စောနွေဦး/People’s Spring
အာရုံဦး အလင်းရောင်အောက် မြူမှုံများကြားတွင် မကွေးတိုင်း၊ ပခုက္ကူခရိုင်အတွင်းရှိ အညာရွာလေးသည် တိတ်ဆိတ်ငြိမ်သက်နေသည်။
“အုန်း… အုန်း”
ကျယ်လောင်သောမိုင်းပေါက်ကွဲသံများက အာရုံဦးတိတ်ဆိတ်မှုကို ဖြိုခွဲလိုက်သည်။ ထိုနောက် “ဒိုင်း..ဒိုင်း”ဟူသည့် သေနတ်သံအတွဲလိုက် ရွာတောင်ပိုင်းက ဆက်တိုက်ကြားရတော့သည်။
“ ခွေးတွေ(စစ်ကောင်စီတပ်) ရွာထဲကို ပစ်ပြီး ဝင်လာပြီ ရွာမြောက်ဘက်နဲ့ အရှေ့ဘက်ကိုပြေး”ဟူသော အသံများ၊ “အရေးကြီးတဲ့ ပစ္စည်းတွေပဲ သယ်ကြ။ ဒီဘက်ကို သွား ဒီဘက်ကို”ဟူသော ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှရဲဘော်များ၏ အော်ဟစ်ညွန်ပြသံများကြားရသည်။

စောစောကတိတ်ဆိတ်နေသည့်ရွာလေးသည် တဒဂ်အတွင်းငရဲပွက်သလို ဆူညံသွားသည်။ ကားသံ၊ဆိုင်ကယ်သံများ တဒုန်းဒုန်းဖြင့် နိုင်ရာပစ္စည်းများသယ်ဆောင်ကာရွာသားအားလုံး ထွက်ပြေးနေကြသည်။
သေနတ်ပစ်ပြီးဝင်လာသည့် စစ်သားများသည် ကျေးရွာထိပ်ရှိ အိမ်များကိုဝင်ရောက်စီးနင်းအကြမ်းဖက်ကာ ရွာသားအချို့ကိုဖမ်းဆီးလိုက်သည်။ မဲမဲမြင်ရာကိုလည်း ပစ်ခတ်နေသည်။
ကမ္ဘာကျော်ရုပ်ရှင်ကားတစ်ခုဖြစ်သည် Apocalypto ရုပ်ရှင်ထဲက ဂျာကွာပေါတို့လူမျိုးစုရွာလေးကို မာယာမျိုးနွယ်အင်ပါယာကြီးက အင်အားအလုံးအရင်းဖြင့်ဝင်ရောက်စီးနင်းတိုက်ခိုက်သည့် မြင်ကွင်းမျိုးဖြစ်သည်။

စစ်ကောင်စီတပ်သားများက လူမျိုးခြား မျိုးနွယ်စုတစ်ခုကို အမုန်းတရားဖြင့် စိစိညှက်ညှက်ချေဖျက်တော့မည့်သကဲ့သို့ပင်။စစ်သားများသည် ရွာထိပ်ရှိ ပြည်သူပိုင်နေအိမ်များကိုဝင်ရာက် မွှေနှောက်ပြီး အဖိုးတန်ပစ္စည်းကိုလုယူကြသည်။ နေအိမ်အချို့ကိုလည်း မီးရှို့ကြသည်။
ထိုမြင်ကွင်းသည်ရုပ်ရှင်ဇာတ်ဝင်ခန်းမဟုတ်တော့ဘဲမြေပြင်တွင် အမှန်တကယ်ဖြစ်ပျက်နေသည့် မြင်ကွင်းတခုဖြစ်သည်။ ပခုက္ကူခရိုင်အတွင်းရှိသည့် တင်ကုတ်ပြင်ရွာကို စစ်ကောင်စီတပ်က မတ် ၁၈ ရက်မနက်အာရုံတက်ချိန်က ဝင်ရောက် စီးနင်းစဥ်မြင်ကွင်းဖြစ်၏ ။
စစ်အုပ်စုက နိုင်ငံအာဏာကို အဓမ္မသိမ်းယူမှုကို ဆန့်ကျင်သည့် အညာဒေသရှိ ကျေးရွာပေါင်း ၁၀၀၀၀ အနက် ကျေးရွာအများစုတွင် စစ်တပ်၏ အကြမ်းဖက်မှုကို ထိုရွာအတိုင်းကြုံနေရခြင်းဖြစ်သည်။

