Connect with us

Hi, what are you looking for?

LuduNwayOo

ဆောင်းပါး

ထိုင်းသွားမည့် မြန်မာများအတွက်အကြံပြုချက်

ထိုင်း – မြန်မာ နယ်စပ်တွင်လည်း တရားမဝင် ဝင်ရောက်လာသည့် လူငယ်များ ဖမ်းဆီးခံရပြီးတွင် ထိုင်းဝန်ကြီးချုပ်က သတိပေးပြောကြားမှု ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

ထိုင်းနိုင်ငံသို့သွား​ရောက်ရန် ထိုင်းဗီဇာ​လျှောက်ထားရန်တန်းစီ​နေကြသူများ
ထိုင်းနိုင်ငံသို့သွား​ရောက်ရန် ထိုင်းဗီဇာ​လျှောက်ထားရန်တန်းစီ​နေကြသူများ

အာဏာသိမ်းစစ်ကောင်စီက စစ်မှုထမ်းဥပဒေထုတ်ပြန်‌‌ကြေညာပြီး လေးရက်အကြာတွင် ထိုင်းနိုင်ငံ၌ မြန်မာလူငယ် ၄၀ကျော် ဖမ်းဆီးခံလိုက်ရပါသည်။

တရားမဝင်နည်းလမ်းဖြင့် ဝင်ရောက်လာကြသော မြန်မာလူငယ် ၄၄ ဦးမှာ ထိုင်း – မြန်မာနယ်စပ်မြို့များဖြစ်သော မဲဆောက်မြို့နှင့် ကန်ချနဘူရီခရိုင်တို့တွင် အသီးသီးဖမ်းဆီးခံရခြင်းဖြစ်၏။

ဖေဖော်ဝါရီ ၁၄ရက်က မြန်မာလူငယ်ပိုင်း အများစုဖြစ်သည့် အမျိုးသား ၁၁ဦးနဲ့ အမျိုးသမီး ၁၆ဦးဟာ မဲဆောက်မြို့ရှိ မယ်လမငှက်ပျောတောအတွင်းမှာ ပုန်းခိုနေစဥ် ထိုင်းအာဏာပိုင်များ၏ ဖမ်းဆီးခံရခြင်း ဖြစ်သည်။ ထိုနေ့တွင်ပင် ကန်ချနဘူရီခရိုင်အတွင်းမှာ တရားမဝင်လာရောက်ကြသည့် မြန်မာလူငယ် ၁၇ဦး ထပ်မံဖမ်းဆီးခံခဲ့ရသည်။ ထိုတစ်ရက်တည်းမှာပင် မြန်မာလူငယ် စုစုပေါင်း ၄၄ဦး ဖမ်းဆီးခံရခြင်း ဖြစ်သည်။

ထို့အပြင် ဖေဖော်ဝါရီ ၁၅ရက်တွင်လည်း ထိုင်း – မြန်မာနယ်စပ်မြို့ဖြစ်သော ရနောင်းမြို့၌ မြန်မာအချို့ ထပ်မံဖမ်းဆီးခံရပြီး ဖေဖော်ဝါရီ ၂၀ရက်အထိ တစ်ပတ်အတွင်း တရားမဝင်နည်းလမ်းဖြင့်လာရောက်သည့် မြန်မာ ၁၃၀ကျော်အထိ ဖမ်းဆီးခံထားရသည်။

Public Service Announcement

Public Service Announcement

ယခုရက်တစ်ပတ်အတွင်း ဖမ်းဆီးခံရသူအများစုမှာ အာဏာသိမ်းစစ်ကောင်စီက စစ်မှုမထမ်းမ​နေရ ဥပဒေ ထုတ်ပြန်‌‌ကြေညာလိုက်၍ စစ်မှုမထမ်းလိုသည်အတွက် ထိုင်းနိုင်ငံအတွင်းသို့ ဝင်ရောက်လာသူများဖြစ်ကြောင်း ထိုင်းရောက်မြန်မာလုပ်သားများအရေး ကူညီဆောင်ရွက်နေသူများက ပြောသည်။

