Connect with us

Hi, what are you looking for?

LuduNwayOo

ဆောင်းပါး

ဘယ်နှယောက် ထပ်သေပေးရမလဲ၊ ဘယ်လောက် ထပ်ကြာအောင် နာကျင်ခံစားပေးရမလဲ

ဘယ်နှယောက် ထပ်သေပေးရမလဲ၊ ဘယ်လောက် ထပ်ကြာအောင် နာကျင်ခံစားပေးရမလဲ
စစ်တပ်က တိုက်​လေယာဥ်​ပေါ်မှ ​ပေါင် ၅၀၀ ဗုံးနဲ့ကျဲပြီး​တော့ ရဟတ်ယာဥ်​ပေါ်မှပြင်းအားပြင်းလက်နက်​တွေနဲ့ပစ်ခတ်ပြီးတဲ့​နောက်အပျက်အစီး​တွေ( Kyunhla Activists Group/AP)

မိုးသီးမိုးပေါက်လို ကျဆင်းလာတဲ့ ကျည်ဆန်တွေ၊ ဗုံးတွေကို ကျေးရွာအဆင့် အခမ်းအနားလေး တစ်ခုဆီ မညှာမတာ စုပြုံ ပစ်ခတ်လိုက်တာနဲ့ ပတ်သက်ပြီး မြန်မာ စစ်အာဏာရှင်တွေက သူတို့ဟာ အကြမ်းဖက်သမားတွေကိုသာ ပစ်မှတ်ထားခဲ့တာ ဖြစ်တယ်လို့ ပြောင်ပြောင်တင်းတင်း မုသားစကား ဆိုပါတယ်။

တကယ်တမ်းကျတော့ တစ်ခုသော အင်္ဂါနေ့မှာ ဖြစ်ပွားခဲ့တဲ့ ရက်စက် ကြမ်းတမ်းလှတဲ့ လေကြောင်း တိုက်ခိုက်မှု အတွင်းမှာ အမျိုးသမီးတွေ၊ ကလေးငယ်တွေပါ ပါဝင်ခဲ့ပါတယ်။ စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း အသေအပျောက် အများဆုံး လေကြောင်းတိုက်ခိုက်မှုကြီးမှာ သားကောင် ဖြစ်ခဲ့ရှာသူတွေထဲက အသက်အငယ်ဆုံး တစ်ယောက်ဆိုရင် ၆ လသား အရွယ်ပဲ ရှိပါသေးတယ်။

CNN သတင်းဌာနဟာ ပဇီကြီးကျေးရွာကို လေကြောင်းက တိုက်ခိုက်ခဲ့တဲ့ ဖြစ်စဉ်မှာ အသက်ဘေးက ပွတ်ကာသီကာ လွတ်မြောက်လာသူတွေ၊ မျက်မြင်သက်သေတွေ စုစုပေါင်း ဒါဇင်ဝက်လောက်နဲ့ တွေ့ဆုံ စကားပြောခွင့် ရခဲ့တယ်။ ပဇီကြီးဟာ စစ်ကိုင်းတိုင်း အလယ်ပိုင်းက ကိုယ်ပိုင် အုပ်ချုပ်ခွင့် တစ်စထက်တစ်စ ထူထောင်လာနေတဲ့ ဧရိယာထဲက အစိတ်အပိုင်း တစ်ခု ဖြစ်ပါတယ်။ အခင်းဖြစ်တဲ့ နေ့တုန်းက ရွာထဲမှာ လက်နက်ကိုင် မဟုတ်တဲ့ အရပ်သားတွေ စုဝေးပြီး အခမ်းအနားလေး တစ်ခုကို ကျင်းပနေခဲ့ကြတာပါ။

ဧပြီ ၁၁ ရက်က အာဏာသိမ်း မြန်မာစစ်တပ်ရဲ့ လေကြောင်း တိုက်ခိုက်မှုကြောင့် ပဇီကြီး ကျေးရွာသား ၁၈၆ ဦး သေဆုံးခဲ့ပါတယ်။ အဲဒီထဲက ၄၀ လောက်ဟာ အသက် ၁၈ နှစ်အောက် ကလေးငယ်တွေ ဖြစ်တယ်လို့ အာဏာရှင် စနစ်ကို ဖီဆန်ရာမှာ ဦးဆောင် အင်အားစုတွေထဲက တစ်ခု ဖြစ်လာတဲ့ အမျိုးသား ညီညွတ်ရေး အစိုးရ (NUG)ရဲ့ လူ့အခွင့်အရေး ဝန်ကြီး ဦးအောင်မျိုးမင်းက ပြောပါတယ်။

Public Service Announcement

Public Service Announcement

ပဇီကြီး ကျေးရွာတဝိုက်က မိသားစုတွေဟာ ပြည်သူ့ အုပ်ချုပ်ရေး အဖွဲ့ ရုံးခန်း ဖွင့်ပွဲ အခမ်းအနားကို စိတ်လက် ကြည်ကြည်သာသာနဲ့ တက်ရောက်လာပြီး မနက်စာ သုံးဆောင်နေခဲ့ကြတယ်။ အဲဒီတုန်းက အခမ်းအနားမှာ လူ ၃၀၀ လောက်ထိ ရှိခဲ့လိမ့်မယ်လို့ မျက်မြင် တစ်ဦးက ဆိုတယ်။ ကလေးတွေက ထမင်းစားပြီး ပြေးလွှား ဆော့ကစားနေခဲ့တယ်။ လူကြီးတွေက လက်ဖက်ရည် ဝိုင်းဖွဲ့ရင်း စကားစမြည် ပြောဆိုနေခဲ့ကြပါတယ်။

မနက် ၇:၄၅ နာရီ ဝန်းကျင်မှာတော့ သွေးပျက်စရာ အနိဋ္ဌာရုံကြီးက ပဇီကြီး ကျေးရွာဆီ မဖိတ်ခေါ်ဘဲ ရောက်လာပါတယ်။ စစ်အာဏာရှင် လက်အောက်ခံ လေတပ်ရဲ့ ဂျက်တိုက်လေယာဉ်တွေဟာ အခမ်းအနား ကျင်းပရာ လူစုလူဝေးထဲကို ဗုံးနှစ်လုံး ကြဲချသွားခဲ့ပါတယ်။

