Connect with us

Hi, what are you looking for?

LuduNwayOo

ဆောင်းပါး

Wagnerရဲ့ ပုန်ကန်မှုက ပူတင်ရဲ့ အာဏာစက်အပေါ် ဘယ်လို သက်ရောက် ထိခိုက်စေမလဲ

Wagnerတွေကို အသက် ၆၂ နှစ် ရှိပြီဖြစ်တဲ့ ယီဗ်ဂျီနီ ပရစ်ဂေါ့ဇင်က ဦးဆောင်ပါတယ်။ တစ်ချိန်ကတော့ သူဟာ ပူတင်ရဲ့ အနီးကပ် မဟာမိတ်ပါ။ အခုတော့ ပူတင်ကိုယ်တိုင်က ပရစ်ဂေါ့ဇင်ကို သူပုန်ခေါင်းဆောင်လို့ ပြင်းပြင်းထန်ထန် စွပ်စွဲ ရှုတ်ချနေပြီ ဖြစ်ပါတယ်။

Wagnerရဲ့ ပုန်ကန်မှုက ပူတင်ရဲ့ အာဏာစက်အပေါ် ဘယ်လို သက်ရောက် ထိခိုက်စေမလဲ
Wagnerရဲ့ ပုန်ကန်မှုက ပူတင်ရဲ့ အာဏာစက်အပေါ် ဘယ်လို သက်ရောက် ထိခိုက်စေမလဲ

ယူကရိန်းရဲ့ တန်ပြန်ထိုးစစ်ကြောင့် ခေါင်းခဲနေရတဲ့ အချိန်မျိုးမှာ Wagner ကြေးစားတပ်တွေက သူပုန်ထပြီး မော်စကို မြို့တော်ဆီ ချီတက်လာပြီဆိုတဲ့ သတင်းဟာ ကရင်မလင် နန်းတော်ထဲက ပုဂ္ဂိုလ်တွေကို အကြီးအကျယ် ခေါင်းနပန်း ကြီးသွားစေခဲ့ပါတယ်။ ၁၉၉၉ ခုနှစ် ကတည်းက ရုရှားရဲ့ အာဏာကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်ပြီးဖြစ်စေ ထိန်းချုပ်ထားခဲ့တဲ့ သက်တမ်း တလျှောက်လုံးမှာ သမ္မတ ဗလာဒီမာ ပူတင်အတွက် နိုင်ငံရေးဆိုင်ရာ အပြင်းထန်ဆုံး စိန်ခေါ်မှု တစ်ခုကို ကြုံတွေ့လာရတာလည်း ဖြစ်ပါတယ်။

ယူကရိန်းမှာ ကြမ်းကြုတ် ရက်စက်လှတဲ့ စစ်ဆင်ရေးတွေကို လက်သံပြောင်ပြောင် ပါဝင် ဆင်နွှဲခဲ့တဲ့ Wagnerတွေဟာ နယ်စပ်ကို ဖြတ်ကျော်လာပြီးတဲ့ အချိန်မှာပဲ အံ့ဩစရာ မြန်နှုန်းမျိုးနဲ့ မော်စကို မြို့တော်ဆီ ဦးတည် ချီတက်လာနေပါတယ်။ ပထမဆုံး အနေနဲ့ Wagnerတွေဟာ ရုရှားတောင်ပိုင်းက လူဦးရေ ၁ သန်းလောက် နေထိုင်တဲ့ ရော့စ်တော့ဗ်မြို့ကို ထိန်းချုပ်ပြီး မြို့ထဲက စစ်ရေးဗဟို ဌာနချုပ်ကိုပါ စီးနင်း သိမ်းပိုက်လိုက်ပါတယ်။ နောက်ထပ် ၂၄ နာရီ မပြည့်ခင် ဇွန်လ ၂၄ ရက် ညနေပိုင်းမှာတော့ မော်စကိုနဲ့ ၆ နာရီ ခရီးသာ ကွာဝေးတဲ့ လီပက်စ်ခ် ဒေသကို Wagnerတပ်တွေ စတင် ချဉ်းနင်း ဝင်ရောက်နေပါပြီ။ အတည်မပြုနိုင်တဲ့ သတင်းတွေအရ အခုဆိုရင် သမ္မတ ပူတင်တောင်မှ မော်စကိုကနေ ယာယီ တိမ်းရှောင်နေရတယ်လို့ ယူဆရပါတယ်။

