Connect with us

Hi, what are you looking for?

LuduNwayOo

နိုင်ငံတကာ

ကြေးစားတပ်ရဲ့ ပုန်ကန်မှုကြောင့် ပူတင် မော်စကို မြို့တော်ကနေ တိမ်းရှောင်နေတယ်လို့ ကောလာဟလတွေ ထွက်ပေါ်နေ

ရုရှား စစ်ဦးစီးတွေကို ဖြုတ်ချမယ်လို့ ကြုံးဝါးပြီး Wagner ကြေးစားတပ်ဖွဲ့က မြို့တော် မော်စကိုဆီ ဦးတည် ချီတက်ဖို့ ကြိုးစားလာတဲ့နောက် ပူတင်ဟာ လုံခြုံရေးအရ ကရင်မလင် နန်းတော်ကို စွန့်ခွာသွားပြီဆိုတဲ့ ထင်ကြေးသတင်းတွေ စတင် ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

ကြေးစားတပ်ရဲ့ ပုန်ကန်မှုကြောင့် ပူတင် မော်စကို မြို့တော်ကနေ တိမ်းရှောင်နေတယ်လို့ ကောလာဟလတွေ ထွက်ပေါ်နေ
ကြေးစားတပ်ရဲ့ ပုန်ကန်မှုကြောင့် ပူတင် မော်စကို မြို့တော်ကနေ တိမ်းရှောင်နေတယ်လို့ ကောလာဟလတွေ ထွက်ပေါ်နေ

ရုရှားစစ်တပ်ကို ပစ်မှတ်ထားတဲ့ လက်နက်ကိုင် ပုန်ကန်မှုတစ်ခု ကြုံလာတဲ့နောက် ရုရှား သမ္မတ ဗလာဒီမာ ပူတင်ဟာ မော်စကို မြို့တော်ကို စွန့်ခွာပြီး တိမ်းရှောင်နေကြောင်း ကောလာဟလတွေ ပျံ့နှံ့လာပါတယ်။

ရုရှား စစ်ဦးစီးတွေကို ဖြုတ်ချမယ်လို့ ကြုံးဝါးပြီး Wagner ကြေးစားတပ်ဖွဲ့က မြို့တော် မော်စကိုဆီ ဦးတည် ချီတက်ဖို့ ကြိုးစားလာတဲ့နောက် ပူတင်ဟာ လုံခြုံရေးအရ ကရင်မလင် နန်းတော်ကို စွန့်ခွာသွားပြီဆိုတဲ့ ထင်ကြေးသတင်းတွေ စတင် ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

ရုရှား အစိုးရ ပြောရေးဆိုခွင့်ရ အရာရှိ ဒီမစ်ထရီ ပက်စ်ကော့ဗ်က သမ္မတဟာ ကရင်မလင်မှာ ရှိနေပြီး အစိုးရ လုပ်ငန်းတာဝန်တွေကို ကြီးကြပ်နေဆဲလို့ ပြောပေမယ့် မျက်မြင်တချို့က ပူတင်ရဲ့ သမ္မတ စီးတော်လေယာဉ်ဟာ ဇွန်လ ၂၄ ရက်မှာ မော်စကိုကနေ ပျံသန်း ထွက်ခွာသွားတာ တွေ့လိုက်ကြောင်း လူမှုကွန်ရက် မီဒီယာမှာ ရေးသား ဖော်ပြမှုတွေ ပျံ့နှံ့နေပါတယ်။ ကမ္ဘာ့လေကြောင်းပျံသန်းမှု လမ်းကြောင်းတွေကို ခြေရာခံ စောင့်ကြည့်တဲ့ FlightRadarကလည်း အထူးလေယာဉ် Il-96-300PUဟာ နိုင်ငံ အနောက်မြောက်ပိုင်းဆီ ပျံသန်း ထွက်ခွာသွားကြောင်း အတည်ပြုထားပါတယ်။ လေယာဉ်ဟာ တဗာမြို့နားမှာ ရေဒါ ထောက်လှမ်းမှုကနေ ပျောက်ကွယ်သွားတယ်လို့ ဆိုပါတယ်။