ဘယ်နှယောက် ထပ်သေပေးရမလဲ၊ ဘယ်လောက် ထပ်ကြာအောင် နာကျင်ခံစားပေးရမလဲ
စစ်တပ်က တိုက်​လေယာဥ်​ပေါ်မှ ​ပေါင် ၅၀၀ ဗုံးနဲ့ကျဲပြီး​တော့ ရဟတ်ယာဥ်​ပေါ်မှပြင်းအားပြင်းလက်နက်​တွေနဲ့ပစ်ခတ်ပြီးတဲ့​နောက်အပျက်အစီး​တွေ(Kyunhla Activists Group/AP)

နောက်တော့ ဗုံးကြဲခံရတဲ့ နေရာကို Mi35 အမျိုးအစား ရဟတ်ယာဉ် တစ်စီးပါ ရောက်လာပြီး ၁၅ မိနစ်လောက် လှည့်ပတ် ပျံသန်းရင်း အပြင်းအထန် ဒဏ်ရာရထားသူတွေ၊ လူနာတွေကို ကူညီဖို့ ကြိုးစားနေသူတွေ၊ လူမှုရေး တက်ကြွ လှုပ်ရှားသူတွေကို အဆက်မပြတ် ပစ်ခတ်ပါတော့တယ်။ ဒီအကြောင်းတွေကိုတော့ ရည်ရွယ်ချက်ရှိရှိ၊ အချိတ်အဆက်မိမိ ကြိုတင် စီစဉ်ထားတဲ့ အစုလိုက် အပြုံလိုက် သတ်ဖြတ်မှုကြီးကနေ ကံကြီးလွန်းလို့ လွတ်မြောက်လာသူတွေက CNNဆီ တညီတညွတ်တည်း ပြောပြခဲ့ပါတယ်။

စစ်ကောင်စီရဲ့ ကြမ်းကြုတ်မှုက ဒီလောက်နဲ့တင် အဆုံးမသတ်သေးပါဘူး။ ညနေပိုင်း နေမဝင်ခင်လေးမှာတင် အဲဒီနေရာကို စစ်တပ် ရဟတ်ယာဉ် တစ်စီးက နောက်တစ်ကျော့ ပျံသန်းလာပြီး သေဆုံးသူ ရုပ်အလောင်းတွေကို သင်္ဂြိုဟ်ပေးနေသူတွေကို ထပ်မံ ပစ်ခတ်ခဲ့ပြန်ပါတယ်။

“ပေါက်ကွဲသံကြီး ကြားလိုက်ပြီးတာနဲ့ ကျွန်တော်လည်း ရင်ဘက်ကို ဖိရင်း မြေကြီးပေါ် ပစ်လဲသွားတော့တာပဲ။ မီးခိုးလုံးကြီး ထိုးတက်လာတာကို ကျွန်တော် လှမ်းမြင်လိုက်တယ်။ ကျွန်တော် မတ်တပ် ပြန်ရပ်နိုင်တဲ့ အချိန်မှာ ခေါင်းထဲ အရင်ဆုံး ရောက်လာတဲ့ အတွေးက ကျွန်တော့်သမီး ပျောက်နေတယ် ဆိုတာပါပဲ”လို့ အသက်ရှင် လွတ်မြောက်ခဲ့သူ ဖခင်တစ်ဦးက ဆိုတယ်။

ပြင်းပြင်းထန်ထန် ဒဏ်ရာရထားသူတွေက သွေးအလူးလူးနဲ့ လဲနေရင်း အော်ဟစ် အကူအညီ တောင်းနေခဲ့ကြပါတယ်။ တစ်ဒင်္ဂ အတွင်းမှာတင် ငရဲဘုံ တစ်ခုအသွင် ရုတ်တရက် ပြောင်းလဲသွားတဲ့ နေရာမှာ သူဟာ အလောင်းတွေကြားထဲ လျှောက်သွားရင်း ၃ နှစ်အရွယ် သမီးငယ်အပြင် သူ့မိဘ နှစ်ပါးကိုပါ သွေးရူးသွေးတမ်း လိုက်ရှာနေမိတယ်။ အဲဒီ အမျိုးသားက စစ်တပ်ရဲ့ လက်စားချေမှုကို စိုးရိမ်လို့ သူ့နာမည်ကိုတော့ ထုတ်မပြောရဲခဲ့ပါဘူး။

ဗုံးကြဲပြီး မကြာခင်မှာပဲ စစ်တပ် ရဟတ်ယာဉ်က ထပ်ရောက်လာတယ်။ သူတို့ရဲ့ ခေါင်းပေါ်မှာ ပျံဝဲနေရင်း လှုပ်တာမြင်သမျှကို ရဟတ်ယာဉ်က ပစ်ခတ်ခဲ့တယ်လို့ အဲဒီ အမျိုးသားက ပြောပါတယ်။

“လူသတ်ကွင်း ဖြစ်သွားတာဗျ။ လူတွေလည်း နေရာအနှံ့ အတုံးအရုံး လဲကျနေတာပဲ”လို့ သူက စိတ်ထိခိုက်မှုကို ကြိုးစားထိန်းချုပ်ရင်း ဆက်ပြောတယ်။ “အမျိုးသမီးတစ်ယောက် အူတွေ ပွင့်ထွက်ပြီး ကျွန်တော့်ရှေ့မှာတင် သေသွားတယ်။ ကျွန်တော် ကြောက်လွန်းလို့ တဆတ်ဆတ် တုန်နေခဲ့မိပါတယ်။ ကိုယ့်နိုင်ငံသားတွေကို ဘယ်လိုကြောင့်များ သူတို့ ဒီလို ရက်ရက်စက်စက် သတ်ဖြတ်နိုင်ရတာလဲဗျာ”လို့ သူက ဆိုတယ်။