ကြေးစားတပ်ရဲ့ ပုန်ကန်မှုကြောင့် ပူတင် မော်စကို မြို့တော်ကနေ တိမ်းရှောင်နေတယ်လို့ ကောလာဟလတွေ ထွက်ပေါ်နေ
ကြေးစားတပ်ရဲ့ ပုန်ကန်မှုကြောင့် ပူတင် မော်စကို မြို့တော်ကနေ တိမ်းရှောင်နေတယ်လို့ ကောလာဟလတွေ ထွက်ပေါ်နေ

ပူတင်ကိုယ်တိုင်ရော၊ ဘယ်သူမှပါ မျှော်လင့်မထားတဲ့ တော်လှန်ပုန်ကန်မှုမျိုးကို လက်ရဲ ဇက်ရဲ ကျူးလွန်ခဲ့တဲ့ Wagner အဖွဲ့ဟာ ချက်ချင်း ဆိုသလိုပဲ နိုင်ငံတကာ မီဒီယာတွေရဲ့ ခေါင်းကြီးပိုင်းကို ရောက်လာပါတယ်။ Wagner အဖွဲ့နဲ့ ပတ်သက်လို့ စူးစမ်းမှုတွေ၊ မေးခွန်းထုတ်မှုတွေလည်း ထွက်ပေါ်လာပါတယ်။ တကယ်တော့ Wagnerတွေဟာ ယူကရိန်း စစ်ပွဲမှာ ရုရှားစစ်တပ်တွေ လက်မှိုင်ချထားရတဲ့ တိုက်ပွဲမျိုးတွေကိုတောင် အနိုင်ယူပြထားတဲ့၊ တိုက်ရည်ခိုက်ရည် ပြည့်ဝတဲ့ ကြေးစားစစ်သားတွေ ဖြစ်ပါတယ်။ Wagnerတွေကို အသက် ၆၂ နှစ် ရှိပြီဖြစ်တဲ့ ယီဗ်ဂျီနီ ပရစ်ဂေါ့ဇင်က ဦးဆောင်ပါတယ်။ တစ်ချိန်ကတော့ သူဟာ ပူတင်ရဲ့ အနီးကပ် မဟာမိတ်ပါ။ အခုတော့ ပူတင်ကိုယ်တိုင်က ပရစ်ဂေါ့ဇင်ကို သူပုန်ခေါင်းဆောင်လို့ ပြင်းပြင်းထန်ထန် စွပ်စွဲ ရှုတ်ချနေပြီ ဖြစ်ပါတယ်။

လောလောဆယ် လူတွေ အမေးအများဆုံး ကိစ္စက ရုရှားနိုင်ငံရေး ဩဇာကို နက်နက်ရှိုင်းရှိုင်း ချုပ်ကိုင်ထားတဲ့ ပူတင်ရဲ့ ဩဇာကို တိုက်ရိုက်ကျကျ စိန်ခေါ်ပြီး ထောင်ထားခြားနားလာတဲ့ ပရစ်ဂေါ့ဇင်ဆိုတာ ဘယ်လိုလူစားလဲ ဆိုတာပါပဲ။ သူဟာ ထောင်ထွက် ရာဇဝတ်သားဟောင်း၊ စိတ်ကြမ်းလူကြမ်း ပုဂ္ဂိုလ်တစ်ယောက်ဖြစ်ပြီး ပူတင်နဲ့ ရင်းနှီးတဲ့ ဆက်ဆံရေးတွေကြောင့် ပြည်တွင်းမှာ ဩဇာကြီးမားတဲ့ လုပ်ငန်းရှင်တစ်ဦး ဘဝကို လျင်လျင်မြန်မြန် တက်လှမ်းလာပါတယ်။ သူထူထောင်ထားတဲ့ Wagnerဆိုတာ အမေရိကန်ရဲ့ စစ်ကန်ထရိုက် အဖွဲ့တွေနဲ့ ဆင်တူတဲ့ ကြေးစားစစ်တပ် တစ်ခုပါပဲ။ Wagnerတွေမှာ လူအင်အား ၅၀၀၀၀ ကျော်လောက်ထိ ရှိမယ်လို့ ယုံကြည်ရပြီး အလုပ်လက်မဲ့ ဖြစ်နေတဲ့ နိုင်ငံတကာ စစ်သားဟောင်းတွေ၊ အကျဉ်းထောင်တွေထဲမှာ နှစ်ရှည်ပြစ်ဒဏ် စီရင်ခံထားရတဲ့ လူဆိုးလူမိုက် အကျဉ်းသားတွေကို အဓိက အခြေပြု ဖွဲ့စည်းထားပါတယ်။

