Connect with us

Hi, what are you looking for?

LuduNwayOo

ဆောင်းပါး

ဆီဝယ်ရတဲ့ ဒုက္ခ

ဆိုင်ကယ်ဆီတစ်ခါတိုးရင် နာရီဝက်ကနေ တစ်နာရီကျော်အထိ ကြာမြင့်တတ်တယ်လို့ မန္တလေးဒေသခံတွေက ပြောပါတယ်။

ဆီဝယ်ရတဲ့ ဒုက္ခ
ဆီဝယ်ရတဲ့ ဒုက္ခ

ဒီဇင်ဘာလဆန်းကစခဲ့တဲ့ စက်သုံးဆီဂယက်ဟာ မန္တလေးမှာတော့ လလယ်ရောက်တဲ့အချိန် ရက်နှစ်ပတ်ကျော်လာတဲ့အထိ အဆင်မပြေသေးပါဘူး။ မြို့ခံတွေဟာ မနက်လင်းပြီဆိုတာနဲ့ ပထမဆုံးတွေးရတာက ကိုယ့်ဆိုင်ကယ်ဆီရှိသေးလားဆိုတာပါ။ ဘယ်ဆိုင်ကရောင်းပေးနေလဲဆိုတာကို အရင်စနည်းနာပြီး အလုပ်မသွားခင် ဝင်တိုးရတယ်လို့ မြို့ခံဆိုင်ကယ်စီးနင်းသူတွေက ဆိုပါတယ်။

စက်သုံးဆီဆိုင်တွေရဲ့ဆီရောင်းချပေးမှုဟာ အချိန်ပုံမှန်မရှိဘဲ မနက်၊နေ့လယ်၊ညနေခင်းတွေမှာ ရောင်းချင်တဲ့အချိန် ရောင်းချပေးနေကြတာကို တွေ့ရပါတယ်။ ဆိုင်ကယ်ဆီတစ်ခါတိုးရင် နာရီဝက်ကနေ တစ်နာရီကျော်အထိ ကြာမြင့်တတ်တယ်လို့ မန္တလေးဒေသခံတွေက ပြောပါတယ်။

ရောင်းပေးတာကလည်း တစ်ဆိုင်နဲ့တစ်ဆိုင် မတူပါဘူး။ တစ်ဆိုင်က၃၀၀၀ဖိုး၊ တစ်ဆိုင်က၅၀၀ဝ ဖိုး မတူကြဘဲ တချို့ဆိုင်တွေကတော့ တိုင်ကီဆန့်သလောက်တစ်သောင်းကျော်ဖိုးအထိ ရောင်းချပေးတတ်တယ်။ ဆိုင်ကယ်လိုပဲမော်တော်ကားကိုလည်း သုံးသောင်းဖိုး၊ ငါးသောင်းဖိုး ကန့်သတ်ရောင်းချပေးနေတယ်လို့ မြို့ခံတွေက ပြောပါတယ်။

တစ်ရက်တစ်ရက် စက်သုံးဆီရောင်းပေးမယ့်ဆိုင်ကို ရှာရင်းဖွေရင်း ​ဆီရောင်းပြီဆိုတာနဲ့ အချင်းချင်းသတင်းလှမ်းပေးကြတယ်လို့ မြို့ခံတွေကဆိုပါတယ်။

Public Service Announcement

Public Service Announcement

ဆီရောင်းပေးမယ့် စက်သုံးဆီဆိုင်တွေကို ပတ်ရှာရင်း အာဏာသိမ်းစစ်ကောင်စီရဲ့ ယာဥ်ဖမ်းဆီးတဲ့အဖွဲ့နဲ့တိုးသူတွေလည်း ရှိတယ်။ အဲဒီအခါ ဆီမရတဲ့အပြင် ဒဏ်ကြေးပါဆောင်လိုက်ရတယ်လို့ မြို့ခံတချို့ကဆိုပါတယ်။

ဆီဆိုင်တွေမှာ လာရောက်တန်းစီဝယ်ယူသူတွေထဲ တဆင့်ပြန်လည်ရောင်းချကြမယ့်သူတွေလည်း ပါဝင်ပါတယ်။

