Connect with us

Hi, what are you looking for?

LuduNwayOo

ဆောင်းပါး

​လောင်စာဆီအကြပ်အတည်း လာရာနှင့် လားရာ

စစ်ကောင်စီက စက်သုံးဆီပြတ်တောက်မှုကို ဖြေရှင်းရန် ဆီသိုလှောင်ခြင်းများကို ကန့်သတ်ခဲ့ပြီး မှောင်ခိုသမားများကို အရေးယူမည်ဟု ခြိမ်းခြောက်ခဲ့သည်။

​လောင်စာဆီအကြပ်အတည်း လာရာနှင့် လားရာ
​လောင်စာဆီအကြပ်အတည်း လာရာနှင့် လားရာ

စစ်တပ်အာဏာသိမ်းပြီး ၃ နှစ်ခန့်အကြာတွင် နိုင်ငံအတွင်းလောင်စာဆီပြတ်တောက်မှုမှာ ၂၀၁၀ ​နောက်ပိုင်း အဆိုးရွားဆုံး စွမ်းအင်အကျပ်အတည်းကို ကြုံတွေ့​နေရသည်။

ပြည်သူများအနေဖြင့် စက်သုံးဆီရရှိရေးအတွက် ဆီဆိုင်များတွင် အချိန်ကြာမြင့်စွာတန်းစီရနေပြီး ဒေသအလိုက် လောင်စာဆီဈေးနှုန်းများလည်း မကြားဘူး​သော​ဈေးနှုန်းသို့​ရောက်​အောင် ကြီးမြင့်နေသည်။ တချို့ဒေသများတွင် ဓါတ်ဆီတစ်လီတာကို ကျပ် ၃၀,၀၀၀ မှ ၅၀,၀၀၀ အထိမြင့်တက်နေသည်။

ရန်ကုန်၊မန္တလေးစသည့်မြို့ကြီးများတွင်ပြည်သူများမှာ ညဘက်များတွင်ပါဆီဝယ်ရရန် တန်းစီ​​နေရပြီးဆီမှောင်ခိုဈေးကွက်လည်း ပေါ်ပေါက်လာသည်။

စစ်ကောင်စီက ဓါတ်ဆီတင်သွင်းမှုကို ၄၀ ရာခိုင်နှုန်း၊ ဒီဇယ်တင်သွင်းမှုအတွက် ၅၀ ရာခိုင်နှုန်းကို တစ်ဒေါ်လာ ၂၁၀၀ ကျပ်ဖြင့် ဒေါ်လာများထုတ်ပေးခဲ့သော်လည်း ဒီဇင်ဘာ လဆန်းပိုင်းစ၍ ရပ်ဆိုင်းခဲ့သည်။ နိုင်ငံတတစ်ဝန်းတိုက်ပွဲများ​ကြောင့် ​လေယာဥ်ဆီနှင့် လက်နက်ခံယမ်းများဝယ်ယူရန် ​ဒေါ်လာလိုအပ်ခြင်း ၊နိုင်ငံတကာပိတ်ဆို့မှုများ ၊ နယ်စပ်ကုန်သွယ်​ရေးကျဆင်းမှု၊ ရင်းနှီးမြှပ်နှံမှုကျဆင်းမှုစသည်တို့ကြောင့် စစ်​ကောင်စီကိုယ်တိုင်​ဒေါ်လာ ရှားပါးလာသဖြင့် ​ဒေါ်လာထုတ်​ရောင်းမှုကိုရပ်တန့်လိုက်ခြင်းဖ့စ်​ကြောင်းလုပ်ငန်းရှင်များကသုံးသပ်သည်။

Public Service Announcement

Public Service Announcement

အာဏာသိမ်းစစ်ကောင်စီက နိုင်ငံအနှံရင်ဆိုင်နေရသည့် ခုခံတွန်းလှန်စစ်များကို စစ်ဆင်ရေးဆင်နွဲရန်အတွက် လောင်စာဆီများကို သိုလှောင်ထားခဲ့သည်။ ထိုအပြင် ဆီဆိုင်များတွင် စစ်ကောင်စီအုပ်ချုပ်ရေးအဖွဲ့များအတွက် ဆီလက်ကျန်များခွဲတမ်းချန်ထားရမည်ဟု စစ်ကောင်စီကထုတ်ပြန်ထားသည်။