“သူတို့က မင်းအောင်လှိုင်စစ်တပ်အောက်မှာ စစ်မှုမထမ်းချင်လို့ ထွက်လာတဲ့သူတွေဖြစ်တယ်”ဟု ထိုင်းရောက်မြန်မာရွှေ့ပြောင်းလုပ်သားအရေးဆောင်ရွက်နေသူ ကိုရဲမင်း(အေအေစီ-မဟာမိတ်)က ​ပြောသည်။ ကိုရဲမင်းသည် ထိုင်းရောက်မြန်မာလုပ်သားများအရေး ကူညီဆောင်ရွက်ရန် အေအေစီ-မဟာမိတ်အဖွဲ့ တည်ထောင်ထားပြီး စစ်အုပ်စုကအာဏာသိမ်းပြီး​နောက် စစ်အာဏာရှင်အား တော်လှန်နေသူလည်း ဖြစ်သည်။

လွန်ခဲ့သော ၁၄နှစ်က စစ်အစိုးရပြဌာန်းခဲ့သည့် ပြည်သူ့စစ်မှုထမ်းဥပ‌ဒေကို ​အာဏာသိမ်း​ခေါင်း​ဆောင် အမိန့်ဖြင့်ဖေ​ဖော်ဝါရီ ၁၀ရက်တွင် ထုတ်ပြန်ခဲ့သည်။

စစ်ကောင်စီ၏ ထုတ်ပြန်ချက်အရ အသက်(၁၈)နှစ်ပြည့်ပြီးသူ အမျိုးသမီး၊ အမျိုးသားတိုင်းကို ၂နှစ် စစ်မှုထမ်းရန် ဆင့်ခေါ်နိုင်ပြီး တိုင်းပြည်အရေးပေါ်အခြေအနေဆိုပါက ၅နှစ်အထိ ၎င်းတို့လိုသလို ခိုင်းစေနိုင်သည်ဟုဆိုသည်။

နိုင်ငံတစ်ဝန်းတိုက်ပွဲများတွင် ​သေဆုံးဒဏ်ရာရသူ ၊ ထွက်​ပြေးသူ ၊လက်နက်ချသူ ၊​တော်လှန်​ရေးအဖွဲ့များထံအလင်းဝင်သူစသဖြင့် စစ်​ကောင်စီတပ်အင်အား နည်းလာ​သော်လည်း စစ်တပ်ထဲဝင်လိုသူ နည်းလာ​သော​ကြောင့် စစ်​ကောင်စီက ၎င်းတို့အသက်ဆက်နိုင်​ရေး စစ်မှုမထမ်းမ​နေရ ဥပ​ဒေဖြင့် လူငယ်များကို ဖိအား​ပေး၍ စစ်တပ်အတွင်းဝင်ရန်ကြံစည်လာခြင်းဖြစ်​ကြောင်း နိုင်ငံ​ရေး ၊စစ်​ရေး​လေ့လာသူများက သုံးသပ်ကြသည်။

ထို့ကြောင့် လူငယ်အချို့မှာ ထိုင်းနိုင်ငံသို့ သွားရောက်ရန် ကြိုးပမ်းနေကြသည်။ အချို့မှာ ထိုင်းနိုင်ငံအပါအဝင် ပြည်ပနိုင်ငံများသို့ သွားရောက်အလုပ်လုပ်ရန် ပြင်ဆင်ကြိုးပမ်းနေသည်။ အချို့မှာ တော်လှန်ရေးတပ်ဖွဲ့များထံ ဝင်ရောက်ပြီး စစ်အာဏာရှင်အား တော်လှန်ရန် စာရင်းပေးဆက်သွယ်နေကြသည်ဟု တော်လှန်ရေးအဖွဲ့အစည်း များက အသိပေးထားသည်။