စစ်တပ်သည်အာဏာသိမ်းမှုကို ဆန့်ကျင်သည့် ပြည်သူများ၏ နေအိမ်များကို အကြမ်းဖက်မီးရှို့ဖျက်ဆီးနေရာ ၂၀၂၃ ဖေဖော်ဝါရီ လကုန်အထိ နေအိမ်ပေါင်း ၆၀,၄၅၉ လုံးမီးရှို့ဖျက်ဆီးခဲ့သည်။ ထိုထဲတွင် အညာဒေသဖြစ်သည့် မကွေးနှင့်စစ်ကိုင်းတို့ အိမ်ခြေ ၅၆,၇၉၇ လုံးပါဝင်သည်ဟု Data For Myanmarကထုတ်ပြန်ထားသည်။
အာဏာသိမ်းစစ်တပ်သည် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့် ပြည်သူများကို ခွဲခြားခြင်းမရှိဘဲ တရကြမ်းတိုက်ခိုက်လေ့သည်။ ကာကွယ်ရေးတပ်ဖွဲ့များကို လူထုထောက်ပံ့လျော့ကျစေရန်အတွက် အဓိကရည်ရွယ်ခြင်းဖြစ်သည်ဟု PDFများကသုံးသပ်ကြသည်။
စစ်တပ်သည်တင်ကုတ်ပြင်ရွာအတွင်းဝင်ရောက်အကြမ်းဖက်ပြီး ထွက်မပြေးနိုင်သူများကို ဖမ်းဆီးကာ လက်ပြန်ကြိုးတုတ်ထားသည်။စစ်သားများကသူတို့ သွားလိုသည်နေရာကိုလည်း ဖမ်းဆီးထားသောပြည်သူများကို အဓမ္မလိုက်ပို့ခိုင်းသည်။ အချို့ရွာသားများကိုPDF များကမတိုက်ခိုက်စေရန်လူသားတံတိုင်းအဖြစ်ဖမ်းဆီးကာ၊တချို့ကို ရက်ရက်စက်စက် သတ်ဖြတ်ကြသည်။
ဖမ်းဆီးရမိသူများအနက်မှ အနီးအနားရှိ PDFစခန်းကို လိုက်ပို့ခိုင်းရာတွင် နေရာလွဲပြသခဲ့သည့် ရွာသားတစ်ဦးကို ညှင်းပန်းနှိမ်စက်ပြီးသတ်ဖြတ်လိုက်သည်။ စစ်ကြောင်းဝင်ရောက်သည့် ပထမနေ့တရက်တည်းတွင် ရွာသားနှစ်ဦးကို စစ်ကောင်စီတပ်က အမေးမြန်းမရှိပစ် သတ်ဖြတ်ခဲ့သည်။

ကျေးရွာကာကွယ်ရေးအဖွဲ့ (Local PDF) ရှေ့ပြေးကင်းသမားတစ်ယောက်ကိုလည်း အရှင်ဖမ်းမိချိန်တွင်နဖူးတည့်တည့်ကိုသေနတ်ဖြင့်ပစ်၍ ရက်ရက်စက်စက်ပစ်သတ်သွားသည်။
အင်အား၁၀၀ ခန့်ပါသည် ထိုစစ်ကြောင်းသည် ကျေးရွာ ၇ ရွာခန့်ကို သုံးရက်အတွင်းစစ်ကြောင်းထိုးခဲ့သည်။ ၎င်းတို့ဖြတ်သန်းရာ ကျေးရွာများတွင် မိုင်းဆွဲခံရပါက ထိုရွာကို အညှိုးတကြီး ဖျက်ဆီးသည်။ ရေထွက်ကြီးရွာအနီးတွင် ထွက်မပြေးနိုင်သည့် မိသားစုတစ်စုအပါအဝင် လူခြောက်ယောက်ကို ဒုတိယနေ့မြောက်တွင်ဖမ်းဆီးသည်။
စစ်သားများက ကန်နက်ရွာတွင် မိုင်းဆွဲခံ၍ အနည်းဆုံး စစ်ကောင်စီတပ်သား ၆ယောက်ခန့်ထိခိုက်ဒဏ်ရာရသည်။ စစ်သားများက ဓားစာခံတချို့ကို လူသားဒိုင်းအဖြစ်အသုံးပြုထား၍ ရွာသားနှစ်ဦးခန့်ကိုလည်း မိုင်းစထိမှန်ခဲ့သည်။
မိုင်းဆွဲခံရသဖြင့် ကန်နက်ရွာတွင် ဖမ်းဆီးခံရသော ကာကွယ်ရေးအဖွဲ့ဝင်တစ်ဦးကိုဓားဖြင့်မွန်းနှိပ်စက်ပြီး ခေါင်းဖြတ်သတ်ခဲ့သည်။ ခြေလက်များကိုလည်းဖြတ်၍ ရက်ရက်စက်စက်ပြုမူခဲ့ကြသည်။

