Connect with us

Hi, what are you looking for?

LuduNwayOo

ဆောင်းပါး

“မြို့​မန္တ​​လေးနဲ့ စစ်ကိုင်းလမ်း တစ်ဖြတ်”

ကျုံးတောင်ဘက်တွင်တော့ စျေးဆိုင်ခန်းအားလုံးနီးပါး ပိတ်ထားသည်ကို တွေ့ရသည်။ ယခင်ကဆိလျှင် ကျူံးသို့လာရောက်သူများနှင့် စျေးဝယ်သူများ စည်းကားရာ နေရာမှာ ‌လက်ရှိတွင်တော့ ခြောက်ကပ်နေ၏။

(လူသွားလူလာရှင်းလင်းနေသော မုံရွာ-မန္တလေးလမ်းအား တွေ့ရစဥ်။ ။ဓာတ်ပုံ-People's Spring)
(လူသွားလူလာရှင်းလင်းနေသော မုံရွာ-မန္တလေးလမ်းအား တွေ့ရစဥ်။ ။ဓာတ်ပုံ-People's Spring)

မန္တလေး ကျွဲဆည်ကန်ယာယီကားကွင်းကိုရောက်တော့နံနက် ၅ နာရီဝန်းကျင်။ ရန်ကုန်မှ ည ၈ နာရီကားဖြင့် ထွက်လာခြင်းဖြစ်သည်။ အာဏာသိမ်းကာလတလျှောက်လုံး ညမထွက်ရအမိန့်ထုတ်ခဲ့သဖြင့် ယခင်ကတော့ ရန်ကုန်-မန္တလေးကားတွေက လမ်းမှာတင်ညအိပ်ရသည်။ ရန်ကုန်၊ မန္တလေး မြို့တွေကို လင်းမှသာရောက်သည်။ ယခုတော့ ညမထွက်အမိန့်ပြန်ရုပ်ထား၍ မိုးမလင်းခင် မန္တလေးရောက်လာခြင်းဖြစ်သည်။

မနက် ၆ နာရီလောက်မှာ မန္တလေးမြို့ထဲက သူငယ်ချင်းက ဆိုင်ကယ်ဖြင့် လာကြိုသည်။မြို့ထဲရောက်တော့ လက်ဖက်ရည်ဆိုင်တစ်ဆိုင် ထိုင်ဖြစ်သည်။ မန္တလေးက လက်ဖက်ရည်ဆိုင်တွေ ခေတ်ပျက်ချိန်မှာမှ ခမ်းနားကြီးကျယ်လွန်းနေသည်။

မ​ရောက်တာကြာ၍ မန္တလေးမြို့၏ အထင်ကရဖြစ်သော ကျုံးဆီသို့ ရောက်ဖြစ်တော့ မြင်ရသည့်မြင်ကွင်းမှာ စစ်တပ်အာဏာသိမ်းစလိုပင် မဟုတ်တော့။

ကျုံးတောင်ဘက်တွင်တော့ စျေးဆိုင်ခန်းအားလုံးနီးပါး ပိတ်ထားသည်ကို တွေ့ရသည်။ ယခင်ကဆိလျှင် ကျူံးသို့လာရောက်သူများနှင့် စျေးဝယ်သူများ စည်းကားရာ နေရာမှာ ‌လက်ရှိတွင်တော့ ခြောက်ကပ်နေ၏။

Public Service Announcement

Public Service Announcement

“လုံခြုံရေးကြောင့် ပိတ်ထားတာ”ဟု မန္တလေးမြို့ခံ တစ်ဦးက ဆိုသည်။ ကျုံးအ‌ရှေ့ဘက်တွင်တော့ စစ်ကောင်စီတပ်သား လေး၊ငါးဦးမှာ သေနတ်ကိုင်ဆောင်ထားပြီး လုံခြုံရေးယူထားသည်ကို တွေ့ရသည်။