ဓါတ်ပုံ- People's Spring
ဓါတ်ပုံ- People’s Spring

အာဏာသိမ်း မြန်မာစစ်တပ်က စစ်မှုမထမ်းမနေရစနစ် အသက်သွင်းမည်ဟု ကြေညာလိုက်ပြီးနောက် ရက်ပိုင်းအတွင်း ရန်ကုန်မြို့ရှိ ထိုင်းသံရုံး၌ ဗီဇာလျှောက်ထားမှုရုတ်တရက် မြင့်တက်လာသည်။ ထောင်ချီရှိသည့် လူတန်းရှည်ကြီးကြောင့် တစ်ရက်ဗီဇာထုတ်ပေးမှု လူဦးရေကန့်သတ်ရသည်အထိ ဖြစ်ခဲ့သည်။ ထို့အပြင် ငွေကြေးမတက်နိုင်၍ တရားမဝင်နည်းလမ်းဖြင့် သွားရောက်ရန်ပြင်ဆင်နေသူများလည်း ရှိနေပါသည်။

သို့သော် ထိုင်းနိုင်ငံသွားရောက်မည့် မြန်မာလူငယ်များအတွက် သတင်းဆိုးတစ်ခုက ဆီးကြိုနေပါသည်။ စစ်မှုထမ်းဥပဒေကြောင့် တရားမဝင်လာရောက်သူများအား ဖမ်းဆီးအရေးယူမည်ဟု ထိုင်းနိုင်ငံ ဝန်ကြီးချုပ် ဆရက်သာ သာဗီဆင်က ဖေဖော်ဝါရီ ၁၉ ရက်တွင် ပြောကြားခဲ့သည်။

လက်ရှိတွင်လည်း တရားမဝင်နေထိုင်သူများအား တင်းတင်းကြပ်ကြပ်စစ်ဆေးဖမ်းဆီးနေပြီး လုပ်သားလိုအပ်ချက် နည်းပါးပြီး အလုပ်လက်မဲ့ ရွှေ့ပြောင်းလုပ်သားဦးရေမှာ တိုးလာနေကြောင်း ထိုင်းရောက်မြန်မာလုပ်သားများအရေး ကူညီဆောင်ရွက်နေသူများက ပြောပါသည်။

ထိုင်း – မြန်မာ နယ်စပ်တွင်လည်း တရားမဝင် ဝင်ရောက်လာသည့် လူငယ်များ ဖမ်းဆီးခံရပြီးတွင် ထိုင်းဝန်ကြီးချုပ်က သတိပေးပြောကြားမှု ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

“တရားဝင်ဝင်လာရင် ကြိုဆိုပါတယ်။ ဒါပေမယ့် တရားမဝင် ခိုးဝင်လာရင် သူတို့ကို ဥပဒေအရ အရေးယူသွားမှာပါ။ လုံခြုံရေးအေဂျင်စီတွေနဲ့လည်း ဆွေးနွေးထားပြီးသားပါ”ဟု ထိုင်းဝန်ကြီးချုပ်က ပြောသည်။

ထိုသို့ပြောဆိုပြီး နောက်တစ်ရက်တွင် မြန်မာများ အများဆုံးဝင်ရောက်လာနိုင်သော နယ်စပ်မြို့ဖြစ်သည့် တာ့ချ်ခရိုင် မဲဆောက်မြို့တွင် ထိုင်းရဲတပ်ဖွဲ့နှင့်လူဝင်မှုကြီးကြပ်ရေး(လဝက)များက စစ်ဆေးဖမ်းဆီးမှုများ ပိုမိုလုပ်ဆောင်လာပါတော့သည်။

ထိုင်းနယ်စပ်မြို့ မဲ​ဆောက်တွင် မြန်မာများ​လာ​ရောက်​​နေထိုင်လျင် သတင်းပို့ရန်​ကြေညာချက်
ထိုင်းနယ်စပ်မြို့ မဲ​ဆောက်တွင် မြန်မာများ​လာ​ရောက်​​နေထိုင်လျင် သတင်းပို့ရန်​ကြေညာချက်

ဖေဖော်ဝါရီ ၂၀ရက်တွင် ထိုင်း – မြန်မာနယ်စပ် မဲဆောက် – မြဝတီ အမှတ်(၁)ချစ်ကြည်ရေးတံတားဘေးရှိ မြန်မာစျေးသည်များကို ထိုင်းရဲတပ်ဖွဲ့နှင့်လူဝင်မှုကြီးကြပ်ရေး(လဝက)များက ဖမ်းဆီးခဲ့သည်။