Public Service Announcement

Public Service Announcement

ပုန်ကန်မှု စတင်ပြီး သူ့တပ်သားတွေက ရော့စ်တော့ဗ် မြို့ထဲကို သံချပ်ကာ ယာဉ်တွေနဲ့ စီးနင်း ဝင်ရောက်ခဲ့ချိန်မှာ ပရစ်ဂေ့ါဇင်က သူ့လူတွေဟာ လိုအပ်ရင် အသေခံဖို့ အသင့်ရှိနေပြီလို့ ကြုံးဝါးခဲ့ပါတယ်။ ဒီစကားက မမှားပါဘူး။ Wagner အများစုဟာ သေမထူး၊ နေမထူး ကြေးစား တိုက်ခိုက်ရေးသမားတွေပါ။ ဒါကြောင့် သေဖို့ အသင့်ဖြစ်နေတယ်ဆိုတဲ့ ပရစ်ဂေါ့ဇင်ရဲ့ စကားက မမှားတဲ့တိုင် သူရည်ညွှန်းသလို ယုံကြည်ချက်တွေ၊ ခံယူချက်တွေ ပြင်းပြလွန်းတာကြောင့်လည်း မဟုတ်ပြန်ဘူး။ Wagner စစ်သားတွေကိုက သာမန် လူသားစံနှုန်းတွေထက် ကျော်လွန်တဲ့ သွေးဆာမှုတွေ၊ သတ်ရဲသေရဲ စိတ်ဓာတ်တွေနဲ့ ထုဆစ်ထားကြတာပါ။

ပရစ်ဂေါ့ဇင်က Wagner အဖွဲ့အတွက် လူစုတဲ့ အခါမှာလည်း တွယ်တာစရာ လုံးဝ မရှိတဲ့သူမျိုး၊ ဒါမှမဟုတ် စာနာထောက်ထားစရာတွေနဲ့ မွန်းကျပ်နေတဲ့ သူမျိုးတွေကို ပစ်မှတ်ထားလေ့ ရှိတယ်လို့ လေ့လာသူတွေက သုံးသပ်ပါတယ်။ ထင်ရှားတဲ့ ဥပမာ တစ်ခုအဖြစ် ရုရှားစစ်မြေပြင်ကို ပို့ဖို့အတွက် Wagner အဖွဲ့သား လူသစ်တွေ စုဆောင်းတဲ့အခါ ရုရှား အကျဉ်းထောင်တွေကို လှည့်ပြီး ဆိုးပေ့၊ ကြမ်းပေ့ဆိုတဲ့ နှစ်ရှည် ထောင်သားတွေကို လိုက်စည်းရုံးပါတယ်။ ထောင်ထဲမှာ အကြာကြီးနေမလား၊ အန္တရာယ်များလှတဲ့ ရှေ့တန်းမှာ ခြောက်လလောက် အမှုထမ်းပြီး လွတ်လပ်ခွင့်နဲ့ လဲယူမလား ဆိုတာမျိုးတွေ ပရစ်ဂေါ့ဇင်က အပေးအယူလုပ်တယ်။ ဒီလိုနဲ့ နှစ်ရှည် အကျဉ်းကျနေသူတွေက အသက်ကို လောင်းကြေးထပ်ပြီး Wagnerထဲ ရောက်လာတယ်။ ဒါ့အပြင် အာဖဂန် နစ္စတန်မှာ တာလီဘန်တွေ အာဏာသိမ်းလိုက်တဲ့နောက် နိုင်ငံစုံကို ထွက်ပြေးပြီး မိသားစု စားဝတ်နေရေးအတွက် စိတ်ပူနေရတဲ့ အစိုးရ စစ်တပ် ကွန်မန်ဒိုဟောင်းတွေလို ငွေကြေး ကျပ်တည်းနေတဲ့ စီးပွားရေးသမားဟောင်းတွေကိုလည်း သူက ဆက်သွယ် စည်းရုံးခဲ့ပြန်တယ်။ ဆီးရီးယား စစ်မြေပြင်လိုမျိုး ရုရှား အစိုးရ ပါဝင်စွက်ဖက်တဲ့ ပြည်ပ စစ်ပွဲတွေမှာ ပါဝင် တိုက်ခိုက်ပေးခဲ့တာကြောင့် Wagnerတွေဆီဟာ ရုရှား အာဏာပိုင်တွေဆီက စစ်လက်နက် အထောက်အပံ့ ကောင်းကောင်းတွေလည်း ရထားတယ်။

