြန်မာနိုင်ငံတွင် ၁၉၉၀ အထွေထွေရွေးကောက်ပွဲမှစ၍ ကျင်းပသမျှသော ဝင်ရောက်ယှဥ်ပြိုင်တိုင်း ပြည်သူလူထု တခဲနက်ထောက်ခံသော၊ ရွေးကောက်ပွဲ အနိုင်ရ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် NLD ကမူ စစ်ကောင်စီကျင်းပမည့် အတုအယောင်ရွေးကောက်ပွဲကို ခိုင်မာစွာဆန့်ကျင်ကန့်ကွက်နေမည်ဖြစ်ပြီး စစ်ကောင်စီနှင့် ပူးပေါင်းဆောင်ရွက်မည့် လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းများကိုလည်း နိုင်ငံတော်ပုန်ကန်မှု ကျူးလွန်ရာတွင် အားပေးကူညီသူများအဖြစ် သတ်မှတ်မည်ဟု ဇန်နဝါရီ ၂၉ ရက်တွင်ထုတ်ပြန်ကြေညာသည်။

နိုင်ငံ​နေရာအနှံ ပြည်သူများ၏ ခုခံတွန်းလှန်စစ်ပွဲများဖြစ်ပွားနသဖြင့် အာဏာသိမ်း​ခေါင်းဆာင်၏ ဟန်ပြ​ရွေး​ကောက်ပွဲ ဖြစ် ၊မဖြစ် ကိုမူ မည်သူမှ မ​ပြောနိုင်​သောအ​ခြေအ​နေပင်ဖြစ်သည်။ တစ်ဘက်တွင်မူ NUG က PDFများကို လက်နက်တပ်ဆင်မှုများ ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် မဟာမိတ်ဆက်ဆံ​ရေးတည်​ဆောက်မှုများကိုတိုးချဲ့လုပ်ကိုင်​နေသည်။ ပြန့်ကျဲ​နေ​သော Local PDF များကိုစုစည်းမှုကိုလည်း အရှိန်မြှင့်လုပ်​နေသည်ကို​တွေ့ရသည်။

တော်လှန်ရေးအင်အားစုများကလည်း စစ်အုပ်စု၏ အတုအယောင်ရွေးကောက်ပွဲကို ကန့်ကွက်ဆန့်ကျင်ရေးလုပ်ငန်းစဥ်များကို လုပ်ဆောင်နေပြီး ပြည်သူလူထုအနေဖြင့်လည်း ပူးပေါင်း ပါဝင်ခြင်းမပြုရန် တိုက်တွန်းနှိုးဆော်ထားသည်ကို တွေ့ရသည်။

ထိုအပြင်စစ်အုပ်စု၏ တရားမဝင်ရွေးကောက်ပွဲကို ဆန့်ကျင်ရေးအတွက် အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ(NUCC)နှင့် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)တို့က တရားမဝင်ရွေးကောက်ပွဲ ဆန့်ကျင်ရေး ပူးပေါင်း လုပ်ငန်းကော်မတီ(Anti-Sham Election Joint Working Committee)ကို ဖွဲ့စည်းထားသည်။ ထိုပူးပေါင်းလုပ်ငန်းကော်မတီသည် မကြာသေးမီက ၂၀၂၀ ရွေးကောက်ပွဲအနိုင်ရပါတီ NLD နှင့် စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်အင်အားစုများနှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။ ပူးပေါင်းလုပ်ငန်းကော်မတီသည် ဖက်ဒရယ် ဒီမိုကရေစီအရေး တိုက်ပွဲဝင် ဆောင်ရွက်နေကြသည့် အခြားသော မိတ်ဖက်အင်အားစုများနှင့်လည်း ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