People’s Spring ၏ စုံစမ်းမှုအရ ပြည်တွင်းစက်သုံးဆီပြတ်လပ်​စေ​သော အ​ကြောင်းအရင်း အနည်းဆုံး အချက်​ငါးချက်ရှိသည်ကို​တွေ့ရသည်။

အဓိက အ​ကြောင်းအရင်းမှာ စက်သုံးဆီတင်သွင်း​ရောင်းချသူများကို စစ်​ကောင်စီက ဆီသွင်းရန် ​ဒေါ်လာ အားယခင် ၂၁၀၀ ကျပ်ဖြင့်​ရောင်းချခြင်းကိုညရပ်လိုက်ခြင်း နှင့် ဆီတင်သွင်းပြီး ​ရောင်းချ​သောအခါ သတ်မှတ်​ဈေးနှုန်းဖြင့် ​ရောင်းရန် ကန့်သတ်ထားခြင်း​ကြောင့်ဖြစ်​ကြောင်း လုပ်ငန်းရှင်များက​ပြောသည်။

​ဒေါ်လာကို ၂၁၀၀ ကျပ်ဖြင့် ရာခိုင်နှုန်း အများစု ဝယ်ရ​နေရာမှ ​ဈေးကွက်​ပေါက်​ဈေး ဖြစ်​သော ၁ ​ဒေါ်လာ ၃၅၀၀ ကျပ်ဝန်းကျင်ဖြင့် ကုမ္ပဏီများက ကိုယ်ပိုင်အစီအစဥ်ဖြင့်ရှာဝယ်ရ​​သောအခါ အရင်းများလာပြီး တွက်​ခြေမကိုက်​တော့ခြင်းမှာ အဓိက အ​ကြောင်းရင်းဖြစ်သည်။ ထို့အပြင် စစ်​ကောင်စီ၏စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီက ဆီဆိုင်များကို သတ်မှတ်နှုန်းအတွင်းသာ ​ရောင်းချရန်သတ်မှတ်ထားသဖြင့် အရင်းအနှီးပိုများထား​​သောဆီဆိုင်မျာမှာ တွက်​ချေမကိုက်၍ ဆီပိုသွင်းပို​ရောင်းလျှင် ပိုရှုံးမည့်အ​ခြေအ​နေ​ကြောင့် အထူးသဖြင့် ​ဒေါ်လာ​ဈေးတက်ချိန်များတွင်ဆီမသွင်း ၊မ​ရောင်းကြသဖြင့် ဆီပြတ်လပ်လာ​ကြောင်းလုပ်ငန်းရှင်များက ​ပြောသည်။

ထို​ကြောင့် အထက်ပါအချက် ၂ ချက်မှာ စီးပွား​ရေးအ​ရတွက်​ခြေမကိုက်၍ လုပ်ငန်းရှင်များက ဆီတင်သွင်း​ရောင်းချမှူ​လျော့နည်းလာခြင်းဖြစ်သည်။

ထိုအပြင် စစ်ကောင်စီက စက်သုံးဆီကို ​တော်လှန်​ရေးအဖွဲ့များထံမ​ရောက်​အောင် ကန့်သတ်ထိန်းချုပ်ရန်ကြိုးစားဖြင့် ဆီပိုရှားပါးလာခြင်းဖြစ်​ကြောင်းသိရသည်။ စက်သုံးဆီ ရှားပါးပြတ်လပ်မှု​ကြောင့် ပြည်သူများ ဆီဝယ်ရရန် ဆီဆိုင်​ရှေ့တွင် နာရီ​ပေါင်းများစွာတန်းစီ​စောင့် ဆိုင်းရပြီး ဒုက္ခများ​နေခြင်းမှာ ​တော်လှန်​ရေးနှင့် နိုင်ငံ​ရေးအ​ပေါ် စိတ်ဝသ်စားမှု​လျော့ကျ​စေနိုင်သည်ဟု​သောတွက်ကိန်းဖြင့် အာဏာလုစစ်​ကောင်စီက ပြည်သူများကို တမင် ခက်ခဲကြပ်တည်း​အောင် ဆီပြတ်လပ်​စေရန် ၊လျှပ်စစ်မီး ပြတ်လပ်​စေရန် ရည်ရွယ်ချက်ရှိရှိလုပ်​နေခြင်းဖြစ်​ကြောင်း လုပ်ငန်း ရှင်နှင့် ​တော်လှန်​ရေးအင်အားစုများက ​​ပြောသည်။ ​နောက်ဆုံးအချက် စစ်​ကောင်စီ၏ စီမံခန့်ခွဲမှု ညံဖျင်းခြင်း​ကြောင့်ဖြစ်​ကြောင်း လုပ်ငန်းရှင်များက​ပြောသည်။