“အဲဒီနေရာက အငွေ့အသက်တွေကို အခုထိ ခံစားမိနေတုန်းပဲ။ ကျွန်တော့် အဝတ်အစားတွေမှာတောင် အနံ့တွေ စွဲကျန်နေသေးတယ်”လို့ မျက်မြင်သက်သေ အမျိုးသားက ဆက်ပြောတယ်။ သူကိုယ်တိုင် ဒဏ်ရာ ရထားခဲ့ပေမယ့် လူတွေ အပြုံလိုက် သေနေတဲ့ အလောင်းပုံတွေနဲ့ အပျက်အစီးတွေကြားမှာ သူဟာ မိသားစုဝင်တွေကို အရူးအမူး လိုက်ရှာနေဆဲပဲ။ နာရီနဲ့ချီ ကြာမြင့်ပြီးတဲ့ အခါမှာ ရှာနေသူတွေကို သူတကယ်ပဲ တွေ့သွားတယ်။ ဒါပေမဲ့ သူမမြင်ချင်ဆုံး အခြေအနေမျိုးတွေနဲ့ ဖြစ်ပါတယ်။

“ကျွန်တော့်အဖေက ခါးကနေ နှစ်ပိုင်း ပြတ်ထွက်သွားတယ်။ ကျွန်တော့် အမေရဲ့ အလောင်းက မြင်ရက်စရာကို မရှိတော့ဘူး။ ကျွန်တော့်သမီးလား။ သူ့ခေါင်း ပြတ်ထွက်သွားတယ်လေ”လို့ သူက ပြောပြတယ်။ အဲဒီ တိုက်ခိုက်မှုကြီးမှာ သူဟာ မိသားစုဝင် ၇ ဦးကို ဆုံးရှုံးခဲ့ရတယ်။

ဆို့နင့်ကြေကွဲနေတဲ့ အမျိုးသားက ကွယ်လွန်သူ ၃ နှစ်သမီးလေးဟာ မျက်နှာဝိုင်းဝိုင်း ပြည့်ပြည့်လေးနဲ့ ချစ်စရာ ကောင်းသလို စကားတီတီ တာတာ ပြောတတ်တဲ့၊ ဉာဏ်ထက်တဲ့ မိန်းကလေး တစ်ယောက်လို့ CNNကို ပြောပြပါတယ်။

ဘယ်နှယောက် ထပ်သေပေးရမလဲ၊ ဘယ်လောက် ထပ်ကြာအောင် နာကျင်ခံစားပေးရမလဲ
ပဇီကြီးရွာလေ​ကြောင်းတိုက်ခိုက်ခံရမှုမှာ ​သေဆုံးခဲ့တဲ့ ၃ နှစ်အရွယ်က​လေးငယ် (ဘယ်) ငယ်စဥ်ကပုံ (CNN)

သူ့သမီးလေးနဲ့ ပတ်သက်လို့ နောက်ဆုံး ကျန်ခဲ့တဲ့ အမှတ်တရ တစ်ခုကတော့ အဲဒီမနက်တုန်းကတင် သူ့သမီးလေးကို သနပ်ခါး လိမ်းပေးခဲ့တာ ဖြစ်ပါတယ်။

“သူအသက်ရှင် နေထိုင်သွားတဲ့ နောက်ဆုံးနေ့ပဲ။ အဲဒီနေ့မှာ သူ့ကို ကျွန်တော် ကူညီနိုင်ခဲ့တာက သနပ်ခါး လိမ်းပေးခဲ့တာ တစ်ခုတည်းလားဗျာ”လို့ သူက ရေရွတ်ရင်း မျက်ရည်တွေ စီးကျလာတယ်။

ဒါပေမဲ့ ဒီဖြစ်စဉ်မှာ သူ့ရဲ့ ၇ နှစ်အရွယ် သမီးအကြီးလေး အသက်ရှင် ကျန်ခဲ့ပါသေးတယ်ဆိုတဲ့ အသိနဲ့ ကိုယ့်စိတ်ကိုယ် ကြိုးစား ဖြေသိမ့်ခဲ့ကြောင်း သူက ရှင်းပြတယ်။ တချို့ရွာသားတွေဟာ မိသားစု တစ်ခုလုံးကိုပါ ဆုံးရှုံးခဲ့ကြရတာ ဖြစ်ပါတယ်။

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှာ မြန်မာစစ်တပ်ဟာ ဒီမိုကရေစီ နည်းလမ်းနဲ့အညီ ရွေးကောက်တင်မြှောက် ခံထားရတဲ့ အစိုးရကို လက်နက်အားကိုးနဲ့ ဖယ်ရှားပြီး အာဏာသိမ်းခဲ့ပါတယ်။ အဲဒီ နောက်ပိုင်းမှာတော့ တစ်ချိန်က မြန်မာ ဒီမိုကရေစီ အစိုးရ ကိုယ်စားပြုခဲ့တဲ့ ပြည်သူတွေကို တိုက်ခိုက်ဖို့ စစ်တပ်ဟာ သူတို့ရဲ့ လက်နက်တိုက်ထဲက အရင်းအမြစ်တွေကို ဖောဖောသီသီ အသုံးချလာပါတော့တယ်။

အာဏာရှင် စနစ်ကို ဖယ်ရှားပြီး ဒီမိုကရေစီကို ပြန်ဆောင်ယူဖို့ မမှိတ်မသုန် သံန္နိဋ္ဌာန် ချထားတဲ့ တော်လှန်ရေး လှုပ်ရှားမှုကြီးကို ချိုးနှိမ်ဖို့ ကြိုးစားရာမှာ မြန်မာစစ်တပ်ဟာ လေကြောင်း အားသာမှုကို အရမ်း အားကိုးလာခဲ့တယ်။ ဒါပေမဲ့ သူတို့ရဲ့ လေကြောင်း တိုက်ခိုက်မှုတွေဟာ အရပ်သား ပြည်သူတွေ၊ ကျောင်းတွေ၊ ဆေးရုံတွေနဲ့ လူနေအိမ်တွေကိုပါ ဦးတည်ခဲ့ပါတယ်။