ထို့အပြင် မဲဆောက် – မြ၀တီ အမှတ်(၁)ချစ်ကြည်ရေးတံတားမှ မှတ်ပုံတင်ဖြင့် (၇)ရက်နယ်မြေ ဖြတ်သန်းခွင့်ကတ်ဖြင့် ဝင်ရောက်လာသူများအား ဖေဖော်ဝါရီ ၂၀ရက်ကစ၍ ထိုင်းအစိုးရ တာဝန်ရှိသူများက စိစစ်ပြီး ဝင်ခွင့်မပေး​တော့ဘဲ ပြန်လွှတ်​​ခြင်းများပင်ရှိလာကြောင်း ထိုင်းရောက်မြန်မာလုပ်သားတွေအရေး ကူညီဆောင်ရွက်နေသူများက ပြောသည်။

မှတ်ပုံတင်ဖြင့် ဝင်လာသူများအား ထိုင်းအစိုးရက အစိမ်းရောင်ကတ်ထုတ်ပေးပြီး မဲဆောက်မြို့၌ (၇)ရက်နေထိုင်ခွင့် ယခင်က ခွင့်ပြုခဲ့သည်။ ထိုသို့ဝင်ရောက်လာသူများအား မဲဆောက်မြို့တွင် တရားဝင်နေထိုင်သူက ထောက်ခံချက်ပေးရမည် ဖြစ်သည်။ ပြီးခဲ့သည့်ရက်ပိုင်းအထိ အဆိုပါ တံတားမှ ဝင်ရောက်လာသူများအား စစ်ဆေးခြင်းမရှိသော်လည်း ထိုင်းဝန်ကြီးချုပ်က ပြောဆိုအပြီးတွင် ယခုကဲ့သို့ ဝင်ခွင့်မပေးဘဲ ပြန်လွှတ်နေခြင်း ဖြစ်သည်။

ထိုင်းသိူ့တရားမဝင်သွား​ရောက်၍ ဖမ်းဆီးခံရ​​သော မြန်မာအချို့
ထိုင်းသိူ့တရားမဝင်သွား​ရောက်၍ ဖမ်းဆီးခံရ​​သော မြန်မာအချို့

“စောင့်ခေါ်ခိုင်းတာပေါ့။ အဲဒီလိုစောင့်ခေါ်ပြီးအာမခံ မပေးနိုင်လို့ ပြန်လွှတ်ခံရတယ်။ အရင်က အဲဒီလိုမဟုတ်ဘူး။ ဝင်လာရင် စစ်ဆေးမေးမြန်းတာ မရှိဘူး။ အခုက ပြန်လွှတ်နေပြီ”ဟု ဖေဖော်ဝါရီ ၂၀ရက်က မှတ်ပုံတင်ဖြင့် ဝင်ရောက်လာသူများအနက် ထောက်ခံချက်မပေးနိုင်သဖြင့် ပြန်လွှတ်ခံရသူတစ်ဦး၏ အစ်ကိုဖြစ်သူက ပြောသည်။

ထို့အပြင် တာ့ချ်ခရိုင်အတွင်းရှိ အိမ်ရှင်များအနေဖြင့် မိမိအိမ်၌ နိုင်ငံခြားသားဧည့်သည်များ နေထိုင်တည်းခိုမှုရှိပါက လူဝင်မှုကြီးကြပ်ရေးဌာနထံ ဧည့်စာရင်းတိုင်ကြားရန် ဖေဖော်ဝါရီ ၂၂ရက် နေ့စွဲဖြင့် တာ့ချ်ခရိုင် လူဝင်မှုကြီးကြပ်ရေးက မြန်မာဘာသာဖြင့် ထုတ်ပြန်အသိပေးသည်။

တာ့ချ်ခရိုင်အတွင်းရှိ အိမ်ခန်းအငှားပိုင်ရှင်၊ ဟိုတယ်၊ တည်းခိုခန်းမန်နေဂျာများ အနေဖြင့်နိုင်ငံခြားသားဧည့်သည်များ လက်ခံမည်ဆိုပါက ၂၄ နာရီအတွင်း ဧည့်စာရင်းတိုင်ရန် ကြေညာချက်ထုတ်ပြန်ထားသည်။