ဤအချိန်၊ထိဤနေရာတွင်တရားဥပဒေမရှိပါ။ စစ်ကောင်စီတပ်က လက်နက်အားကိုးဖြင့် လူသားအချင်းချင်း အမဲလိုက်နေသည့် ပမာဖြစ်သည်။ ထွက်ပြေးနေသည့် ရွာသားများကို စစ်ကောင်စီတပ်သားများ မြင်လျှင် သေနတ်ဖြင့်လှမ်းပစ်သည်။
“ဒီချိန်မှာ ဘယ်ဘုရားမှ မကယ်နိုင်ဘူး။ ကိုယ်ခြေထောက် ကိုယ်အားကိုးပြီး ပြေးရတာပဲ”ဟု စစ်ဘေးရှောင်ရွာသား တစ်ဦးကပြောပါသည်။
လက်နက်ခဲယမ်းနည်းပါးသည် ကျေးရွာကာကွယ်ရေးအဖွဲ့များသည်စစ်သားများနှင့်ထိပ်တိုက်ရင်ဆိုင်တိုက်ခိုက်ရေးထက်ပြည်သူများကို ဘေးလွတ်ရာပြောင်းရွှေ့ရေးသည် ပထမဦးစားပေးဖြစ်လာသည်။ ရွာသားများဘေးလွတ်ရာရောက်လျှင် ကျေးရွာကာကွယ်ရေးအတွက် ပြန်လည်ပြင်ဆင်ကြရသည်။ လစ်ဟာခဲ့သည့် ကျေးရွာကာကွယ်ရေးစနစ်ကို ပြန်လည်ပြင်ဆင်ကြသည်။ စစ်တပ်ရွာမှ ပြန်လည်ထွက်ခွာနိုင်မည့် နေရာများတွင် မိုင်းထပ်ဖြည့်ကြသည်။
စစ်ကောင်စီတပ်စစ်ကြောင်းကို အနီးကပ် စောင့်ကြည့် ကင်းထောက်ရသည်။ စစ်ကြောင်း၏ အင်အားနှင့် ၎င်းတို့သွားမည့်လမ်းကြောင်းကို မှန်းဆတွက်ချက်ကြရသည်။ အခွင့်သာလျှင် ခရိုင်တပ်ရင်းများနှင့် အခြားကာကွယ်ရေးတပ်ဖွဲ့ဝင်များကို အကူအညီခေါ်ယူကာ တိုက်ခိုက်ကြသည်။
“ရွာထဲဝင်ခါနီးမိုင်းဆွဲလိုက်တော့ ရွာထဲကို သူတို့(စစ်ကောင်စီတပ်)က ရမ်းသန်းမဝင်ရဲဘူး”ဟု မိုင်းဆွဲခဲ့သည် ရွာကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးကပြောသည်။
ကျေးရွာကာကွယ်ရေးတပ်ဖွဲ့ဝင်များက လက်လုပ်သေနတ်များကို ကိုင်ဆောင်ကြရသည်။ လက်နက်အင်အားနည်းသဖြင့် ကျေးရွာကာကွယ်ရေးအတွက် လက်လုပ်မိုင်း၊ ပေပါမိုင်း၊ တိုက်မိုင်းများ၊ ရီမုမိုင်းနှင့် ရှော့တိုက်မိုင်းများကိုသာ အဓိကသုံးကြရသည်။
“ကျဉ်တထောင်ကို တစ်သောင်း(ကျပ်)ရှိတယ်။ တစ်သောင်းနဲ့ ခွေးတကောင် မသတ်နိုင်ဘူး၊ မိုင်းက တစ်လုံးဆိုတစ်လုံး သူတို့သာ မိုင်းကွင်းထဲရောက်ရင် လူ၃၀လောက်ကို တခါတည်းသတ်နိုင်တယ်”ဟု ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးကပြောသည်။