အခုနှစ် ဇန်နဝါရီကနေ မတ်လထိ အချိန်အတွင်းမှာတင် စစ်တပ်က နိုင်ငံအနှံ့ လေကြောင်းတိုက်ခိုက်မှု ၅၆ ခု လုပ်ဆောင်ခဲ့တယ်လို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာ သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောပါတယ်။ သူဟာ အာဏာသိမ်း စစ်ကောင်စီအစား NUGကို ကိုယ်စားပြုဖို့ ဆုံးဖြတ်ခဲ့သူပါ။ ဦးကျော်မိုးထွန်း ပြောပြခဲ့တဲ့ လေကြောင်းတိုက်ခိုက်မှု အရေအတွက်နဲ့ ပတ်သက်လို့ CNNက သီးခြား အတည်မပြုနိုင်ပါဘူး။

၁၀ ရက်အကြာမှာတော့ မြန်မာစစ်တပ်ဟာ ရှင်းလင်းမှု စစ်ဆင်ရေးတွေ လုပ်ဆောင်မယ်ဆိုပြီး ပဇီကြီးရွာကို ထပ်ရောက်လာပြန်ကြောင်း ဦးအောင်မျိုးမင်းက CNNကို ပြောပြပါတယ်။

ဗုံးကြဲမှုအပြီး နောက်တစ်ပတ်၊ ကြာသပတေးနေ့မှာ စစ်တပ်ဟာ လေကြောင်း တိုက်ခိုက်မှုတွေ ထပ်ပြီး လုပ်ဆောင်ခဲ့တဲ့အပြင် စစ်သား ၂၀၀ လောက်ကိုပါ ပဇီကြီးရွာဆီ စေလွှတ်ခဲ့ပါတယ်။ ရည်ရွယ်ချက်ကတော့ ရွာမှာ ဆက်ရှိနေသမျှ အသက်ရှင်နေသေးသူ အားလုံးကို သတ်ဖို့ပါ။ CNNက ဒီကိစ္စနဲ့ ပတ်သက်လို့ မြန်မာစစ်ကောင်စီဆီ ဆက်သွယ် မေးမြန်းဖို့ အားထုတ်နေဆဲ ဖြစ်ပါတယ်။

ပဇီကြီးရွာ ဖြစ်စဉ်အပြီး အခြေအနေတွေကို ရိုက်ကူးထားတဲ့ ဗီဒီယိုတွေ၊ ဓာတ်ပုံတွေကို CNNက ကြည့်ရှုခဲ့ပါတယ်။ ဒေသခံ တက်ကြွလှုပ်ရှားသူတွေရဲ့ အစုအဖွဲ့ တစ်ခုကလည်း ဘယ်သူဘယ်ဝါ ခွဲခြားလို့ မရလောက်အောင် မီးလောင်ထားတဲ့၊ ဒါမှမဟုတ် အပိုင်းပိုင်း ဖြစ်နေတဲ့ ရုပ်အလောင်းတွေ၊ ပျက်စီးနေတဲ့ အဆောက်အအုံတွေနဲ့ ယာဉ်တွေကို CNNဆီ ပြသခဲ့ပါတယ်။ တချို့ ပုံရိပ်တွေမှာတော့ အသက်ရှင် ကျန်ရစ်တဲ့ မိသားစုတွေရဲ့ သွေးရူးသွေးတမ်း ပူလောင် သောကရောက်နေမှုတွေ၊ ကလေးပျောက်လို့ အော်ဟစ်ငိုယိုနေတဲ့ မိဘတွေရဲ့ ကြေကွဲစရာ အခြေအနေတွေကို တွေ့ခဲ့ရပါတယ်။

ရွာထဲမှာ အသက်ရှင်ကျန်ရစ်သူ တချို့ဟာ သစ်တောတွေထဲ ထွက်ပြေးပြီး ခိုလှုံနေကြပါတယ်။ အခုအခါ သူတို့ဟာ သောက်ရေနဲ့ စားနပ်ရိက္ခာ အကျပ်အတည်းတွေ စတင် ရင်ဆိုင်နေရပြီဖြစ်ပြီး ရွာကိုလည်း မပြန်ရဲကြသေးပါဘူး။

လုံခြုံရေး အခြေအနေတွေအရ CNN အနေနဲ့ နာမည် မဖော်ပြနိုင်တဲ့ တခြား မျက်မြင်သက်သေ တစ်ဦးကလည်း သူဟာ ဆွေနီးမျိုးစပ် တော်စပ်သူတွေ အပါအဝင် မိသားစုနဲ့ ဆွေမျိုး စုစုပေါင်း ၃၀ လောက်ကို ဆုံးရှုံးခဲ့တယ်လို့ ပြောပြပါတယ်။ သေဆုံးသူတွေထဲမှာ အသက် အငယ်ဆုံးက ၂ နှစ်အရွယ်ဖြစ်ပြီး အကြီးဆုံးကတော့ အသက် ၇၀ ရှိပါပြီ။

လေယာဉ်တွေ ဗုံးလာကြဲတုန်းက သူဟာ ချက်ပြုတ်တဲ့ အဖွဲ့တွေကို ကူညီပေးနေခဲ့ပြီး လျှိုတစ်ခုထဲ ခုန်ချပြီး ပုန်းခိုနေလို့သာ အသက်ရှင် လွတ်မြောက်ခဲ့တာ ဖြစ်ပါတယ်။

“ကျွန်တော့် တူမက ကျွန်တော့်ကို အတင်းဖက်ပြီး ငိုနေခဲ့တယ်။ သေကုန်ကြတဲ့ထဲမှာ ကျောင်းသူကျောင်းသားလေးတွေ၊ ကိုယ်ဝန်ဆောင် အမျိုးသမီးတွေ၊ သက်ကြီးရွယ်အိုတွေပါ ပါတယ်။ အဲဒီလူတွေက သူတို့ကို ဘာများ အန္တရာယ် ပေးနိုင်မှာမို့လို့လဲဗျာ။ စစ်တပ်က ကောင်တွေက လူတွေ မဟုတ်ဘူး။ သူတို့က တိရစ္ဆာန်ထက်တောင် အဆင့်နိမ့်တဲ့၊ ယုတ်ကန်းတဲ့ ကောင်တွေဗျ”လို့ သူက ပြောပါတယ်။