အထက်ပါ အခြေအနေများကြောင့် ဈေးကွက်အတွင်း လောင်စာပြတ်တောက်မှုသည် ပိုမိုထင်ရှားလာပြီး တိုင်းပြည်သည် ပိုမို နက်ရှိုင်း သော လောင်စာဆီ အကျပ်အတည်း ထဲသို့ ထိုးကျ သွားသည်ဟု စီးပွားရေးလုပ်ငန်းရှင်များကဆိုသည်။

စစ်ကောင်စီတပ်က နိုင်ငံခြားမှ ဆီသင်္ဘောများ ဆိုက်ကပ်နေပြီဟု ဝါဒဖြန့်နေသော်လည်း လောင်စာဆီပြတ်လပ်မှုက ဆိုးဝါးနေဆဲဖြစ်သည်။

နိုင်ငံအတွင်း ဆီလုံလောက်စွာ မတင်သွင်းနိုင်ခြင်းကြောင့် ဆီဆိုင်များက အကန့်အသတ်ဖြင့်သာရောင်းချနေရသည်ဟု ဆီလုပ်ငန်းရှင်တစ်ဦးကပြောသည်။ ဆီဖြန့်ဖြူးရောင်းချရာတွင်လည်း မူဝါဒမျိုးစုံပြောင်းလဲနေခြင်းသည်ကလည်း စက်သုံးဆီတင်သွင်းရောင်းချရန် အခက်အခဲများရှိနေသည်ဟုလည်း ၎င်းကသုံးသပ်သည်။

“ဝယ်ယူခွင့်ကျပြီး၃ရက်အတွင်းထုတ်ရမယ်။ ဆီကို နယ်တွေသယ်ရင် မျောစာတွေပါရမယ်။ဒီလိုရှုပ်ထွေးတဲ့ မူဝါဒကြောင့် ဆီက ရှေ့လျောက်ပိုခက်ခဲလာလိမ့်မယ်သဘောရှိတယ်”ဟု ၎င်းကဆက်ပြောသည်။

လက်ရှိ လောင်စာဆီပြတ်တောက်မှုနှင့်ပတ်သတ်ပြီး စစ်ကောင်စီနှင့် စက်သုံးဆီလုပ်ငန်းရှင်များက ဖြေရှင်းနိုင်မည်မဟုတ်ကြောင်းနှင့် လောင်စာဆီပြတ်တောက်မှုသည် နိုင်ငံစီးပွားရေးကို နက်ရှိုင်းစွာ ထိခိုက်လာနိုင်ချေကိုလည်း စစ်ကောင်စီက နားလည်မည်မဟုတ်ကြောင်း ရန်ကုန်အခြေစိုက် စီးပွားရေးလုပ်ငန်းရှင်တစ်ဦးကပြောသည်။

“စစ်တပ်အာဏာသိမ်းပြီးကတည်းက လျှပ်စစ်မီးမရတော့ မီးစက်နဲ့ မောင်းပြီးလုပ်ရတယ်။ ကုန်ကျစရိတ်ကပိုတက်လာတယ်။ အခုက ဒီဇယ်ပါဝယ်မရတော့ဘူး။ဒါတွေက စီးပွားရေးလုပ်ငန်းတွေ ရှင်သန်ဖို့ မဖြစ်နိုင်တော့ဘူး”ဟု ၎င်း စီးပွားရေးလုပ်ငန်းရှင်တစ်ဦးကပြောသည်။