ဒါပေမဲ့ ယူကရိန်း စစ်မြေပြင်မှာ Wagnerတွေက ရုရှားတပ်တွေဖက်က ကူညီ တိုက်ခိုက်ပေးခဲ့တဲ့ အချိန်မှာတော့ ပရစ်ဂေါ့ဇင်နဲ့ ရုရှားစစ်တပ် အကြီးအကဲတွေကြား အက်ကွဲကြောင်းတွေ စပေါ်လာပါတယ်။ ရုရှားတပ်တွေ အကြိမ်ကြိမ် တပ်လန်ခဲ့တဲ့ ယူကရိန်းမြို့ ဘက်ခ်မတ်ရဲ့ ခံစစ်စည်းဟာ Wagnerတွေ ဦးဆောင်တဲ့ စစ်ဆင်ရေးကျမှ ကျိုးပေါက်ခဲ့တယ်။ ဘက်ခ်မတ်မြို့ ရုရှားလက် ကျရောက်ခဲ့ခြင်းဟာ စစ်ပွဲတလျှောက် လပေါင်းများစွာ တောက်လျှောက် အထိနာနေခဲ့တဲ့ ရုရှားအတွက် ရှားရှားပါးပါး သိက္ခာတက်စရာ ကိစ္စလို့ သတ်မှတ်နိုင်ပါတယ်။ ဖြစ်ချင်တော့ ဘက်ခ်မတ်မြို့သိမ်း တိုက်ပွဲကို ဦးဆောင်ခဲ့တဲ့ ရုရှားစစ်တပ် မဟုတ်ဘဲ ပရစ်ဂေါ့ဇင်နဲ့ Wagnerတွေဆိုတာ တစ်လောကလုံးက သိနေတယ်။

Wagner ကြေးစားတပ်က အာဏာသိမ်းဖို့ ကြံနေကြောင်း ရုရှားစစ်တပ် စွပ်စွဲ၊ လုံခြုံရေး အစီအမံတွေ အားဖြည့်
Wagner ကြေးစားတပ်က အာဏာသိမ်းဖို့ ကြံနေကြောင်း ရုရှားစစ်တပ် စွပ်စွဲ၊ လုံခြုံရေး အစီအမံတွေ အားဖြည့်

အဲဒီစစ်ပွဲမှာ ရုရှားစစ်တပ်က ပညာပြပြီး Wagner အဖွဲ့အတွက် လိုအပ်တဲ့ ခဲယမ်းမီးကျောက်၊ လက်နက်ကြီး ကျည်ဆန်တွေကို အချိန်မီ မပို့ဆောင်ခဲ့တာကြောင့် သူ့တပ်သားတွေ မသေသင့်ဘဲ အများကြီး သေဆုံးခဲ့ရတယ်လို့ ပရစ်ဂေါ့ဇင်က လူသိရှင်ကြား ဝေဖန်ခဲ့တယ်။ ရုရှား ကာကွယ်ရေးဝန်ကြီး ဆာဂျီရွှိုင်ဂူနဲ့ စစ်ဗိုလ်ချုပ်တွေက ပူတင်ကို ဝိုင်းလိမ်နေကြတယ် ဆိုတဲ့ သဘောမျိုးထိ စွပ်စွဲခဲ့တယ်။ ဒီလိုနဲ့ Wagnerနဲ့ ရုရှားစစ်တပ်ကြား ပါဝါလွန်ဆွဲမှုက ပြီးခဲ့တဲ့ လပိုင်းတွေအတွင်း တရိပ်ရိပ် ပိုဆိုးလာတယ်။