လက်ရှိ အချိန်မှာတော့ Wagner တပ်ဖွဲ့တွေဟာ မော်စကို မြို့တော်နဲ့ ၁၂ နာရီ ခရီးလောက်သာ ကွာလှမ်းတဲ့ ဗိုရိုနက်ဇ် မြို့ထဲထိ ထိုးဖောက် ဝင်ရောက်နေပြီ ဖြစ်ပါတယ်။ နောက်ပြီး ချီတက်လာတဲ့ Wagner သံချပ်ကာ ယာဉ်တွေကို ရုရှား တိုက်ခိုက်ရေး ရဟတ်ယာဉ်တွေက ကြားဖြတ် ဟန့်တားဖို့ ကြိုးစားရင်း နှစ်ဖက်ကြား ထိတွေ့ တိုက်ပွဲတချို့ ဖြစ်ပွားနေပါတယ်။

Public Service Announcement

Public Service Announcement

Wagnerတွေဟာ ယူကရိန်းကနေတဆင့် နယ်စပ်ကို ဖြတ်ကျော်ပြီးတဲ့နောက် ရုရှားတောင်ပိုင်းက ရော့စ်တော့ဗ်အွန်ဒွန်မြို့ကို ခပ်မြန်မြန် သိမ်းယူနိုင်ခဲ့ပါတယ်။ အဲဒီကနေတဆင့် မော်စကိုမြို့တော် အနောက်ခြမ်းဆီ Wagner တပ်တွေက ဦးတည် ချီတက်နေတာ ဖြစ်ပါတယ်။

Wagnerတွေဟာ ယူကရိန်း စစ်ပွဲမှာ ရုရှားအတွက် ကူညီ တိုက်ခိုက်ခဲ့ပေမယ့် နောက်ပိုင်းမှာတော့ ကြေးစားတပ်ရဲ့ ခေါင်းဆောင် ယီဗ်ဂျီနီ ပရစ်ဂေါ့ဇင်နဲ့ ရုရှား စစ်တပ် အကြီးအကဲတွေကြား သဘောထား ကွဲလွဲမှုတွေ နက်နက်ရှိုင်းရှိုင်း ဖြစ်ပေါ်လာပါတယ်။ အခုသီတင်းပတ်ကုန်မှာတော့ ပရစ်ဂေ့ါဇင်က ရုရှားစစ်တပ်ဟာ Wagner စခန်းတစ်ခုကို ဒုံးကျည်နဲ့ တိုက်ခိုက်ခဲ့လို့ သူ့အဖွဲ့သားတွေ သေဆုံးတယ်လို့ စွပ်စွဲပြီး မော်စကိုမြို့တော်ဆီ စတင် ချီတက်လာတာ ဖြစ်ပါတယ်။ ရုရှား စစ်တပ်ကတော့ ဒီကိစ္စကို ငြင်းဆိုပြီး ပရစ်ဂေါ့ဇင်ဟာ လက်နက်ကိုင် ပုန်ကန်ပြီး အာဏာသိမ်းဖို့ ကြိုးစားနေတာလို့ စွပ်စွဲပါတယ်။ ပရစ်ဂေါ့ဇင်ကတော့ သူဟာ အာဏာသိမ်းဖို့ လုံးဝ မရည်ရွယ်ဘဲ ရုရှားစစ်တပ်ရဲ့ မကောင်းဆိုးရွား စစ်ဦးစီးတွေကို ဖြုတ်ချဖို့သာ ရည်ရွယ်တယ်လို့ ပြောပါတယ်။