အာဏာသိမ်းပြီးနောက် နိုင်ငံတွင်းလျှပ်စစ်ဓါတ်အားထုတ်လုပ်နိုင်စွမ်းမှာလည်း အလွန်အမင်းလျော့ကျသွားသည်။ ၂၀၂၁မေလတွင် နိုင်ငံအတွင်း လျှပ်စစ်ဓာတ်အားထုတ်လုပ်နိုင်မှုသည် မဂ္ဂါဝပ် ၄၀၀၀ခန့်ရှိခဲ့သော်လည်း ယခုနှစ်အတွင်း၂၅၀၀ မှ ၂၆၀၀ မဂ္ဂါဝပ်ကြားသာ ရှိတော့သည်။

လျှပ်စစ်မီးပြတ်တောက်မှုကြောင့် အထည်ချုပ်လုပ်ငန်းများသည် ၂၀၂၂ခုနှစ် နှင့် နှိုင်းယှဥ်လျင်ထုတ်လုပ် စာရိတ် ၃၁ ရာခိုင်နှုန်းပိုများလာသည်ဟု ကမ္ဘာ့ဘဏ်ကအစီရင်ခံစာထုတ်ပြန်ထားသည်။ ထိုကုန်ကျစရိတ်များသည် လျှပ်စစ်အစား လောင်စာဆီသုံးမီးစက်များအသုံးပြုရခြင်းကြောင့်ဖြစ်သည်ဟု ကမ္ဘာ့ဘဏ်ကသုံးသပ်​ထားသည်။

လက်ရှိဖြစ်ပေါ်နေသည့် စွမ်းအင်အကျပ်အတည်းသည်နိုင်ငံတကာပိတ်ဆို့အရေးယူမှုများကြောင့် စစ်ကောင်စီထံတွင် နိုင်ငံခြားငွေပြတ်တောက်နေလာ​သော​ကြောင့် လောင်စာဆီဝယ်ယူရေးသည် အခက်အခဲ ဖြစ်နေရခြင်းဖြစ်သည်ဟု စီးပွားရေးလုပ်ငန်းရှင်အချို့က​ပြောသည်။

စွမ်းအင်အကျပ်အတည်းသည် အာဏာသိမ်းစစ်တပ်၏ စီးပွားရေးစီမံခန့်ခွဲမှုလွဲမှားကြောင်းပြသသည့် ဥပမာဖြစ်ပြီး စစ်ကောင်စီပြုတ်ကျနိုင်သည့်အထိကြီးမားသည့် သက်ရောက်မှုရှိနိုင်ကြောင်း အရပ်သားအစိုးရလက်ထက်တွင် ပညာရှင်တစ်ဦးအဖြစ်ဆောင်ရွက်ခဲ့သည့် စွမ်းအင်ပညာရှင်တစ်ဦးကဆိုသည်။

လောင်စာဆီတင်သွင်းမှုအတွက် နိုင်ငံခြားငွေပေးချေရန်မရှိခြင်းမှာ အမေရိကန်၏ ဒဏ်ခတ်ပိတ်ဆို့မှုကြောင့် ဒေါ်လာရှားပါးလားစသည့်အချက်များကြောင့်ဖြစ်သည်ဟု ၎င်းက​ပြောသည်။ အမေရိကန်က စစ်ကောင်စီအတွက် နိုင်ငံခြားငွေအဓိကရှာဖွေပေးနေသည့် MOGE (မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်း)​ရောင်းဝယ်မှုများတွင် ဘဏ္ဍာ​ရေးဆိုင်ရာဝန်​ဆောင်မှုများကို ဒဏ်ခတ်ပိတ်ဆို့ခဲ့ခြင်းဖြစ်သည်။ စစ်ကောင်စီက စက်သုံးဆီပြတ်တောက်မှုကို ဖြေရှင်းရန် ဆီသိုလှောင်ခြင်းများကို ကန့်သတ်ခဲ့ပြီး မှောင်ခိုသမားများကို အရေးယူမည်ဟု ခြိမ်းခြောက်ခဲ့သည်။