အာဏာသိမ်းပြီးနောက် ကုန်စျေးနှုန်းတွေတက်၊ မီး​တွေပျက် ၊အလုပ် အကိုင်တွေရှားပါးလာလို့ ဆီဆိုင်ဝင်တန်းပြီး အမြတ်ယူ ပြန်လည်ရောင်းချကြသူတွေပါ။ သူတို့တတွေဟာ ဆီဆိုင်ကထုတ်ပြီးတာနဲ့ လမ်းဘေးမှာဆီပုံးထဲပိုက်နဲ့စုတ်ထည့်ပြီး ထပ်ခါထပ်ခါဝင်တန်းစီလေ့ရှိတယ်လို့ ဒေသခံတွေကဆိုပါတယ်။

ဆီဆိုင်တွေမှာတန်းစီဝယ်ယူဖို့ အချိန်မရသူတွေကတော့ လမ်းဘေးကရေသန့်ဘူးခွံနဲ့ထောင်ရောင်းတဲ့ ဆီကို စျေးကြီးပေးဝယ်ကာ ထည့်နေရပါတယ်။”တစ်လီတာဘူးရဲ့ သုံးပုံတစ်ပုံတောင် မရဘူး။ ၃ထောင်ပေးရတယ်။”လို့ ကုန်စိမ်းစျေးသည်အမျိုးသမီးတစ်ဦးက ပြောပါတယ်။

ဒါ့အပြင် ဆီဆိုင်ကြီးတချို့ကလည်း စျေးတင်ရောင်းချနေကြလို့ အခြေခံလူတန်းစားတွေ ပိုမိုခက်ခဲလာကြတယ်လို့ မြို့ခံတွေကပြောပါတယ်။

“တစ်လီတာကိုလေးငါးထောင်ရောင်းနေကြတာ။ တစ်ရက်တစ်သောင်းတောင်မနည်းရှာနေတာ။ ဘယ်လိုမှမလောက်တော့ဘူး။”လို့ မြို့သစ်ကနေ မန္တလေးမြို့ထဲ ဆိုင်ကယ်နဲ့အလုပ်လာလုပ်တဲ့လုပ်သားတစ်ဦးက ပြောပါတယ်။

ပြည်သူ​တွေဟာ အလကား​ဝေတာကိုတန်းစီယူတာမဟုတ်ပဲ ကိုယ်ပိုက်ဆံနဲ့ကိုယ် ​ဈေးကြီး​ပေးဝယ်ရ​တာကို​​တောင် ဝယ်ချင်သ​​လောက်ဝယ်မရ တဲ့ အ​ခြေအ​နေဖြစ်ပါတယ် ။

တစ်ကယ့်​တော့ လွန်ခဲ့တဲ့ ၃ နှစ်​လောက်ကထိ့ စက်သုံးဆီ​ဈေး​တွေဟာ နိုင်ငံတကာ​ဈေး​တွေနဲ့မကွာပဲသင့်တင့်မျှတတဲ့နှုန်းနဲ့ ၂၄ နာရီ ကြိုက်တဲ့အချိန် ကြိုက်သ​လောက်ဝယ်ရတဲ့အ​ခြေအ​နေပါ ။အဲဒီလို အ​ခြေအ​နေက​နေ နိုင်ငံဟာအာဏာလု စစ်အုပ်စု​ကြောင်ြနိုင်ငံမှာ ဘက်​ပေါင်းစုံညွှန်းကိန်းစုံဟာ အောက်ဆုံးကို ထိုးဆင်း​ကုန်တာဖြစ်ပါတယ် ။

ဒါ့အပြင် လမ်းဘေးတချို့ဆီဆိုင်ငယ်လေးတွေရောင်းတဲ့ တချို့သောဆီတွေဟာ ဆီအရည်အသွေး မပြည့်မီတာတွေပါလာလို့ ဆိုင်ကယ်စက်ပိုင်းဆိုင်ရာ ချို့ယွင်းမှုတွေ ကြုံနေရတယ်လို့ မြို့ခံတွေက ဆိုပါတယ်။