အစောပိုင်းက ပရစ်ဂေါ့ဇင်နဲ့ နီးစပ်တဲ့ ဆက်ဆံရေးမျိုး ရှိခဲ့ပေမယ့် ပူတင်ဟာ အခုအခါမှာတော့ Wagner တပ်ဖွဲ့ အကြီးအကဲကို သစ္စာဖောက်အဖြစ် အတိအလင်း စွပ်စွဲလိုက်ပါတယ်။ လွန်ကဲတဲ့ ရည်မှန်းချက်တွေနဲ့ များမြောင်လှတဲ့ အကျိုးစီးပွားတွေက သစ္စဖောက်မှုဆီ တွန်းအားပေးစေတယ်လို့ ပူတင်က ဆိုပါတယ်။ သစ္စဖောက်တို့ရဲ့ လမ်းကို ရည်ရွယ်ချက်ရှိရှိ ရွေးချယ်သူတွေ၊ လက်နက်ကိုင် ပုန်ကန်ခြားနားသူတွေ၊ အကြမ်းဖက် နည်းလမ်းတွေကို အသုံးပြုပြီး အကျပ်ကိုင်ဖို့ ကြိုးစားသူတွေ အားလုံးဟာ မလွှဲမရှောင်နိုင်တဲ့ ပြစ်ဒဏ်မျိုး သေချာပေါက် ရင်ဆိုင်ရစေမယ်လို့ ပူတင်က ရုပ်မြင်သံကြားကနေတဆင့် မိန့်ခွန်းပြောသွားပါတယ်။

ယူကရိန်း စစ်မြေပြင်မှာ အကျပ်အတည်းတွေ ကြုံနေပြီး ယူကရိန်းရဲ့ တန်ပြန်ထိုးစစ်နဲ့ ရင်ဆိုင်နေရချိန်မှာ ပူတင်တစ်ယောက် ကိုယ်မွေးတဲ့မျောက် ကိုယ့်ပြန်ခြောက်တဲ့ အခြေအနေမျိုးပါ ရင်ဆိုင်လာရတာ ဖြစ်ပါတယ်။ ပူတင်က Wagner တပ်ဖွဲ့ဝင်တွေကို လက်နက်ချဖို့ ပြောပေမယ့် ပရစ်ဂေါ့ဇင်ကတော့ ပူတင်ဟာ သစ္စာဖောက်ခြင်းနဲ့ ပတ်သက်ပြီး အင်မတန် မှားယွင်းတဲ့ စွပ်စွဲချက်မျိုး လုပ်နေတယ်လို့ တုံ့ပြန်ခဲ့ပါတယ်။ သူနဲ့ သူ့အဖွဲ့သားတွေဟာ မိခင် ရုရှားနိုင်ငံကို စောင့်ရှောက်တဲ့ မျိုးချစ် ပုဂ္ဂိုလ်တွေဖြစ်ပြီး ရုရှားရဲ့ အကျိုးအတွက် တိုက်ပွဲဝင်နေကြကြောင်း၊ ရုရှားနိုင်ငံကို အဂတိ ထူပြောမှုတွေ၊ မရိုးဖြောင့်မှုတွေထဲမှာ မျက်နှာဆက်ပြီး လွှဲမထားနိုင်တော့ကြောင်း ပရစ်ဂေါ့ဇင်က ဆိုပါတယ်။

နှစ်ဖက် တင်းမာမှုတွေ မြင့်တက်နေသလို Wagner တပ်ဖွဲ့တွေက မော်စကို မြို့တော်ကိုပါ ခြိမ်းခြောက်စ ပြုလာတဲ့ အချိန်မှာတော့ ရုရှားစစ်တပ်နဲ့ ကြေးစားတပ်ဖွဲ့ကြား ဆွေးနွေးညှိနှိုင်းဖို့ စကားကမ်းလှမ်းမှုတွေ ရှိနေကြောင်းလည်း သတင်းတွေ ထွက်ပေါ်နေပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်လို့ နှစ်ဖက်စလုံးက ဘာမှတ်ချက်မှ မပေးသေးပါဘူး။