“အခုအခြေအနေမှာဆိုရင် သူတို့(စစ်​ကောင်စီ)ရဲ့ ရွေးကောက်ပွဲအတွက် ပြင်ဆင်မှုကို ကြည့်ရင် ဒီလောက်အထိ ခရီးမပေါက်သေးတာကို တွေ့ရလိမ့်မယ်။ ၂၀၀၈ အရဆိုရင် ကာလုံကို အာဏာပြန်အပ်ပြီး ကာလုံကနေ လူပုဂ္ဂိုလ်တစ်ယောက်သို့မဟုတ် အဖွဲ့အစည်းတစ်ခုကို အာဏာပေးမယ်ပေါ့၊ ဖြစ်နိုင်ခြေကတော့ ကြားကာလအစိုးရတစ်ရပ်ဖွဲ့စည်းပေးလိမ့်မယ်လို့ ထင်တယ်။ ရွေးကောက်ပွဲမတိုင်ခင်မှာ။ အဲဒီကြားကာလအစိုးရမှာ မင်းအောင်လှိုင်ပဲ ဆက်ဦးဆောင်မလား၊ အခြားသူတစ်ဦးကို ဦးဆောင်ခိုင်းတဲ့အစိုးရဖြစ်မလားဆိုတာ စောင့်ကြည့်ရမှာပေါ့” ဟု နိုင်ငံရေးအကဲခတ်တစ်ဦးက ရှုမြင်သည်။

Public Service Announcement
Public Service Announcement

အတုအယောင်ရွေးကောက်ပွဲကို နိုင်ငံတကာ၏အသိအမှတ်ပြုမှု မျှော်လင့်ကာ ရွေးကောက်ပွဲမတိုင်မီ ဖွဲ့စည်းလာနိုင်သည့် အဖွဲ့တွင် မင်းအောင်လှိုင် မပါဝင်နိုင်သည်မျိုး ဖြစ်ကောင်းဖြစ် လာနိုင်သော်လည်း ယင်းမှာ မင်းအောင်လှိုင်အနေဖြင့် ၎င်း၏သြဇာခံများအပေါ် မည်မျှ ယုံကြည်ရ၊​မရနှင့် သက်ဆိုင်မူတည်လိမ့်မည်ဟု အထက်ပါနိုင်ငံရေးအကဲခတ်က ဆိုသည်။

အမျိုးသားညီညွတ်ရေးအစိုးရ NUG ပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇောက အကြမ်းဖက်စစ်အုပ်စုအနေဖြင့် နိုင်ငံတကာကို လှည့်ဖျားရန် မည်သို့ပင် ကြိုးစားစေကာမူ တိုင်းရင်းသားပြည်သူလူထုကို လှည့်ဖျား၍ မရနိုင်ကြောင်းနှင့် စစ်အုပ်စုက မည်သည့်ခြေလှမ်းကို လှမ်းသည်ဖြစ်စေ NUG အနေဖြင့် ၎င်းတို့ သန္နိဌာန်ချထားသည့် လမ်းစဥ်အတိုင်း ဆက်လက်လျှောက်လှမ်းသွားမည်ဖြစ်ကြောင်း ပြောသည်။

“တော်လှန်ရေးကို ဆင်နွှဲပြီး တိုင်းရင်းသားပြည်သူလူထုနဲ့ အတူလက်တွဲပြီး သူတို့ရဲ့ရက်စက်ကြမ်းကြုတ်တဲ့စစ်အာဏာရှင်စနစ်ကို အမြစ်ပြုတ်အောင် တိုက်ဖျက်သွားဖို့ ဆက်လက်လုပ်သွားမှာပါ။ ကျွန်တော်တို့ ကိုယ့်လမ်းကိုယ်လျှောက်မှာပါ။ စစ်အာဏာရှင်စနစ် မြန်မာ့မြေပေါ်က ပျောက်သွားမှ မြန်မာပြည်သူလူလိုချင်တဲ့ ငြိမ်းချမ်းသာယာဝပြောတဲ့ ဖက်ဒရယ်ဒီမိုကရေစီ စနစ်ကို ရရှိမှပေါ့။ ဒီလမ်းကြောင်းကို ကျွန်တော်တို့ ဆက်လျှောက်မှာပါ” ဟု ဦးကျော်ဇောက ​ပြောသည်။

အမေရိကန်အပါအဝင် ဒေသတွင်းနိုင်ငံအချို့ကလည်း စစ်အုပ်စု၏ အတုအယောင်ရွေးကောက်ပွဲသည် မြန်မာနိုင်ငံ၏ စစ်မှန်သည့်ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးကို ရရှိစေမည်မဟုတ်သဖြင့် ယင်းရွေးကောက်ပွဲကို အသိအမှတ်ပြုမည်မဟုတ်ကြောင်း ပြောကြားထားသည်။ ထိုအပြင်စစ်​ကောင်စီ၏ ဟန်ပြ​ရွေးကာက်ပွဲမှာ ပြည်တွင်းပဋိပက္ခများကိုပိုမိုဆိုးဝါးလာ​စေလိမ့်မည်ဟု နိုင်ငံတကာကခန့်မှန်း​နေကြသည်။