အသက်ရှင် ကျန်ရစ်သူတွေကလည်း မျက်ဝါးထင်ထင် ကြုံခဲ့တဲ့ အနိဋ္ဌာရုံတွေကို ဘဝတလျှောက်လုံး မြင်ယောင် ဖြတ်သန်းနေရတော့မယ်လို့ သူက ဆိုတယ်။ “ကမ္ဘာ့နိုင်ငံ ခေါင်းဆောင်တွေက အရေးတယူ သဘောထားလာဖို့ နောက်ထပ် ကလေးတွေ ဘယ်နှယောက် သေပေးရဦးမလဲ”လို့ ပဇီကြီးရွာ ဗုံးကြဲမှုမှာ ၁ နှစ်သား တူမနဲ့ ၃ နှစ်သား တူငယ်တို့ကို ဆုံးရှုံးခဲ့ရတဲ့ နောက်ထပ် ရွာသားတစ်ဦးက ကြေကြေကွဲကွဲ မေးခွန်းထုတ်ခဲ့ပါတယ်။

ဘယ်နှယောက် ထပ်သေပေးရမလဲ၊ ဘယ်လောက် ထပ်ကြာအောင် နာကျင်ခံစားပေးရမလဲ
ပဇီကြီးရွာလေ​ကြောင်းတိုက်ခိုက်ခံရမှုမှာ ​သေဆုံးခဲ့တဲ့ ၁ နှစ်အရွယ်က​လေးငယ် (CNN)

မြန်မာစစ်တပ်ဟာ နိုင်ငံအနှံ့က တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းတွေ အများအပြားကို စစ်ခင်းတိုက်ခိုက်နေတာ ဆယ်စုနှစ်တွေနဲ့ချီ ကြာမြင့်ခဲ့ပြီးပါပြီ။ လူနည်းစု တိုင်းရင်းသား နယ်မြေတွေမှာ စစ်တပ်ရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ပတ်သက်လို့ သေသေချာချာ မှတ်တမ်းယူထားနိုင်ခဲ့ပြီး ဖြစ်ပါတယ်။

ဒါပေမဲ့ အာဏာသိမ်းမှု နောက်ပိုင်း စစ်တပ်က ထုတ်သုံးနေတဲ့ စစ်လက်နက်တွေရဲ့ ဖျက်စီးမှု စွမ်းပကားက တနေ့တခြား တိုးမြင့်လာတယ်။ ပြောရမယ်ဆိုရင် အခုအခါ နေ့တိုင်းလိုလို နိုင်ငံအနှံ့မှာ စစ်တပ်ရဲ့ တိုက်ခိုက်မှုတွေ ရှိနေတယ်လို့ ပြည်တွင်းက စောင့်ကြည့်​ လေ့လာမှု အဖွဲ့တွေက ဆိုပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ်က ၂၀၂၂ ခုနှစ်မှာ တင်ပြခဲ့တဲ့ အစီရင်ခံစာမှာတော့ တရုတ်နဲ့ ရုရှားတို့ အပါအဝင် ကုလသမဂ္ဂ အဖွဲ့ဝင် နိုင်ငံတွေဟာ အာဏာသိမ်းမှု နောက်ပိုင်း မြန်မာစစ်တပ်ကို လက်နက်တွေ ဆက်လက် ထောက်ပံ့နေခဲ့တယ်လို့ ဖော်ပြထားပါတယ်။ မြန်မာစစ်တပ်က အဲဒီစစ်လက်နက်တွေကို အရပ်သားတွေကို သတ်ဖြတ်ဖို့ အသုံးချနေပါတယ်။ ပြည်ပနိုင်ငံတွေဆီကနေ အာဏာသိမ်းစစ်တပ် ဆက်လက် ရရှိနေတဲ့ စစ်လက်နက်တွေ စာရင်းမှာ ဂျက်တိုက်လေယာဉ်တွေ၊ သံချပ်ကာယာဉ်တွေ၊ လေကြောင်းကာကွယ်ရေး စနစ်တွေပါ ပါဝင်တယ်လို့လည်း အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

စစ်ကိုင်းတိုင်းမှာ ဖြစ်ပွားခဲ့တဲ့ လေကြောင်း တိုက်ခိုက်မှုကြီး မတိုင်ခင် အိမ်နီးချင်း ချင်းပြည်နယ်ထဲမှာလည်း မြန်မာစစ်တပ်က စာသင်ကျောင်း တစ်ကျောင်းကို ဗုံးကြဲခဲ့ဖူးတယ်လို့ NUGနဲ့ ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့တွေက ပြောပါတယ်။ ဖလမ်းမြို့နယ်ထဲက တိုက်ခိုက်မှုမှာ ကျောင်းအုပ်ကြီး၊ ဇနီးဖြစ်သူနဲ့ သားဖြစ်သူတို့ အပါအဝင် ၉ ဦး သေဆုံးခဲ့ပါတယ်။

ချင်းပြည်နယ်က ဖြစ်ရပ်နဲ့ ပတ်သက်ပြီး မြန်မာစစ်တပ်ဆီ CNNက ဆက်သွယ် မေးမြန်းပေမယ့် မအောင်မြင်ခဲ့ပါဘူး။ သက်သေတွေ တပုံတပင် တိုးပွားလာနေတဲ့တိုင် စစ်တပ်ကတော့ သူတို့ဟာ အရပ်သား ပြည်သူတွေကို ပစ်မှတ်ထား တိုက်ခိုက်နေကြောင်း စွပ်စွဲချက်တွေအပေါ် အရင်အကြိမ်တွေမှာ တောက်လျှောက် ငြင်းဆိုထားခဲ့ပါတယ်။