မြို့လယ်ရှိ ရွှေဆိုင်ကြီးတွေရှေ့ ကားတွေဆိုင်ကယ်တွေတစ်ခဲနေတာတွေ့ရသည်။ သို့သော် ဆိုင်တံခါးကတော့ ပိတ်ထားသည်။ ဆိုင်ရှေ့မှာလည်း အရောင်းဝန်ထမ်းကော လုံခြုံရေးဝန်ထမ်းတွေပါအပြည့်။

“ရွှေဆိုင်တွေက ပိတ်ထားတာလား။”ဟုမေးတော့ မိတ်ဆွေက ခေါင်းခါသည်။ “ခုတလော ခဏခဏဓားပြတိုက်ခံနေရလို့ ခုလိုအထပ်ထပ်ပိတ်ထားတာ။ ဘေးကနေပတ်ဝင်ရတာ။”ဟု ရှင်းပြသည်။ နိုဝင်ဘာလအတွင်းကပင် မန္တလေးမြို့လယ်ခေါင် မင်္ဂလာစျေးအနီးကရွှေဆိုင် ဓားပြတိုက်ခံရ၍ သိန်းသောင်းချီဆုံးရှုံးခဲ့ကြောင်း မိတ်ဆွေက ပြောပြသည်။

မိတ်ဆွေ၏ အိမ်က မြို့ထဲမှာဖြစ်သည်။ မန္တလေးနေ့ခင်းကတော့ သာမန်အတိုင်းစည်စည်ကားကားပင်။ မန္တလေးမြို့တွင်းလမ်းတွေမှာတော့ စစ်သားကော၊ ရဲကော၊ မော်တော်ပီကယ်ကောပါဝင်သည့် အဖွဲ့စုံစစ်ဆေးရေးအဖွဲ့တွေ မကြာမကြာမြင်တွေ့ရသည်။ ယာဥ်လိုင်စင်၊ လူလိုင်စင်မပါလျှင် ဆိုင်ကယ်ဦးထုပ်မဆောင်းလျှင် သောင်းချီဒဏ်ရိုက်သတဲ့။ ချလံမဖြတ်ချင်လည်း တစ်သောင်းနှစ်သောင်းနှင့် ညှိ၍ရသည်တဲ့။

ညဘက်မှာတော့ မန္တလေးကရုတ်ချည်းတိတ်ဆိတ်သွားသည်။ ည ၈ နာရီဝန်းကျင် လူမရှိတော့။ ညမထွက်အရမိန့်မရှိတော့ပေမယ့် ပေါ်တာဆွဲနေသည်ဆိုသည့်သတင်းကြောင့်ဟု မိတ်ဆွေက ပြောပြသည်။

“မန္တလေးကို အလည်လာတာဆိုရင် ည၈နာရီနောက်ပိုင်း မထွက်နဲ့တော့။ ထွက်လို့မကောင်းတော့ဘူး”ဟု စစ်ကောင်စီလက်အောက်ရှိရုံးဌာနတစ်ခု၌ အလုပ်လုပ်ကိုင်နေသူ Non-CDM ဝန်ထမ်းတစ်ဦးကလည်းပြောပါသည်။

မန္တလေးမှာအလုပ်ကိစ္စ​တွေပြီးတော့ ​နွေဦး​တော်လှန်​ရေးတွင် နမည်ကြီးလှသည့် စစ်ကိုင်းဘက်သို့ သူငယ်ချင်းဆိုင်ကယ်ဖြင့် သွားဖြစ်သည်။ ယခင်ကလည်း မန္တလေးတွင်အလုပ်လုပ်ခဲ့ဖူးပြီး နှစ်ရှည်နေခဲ့ဖူး၍ ဆိုင်ကယ်ကိုကျွမ်းကျင်စွာမောင်းတတ်သည်။ အညာသားမဟုတ်သော်ငြား စစ်ကိုင်းနှင့်မုံရွာဘက်သို့ ဆိုင်ကယ်တစ်စီးဖြင့် သွားလာခဲ့ဖူးသည်။

ရတနာပုံတံတားရောက်တော့ ဒေသအခေါ်နှာပေါက် (မီးရထားကုန်းကြီးအောက်) ဖြတ်ချိန် စစ်ဆေးရေးဂိတ်တွေကို တွေ့ရသည်။ တံတားပေါ်ကအဆင်းကောအတက်ပါ ကားများအားစစ်ဆေးနေသည်။ ဆိုင်ကယ်တော့စစ်တာမတွေ့ရ။