တစ်ချိန်တည်းတွင် တော်လှန်ရေးတပ်ဦးတွင်ရှိနေသည့် အမျိုးသားညီညွတ်ရေးအစိုးရ NUG ၊ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ NUCC တို့အနေဖြင့် စစ်အာဏာရှင်စနစ်ကို တူးတူးခါးခါးမုန်းတီးကာ ဆန့်ကျင်နေကြသော နိုင်ငံတဝန်းရှိ ပြည်သူလူထုအား နိုင်ငံရေးအရ ပြတ်သားရှင်းလင်းသည့် ဦးဆောင်မှု၊ သတင်းစကားများ ပေးရန် လိုအပ်ကြောင်း နိုင်ငံရေး အကဲခတ်တစ်ဦးက တိုက်တွန်းသည်။

“တော်လှန်ရေးအလွန် နိုင်ငံတည်ဆောက်ရေးကို ဘယ်လို ပုံစံမျိုးနဲ့ သွားမှာလဲ ဆိုတာတွေ ရှင်းရှင်းလင်းလင်းပြောရမှာဖြစ်တယ်။ စုစည်းညီညွတ်မှု၊ နိုင်ငံရေးခေါင်းဆောင်တွေ ကြားထဲက စုစည်းညီညွတ်မှုတင်မဟုတ်ဘဲနဲ့ နိုင်ငံရေးခေါင်းဆောင်တွေနဲ့ သာမာန်ပြည်သူတွေကြားထဲက စုစည်းညီညွတ်မှုကိုလည်း တည်ဆောက်နိုင်ဖို့လိုတယ်” ဟု ၎င်းက ဆက်​ပြောသည်။

နိုင်ငံတကာကို ချဥ်းကပ်ရာတွင်လည်း စစ်ကောင်စီက ပေးနေသည့်ငြိမ်းချမ်းရေး၊ စစ်ကောင်စီက ပြောနေသည့် နိုင်ငံ့အနာဂတ်ဆိုသည်ထက် တော်လှန်ရေးတပ်ဦးတွင်ရှိနေသာ အင်အားစုများက တကယ်ပေးနိုင်သည့် နိုင်ငံ့အနာဂတ်မှာ မည်သို့မည်ပုံဆိုသည်ကို ရှင်းရှင်းလင်းလင်း ချပြန်ရန်လိုအပ်ကြောင်း အထက်ပါ နိုင်ငံရေးအကဲခတ်က အကြံပြုသည်။

NUG ယာယီသမ္မတ ဒူဝါလရှီလ က ဇန်နဝါရီ ၂၉ ရက်တွင် ပြည်သူများသို့ သတင်းစကားတစ်ခွန်းပါး​လေသည်။

“၂၀၂၃ ခုနှစ်ဟာ စစ်​ကောင်စီရဲ့ပင်မအရင်းကိုတူးဖြိုပစ်ရမယ့်အချိန်ကိုရာက်ပြီလို့ ယုံကြည်ပါတယ်။​နွေဦး​တော်လှန်​ရေးမှာ တိုက်ပွဲ​တွေ ​အောင်မြင်ဖို့ အ​ရေးကြီးသလို ​တော်လှန်​ရေးကြီး ​အောင်မြင်ဖို့လည်းလိုပါတယ်” ဟုဖြစ်သည်။

​တော်လှန်​ရေးအင်အားစုများ၏ အဆုံးသတ်တိုက်ပွဲ ဗျူဟာကို​သေချာမသိရ​​သေး​သော်လည်း ၂၀၂၃ နှစ်ဆန်းပိုင်းတွင် မြည်ဟိန်းလာ​သောအသံမှာ “တစ်သံတည်းညီ တစ်ချီတည်းရုန်း ” ဟူ၍ဖြစ်၏ ။

ထို​ကြောင့် အာဏာလုစစ်​ကောင်စီ၏ “ဟန်ပြ​ရွေး​ကောက်ပွဲ” နှင့် ​ပြည်သူ့တော်လှန်​ရေးအင်အားစုများ၏ “အဆုံးသတ်တိုက်ပွဲ” မှာ ၂၀၂၃ တွင်ထိပ်တိုက်​တွေ့ မည်ဖြစ်ပါသည်။ ။