မတ်လတုန်းကဆိုရင် ရှမ်းပြည်နယ် တောင်ပိုင်းက ဘုန်းကြီးကျောင်း တစ်ခုမှာ ဘုန်းတော်ကြီး ၃ ပါး အပါအဝင် ၂၂ ဦးထက်မနည်းဟာ စစ်တပ်ရဲ့ သတ်ဖြတ်မှုကို ခံခဲ့ရပါတယ်။

စစ်တပ်ကတော့ အရပ်သားတွေ သေကြတယ် ဆိုတာက အပြန်အလှန် ပစ်ခတ်မှုတွေအတွင်း ကြားညပ်ရာက တော်လှန်ရေး အင်အားစုတွေ ပစ်ခတ်မှု ထိမှန်တာကြောင့်လို့ အပြစ်ဖို့ခဲ့ပါတယ်။ ဒါပေမဲ့ ကရင်နီ အမျိုးသား ကာကွယ်ရေး တပ်မတော် (KNDF)ကတော့ အခင်းဖြစ်ချိန်က သူတို့ဟာ အဲဒီ နေရာမှာ ရှိမနေခဲ့ကြောင်း ငြင်းဆိုပြီး စစ်အာဏာရှင် လက်အောက်ခံ တပ်သားတွေ ကျူးလွန်တဲ့ ရာဇဝတ်မှုသာ ဖြစ်ကြောင်း တုံ့ပြန်ထားပါတယ်။

သေမှုသေခင်း စစ်ဆေးတဲ့ ပုဂ္ဂိုလ်တစ်ဦးနဲ့ CNNက တွေ့ဆုံ စကားပြောခဲ့ရာမှာတော့ သေဆုံးသူတွေဟာ နှိပ်စက်ညှင်းပန်းပြီးမှ သေနတ်နဲ့ အကြိမ်ကြိမ် ပစ်ခတ်တာ ခံခဲ့ရတဲ့ အခြေအနေ ရှိကြောင်း၊ တစ်နည်းအားဖြင့် ရည်ရွယ်ချက်ရှိရှိ ပစ်သတ်ထားတဲ့ သဘောဖြစ်ကြောင်း သူက မှတ်ချက် ပေးပါတယ်။

ပဇီကြီး ကျေးရွာမှာတော့ CNN စကားပြောခွင့် ရခဲ့တဲ့ ရွာသားတွေက စစ်တပ်ဟာ သူတို့ရွာကို ဘာကြောင့် ပစ်မှတ်ထားခဲ့သလဲဆိုတာ နားမလည်နိုင်ဘူးလို့ ဖွင့်ဟကြပါတယ်။

စစ်ကိုင်းတိုင်းရဲ့ နေရာဒေသ အများအပြားဟာ စစ်တပ်ရဲ့ လက်အောက်မှာ ရှိမနေတော့ဘဲ တော်လှန်ရေး အမာခံ နယ်မြေတွေ ဖြစ်လာပါတယ်။ စစ်တပ်က NUGအပြင် NUG လက်အောက်ခံ ပြည်သူ့ကာကွယ်ရေး တပ်မတော် (PDF)ကိုပါ အကြမ်းဖက် အဖွဲ့အစည်းတွေလို့ သတ်မှတ် ကြေညာထားပါတယ်။

"ပဇီကြီးရွာမှာ အမျှမဝေနိုင်သေးပါ"
စစ်တပ်​လေ​ကြောင်းတိုက်ခိုက်ခံရ​​သော ပဇီကြီးရွာမှ ကွယ်လွန်သူများကို ဧပြီ ၁၃ ရက်က မီးသဂြိုဟ်​နေစဥ် ။ ဓါတ်ပုံ-CJ

စစ်တပ်ရဲ့ ပြောရေးဆိုခွင့်ရ အရာရှိ ဗိုလ်ချုပ် ဇော်မင်းထွန်းက ပဇီကြီးရွာမှာ အကြမ်းဖက်သမားတွေကို ပစ်မှတ်ထားပြီး စစ်ဆင်ရေး လုပ်ခဲ့တာသာ ဖြစ်တယ်လို့ ပြောပါတယ်။ ပြီးတော့ ရွာထဲမှာ သိုလှောင် သိမ်းဆည်းထားတဲ့ ယမ်းမှုန့်တွေနဲ့ ခဲယမ်းမီးကျောက်တွေကြောင့်သာ အားပြင်းတဲ့ ပေါက်ကွဲမှုတွေဖြစ်ပြီး လူတွေ အများအပြား သေကုန်တာလို့ သူက အပြစ်တင်ပါတယ်။

အခင်းဖြစ်တဲ့ ရွာတဝိုက်မှာ တော်လှန်ရေး အင်အားစုတွေက မိုင်းတွေ ထောင်ထားခဲ့သလို ယမ်းတွေနဲ့ လက်နက်ခဲယမ်းတွေကိုလည်း သိုလှောင်ထားခဲ့ကြောင်း၊ အပြစ်မဲ့ ပြည်သူတွေကတော့ အကြမ်းဖက် အဖွဲ့တွေက ဖိအားပေး ခိုင်းစေတာ ခံခဲ့ရတာ ဖြစ်နိုင်ကြောင်း အာဏာသိမ်း စစ်တပ်က စွပ်စွဲထားပါတယ်။

မှုခင်း သေမှုသေခင်းဆိုင်ရာ အလွတ်တမ်း ပညာရှင် တစ်ဦးဖြစ်တဲ့ ဒေါက်တာ ဒဲရစ်ခ် ပေါင်းဒါးကတော့ မှတ်တမ်း ဗီဒီယိုတွေနဲ့ ဓာတ်ပုံတွေကို လေ့လာကြည့်ပြီးတဲ့နောက် အဲဒီ နေရာဟာ ပြန့်ကြဲလာတဲ့ အစအနတွေ ထိမှန်မှုဒဏ်ကို ခံခဲ့ရတာလို့ သုံးသပ်ပါတယ်။ ရုပ်အလောင်းတွေမှာ တွေ့ရတဲ့ ဒဏ်ရာဒဏ်ချက်တွေဟာ ဝေဟင်က ကြဲချတဲ့ စစ်လက်နက်မျိုးကြောင့် ရရှိထားတာ ဖြစ်နိုင်ပြီး မြေမြှုပ်မိုင်း ပေါက်ကွဲတဲ့ အခြေအနေ မဟုတ်နိုင်ဘူးလို့ သူက ဆိုတယ်။