“ဟိုတနေ့ကထည့်လာတာ။ ရေပါလို့နဲ့တူတယ်။ စက်ကထိုးထိုးရပ်တယ်။”ဟု အမျိုးသမီးတစ်ဦးက ပြောပါတယ်။

စက်သုံးဆီစျေးတက်ပြီး ဝယ်ရခက်လာတော့ ရပ်နားထားတဲ့ဘက်စ်ကားလိုင်းတချို့လည်း ပြန်ထွက်လာတယ်လို့ မြို့ခံတွေက ပြောပါတယ်။

“တောင်မြို့နဲ့မန္တလေးပြေးတဲ့အမှတ်၈လိုင်းကားတချို့တွေ့တယ်။စစ်ကိုင်းကားတွေလည်းအရင်ကထက်ပိုများလာတယ်”လို့ မြို့ခံတစ်ဦးက ပြောပါတယ်။ ဒါ့အပြင် မြင်းလှည်းတွေတောင် ပြန်စီးလာကြတယ်လို့လည်း မြို့ခံတွေက ပြောပြပါတယ်။

ဒါ့အပြင် အလုပ်သွားအလုပ်ပြန် စက်ဘီးနဲ့သွားကြသူတွေပိုများလာတာကိုလည်း တွေ့ရတယ်လို့ ဒေသခံများကဆိုပါတယ်။

စက်သုံးဆီစျေးတက်တော့ လူများများတင်လို့ရတဲ့ ဆိုင်ကယ်ကို ဘေးတွဲတွေတပ်တာ ပိုများလာပါတယ်။ ဒါပေမယ့် အဲဒီဘေးတွဲယာဥ်တွေကိုလည်းစစ်ကောင်စီလက်အောက်ခံဝန်ထမ်းတွေက ဖမ်းဆီးပြန်ပါတယ်။

“ဆီစျေးတက်လို့ လူများများလိုက်လို့ရအောင် ဘေးတွဲတပ်ထားတာ အဖမ်းခံရတယ်။”လို့ ဆိုင်ကယ် ဘေးတွဲတပ်ဆင်ခဲ့သူတစ်ဦးက ရင်ဖွင့်ပါတယ်။

အာဏာသိမ်းစစ်ကောင်စီဟာ အရင်က ​စက်သုံးဆီဝယ်ယူမယ့်ဆီလုပ်ငန်းရှင်တွေကို သူတို့သတ်မှတ်ထားတဲ့ ၁ ​ဒေါ်လာ ၂၁၀၀ ကျပ်နှုန်းနဲ့ဒေါ်လာ​ရောင်းပေးခဲ့ပါတယ်။ ဒီဇင်ဘာလ ၁ ရက်နေ့ကစပြီး အဲဒီလို​ဒေါ်လာမလဲပေးတော့ဘဲ ဒေါ်လာကို ကိုယ့်အစီအစဥ်နဲ့ကို ဝယ်ပြီး စက်သုံးဆီဝယ်ယူရမယ့်ပုံစံ ပြောင်းလိုက်ပါတယ်။ ဒါပေမယ့် ပြန်ရောင်းတဲ့အခါမှာတော့ သူတို့သက်မှတ်တဲ့စျေးနဲ့သာ ပြန်ရောင်းလို့ဆိုပြန်ပါတယ်။

ဒါကြောင့် ဆီလုပ်ငန်းရှင်တွေ ဆီသွင်းပြီး​ရောင်း​လေ အရှုံး​ပေါ်နိုင်​လေ အ​​ခြေအ​နေ​ကြောင့် ဆီသွင်း​ရောင်းတာ​တွေ​လျှော့ချလိုက်ပါတယ်။ အဲဒီလိုကမောက်ကမဖြစ်ပြီး ဆီပြတ်လပ်ရှားပါးလာတာ​ကြောင့် အောက်ခြေပြည်သူတွေပါ စက်သုံးဆီပြဿနာ တက်နေတာပါ။

ရန်ကုန်မှာစက်သုံးဆီဝယ်ယူရတာအရင်ထက်စာရင်နည်းနည်း လွယ်လာတယ်လို့ ရန်ကုန်မြို့ခံအချို့က ဆိုပါတယ်။ သို့ပေမယ့် မန္တလေးနဲ့ နယ်မြို့တွေမှာတော့ စက်သုံးဆီဝယ်ရခက်ခဲနေဆဲပဲလို့ မြို့ခံတွေက ပြောပါတယ်။