အမေရိကန်နဲ့ ယူကရိန်း အစိုးရတွေကတော့ ရုရှားမှာ ဖြစ်ပျက် ပြောင်းလဲနေတဲ့ အခြေအနေတိုင်းကို အလေးအနက် လေ့လာ စောင့်ကြည့်နေတယ်လို့ ပြောပါတယ်။

ပရစ်ဂေါ့ဇင်ရဲ့ Wagner တပ်ဖွဲ့မှာ စစ်မှုထမ်းဟောင်းတွေ၊ နိုင်ငံတကာက ကြေးစားစစ်သားတွေနဲ့ လွတ်လပ်ခွင့်နဲ့ စစ်မှုထမ်း ဘဝကို လဲလှယ်ထားတဲ့ ရုရှား အကျဉ်းသားတွေ ထောင်သောင်းချီ စုဖွဲ့ထားပါတယ်။ Wagner တပ်ဖွဲ့ဟာ ယူကရိန်း စစ်ပွဲမှာ အကြမ်းဆုံး အရမ်းဆုံး လက်နက်ကိုင် အင်အားစု တစ်ခုအဖြစ် နာမည်ဆိုးနဲ့ ကျော်ဇောခဲ့သလို ရုရှားစစ်တပ် ဘယ်လိုမှ မသိမ်းပိုက်နိုင်တဲ့ ဘက်ခ်မတ်မြို့ကို ယူကရိန်းဆီကနေ အရသိမ်းယူပြခဲ့တဲ့နောက် ပြည်တွင်းမှာ ပရစ်ဂေါ့ဇင်က အတော်ကြီး သိက္ခာတက်လာသလို နောက်ဆက်တွဲအဖြစ် ရုရှားစစ်တပ်ကို အတိအလင်း စိန်ခေါ်တဲ့ထိ ဖြစ်လာကြောင်း လေ့လာသူတွေက သုံးသပ်ထားကြပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တရားရုံး ထုတ်ပြန်ချက်မှာတော့ သံသယ တရားခံ ၄ ဦးထဲက တာဂျစ်ကစ္စတန် နိုင်ငံသား မာဇိုယက်ဗ်ဟာ အကြမ်းဖက် တိုက်ခိုက်မှုကို ကိုယ်ထိလက်ရောက် ကျူးလွန်ခဲ့တယ်ဆိုတာ ဝန်ခံထားပြီး ဖြစ်တယ်လို့ ပါရှိခဲ့ပါတယ်။

နိုင်ငံတကာ

ပူတင်ကတော့ အရမ်းဝါကြွားပြနေတာမျိုး အခြေအနေကို ရှောင်ရှားခဲ့ပေမယ့် အွန်လိုင်းက မဲပေးသူ ၈ သန်းရှိခဲ့တဲ့ ရုရှား ရွေးကောက်ပွဲဟာ အမေရိကန်ထက်တောင် ခေတ်မီသေးတယ်လို့ ပြောကြားသွားပါတယ်။

သတင်း

သေဆုံးသူရဲ့ လုပ်ငန်း အခြေအနေနဲ့ တခြား အသေးစိတ် အချက်အလက်တွေကို သိရှိဖို့ ဘန်ကောက် ရဲတပ်ဖွဲ့ဟာ မြန်မာသံရုံးနဲ့ ချိတ်ဆက် စုံစမ်းမှုတွေ ဆက်လက်လုပ်ဆောင်နေတယ်လို့လည်း သိရပါတယ်။

သတင်း

လက်ရှိအချိန်ဟာ မိုးကုတ်ဆီ ခရီးသွားလည်ပတ်မှု များပြားတဲ့ ရာသီဖြစ်ပေမယ့် နယ်မြေအခြေအနေတွေကြောင့် လည်ပတ်သူ နည်းပါးနေတယ်လို့လည်းသိရပါတယ်။