ဧည့်စာရင်းတိုင်ကြားရန်ပျက်ကွက်ပါက အများဆုံး ဘတ်တစ်သောင်းအထိ ဒဏ်ကြေး ပေးဆောင်ရမည်ဟု ပါရှိသည်။

“ဒီလို ဧည့်စာရင်းတိုင်ခိုင်းတာက ပထမဆုံးလို့ နားလည်တယ်။ ခါတိုင်း အဲဒီလို လုပ်ခိုင်းတာ မတွေ့ဖူးဘူး။ မဲဆောက်ပဲ မဟုတ်ဘဲ တစ်နိုင်ငံလုံး ပြန့်နှံ့လာမှာ စိုးရိမ်တယ်။ ရွှေ့ပြောင်းအလုပ်သမားတွေ အစစအရာရာ သတိထားဖို့ ပြောချင်ပါတယ်”ဟုထိုင်းရောက်မြန်မာလုပ်သားများအရေးဆောင်ရွက်နေသူ ထိုင်းနိုင်ငံတောင်ပိုင်းခြေစိုက် ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း(FED)ဒါရိုက်တာဦးထူးချစ်က ပြောသည်။

သို့သော် ထိုင်းနိုင်ငံအတွင်းသို့ ထွက်ပြေးဝင်ရောက်လာမည့် မြန်မာများအတွက် ထိုင်းလွှတ်တော်အမတ်တစ်ဦးက တိုက်တွန်းတောင်းဆိုမှုတစ်ခု ပြီးခဲ့သည့်ရက်ပိုင်းအတွင်း ပြုလုပ်ခဲ့ပါသည်။

ထိုင်းသိူ့တရားမဝင်သွား​ရောက်၍ ဖမ်းဆီးခံရ​​သော မြန်မာအချို့
ထိုင်းသိူ့တရားမဝင်သွား​ရောက်၍ ဖမ်းဆီးခံရ​​သော မြန်မာအချို့

စစ်မှုမထမ်းချင်၍ ထိုင်းနိုင်ငံကို ထွက်ပြေးလာသည့် မြန်မာများအား လက်ခံပေးပြီး ပြည်တွင်း၌ အလုပ်လုပ်ခွင့် ပေးသင့်ကြောင်း ထိုင်းအတိုက်အခံ လွှတ်တော်အမတ် ကန်နာဗီ ဆူယက်ဘ်ဆန်က ဖေဖော်ဝါရီ ၂၁ရက်တွင် ထိုင်းအစိုးရအား တိုက်တွန်းထားသည်။

နှစ်ဖက်ညှိနှိုင်းသဘောတူညီမှုရယူပြီး အာဏာသိမ်း မြန်မာစစ်တပ်ဟာ ထိုင်းနိုင်ငံကို လုပ်သားတင်ပို့မှု ယာယီ ရပ်တန့်ထားကြောင်း လွှတ်တော်အမတ် ကန်နာဗီ ဆူယက်ဘ်ဆန်က ပြောသည်။

မူလက မြန်မာနိုင်ငံသား ၇၀၀၊ ၈၀၀ ခန့်သည် နယ်စပ်ဖြတ်ကျော်ပြီး အလုပ်အကိုင်အတွက် ထိုင်းနိုင်ငံသို့ လာရောက်နေကြကြောင်း၊ ရွှေ့ပြောင်းလုပ်သားများ လာရောက်မှု ဆိုင်းငံ့ခြင်းသည် မြန်မာဖက်မှ နိုင်ငံရေး အခြေအနေများနှင့် မည်သို့ဆက်နွှယ်သည်ကို အတိအကျ မပြောနိုင်သော်လည်း ထိုင်းသို့ ရောက်လာပြီးသူများအား အစိုးရက အတင်းအကျပ် ပြန်ပို့ပါက စိုးရိမ်စရာကိစ္စဟု သတ်မှတ်သင့်ကြောင်း ကန်နာဗီက မှတ်ချက်ပေးထားသည်။