စစ်ကိုင်းတံတားအနောက်ခြမ်းကို ဆင်းလိုက်သည့်နှင့် စစ်ကောင်စီတပ်၏ စစ်ဆေးရေးဂိတ်ကို တန်းတွေ့ရသည်။ ကားတွေကိုစစ်ဆေးမေးမြန်းတာတွေရှိသော်လည်း ဆိုင်ကယ်တွေတော့စစ်ဆေးခြင်းမရှိ၍ ဆက်မောင်းလာခဲ့သည်။ စစ်ကိုင်းမြို့တွင်းမှာတော့ ယာဥ်သွားယာဥ်လာ ခပ်ကျဲကျဲသာတွေ့ရသည်။

စစ်ကိုင်းတံတားဆင်းပြီး သိပ်မကြာခင် ဖုန်းလာသည်။ စစ်ကိုင်းကမိတ်ဆွေနှင့်ချိန်းထား၍ ဖြစ်သည်။ စစ်ကိုင်းကမိတ်ဆွေနှင့်ဆုံပြီး သူပါ ဆိုင်ကယ်တစ်စီးဖြင့် လိုက်ပါလာခဲ့သည်။ အမှန်တော့ ဆိုင်ကယ်တစ်စီးတည်းသွား၍ ရသော်လည်း စစ်ကိုင်းမှာက စစ်တပ်က ယောကျာ်းလေးနှစ်ဦးဆိုင်ကယ်မစီးရသက်မှတ်ထား၍ နှစ်စီးဖြင့်သွားရလေသည်။

မိမိတို့သွားသည့်နေ့က တန်ဆောင်မုန်းလပြည့်ကျော် ၂ ရက်နေ့။ အမှန်တော့ လွတ်လပ်ခဲ့​သောအချိန်များက စစ်ကိုင်းသည် တန်ဆောင်တိုင်ကာလ၌ အစည်ကားဆုံးဖြစ်မည်ထင်သည်။

စစ်ကိုင်းတောင်ရိုးတလျှောက် ပေါများလှသော ဘုန်းကြီးကျောင်းများအတွက် မန္တလေးအပါအဝင် နယ်အသီးသီးမှ လာရောက်ကထိန်ခင်းလေ့ရှိသည်ဟု သိရသည်။ စစ်ကိုင်းတစ်မြို့လုံးတစ်နယ်လုံး၊ စစ်ကိုင်းတောင်ရိုးတခွင်လုံးမှသည် ဧရာဝတီမြစ်အတွင်းထိ ကထိန်အလှူသံတွေက ဖုံးလွှမ်းနေတတ်သည်။ ယခုတော့အာဏာသိမ်းစစ်တပ်ကြောင့် စစ်ကိုင်းတိုင်းလည်းဖွတ်ဖွတ်ညပ်ညပ်ကြေနေ၍ မည်သူမျှ စစ်ကိုင်းမလာဝံ့ကြတော့။

စစ်ကိုင်း-မုံရွာလမ်းသည်လည်း ခြောက်ခြောက်ကပ်ကပ်ပင်။ ခမရ ၁၃ ရှေ့ဂိတ်မှာလည်း စစ်သားတစ်ဦးလောက်သာတွေ့ရသည်။

ကောင်းမှုတော်ဘုရားရှေ့ရောက်တော့မုန့်ဆိုင်လေးလေးငါးဆိုင်တွေ့ရသည်။ ထို့အပြင် တောင်သူသုံး တောင်း၊ ဆန်ကော၊ဆန်ခါဆိုင် ၃ ဆိုင်လောက်လည်းတွေ့ရသည်။ ပွဲတော်အခါဖြစ်၍ လာရောင်းကြခြင်းဖြစ်သည်။ သို့သော်ရောင်းရပုံမရပေ။ ခင်းကျင်းထားသည့်ပစ္စည်းတွေက အရာပင်မယွင်းသေး။