စစ်ကောင်စီက ဒီဇင်ဘာ ၁၀ ရက်မှစတင်ပြီး ရေနံထွက်ပစ္စည်းများကို ဂါလံ ၅၀ ထက် သိုလှောင်သယ်ဆောင်ပါက ရေနံနှင့်ရေထွက်ပစ္စည်းဆိုင်ရာဥပဒေဖြင့်အရေးယူမည်ဟု ခြိမ်းခြောက်ခဲ့သည်။ထိုဥပဒေအရ ထောင်ဒဏ် ၁ နှစ်ထက်မပိုသောပြစ်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ကျပ် ၃ သိန်းမှ သိန်း ၅၀အထိဖြစ်စေ ချမှတ်မည်ဟု ခြိမ်းခြောက်ထားသည်။

ထိုခြိမ်းခြောက်မှုအတိုင်း အရေးယူ​နေကြောင်း ဒီဇင်ဘာ ၂၂ရက်တွင် စစ်ကောင်စီဝါဒဖြန့် သတင်းဌာနများက ဖော်ပြခဲ့သည်။ထိုထဲတွင် ဆီတန်းစီပြီး ပြန်လည်ရောင်းချမှု ၂၉ မှု နှင့် ဆီရှိလျက်နှင့်မရောင်းသည့်ဆီဆိုင်နှင့်ဈေးတင်ရောင်းသည့်ဆီဆိုင် ၁၆ဆိုင်ကိုအရေးယူခဲ့သည်ဟု စစ်ကောင်စီက ဆိုသည်။

“စီမံခန့်ခွဲအမှားတွေကို ဖုံးကွယ်ဖို့အရင်နည်းဟောင်းအတိုင်း ခြိမ်းခြောက်တာ၊ဖမ်းဆီးတာတွေလုပ်လာတာပါ။ ဒါကလည်း ခေတ်အဆက်ဆက် စစ်အာဏာရှင်တွေ ကျင့်သုံးခဲ့တဲ့ နည်းလမ်းတွေပါပဲ။ အောင်မြင်ခဲ့တာလည်းမရှိဘူး”ဟု အခြား စီးပွားရေးပညာရှင်တစ်ဦးကပြောသည်။

ထို့အပြင်နိုင်ငံအတွင်း လောင်စာဆီအကျပ်အတည်းသည် စစ်ကောင်စီအတွက် အာဏာချုပ်ကိုင်မှုကို ခြိမ်းခြောက်လာသည့်တိုင် စစ်ကောင်စီက လောင်စာဆီကို လက်နက်သဖွယ်အသုံးချပြီး လူထုတော်လှန်ရေးကို နှိမ်နှင်းရန်ကြိုးစားနေခြင်းလည်းပါဝင်သည်ဟု ​တော်လှန်​ရေးတပ်ဖွဲ့ဝင်အချို့က သုံးသပ်သည်။

ခုခံတော်လှန်ရေးအားကောင်းလာသည့်နှင့်အမျှ တော်လှန်ရေးတပ်ဖွဲ့များ ထိန်းချုပ်ထားသည့်နယ်မြေများကို လောင်စာဆီများမရောက်ရေးကို စစ်ကောင်စီက နည်းမျိုးစုံသုံး၍ တားမြစ်လာသည်။

“တော်လှန်ရေးအား​ကောင်းတဲ့နေရာကို စစ်ကောင်စီက ဆန်နဲ့ စက်သုံးဆီတွေ မရောက်ဖို့ နည်းမျိုးစုံလုပ်နေတယ်။ အခုဆို ဂန့်ဂေါမှာဓါတ်ဆီ တစ်လီတာကို ကျပ် ၁၀၀၀၀ လောက်ရှိနေပြီ”ဟု ဂန့်ဂေါမြို့နယ်၊ တော်လှန်ရေးရဲဘော်တစ်ဦးကပြောသည်။