“မြန်မာနိုင်ငံသားတွေ ထိုင်းကို အလုံးအရင်း ဝင်ရောက်လာတယ်ဆိုတာဟာ တရားမဝင် ဥပဒေ ချိုးဖောက် ဝင်ရောက်ဖို့ ဆိုတာထက် သေဘေးကနေ တိမ်းရှောင်လာကြတာ ဖြစ်ကြောင်း၊ စစ်မြေပြင်ကို အတင်းအကျပ် တွန်းပို့ခံရပြီး ကိုယ်တိုင် သေမလား၊ သူတပါးကို သတ်ဖြတ်ရမလား ဆိုတာကို ရွေးချယ်ရမယ့် ကိစ္စကနေ ရှောင်တိမ်းလာကြတာ”ဟု ထိုင်းလွှတ်တော်အမတ်က ပြောကြားသည်။

ထို့အပြင် လုပ်သားတင်ပို့မှု ဆိုင်းငံ့ထားချိန်တွင် စစ်မှုထမ်းဥပဒေကြောင့် ထွက်ပြေးလာသည့် တရားမဝင် ခိုလှုံသူများအား အလုပ်အကိုင်များ ဖန်တီးပေးမည်ဆိုပါက လူသားချင်း စာနာမှု ရှုထောင့်အရ အကျိုးရှိသလို လုပ်သား ပြတ်လပ်မှုပြဿနာကိုလည်း ကုစားဖြေရှင်းနိုင်မည်ဟု ကန်နာဗီက အကြံပြုထားသည်။

သို့သော် ထိုင်းနိုင်ငံသို့ တရားမဝင်နည်းလမ်းဖြင့် လာရောက်မှုအပေါ် အားမပေးကြောင်း ထိုင်းရောက်မြန်များလုပ်သားများအရေး ကူညီဆောင်ရွက်နေသူများက တညီတညွတ်တည်း ပြောပါသည်။

“ထွက်လာမယ့်သူတွေအနေနဲ့ တရားဝင်နည်းလမ်းနဲ့ လာဖို့ အရင်ဆုံးစဥ်းစားသင့်ပါတယ်”ဟု ဦးထူးချစ်က ပြောသည်။ တရားဝင်နည်းလမ်းဖြင့် လာရောက်ရန် အခွင့်အရေးမရှိပါက တရားမဝင်လုပ်သားများခေါ်ဆောင်ပေးသည့် ယုံကြည်စိတ်ချရသော ပွဲစားဆိုသူများနှင့် ချိတ်ဆက်ဆောင်ရွက်သင့်ကြောင်း ဦးထူးချစ်က အကြံပြုသည်။

“ထိုင်းနိုင်ငံထဲမှာ အထောက်အထားရှိပြီး အလုပ်လက်မဲ့ဖြစ်နေတဲ့သူတွေ သိန်းနဲ့ချီရှိတယ်။ အထောက်အထား မရှိတဲ့ လူဦးရေကလည်း တစ်သန်းကျော်ရှိနေတယ်”ဟု ကိုရဲမင်းက လည်းပြောသည်။ ထို့အပြင် တရားဝင်အထောက်အထားဖြင့် လာရောက်ပါကလည်း အလုပ်ရရန် မသေချာ​ကြောင်း ကိုရဲမင်းက ပြောသည်။

“တရားဝင်တွေတောင် သိန်းနဲ့ချီ အလုပ်လက်မဲ့တွေဖြစ်နေတာ” ဟု သူက ဆက်ပြောသည်။

အလုပ်အကိုင်အတွက် ခက်ခဲမှုရှိနိုင်ပြီး အလုပ်မရွေးပါက အဆင်ပြေနိုင်ဟုလည်း ဦးထူးချစ်က ဆိုသည်။

“မဲဆောက်မှာဆို စိုက်ပျိုးရေးလုပ်ငန်းတွေ ၊ စိုက်ပျိုးရေးခြံတွေ ရှိတယ်။ စက်ရုံ၊အလုပ်ရုံတွေရှိတယ်”ဟု ဦးထူးချစ်က ပြောသည်။ ထို့အပြင် ဝင်ရောက်လာကြသူများအနေဖြင့် ထိုင်းနိုင်ငံ၏ ယဥ်ကျေးမှု၊ ဘုရင်စနစ်၊ ဘာသာစကားစသည်တို့အား လေ့လာထားသင့်ကြောင်း ဦးထူးချစ်က အကြံပြုသည်။ ရွှေ့ပြောင်းသွားလာမှု အဆမတန်များပြားလာပါက လူကုန်ကူးသူများ၏ ပစ်မှတ်ကို အထူးဂရုပြုရမည်ဖြစ်ပြီး လူကုန်ကူးခံရသည့်ဖြစ်စဥ်များလည်း သာဓကရှိကြောင်း ဦးထူးချစ်က ပြောသည်။