မတ်လဆန်းမှစ၍ မကွေးတိုင်းအတွင်းစစ်တပ်ကအနည်းဆုံး စစ်ကြောင်း ၃ ကြောင်းဖြင့်အင်အားအများအပြားသုံး၍ ထိုးစစ်ဆင်ခဲ့သည်။ စစ်တပ်၏ နေရာအနှံထိုးစစ်များကြောင့် ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင်များသည် မိမိတို့ ဒေသကာကွယ်ရေးအတွက်ကိုသာ ဦးစားပေးရုန်းကန်ခဲ့ကြရသည်။
“ပုံမှန်အချိန်ဆို စစ်ကြောင်းတစ်ခုတည်းဆိုရင် PDFတွေ၊ ပကဖတွေ၊ LDFတွေ စုပေါင်း တိုက်ကြတယ်။ ဒီရက်ပိုင်းအတွင်းက တစ်ဖွဲ့ကို တစ်ဖွဲ့ မကူညီနိုင်ကြဘူး။ ကိုယ်ဒေသအတွက် ကိုယ်တိုင်ရုန်းရတာ ”ဟု ၂၁ ရွာဇုန်ပကဖ ခေါင်းဆောင်းတစ်ဦးကပြောသည်။
စစ်ကောင်စီတပ်သည် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့်တိုက်ပွဲများဖြစ်ပွားနေပါက အညာဒေသတွင်ထိုးစစ်လျော့တက်သည်။KNU/KNLA ၊KIA ၊KA/KNDF ၊ CNA/CDF စသာတိုင်းရင်းလက်နက်ကိုင်အဖွဲ့များနှင့် တိုက်ပွဲများမရှိပါက အညာဒေသကို ဖိတက်သည်ဟုအထက်ပါ ပကဖ ခေါင်းဆောင်ကပြောသည်။ ယခုအခါလက်နက်များအတော်အသင့်ရှိသော်လည်း ခဲယမ်း
မီးကျောက်အတွက် ပြသာနာအနည်းငယ်ရှိနေသည်ဟု ၎င်းကဆက်ပြောသည်။

စစ်စစ်ကြောင်းများပြန်သွားသည့် အခါဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်များက ကျေးရွာအနီးတွင်ထောင်ထားသည့် မိုင်းများကို ပြန်လည်ဖြုတ်သိမ်းကြရသည်။
မိုင်းဆင်ခြင်း၊ မိုင်းဖြုတ်ခြင်းသည် ကာကွယ်ရေးတပ်ဖွဲ့များအတွက် အန္တရာယ်အများဆုံးဖြစ်သည်။ အညာဒေသတော်လှန်ရေးကာလတွင် ကာကွယ်ရေးတပ်သားများ အထိအခိုက်အများဆုံးမှာ မိုင်းမတော်ဆမှုသည်ဒုတိယအများဆုံးဖြစ်သည်။ ပထမအများဆုံးမှ လက်လုပ်လက်နက်ကြီးများ မတော်တဆပေါက်ကွဲမှုဖြစ်သည်။
“ပြည်သူတွေကို မေတ္တာရပ်ခံချင်တာကတော့ ကာကွယ်ရေးတပ်ဖွဲ့တွေ ပြောတဲ့စကားကို သေချာနားထောင်ပေးပါ။ ရွာကိုစွန့်ဆိုရင် စွန့်ပါ။ မဝင်နဲ့ဆို ပြန်မဝင်ပါနဲ့ဦး။ ဒီလို့ သတိပေးစကားတွေ နားမထောင်ရင် ကျတော်တို့အလုပ်လုပ်ရတာ အင်မတန်ခက်ခဲပါတယ်။ အခန့်မသင့်ရင် ထိခိုက်နစ်နာမှုတွေရှိလာနိုင်တယ်။”ဟု ကာကွယ်ရေးအဖွဲ့ဝင်တစ်ဦးကမေတ္တာရပ်ခံသည်။

၃ ရက်ကြာ စစ်ဘေးရှောင်ခဲ့ရသည် တင်ကုတ်ပြင်ရွာသားများသည် စစ်သားများပြန်သွားသောအခါ ကျေးရွာအတွင်း ပြန်လည်ဝင်ရောက် နေထိုင်နေကြသည်။ စစ်တပ်အာဏာသိမ်းပြီး ၂ နှစ်ကျော်တွင်း ဒုတိယကြိမ်စစ်ဘေးရှောင်ပြီး ရွာတွင်ပြန်လည်နေထိုင်ခြင်းဖြစ်သည်ဟုဒေသခံများကပြောသည်။
သို့သော်လည်းစိတ်အေးလက်အေးနေနိုင်သည်တော့မဟုတ်ပါ။ ပြည်သူများကိုပါမရှောင် မည်းမည်းမြင်ရာအကုန်သတ်ဖြတ် အကြမ်းဖက်သောစစ်ကောင်စီစစ်ကြောင်းများအခြေအနေကို အမြဲ နားစွင့်ရင်း နောက်တကြိမ်ထွက်ပြေးဖို့လိုပါက အလွယ်ထွက်ပြေးနိုင်ရန် အဆင့်သင့်ပြင်ထားကြရလေသည်။