စစ်ကောင်စီ၏ ပိတ်ဆို့မှုများကြောင့် တော်လှန်ရေးတပ်ဖွဲ့ဝင်များထိန်းချုပ်ထားသည့်နယ်မြေများတွင် စက်သုံးဆီဈေးမှာ ဓါတ်ဆီတစ်လီတာကို ကျပ် ၅၀၀၀၀ အထိဈေးမြင့်တက်ခဲ့သည့်နေရာများပင်ရှိလာသည်။ အထူးသဖြင့် ကချင်၊ စစ်ကိုင်းနှင့် ရခိုင်ပြည်နယ်တို့တွင် စစ်ကောင်စီက လောင်စာဆီသယ်ယူမှုကို လုံးဝနီးပါးတင်းကြပ်ထားသည်။

“ဆီကို ရန်ကုန်၊မန္တလေး၊နေပြည်တော်ကိုပဲ ဦးစား​ပေးရောင်းတယ်။ အချို့တိုင်းနဲ့ပြည်နယ်တွေကို ဆီခွဲတမ်းလျော့ပေးနေတယ်”ဟု ဆီလုပ်ငန်းရှင်တစ်ဦးကပြောသည်။

စစ်​ကောင်စီက ဆီဆိုင်များ၏ ​ရောင်း၊ဝယ်​သော ​ငွေစာရင်း ၊ဆီကားအဝင်အထွက် အ​ရောင်းအဝယ်လုပ်​​သော CCTV မှတ်တမ်းများကိုပါ ​စောင့်ကြည့်၍ ထိန်းချုပ်​နေသဖြင့် ဆီဆိုင်များမှာ အကန့်အသတ်များစွာဖြင့်လုပ်ကိုင်​နေရ​ကြောင်း ဆီဆိုင် လုပ်ငန်းရှင်အချို့က​ပြောသည်။ထိုသို့ ကန့်သတ်တင်းကြပ်ထားခြင်းမှာ ​တော်လှန်​ရေးအင်အားစုများထံဆီမ​ရောက်ရန် ကြိုးပမ်း​နေခြင်းဖြစ်​ကြောင်းလုပ်ငန်းရှုင်အချို့က​ပြောသည်။

သို့​သော် ​တော်လှန်​ရေးအင်အားစုများစိုးမိုးထား​သောနယ်​မြေတိုးလာ​နေပြီး အချို့​ဒေသများတွင် ​ရေနံတွင်း ၊​​ရေနံချက်လုပ်ငန်းများရှိခြင်း ၊ စက်သုံဆီသယ်​ဆောင်​သော လမ်းများကို ​တော်လှန်​​ရေးအင်အားစုများက ထိန်းချုပ်လာနိုင်၍ စစ်​ကောင်စီက ​တော်လှန်​ရေးအဖွဲ့များကို ဆီဖြတ်လို​သောအကြံအစည်မှာ​အောင်မြင်မည် မဟုတ်​ကြောင်း လုပ်ငန်းရှင်အချို့ က​ပြောသည်။

နိုင်ငံအတွင်း လောင်စာဆီပြတ်တောက်နေမှုကြောင့် နိုင်ငံစိုက်ပျိုးရေးကဏ္ဍကိုပါ သက်ရောက်လာပြီး စိုက်ပျိုးထုတ်လုပ်ရန်အတွက် ဆီဝယ်ယူရန်ခက်ခဲလာသည်။

စိုက်ပျိုး​ရေးလုပ်ငန်းများအ​ပေါ် ထိခိုက်လာပါက နိုင်ငံ၏ စားနပ်ရိက္ခာဖူလုံ​ရေးကိုပါ ထိခိုက်လာနိုင်သည်ဟု စီးပွားရေးပညာရှင်တချို့ကဆိုသည်။

“မိုးသီနှံ ရာသီသိမ်းချိန်ဖြစ်သလို ဆောင်းသီးနှံစိုက်ပျိုးရမယ့်အချိန်ဖြစ်ပါတယ်။ဒီချိန်မှာ စိုက်ပျိုးဖို့ စက်ဆီဝယ်မရတာ စိုက်ပျိုးမလွယ်သလို။ နောက်တချိန် စားနပ်ရိက္ခာမလုံလောက်မှုအတွက် ပြသနာရှိလာနိုင်တယ်”ဟု စိုက်ပျိုးရေးပညာရှင်တစ်ဦးကပြောသည်။