စစ်ဆေးဖမ်းဆီးမှုတင်းကြပ်စွာပြုလုပ်မည့် တာချ်ခရိုင် မဲဆောက်မြို့၌ နေထိုင်ရန် ရွေးချယ်မှုကိုလည်း စဥ်းစားသင့်ကြောင်း ထိုင်းရောက်မြန်မာလုပ်သားများအရေးကူညီဆောင်ရွက်နေသူများက ပြောသည်။ မဲဆောက်မြို့မှာ တရားမဝင်နေထိုင်သူများအတွက် အင်မတန်ခက်ခဲမည့်မြို့ဟု ၎င်းတို့က သုံးသပ်ပါသည်။

“မဲဆောက်လို နေရာမျိုးမှာစုပြုံတိုးဝင်လာမယ့်အခြေအနေတွေရှိတယ်။ မဲဆောက်က အခုဘာဖြစ်နေလဲဆို အရင်က အလုပ်သမားတွေ လမ်းမှာဖမ်းမိရင် ထိုင်းရဲတွေကို ဘတ် ၁၀၀၊ ၂၀၀၊ ၃၀၀ ပေးရင် လွတ်တယ်။ အခုဆို မရတော့ဘူး။ ဘတ် ၄,၀၀၀၊ ၅,၀၀၀၊ တစ်သောင်းတွေ ဖြစ်ကုန်ပြီ။ ဒါက ဒီသုံးနှစ်အတွင်းမှာ စျေးကွက်က ပြောင်းကုန်းတာ”ဟု ကိုရဲမင်းက ပြောသည်။

နိုင်ငံတွင်းမှ လူငယ်အများအပြား ပြည်ပထွက်​ပြေးရန်ကြိုးစား​နေမှုကို အသုံးချ၍ လူကုန်ကူးရန် ကြိုးစားသူများရှိနိုင်၍ လူကုန်ကူးမှု အန္တရာယ်ကို အမြဲ သတိပြူ၍ လူကူန်ကူးပညာ​ပေးအစီအစဥ်များကို​လေ့လာထားကြရန် လည်းထိုင်း​ရောက်မြန်မာအချို့က အကြံပြုသည်။

သို့သော် တရားမဝင်လာရောက်မှုအတွက် ထိုင်းရဲတပ်ဖွဲ့၏ ဖမ်းဆီးအရေးယူခံရမည်ဆိုပါကလည်း မြန်မာလူငယ်အချို့မှာ ရွေးချယ်စရာမရှိတော့၍ သွားရန်စီစဥ်​နေသူများရှိ​ကြောင်းလည်း သိရသည်။ ရက်စက်ကြမ်းကြုတ်သည့်စစ်ရာဇဝတ်သားများ စုထား​​သော စစ်တပ်အတွင်း ဝင်ရန်စဥ်းပင် မစဥ်းစား​ကြောင်း လူငယ်အချို့က​ပြောသည်။

သေချာသည်က ပြည်တွင်း၌ အာဏာသိမ်းစစ်ကောင်စီက ဖမ်းဆီး၊ ပေါ်တာဆွဲ၊ စစ်မှုထမ်းစေခိုင်းမှုများပြုလုပ်နေ၍ လူငယ်များမှာ ​စစ်​ကောင်စီစိုးမိုး​သော​ဒေသများတွင်လုံခြုံမှုမရှိ​တော့​ပေ ။ မလုံခြုံသည့်ကြား စစ်တပ်အတွင်းဝင်ရန်ဖိအား​ပေးလာ​သောအခါ လူငယ်များအတွက်​ရွေးချယ်စရာနည်းလာ​နေသည်။ အချို့က ​တော်လှန်​ရေးတပ်ဖွဲ့များနှင့်ပူး​ပေါင်း၍ စစ်​ကောင်စီကိုဖြုတ်ချရန်​တော်လှန်​သောလမ်းကို​ရွေးသည်။အချို့က လွတ်​မြောက်နယ်​မြေများသို့ရှောင်တိမ်းသည်။အချို့က ပြည်ပသို့ပညာသင်ရန် ၊အလုပ်လုပ်ရန် စသဖြင့်ထွက်ခွာကြသည်။အချို့က ဘာလုပ်ရမည်မသိ၍ အ​ခြေအ​နေကို ​စောင့်ကြည့်ကာ ​ပေါ်တာလာဆွဲ​သောအခါတွင်မှ ထွက်​ပြေးမည် ၊ မီးစင်ကြည့်ကမည်ဆို​သော လူငယ်များလည်းရှိသည်။