ယခင်ကတော့ ကောင်းမှုတော်တန်ဆောင်တိုင်ပွဲကစည်ကားလွန်း၍ ဘုရားရှေ့ကမုံရွာ-မန္တလေးလမ်းပင် ပိတ်ဆို့သွားတတ်သည်ဟု မိတ်ဆွေက ပြောပြသည်။ ယခုတော့ စျေးသည်များက လူသွားလူလာရှင်းလင်းနေသော မုံရွာ-မန္တလေးလမ်းကြီးကိုသာ ငေးကြည့်နေကြသည်။

စစ်ကိုင်းတက္ကသိုလ်နားရောက်တော့ ကွမ်းဝင်ထုတ်ဖြစ်သည်။ အနီးနား စျေးဆိုင်တွေတွေ့သော်လည်း ရောင်းရပုံမရ။ စျေးသည်တွေလည်း မရောင်းရ၍ထင်သည်။ မျက်နှာတွေက အပြုံးအရယ်နည်းလှသည်။

“အုန်းတောလောက်ထိ အခြေအနေကောင်းလား။”ဟု မေးတော့ ဆိုင်ရှင်က “ဒီနေ့တော့ ဘာမှမကြားပါဘူး။”ဟု ပြောသည်။ “အုန်းတောဟိုဘက်တော့ မကောင်းဘူး။”ဟု သူကဆက်ပြောရင်း ကွမ်းထုပ်လှမ်းပေးသည်။

ရဲတပ်ရင်း(၁၆)၊ အမှတ်(၃)ရဲလေ့ကျင့်ရေးကျောင်းတို့မှာလည်း ကင်းပုန်းတစ်ဦးတစ်လေတွေ့တာကလွဲ၍ တိတ်ဆိတ်ငြိမ်သက်နေသည်။

ရှေ့မှာတော့ ကံတလူတိုးဂိတ်က ဆီးကြိုနေသည်။ ကံတလူတိုးဂိတ်သည် စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့ကိုဝင်သည့် တစ်ခုတည်းသောတိုးဂိတ်ဖြစ်သည်။ ထိုဂိတ်၌ စစ်တပ်က တပ်စွဲထားပြီး မသင်္ကာလျှင်မသင်္ကာသလို အစစ်အဆေးကြမ်းလေ့ရှိသည်ဟု မိတ်ဆွေက ပြောပြသည်။ ဆိုင်ကယ်တွေလည်း ဆင်းတွန်းရသည်ဟုဆိုသည်။

သို့သော် မိမိတို့ရောက်သည့်နေ့ကတော့ စစ်သားတစ်ဦးတလေမျှ မမြင်ခဲ့ရ။ ဆိုင်ကယ်လည်းဆင်းမတွန်းခဲ့ရ။ အောက်တိုဘာလထဲတုန်းကတော့ ထိုတိုးဂိတ် ဒရုန်းနဲ့တော့ အချခံရသည်တဲ့။ တပ်ပြန်ဆုတ်သွားသည်ဆိုလျှင်တော့ ၁၀၂၇ ဂယက်ပဲ ဖြစ်လိမ့်မည်။ ထိုဂိတ်မရှိတော့တာတောင် မိတ်ဆွေက သိပုံမရ။

ဆီဆိုင်ကြီးတစ်ဆိုင်အနီးမှာတော့ စားသောက်ဆိုင်ငယ်လေးတွေ အသစ်ဖွင့်ထားတာကို တွေ့ရသည်။ မုံရွာ-မန္တလေးလမ်းနှင့် ရွှေဘို-မန္တလေးလမ်းတို့၌ ညဘက် မောင်းမရ၍ ယာဥ်တွေရပ်နားချိန် ခရီးသည်များထိုင်ရန် ဖွင့်ထားခြင်းဖြစ်ကြောင်း မိတ်ဆွေက ပြောပြသည်။

အုန်းတောရွာလမ်းဆုံရောက်တော့ စျေးဆိုင်တွေဆိုင်တိုင်းနီးပါး ဖွင့်ထားကြသည်။ သို့သော်လူကတော့ခပ်ကျဲကျဲ။ ရွှေဘိုလမ်းဘက် လှမ်းကြည့်တော့ ယာဥ်သွားယာဥ်လာပင်မရှိ။