တစ်ဖက်မှာလည်း Wagnerရဲ့ အောင်မြင်မှုတွေနဲ့အတူ ပရစ်ဂေါ့ဇင်ရဲ့ ဂုဏ်သိက္ခာနဲ့ ဩဇာညောင်းမှု ကြီးထွားလာခြင်းက ပူတင်နဲ့ ကရင်မလင်က ပုဂ္ဂိုလ်တွေကို စိုးရိမ်လာစေတယ်။ ပရစ်ဂေါ့ဇင်ကလည်း ယူကရိန်း စစ်မြေပြင်မှာ သူ့တပ်တွေ အောင်မြင်လာတာကို အကြောင်းပြုပြီး အခွင့်အရေးတစ်ခုအဖြစ် အသုံးချနိုင်ဖို့ အချိန်စောင့်နေခဲ့ဟန် တူပါတယ်။ အခုတော့ အဲဒီ အချိန်ကာလကို တကယ်ရောက်လာပါပြီ။ သူ့တပ်တွေ ရှိနေတဲ့ စစ်စခန်းကို ရုရှား စစ်တပ်က ဒုံးကျည်နဲ့ တိုက်ခိုက်လို့ သူ့အဖွဲ့သားတွေ သေဆုံးခဲ့ကြောင်း၊ ဒီအတွက် တရားမျှတမှုကို ရှာဖွေဖို့ မော်စကိုထိ ချီတက်ပြီး ရုရှား စစ်ဦးစီးတွေကို ဖြုတ်ချဖို့ စိတ်ပိုင်းဖြတ်ထားကြောင်း ပရစ်ဂေါ့ဇင်က ကြုံးဝါးရင်း ပုန်ကန်မှုကို အစပြုခဲ့ပါတယ်။ ရုရှား စစ်တပ်ကတော့ Wagnerတွေကို လုံးဝ မတိုက်ခိုက်ခဲ့ဘူးလို့ ငြင်းပြီး ပရစ်ဂေါ့ဇင်ကသာ လက်နက်ကိုင် ပုန်ကန်ပြီး အာဏာသိမ်းဖို့ ကြံစည်နေတာဖြစ်ကြောင်း တန်ပြန် စွပ်စွဲပါတယ်။

ရုရှားရဲ့ စစ်ရေး အတွင်းသတင်းတွေနဲ့ အနီးကပ် ထိတွေ့ နားလည်ထားသူ တစ်ဦးရဲ့ ပုန်ကန်မှုဟာ ပူတင်အတွက် အရမ်း အန္တရာယ် ကြီးပါတယ်။ အထူးသဖြင့် တိုက်ခိုက်ရေး တပ်တွေကို ရှေ့တန်းစေလွှတ်ပြီး အားဖြည့်ထားရတဲ့ အခြေအနေမှာ တိုက်ရည်ခိုက်ရည် ပြည့်ဝတဲ့ Wagnerတွေရဲ့ ထိုးဖောက်လာမှုကို မြို့စောင့်တပ်တွေက ခုခံနိုင်ဖို့ မလွယ်ပါဘူး။ ပရစ်ဂေါ့ဇင်နဲ့ သူ့လူတွေဟာ ရက်ပိုင်းအတွင်း မော်စကို ဆင်ခြေဖုံးမှာ တံခါးလာခေါက်နိုင်ခြေ ရှိနေပါပြီ။