အချို့နေရာများတွင် လယ်သမား စပါးရိတ်ရန် စက်သုံးဆီဝယ်ယူရန် ထောက်ခံစာယူရခြင်း၊ ဆီများကို ပုံးများဖြင့် ဝယ်ယူခွင့်မပြုခြင်း စသည့် ကန့်သတ်များရှိလာသည်ဟု တောင်သူအချို့က​ပြောသည်။

“နွေစပါးစိုက်ဖို့ ရေတင်ဖို့ ဆီကဝယ်မရဘူး။ တစ်လီတာ၅၀၀၀ (ကျပ်)တောင်ဝယ်မရဘူး”ဟု ဧရာဝတီတိုင်းမှ လယ်သမားတစ်ဦးကပြောသည်။

လက်ရှိ စစ်ကောင်စီက လောင်စာဆီပြတ်လပ်မှုအကျပ်အတည်းကို ဖြေရှင်းရန် ဖမ်းဆီးခြိမ်းခြောက်အကျပ်ကိုင်သည့် ဆေးမြီတိုများဖြင့် ကုစားနေသလို၊ နိုင်ငံခြားငွေပြတ်လပ်မှုကို ဖြေရှင်းရန် ပြည်ပရောက်မြန်မာလုပ်သားများထံမှ နိုင်ငံခြားငွေများကို အတင်းအကျပ်အခွန်ကောက်ခံလာသည်။

သို့သော်လည်း ထိုဖြေရှင်းနည်းများမှာ ​ဆေးဘက်မဝင်ဘဲ ပြည်တွင်းလောင်စာဆီပြတ်တောက်မှု မှ တဖြည်းဖြည်းအ​ခြေအ​နေ ပိုမိုဆိုးဝါးလာသည်။

“လောင်စာဆီ ပြတ်တောက်တာကို ရက်ပိုင်းတွင်း မဖြေရှင်းနိုင်ရင်တော့ မင်းအောင်လှိုင်ရဲ့ အာဏာချုပ်ကိုင်မှုကို မကြာခင်လက်လွတ်ရမယ်လို့မြင်တယ်”ဟု အရပ်သားအစိုးရလက်ထက်တွင် ပညာရှင်တစ်ဦးအဖြစ်ဆောင်ရွက်ခဲ့သည့် စွမ်းအင်ပညာရှင်က သုံးသပ်သည်။

ယခုအ​ခြေအ​နေဖြင့် စစ်​ကောင်စီ ဆက်ရှိ​နေပါက စီးပွားရေးလုပ်ငန်းတွေ လုံးဝရပ်တန့်သွားနိုင်ပြိး စီးပွားရေးနလံမထူနိုင်တော့မည်မဟုတ်ဟုလည်း အထက်ပါစွမ်းအင်ပညာရှင်က သူ၏ အမြင်ကို ​ပြောပါသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက လက်နက်ကြီးများ ဒရုန်းများဖြင့် အဆမတန်ပစ်ခတ်ခြင်းကြောင့် ပြည်သူများ၏ အိုးအိမ်များလည်း ပျက်စီးနေရသည်ဟု PNLAက ထုတ်ပြန်သည်။

သတင်း

ဆီဆိုင်မြို့ကို PNLAက သိမ်းပိုက်ထိန်းချုပ်ထားသည့် အခြေအနေတွင် စစ်ကောင်စီက မြို့ကို ပြန်ဝင်ရောက်နေရာယူရန် ထိုးစစ်ဆင်နေခြင်းဖြစ်သည်။

သတင်း

ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA)မှ ထုတ်ပြန်သည့် တရားဝင်သတင်းကိုသာ စောင့်ကြည့်အတည်ယူကြရန် အထူးတိုက်တွန်းထားသည်။

သတင်း

"စစ်ဘေးရှောင်စာရင်းထဲမှာ ကယား(ကရင်နီ) ပြည်နယ်မှ တိမ်းရှောင်လာတဲ့ ဒေသခံ ပြည်သူများ၊ ထပ်ဆင့် တိမ်းရှောင်တဲ့ ဒေသခံ ပြည်သူများ ပါဝင်ပါတယ်” ဟု ကိုခွန်ဝါးကပြောသည်။