စစ်အုပ်စု၏ စစ်မှုမထမ်းမ​နေရဥပ​ဒေ​ကြောင့်နိုင်ငံအတွင်းမှ လူငယ်များ အများအပြားထွက်​ပြေးတိမ်း​ရှောင်​နေမှုကို နိုင်ငံတကာသတင်းဌာနကြီးအချို့က ပင် လူငယ်များ အစုလိုက်အပြုံလိုက် ထွက်​ပြေးမှု (Exodus)ဆို​သော​ဝေါဟာရကို စတင်သုံးစွဲ​လာကြပြီဖြစ်သည်။

“အခုတစ်ခါ ရွှေ့ပြောင်းသွားလာမှုက အရင်မတူတဲ့ ရွှေ့ပြောင်းသွားလာမှုမျိုးဖြစ်တယ်”ဟု ဦးထူးချစ်က ပြောပါသည်။

(ထိုင်းနိုင်ငံသို့သွား​ရောက်ရန် ထိုင်းဗီဇာ​လျှောက်ထားရန်တန်းစီ​နေကြသူများ/ ထိုင်းသိူ့တရားမဝင်သွား​ရောက်၍ ဖမ်းဆီးခံရ​​သော မြန်မာအချို့ /ထိုင်းနယ်စပ်မြို့ မဲ​ဆောက်တွင် မြန်မာများ​လာ​ရောက်​​နေထိုင်လျင် သတင်းပို့ရန်​ကြေညာချက် ။ဓါတ်ပုံ- People’s Spring ၊The Nation ၊ CJ)

ဆက်စပ်သတင်းများ

နိုင်ငံတကာ

နောက်ဆက်တွဲအဖြစ် ပါနစ်ချ်ဟာ ကောင်းမွန်စွာ နေထိုင်နေကြောင်း အာဏာပိုင်တွေဆီ ၁ နှစ်ကြာ ပုံမှန် သတင်းပို့ဖို့နဲ့ ယာဉ်မောင်းလိုင်စင် ၆ လ ဆိုင်းငံ့ခံရဖို့လည်း တရားရုံးက အမိန့်ချခဲ့ကြောင်း သိရပါတယ်။

ဆောင်းပါး

မောင်ထွန်းအားကျရခြင်းမှာ စစ်တပ်၏ စစ်မှုမထမ်းမနေရ ဥပဒေနှင့် ထိုလူငယ်များ လက်တလော လွတ်မြောက်သွားခြင်းကြောင့် ဖြစ်သည်။

သတင်း

မြ၀တီ၌ နောက်ဆုံးကျန်နေသည့် ခမရ(၂၇၅)ကိုကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (K.N.L.A) မှဦးဆောင်ပြီး ကရင်အမျိုးသားကာကွယ်ရေး တပ်ဖွဲ့ (K.N.D.O)၊ နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ (PDF)တို့မှ ယနေ့မနက်အစော၌ အပြီး သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။

နိုင်ငံတကာ

မြန်မာနိုင်ငံက စည်းလုံးတဲ့၊ ငြိမ်းချမ်းတဲ့၊ သာယာဝပြောတဲ့ အခြေအနေမျိုး ရပ်တည်နိုင်ရင် အကျိုးအမြတ် အရရှိဆုံးက ထိုင်းနိုင်ငံ ဖြစ်လာမယ်လို့လည်း ဆရက်သာက ပြောကြားသွားပါတယ်။