ပူတင်ကတော့ သူ့ရဲ့ မဟာမိတ်ဟောင်းကို လုံးဝဥဿုံ စိမ်းကားပြတ်တောက်လိုက်ပြီဖြစ်ပြီး ပုန်ကန်မှုကို ရည်ရွယ်ချက်ရှိရှိ ကျူးလွန်သူတိုင်းကို ခြွင်းချက်မရှိ အပြစ်ပေးသွားမယ်လို့ ပြောကြားထားပါတယ်။ ရည်မှန်းချက် ကြီးမားမှုနဲ့ အကျိုးစီးပွားအတွက် အလိုကြီးမှုတွေက သစ္စာဖောက်တွေကို မွေးထုတ်ပေးနေတယ်လို့လည်း ပူတင်က ဆိုတယ်။ ပရစ်ဂေါ့ဇင်ကလည်း Wagnerတွေဟာ သစ္စဖောက်တွေ မဟုတ်ဘဲ မိခင် ရုရှားနိုင်ငံတော်ကြီးကို အဂတိမှုတွေနဲ့ မရိုးဖြောင့်မှုတွေကြားက ကယ်တင်ပေးမယ့် မျိုးချစ်တွေသာ ဖြစ်တယ်လို့ တုံ့ပြန်ခဲ့တယ်။ ပြီးတော့ သူ့ရဲ့ ရည်မှန်းချက်က သမ္မတကို ဖြုတ်ချပြီး အာဏာသိမ်းဖို့ မဟုတ်ဘဲ မကောင်းဆိုးရွား စစ်တပ် အကြီးအကဲတွေဆီက တရားမျှတမှုကို ဆောင်ယူဖို့သာ ဖြစ်တယ်လို့လည်း ပြောပါသေးတယ်။ ဒါပေမဲ့ သမ္မတ တစ်ယောက်ကို သစ္စာခံတဲ့ စစ်တပ် အကြီးအကဲ အားလုံးကို ဖယ်ရှားပစ်မယ် ဆိုကတည်းက အဲဒီသမ္မတကို ဩဇာအာဏာ မဲ့သွားအောင် လုပ်တဲ့ အဓိပ္ပါယ်ပဲ ဖြစ်ပါတယ်။

မြေပြင်က အခြေအနေတွေကို တိတိကျကျ သိဖို့ မလွယ်သေးပေမယ့် Wagnerတွေ ချီတက်ရာ လမ်းကြောင်းတွေကို ရုရှား စစ်တပ်က တိုက်ခိုက်ရေး ရဟတ်ယာဉ်တွေ အသုံးပြုပြီး ဖြတ်တောက်ဖို့ ကြိုးစားနေတယ်လို့တော့ ယုံကြည်ရလောက်တဲ့ သတင်းတွေ ကြားနေရပါတယ်။ ဒါကလည်း Wagnerတွေကို ရုရှားရဲ့ မြို့စောင့်တပ်တွေက မြေပြင်တိုက်ပွဲမှာ ယှဉ်ဖို့ မဖြစ်နိုင်လို့​ လေကြောင်းစိုးမိုးမှုမှာ အသာစီးယူဖို့ ကြိုးစားနေတာ ဖြစ်နိုင်ပါတယ်။

အခုတော့ ယူကရိန်း၊ အမေရိကန်နဲ့ အနောက်မဟာမိတ် နိုင်ငံတွေက ရုရှားရဲ့ မျှော်လင့်မထားတဲ့ နိုင်ငံရေး အပြောင်းအလဲကို စိတ်ဝင်တစား စောင့်ကြည့်နေပါတယ်။ ဒီပြဿနာဟာ ယူကရိန်းရဲ့ ထိုးစစ်ကို ခုခံနေရတဲ့ ရှေ့တန်းရောက် ရုရှားတပ်သားတွေကို စိတ်ဓာတ်ရေးရာအရ ထိခိုက်စေမယ်ဆိုတာ သံသယရှိဖို့ မလိုပါဘူး။ သူတို့က အသက်ပေးပြီး တိုက်ပွဲဝင်နေချိန် နောက်ကွယ်မှာ နိုင်ငံရဲ့ အခြေအနေက ရှုပ်ရှုပ်ထွေးထွေးတွေ ဖြစ်နေတာပါ။

ရုရှားရဲ့ ထိုးစစ်အရှိန် ကျသွားခဲ့တဲ့ လပိုင်းတွေတုန်းက ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက မှတ်ချက်ပေးခဲ့တာတစ်ခု ရှိခဲ့ဖူးပါတယ်။ ယူကရိန်းကို ကျူးကျော်ဖို့အတွက် ပူတင်ဟာ ရှိသမျှ ပုံအောပြီး လောင်းကြေး ထပ်ခဲ့တာလို့ ယူဆနိုင်ကြောင်း၊ စစ်ပွဲမှာ အောင်မြင်မှုသာ မရခဲ့ဘူးဆိုရင် သူ့ရဲ့ အနီးစပ်ဆုံး အင်အားစုတွေကပဲ သစ္စာဖောက်ပြီး ပူတင်ကို အစိမ်းလိုက် ဝါးစားမှာဖြစ်ကြောင်း ဇီလန်စကီးက ဆိုပါတယ်။ အခုတော့ ရှေ့ဖြစ်ဟောကိန်းက လက်တွေ့ မှန်ကန်မယ့် အရိပ်အယောင်တွေ မြင်လာရပါပြီ။