“မန္တလေးကိုလာတာ မိတ္ထီလာကနေ တောက်လျှောက်ဝယ်မရတော့ဘူး။”လို့ ရန်ကုန်ကနေမော်တော်ကားနဲ့လာသူ အမျိုးသမီးတစ်ဦးက ပြောပါတယ်။

အရှေ့​၊အနောက်၊မြောက်အရပ်တွေမှာ တိုက်ပွဲတွေခြံရံထားတဲ့ မန္တလေးဟာ အကျပ်အတည်းတွေကြားထဲမှာ ကြိုးစားပြီး တောင့်ခံကာ နေထိုင်နေကြတယ်လို့ မြို့ခံတွေကဆိုပါတယ်။

“ပြဿနာတက်တာလည်း ကောင်းတယ်။ မဟုတ်ရင် ကျွန်တော်တို့အပါအဝင် မြို့ပေါ်လူထုက နေသာသလိုနေနေကြတာများတယ်။ ဒီကောင်တွေမြန်မြန်ပြုတ်သွားမှသာ ပြေလည်မှာ။”လို့ အသက် ၄၈ နှစ် ဝန်းကျင် မန္တလေးမြို့ခံ အမျိုးသားတစ်ဦးက ပြောပါတယ်။

စက်သုံးဆီကို ကိုယ့်ဆိုင်ကယ်တိုင်ကီဆန့်သလောက် မထည့်နိုင်တဲ့ နေ့စားသမားလေးတွေရှိတယ်။ ညနေအလုပ်ဆင်းချိန်ဆိုရင် ဆိုင်ကယ်ဆီကုန်သွားလို့ တွန်းပြန်နေရသူတွေလည်း များတယ်။ အဲဒီအတွက် မန္တလေးမြို့ခံ အသက် ၄၅ ဝန်းကျင် အမျိုးသားတစ်ဦးက အခုလိုစီမံထားပါတယ်။

“ကျွန်တော်ကတော့ အချိုရည်ဘူးအသေးဆုံးဆိုဒ်(300ml)ဘူးလေးနဲ့ ဆီထည့်ထားပြီး တူးဘောက်စ်ထဲထည့်ထာတယ်။

လမ်းဆီပြတ်တဲ့သူတွေပေးရအောင်လို့။”လို့ သူကဆိုလိုက်ပါတယ် ။ ။

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်၊ မန္တလေး မြို့ကြီးများအပြင် နယ်ဒေသများတွင်လည်း ဓာတ်ဆီပြတ်လပ်ခြင်း၊ စျေးအဆမတန်မြင့်တက်ခြင်းများ ကြုံတွေ့နေရသည်။

သတင်း

စစ်တပ်အာဏာမသိမ်းခင်က ဓာတ်ဆီနဲ့ ဒီဇယ်ဈေးဟာ တစ်လီတာကို ကျပ် ၆၀၀ ကျော် ၊ ကျပ် ၇၀၀ ဝန်းကျင်သာရှိခဲ့တာပါ။

ဆောင်းပါး

ကုန်​ဈေးနှုန်းများတက်သည်မ​ပြောနှင့် သယ်ယူပို့​ဆောင်​ရေးအတွက် အခရာကြ​သော စက်သုံးဆီ​ဈေးမှာ အာဏာမသိမ်းခင်က တစ်လီတာ ၆၅၀ ကျပ်မှ ၇၀၀ ကျပ်အတွင်းရှိခဲ့ရာမှယခုအခါ တစ်လီတာ ကျပ် ၂၀၀၀ ​ကျော်အထိ့တက်ကုန်သည်။

သတင်း

" လက်နက်မပြည့်စုံလို့ကြာနေတာ။လက်နက်သာအပြည့်အစုံရှိရင် လူထုတော်လှန်ရေးကအောင်နေပြီ" ဟုဖားကန့်ဒေသခံတစ်ဦးကပြောသည်။