မုံရွာလမ်းဘက်လည်းထို့အတူပင်။ အုန်းတောနှင့်စစ်ကိုင်းကြားထက်ပင် ယာဥ်ကြောပြတ်သွားခဲ့သည်။ ၂၄ နာရီပတ်လုံး ယာဥ်သွားယာဥ်လာမပြတ်ခဲ့သော မုံရွာ-မန္တလေးလမ်းကြီးမှာ အာဏာသိမ်းစစ်တပ်ကြောင့် ခြောက်ခြားစဖွယ်ဖြစ်သွားခဲ့သည်။

ကျွန်တော်တို့နှစ်စီး မုံရွာဘက်မောင်းလာရင်း လမ်းဘေးမှာ တောပြန် လှည်းတွေတွေ့သည်။ လှည်းပေါ်ကတောင်သူတွေက မျက်နှာစိမ်းဖြစ်နေသော မိမိတို့ကို စူးစမ်းသလိုကြည့်နေကြသည်။ မိမိက ပြုံးပြလိုက်သော်လည်း ပြန်လည်းပြုံးပြခြင်းမရှိဘဲ စူးစူးစိုက်စိုက်သာကြည့်သွားကြသည်။ ဆိုင်ကယ်စီးလာသော လူငယ်အချို့ကလည်း ကျွန်တော်တို့ကို ကြည့်သွားကြသည်။ မိတ်ဆွေက “ကံတလူတိုးဂိတ်ကျော်တာနဲ့ PDF နယ်မြေ။”ဟု ပြောပြသည်။

ကျွန်တော်သွားလိုသည်က ​မုံရွာ-မန္တလေးလမ်းတစ်ဝက် ညောင်ပင်ဝန်းလောက်အထိ သွားချင်သည်။ အကြောင်းကိစ္စအထူးအထွေမရှိ။ မရောက်တာကြာပြီဖြစ်သော စစ်ကိုင်းနယ်တကြောကို သွားလာလို၍ဖြစ်သည်။ သို့သော် မိတ်ဆွေကအားမပေး။ ညောင်ပင်ဝန်း၌ စစ်တပ်ကအစစ်အဆေးကြမ်းသည်ဟုပြောသည်။ မကြာခဏလည်းတိုက်ခိုက်ခံနေရ၍ ဆိုင်ကယ်ဖြင့် အန္တရာယ်များကြောင်း ပြောပြသည်။ ထို့ကြောင့် ကျွန်တော်တို့ နတ်ခရိုင်ကျော်ကျော်မှာပင် ပြန်ကွေ့လာခဲ့ကြသည်။

လမ်းတွင် ခြေကျင်လျှောက်ပြန်လာသော တောင်သူအဒေါ်ကြီးတစ်ဦးကို​တွေ့တော့ မိတ်ဆွေက ဆိုင်ကယ်ပြန်ကွေ့သည်။ လမ်းကြုံလိုက်လိုကလိုက်လို့ရကြောင်း မိတ်ဆွေက ခေါ်တော့ ထိုအဒေါ်ကြီးက ခေါင်းခါပြီး မပွင့်တပွင့်ပြုံးပြရင်းသာ ငြင်းဆန်သွားသည်။ ယခင်ကတော့ ထိုလမ်းထိုခရီး နေ့နေ့ညည တွေ့သည့်ယာဥ်လမ်းကြုံတားကြ၊ လိုက်ကြသော ဓလေ့မှာ အာဏာသိမ်းစစ်တပ်ကြောင့် ပျက်စီးသွားခဲ့ပြီဖြစ်ကြောင်း မိတ်ဆွေကပြောပြရင်း စိတ်မကောင်းဖြစ်နေသည်။