ပရစ်ဂေါ့ဇင်နဲ့ Wagner တပ်ဖွဲ့ရဲ့ ထောင်ထားခြားနားပြီး လက်နက်ကိုင် ပုန်ကန်လာမှုမှာ ပူတင် အနေနဲ့ အလျှော့ပေး ညှိနှိုင်းရတာမျိုး ရှိနိုင်သလို အင်အားသုံးပြီး အနိုင်ယူလိုက်နိုင်တာလည်း ဖြစ်ကောင်း ဖြစ်လာနိုင်ပါတယ်။ ဒါပေမဲ့ ဒီလို ပုန်ကန်မှုမျိုး ဖြစ်လာပြီ ဆိုကတည်းကိုက ပူတင်အတွက် အခြေအနေ မကောင်းတော့ပါဘူး။ ရုရှားမှာ ဘယ်သူမှ မထိရဲတဲ့၊ မော်မကြည့်ရဲခဲ့တဲ့၊ စိန်မခေါ်ရဲခဲ့တဲ့ သူ့ရဲ့ ပုံရိပ်ဟာ လုံးဝဥဿုံ ပျက်စီးသွားခဲ့ပါပြီ။ ဒီပွဲမှာ သူနိုင်ခဲ့မယ် ဆိုရင်တောင် နောက်ထပ် ပရစ်ဂေါ့ဇင်တွေ၊ နောက်ထပ် ပုန်ကန်သူတွေ အချိန်မရွေး ပေါ်လာနိုင်သေးတယ်ဆိုတဲ့ ဖိစီးမှုက ပူတင်ကို တစ်ချိန်လုံး ကြီးစိုး ခြိမ်းခြောက်နေတော့မှာ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အစောပိုင်းမှာ ရုရှား ကာကွယ်ရေး ဝန်ကြီးဌာနက ရုရှားတပ်တွေဟာ အက်ဗ်ဒစ်ဗ်ကာ မြောက်ဖက် ၁၀ ကီလိုမီတာ အကွာမှာရှိတဲ့ နိုဗိုဘက်ခ်မူတစ်ဗ်ကာ ကျေးရွာကို သိမ်းပိုက်နိုင်ခဲ့ကြောင်း ထုတ်ပြန်ခဲ့ပါတယ်။

နိုင်ငံတကာ

BBCရဲ့ အဆိုအရ စစ်ပွဲမှာ ရုရှား စစ်သည် ၅၀၀၀၀ ကျော် သေဆုံးခဲ့ပြီးဖြစ်ကြောင်း၊ ဒါဟာ ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလတုန်းက နောက်ဆုံးအကြိမ်အဖြစ် တရားဝင် ထုတ်ပြန်ခဲ့တဲ့ အသေအပျောက် စာရင်းထက် ၈ ဆ ပိုများနေတာဖြစ်ကြောင်း သိရပါတယ်။

နိုင်ငံတကာ

IAEAဟာ အရင်ကတည်းက ဇာပေါ့ရစ်ဇီရာ ဓာတ်အားပေးစက်ရုံ တိုက်ခိုက်ခံရနိုင်တဲ့ အခြေအနေနဲ့ ပတ်သက်ပြီး နှစ်ဖက်စလုံးကို အကြိမ်ကြိမ် သတိပေးခဲ့ဖူးပါတယ်။

နိုင်ငံတကာ

ရုရှားဖက်ကတော့ လေတပ်စခန်း တိုက်ခိုက်ခံရတယ် ဆိုတာကို ငြင်းဆိုပြီး ရော့စတော့ဗ်အပြင် အနီးတဝိုက် ဒေသတွေကို ကျူးကျော်လာတဲ့ ရန်သူဒရုန်း ၄၀ ကျော်ကို အကုန်အစင် ကြားဖြတ် ပစ်ချနိုင်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။