ဘယ်နှယောက် ထပ်သေပေးရမလဲ၊ ဘယ်လောက် ထပ်ကြာအောင် နာကျင်ခံစားပေးရမလဲ
စစ်တပ်က တိုက်​လေယာဥ်​ပေါ်မှ ​ပေါင် ၅၀၀ ဗုံးနဲ့ကျဲပြီး​တော့ ရဟတ်ယာဥ်​ပေါ်မှပြင်းအားပြင်းလက်နက်​တွေနဲ့ပစ်ခတ်ပြီးတဲ့​နောက်အပျက်အစီး​တွေ(ဓါတ်ပုံ-CJ)

“ပေါက်ကွဲမှုက အဲဒီဧရိယာ တစ်ခုလုံးကို သက်ရောက်ခဲ့ဟန်ရှိတယ်။ အစအနတွေ ထိမှန်တဲ့ ဒဏ်ရာမျိုးတွေကို အလောင်းတွေမှာ တွေ့ရသလို အကြီးစား အစအနတွေလို့ ယူဆရတဲ့ အစိတ်အပိုင်းတွေကိုလည်း တွေ့ရပါတယ်။ ဒီအချက်တွေ အားလုံးက လေကြောင်းက ပစ်ခတ်တဲ့ လက်နက် အမျိုးအစားကြောင့်ဆိုတဲ့ အယူအဆကို အားကောင်းကောင်းနဲ့ ထောက်ပံ့ပေးနေတယ်။ မြေမြှုပ်မိုင်းတစ်လုံး၊ ဒါမှမဟုတ် အတွဲလိုက် ပေါက်ကွဲမှုကြောင့်ဆိုတဲ့ အပြောမျိုးနဲ့က အစပ်အဟပ် လုံးဝမတည့်ဘူး”လို့ ဒေါက်တာ ပေါင်းဒါးက ပြောပါတယ်။

အလောင်းတွေက ဒဏ်ရာတွေကို ဆန်းစစ်ကြည့်တဲ့ အခါမှာ ပေါက်ကွဲတဲ့ အရှိန်ကြောင့် အဝတ်အစားတွေနဲ့ အသားတွေ မီးလောင်ထားတာအပြင် အစအနတွေ ထိမှန်တာ၊ ကိုယ်လက်အင်္ဂါတွေ ပြတ်တောက်ပြီး ပုံပျက်ပန်းပျက် ဖြစ်ကုန်တာတွေပါ တွေ့ရတယ်လို့လည်း သူက ထောက်ပြတယ်။

“တချို့ ခြေပြတ်လက်ပြတ် ဖြစ်သွားပုံတွေက ကြမ်းလွန်းတယ်။ သတ္တု အပိုင်းအစ အကြီးစားတွေ ထိမှန်လို့၊ ဖြစ်နိုင်ခြေအရ ပေါက်ကွဲတဲ့ လက်နက်ပစ္စည်းရဲ့ အခွံက အစအနတွေ ထိမှန်လို့ ဖြစ်နိုင်ခြေ များပါတယ်”လို့ ဒေါက်တာ ပေါင်းဒါးက ရှင်းပြတယ်။

စစ်တပ်က လောလောလတ်လတ် ထပ်မံ ကျူးလွန်ပြလိုက်တဲ့ အစုလိုက် အပြုံလိုက် သတ်ဖြတ်မှုကြီးကြောင့် နိုင်ငံတကာ ဝေဖန် ကန့်ကွက်သံတွေ ဆူညံလာပါတယ်။ အမေရိကန်နဲ့ ဗြိတိန်တို့ရဲ့ ကုလသမဂ္ဂဆိုင်ရာ သံအမတ်ကြီးတွေက လေကြောင်းတိုက်ခိုက်မှုကို ပြင်းပြင်းထန်ထန် ရှုတ်ချပြီး မြန်မာ စစ်ခေါင်းဆောင်တွေ အနေနဲ့ အကြမ်းဖက်မှု နည်းလမ်းတွေ အသုံးပြုနေတာကို ရပ်တန်းက ရပ်ဖို့ တောင်းဆိုခဲ့ကြတယ်။

"ပဇီကြီးရွာမှာ အမျှမဝေနိုင်သေးပါ"

ကုလသမဂ္ဂဆိုင်ရာ မြန်မာ သံအမတ်ကြီး ဦးကျော်မိုးထွန်းကတော့ စစ်အာဏာရှင်တွေဟာ လူမဆန်တဲ့၊ ကြမ်းကြုတ်လှတဲ့ လုပ်ရပ်တွေကို အရသာတွေ့နေပြီး စစ်ရာဇဝတ်မှု၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေကို အတိအလင်း ကျူးလွန်နေတာ ဖြစ်တယ်လို့ ပြောပါတယ်။ အခုလို တိုက်ခိုက်မှုတွေကပဲ စစ်တပ်ဟာ မြန်မာ ပြည်သူတွေအပေါ် အကြမ်းဖက်တဲ့ ကိစ္စတွေကို အရှိန်မြှင့်တင်လာနေတယ် ဆိုတာကို ထင်ထင်ရှားရှား ပြသနေကြောင်း သူက ဆိုပါတယ်။