စစ်ကိုင်းပြန်ရောက်တော့ ညနေ စောင်းနေပြီ။ သူငယ်ချင်းကိုဆိုင်ထိုင်ဦးမလားမေးတော့ ကျွန်တော် ရန်ကုန်မပြန်ခင် သူမန္တလေးလာခဲ့မည်အဲကျမှထိုင်စို့ဟုပြောသည်။ သူငယ်ချင်းက ရတနာပုံတံတားအဆင်း မန္တလေးဘက်ခြမ်းထိလိုက်ပို့သည်။

ရတနာပုံတံတားပေါ်ကနေဖြတ်ချိန် ဘယ်ဘက်ဧရာဝတီမြစ်အတွင်း လှမ်းကြည့်တော့ ကျွန်းပေါ်မှာ စက်ယန္တရားကြီးတွေတဝုန်းဝုန်းဖြင့် စီမံကိန်းတွေ လုပ်ကိုင်နေကြတာ တွေ့ရသည်။ သူငယ်ချင်းအားမေးကြည့်တော့ အမရပူရမြို့ပြစီမံကိန်းဟုဆိုသည်။ ​ခေတ်ပျက်ကြီးထဲ ဘယ်သူကများအလျင်စလို စီမံကိန်းလုပ်​နေသလဲဟု ​ခေါင်းထဲ​မေးခွန်းအ​လျောက်​ပေါ်လာသည်။

သူငယ်ချင်းက တံတားအဆင်းကနေ ကျွန်တော့်ကိုနူတ်ဆက်ပြီး ပြန်ကွေ့သွားသည်။ စစ်ကိုင်း-မန္တလေးလမ်းကတော့ အပင်ကြီးတွေအုံ့အုံ့ဆိုင်းဆိုင်းဖြင့် လူသွားလူလာသိပ်မရှိတော့။ အမရပူရကိုဖြတ်တော့ မှောင်စပြုလာသည်။

မန္တလေးမြို့ထဲရောက်တော့ လူတွေယာဥ်တွေ ပျာယာခပ်အောင် ခပ်သုတ်သုတ်သွားလာနေကြသည်။ တည်းခိုရာသူငယ်ချင်းအိမ်ရောက်တော့ ည၇ နာရီဝန်းကျင်။ သူငယ်ချင်းကတော့ နောက်ကျနေ၍ စိတ်တွေပူနေခဲ့လေသည်။

ဆက်စပ်သတင်းများ

သတင်း

MDY-PDFသည် ယခု ဧပြီအတွင်း မန္တလေးတိုင်း ပြင်ဦးလွင်မြို့နှင့် (၁၀)မိုင်အကွာရှိ သရက်ကုန်း ကျေးရွာ စစ်စခန်း တိုက်ခိုက်သိမ်းပိုက် နိုင်မှုကို အသိပေးထားသည်။

သတင်း

Taw Twin Tup Pee Local PDF အဖွဲ့သည် မတ်လ ၉ရက် နံနက်ပိုင်းက အုန်းတောရွာအနီး၊ မုံရွာ-မန္တလေးလမ်းမကြီးပေါ်တွင် ရွာသစ်ကြီးရဲစခန်းမှ ရဲများအား ပစ်ခတ်တိုက်ခိုက်ရာ ရဲလေးဦး သေဆုံးပြီး သေနတ်(၄)လက်နှင့် ခဲယမ်းများ သိမ်းဆည်းနိုင်ခဲ့သည်။

သတင်း

မန္တလေးမြို့အပြင် ပုသိမ်၊ နေပြည်တော်၊ ပဲခူးရုံးခွဲတို့၏ ပတ်စ်ပို့လုပ်ငန်းများကိုလည်း ဝက်ဘ်ဆိုက်၌ ကြိုတင် စာရင်းသွင်းနိုင်သည်ဟု စစ်ကောင်စီက ဆိုသည်။

ဆောင်းပါး

စစ်ကောင်စီအသက်သွင်းလိုက်သည့် စစ်မှုထမ်းဥပဒေသည် နိုင်ငံတွင်းရှိ ယောင်ဝါးဝါးနေနေသော ပြည်သူအချို့အား ဘက်တစ်ဘက်၌ ခြေစုံချရပ်ရန် သတိပေးလိုက်ခြင်းပင်ဖြစ်သည်ဟုပြည်သူများက​ပြောသည်။