မြန်မာစစ်တပ်ရဲ့ တိုက်လေယာဉ်တွေ ပျံတက်လို့ မရအောင် ထိရောက်တဲ့ အရေးယူ ဆောင်ရွက်မှုတွေ လုပ်ဆောင်ဖို့ နိုင်ငံတကာ အသိုက်အဝန်းဆီ တောင်းဆိုမှုတွေလည်း တရိပ်ရိပ် မြင့်တက်လာပါတယ်။ အဲဒီထဲမှာ မြန်မာနိုင်ငံကို လေယာဉ်ဆီ တင်ပို့မှုတွေ ပိတ်ပင်ဖို့၊ ပြီးတော့ အလုံးစုံ အကျုံးဝင်တဲ့ စစ်လက်နက် တင်သွင်းခွင့် ပိတ်ပင်ဖို့ ဆိုတာတွေလည်း ပါဝင်ပါတယ်။

“သူတို့ အနေနဲ့ လေယာဉ်တွေ သုံးရတာ ပိုခက်ခဲအောင်၊ လူသတ်ဖို့အတွက် လေယာဉ်တွေကို ပျံတက်စေတဲ့ အခါမှာ ပိုပြီး စရိတ်စက ကြီးလာအောင်၊ လက်နက်တွေ၊ လက်နက်အနေနဲ့ သူတို့ အသုံးချနိုင်တဲ့ နည်းပညာတွေနဲ့ လက်လှမ်းမီဖို့ ခက်သထက် ခက်လာအောင် ကျွန်တော်တို့ လုပ်နိုင်တာ မှန်သမျှ လုပ်သင့်နေပြီ”လို့ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူး ကိုယ်စားလှယ် တွမ်အင်ဒရူးစ်က ပြောပါတယ်။ “ကမ္ဘာကြီး အနေနဲ့ ဒီလို ပစ္စည်းတွေ၊ ရင်းမြစ်တွေကို မြန်မာ စစ်တပ် လက်ထဲ မရောက်အောင် တားဆီးနိုင်မှသာ လူ့အသက်တွေကို ကယ်တင်နိုင်မှာ ဖြစ်တယ်”လို့လည်း သူက ဆိုတယ်။

နောက်ပြီး မြန်မာ့ အရေးနဲ့ ပတ်သက်လို့ နိုင်ငံတကာရဲ့ ချဉ်းကပ် တုံ့ပြန်မှုက ရုရှားကျူးကျော်တာ ခံရတဲ့ ယူကရိန်းမှာလိုမျိုး အာရုံစူးစိုက်မှုရော၊ မဟာဗျူဟာ ပီပြင်မှုပါ မရှိဘူးလို့လည်း အင်ဒရူးစ်က ဝေဖန်ပါတယ်။

ယူကရိန်း ကိစ္စလို အရေးယူ တုံ့ပြန်မှုတွေ နိုင်ငံတကာက ပြသလာဖို့အတွက် လူတွေ ဘယ်လောက် ထပ်သေပေးဖို့ လိုမလဲလို့ ပဇီကြီးကျေးရွာ တိုက်ခိုက်မှုမှာ အသက်ရှင် ကျန်ရစ်ခဲ့တဲ့ မိသားစုတွေက မေးနေကြပါပြီ။

“ကျွန်တော်တို့အတွက် လက်တွေ့ကျတဲ့ အကူအညီတွေ ပေးစေချင်ပါတယ်။ ပြောပါ။ ဒီအတွက် ကျွန်တော်တို့ နောက်ထပ် ဘယ်နှယောက် သေပေးရမလဲ။ ပြီးတော့ ကျွန်တော်တို့ နောက်ထပ် ဘယ်လောက်ကြာအောင် နာကျင် ခံစားနေရဦးမှာလဲ”လို့ ပဇီကြီးရွာ လေကြောင်း တိုက်ခိုက်မှုမှာ မိသားစုဝင်တွေ၊ ဆွေမျိုးတွေ အများအပြား ဆုံးရှုံးခဲ့ရသူ တစ်ဦးက CNNကို မေးပါတယ်။

“ကျေးဇူးပြုပြီး ကျွန်တော်တို့ကို ပစ်ပယ်မထားပါနဲ့နော်”လို့ သူက တိုးလျှိုး​ တောင်းပန်ခဲ့ပါသေးတယ်။

(CNN သတင်းဌာန၏ How many more children have to die?’ Myanmar airstrike survivors ask what will it take for the world to act ဆောင်းပါးကို ဘာသာပြန်ဆိုသည်)

ဆက်စပ်သတင်းများ

မေးမြန်းခန်း

လေကြောင်း တိုက်ခိုက်ခံရမှု အပါအဝင် မင်းတပ်မြို့နယ်အတွင်း စစ်ရေးအခြေအနေကို မင်းတပ်မြို့နယ် ချင်းကာကွယ်ရေးတပ်(CDF) မှ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းဟာအွမ်အားဆက်သွယ်မေးမြန်းဖော်ပြလိုက်သည်။

သတင်း

အနောက်မြောက်တိုင်းစစ်ဌာနချုပ်ဝင်းအတွင်းကို ဧပြီလ ၂၄ရက် ည ၇နာရီခန့်တွင် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

သတင်း

ရေးမြို့နယ် ခေါဇာမြို့နယ်ခွဲ၊ ကျုံညှဲကျေးရွာမှ ကျေးရွာအုပ်ချုပ်ရေးမှူး ပြည်သူ့စစ်အဖွဲ့အား လက်နက်ဖြုတ်သိမ်းရန်နှင့် အရေးယူပေးရန် ပြည်သူများမှတိုင်ကြားလာ၍ ဧပြီ ၂၃ရက် တွင် ခေါ်ယူဖမ်းဆီး လက်နက်ဖြုတ်သိမ်းခဲ့သည်ဟု ဖော်ပြသည်။

သတင်း

စခန်းသိမ်းတိုက်ပွဲအပြီးစစ်ကောင်စီ၏လက်နက်ခဲယမ်းအမြောက်အများအားသိမ်းဆည်းရရှိခဲ့ကြောင်း မှတ်တမ်းဓာတ်ပုံများနှင့်အတူ ဖော်ပြထားပြီး အရေအတွက်ကို မကြာမီ အလျဉ်းသင့်ပါက အသိပေးမည်ဟု ထုတ်ပြန်သည်။