ရဲခေါင်/People’s Spring
မိသားစုတွင်း စီးပွားရေးကြပ်တည်းမှုကစလို့ ၁၃ နှစ်သား ကျော်နန္ဒာဝင်း(ခ) ဖိုးဇော် တစ်ယောက် သူရဲ့မွေးရပ်မြေကို စွန့်ခွာဖို့ အရဲစွန့်လိုက်ပါတယ်။
မန္တလေးဇာတိဖြစ်ပေမယ့် ကရင်နီပြည်နယ်မှာပဲ အိမ်ထောင်ကျ အခြေပြုလို့ ကလေးခြောက်ဦးဖခင်ဖြစ်လာတဲ့ အသက် ၄၅ နှစ်အရွယ် ကိုဖိုးဇော်ကတော့ သူ့ကိုယ်သူ ကရင်နီနယ်ခံတစ်ယောက် ဖြစ်နေပြီလို့ ဖွင့်ဟပါတယ်။
ပြီးခဲ့တဲ့နှစ်ဝက်လောက်အထိပရိဘောဂနဲ့လက်သမား အလုပ်ကိုသာ စွဲစွဲ မြဲ မြဲလုပ်လာတဲ့ ကိုဖိုးဇော်တစ်ယောက် အလုပ်ပြောင်းလုပ်ဖို့အကြောင်းပေါ်လာပါတယ်။

Public Service Announcement
“မိုင်းနင်းမိလို့သေသွားတဲ့သူကို မြင်ခဲ့ရတယ်။ပြီးတော့ သားအမိနှစ်ယောက်မိုင်းထိလို့ ခြေပြတ်သွားတာ တွေကြောင့်အတက်နိုင်ဆုံး ပြည်သူတွေကို ကယ်တင်မယ် ဆိုပြီး အခုအလုပ်ကို ရွေးချယ်လိုက်တာ”လို့ ဒီးမော့ဆိုအနောက်ခြမ်းက ကိုဖိုးဇော်က မိုင်းဖော်တဲ့အလုပ်လုပ်ဖို့ရွေးချယ်ဖြစ်ခဲ့ပုံကိုပြောပါတယ်။
ပထမဆုံး ကိုဖိုးဇော် မိုင်းရှာတက်ဖို့ ကရင်နီပြည် ပြည်သူ့လွတ် မြောက်ရေးတပ်မတော်(ကလလတ)က တပ်ရင်းတစ်ခုမှာ သုံးလတာ သင်ကြားခဲ့ပါတယ်။ဒီလိုနဲ့ သူ့ဒေသမှာ မိုင်းရှာဖို့ ကိုဖိုးဇော် ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလ မှာ သင်တန်းဆင်းလာပါပြီ။
“စစ်ကောင်စီ အထိုင်ချနေခဲ့တဲ့တောင်ပေါ်မှာ ၁၄ မိုင်း တစ်လုံးစတွေ့တာ။ဖော်ပဲဖော်နိုင်ပြီး မဖြုတ်ရဲသေးဘူး။အဲဒါနဲ့ သူငယ်ချင်းတွေနဲ့ မိုင်းကို ဝါးလုံးအရှည်ကြီးထိပ်မှာ ချိတ်လုပ်ပြီး ချိတ်ပြီးသယ်လာတယ်။ပြီးမှ ဖြုတ်နိုင်တဲ့သူ ကို ခေါ်ဖြုတ်တော့ ပညာပြခ အနေနဲ့ ၃၀၀၀ ပေးခဲ့ရတယ်”လို့ ကိုဖိုးဇော်က သူရဲ့ ပထမဆုံး အတွေ့အကြုံကို ရယ်ရွှင်စွာ ပြောပြပါတယ်။
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ကရင်နီပြည်နယ် အတွင်းမှာ မိုင်းကြောင့် ထိခိုက်သေဆုံးသူ ရာဂဏန်း အထိ ရှိလာပြီလို့ ကရင်နီလူ့အခွင့်အရေး အဖွဲ့တွေက ထုတ်ပြန်ထားပါတယ်။
Karenni Human Rights Group ရဲ့ အချက်အလက်တွေအရ ၂၀၂၄ ခုနှစ် သုံးလပတ် အထိ မိုင်းကြောင့် ထိခိုက်တဲ့ အရပ်သား ၃၀ နီးပါးရှိခဲ့ပါတယ် ။အဲဒီအထဲက နှစ်ဦး သေဆုံးခဲ့ရပါတယ်။
ဒါကြောင့် မိုင်းတွေရှင်းလင်းရတဲ့အလုပ်ဟာ ကမ္ဘာကျော်ရုပ်ရှင် The Hurt Locker ဇာတ်ကားမျိုးမှာသာကြည့်ကောင်းပေမယ့် အပြင်မှာအန္တရာယ်များလှပါတယ် ။ အထူးသဖြင့် မိုင်းရှာဖွေစက်တွေ ၊ အကာအကွယ်ဝတ်စုံတွေမပါပဲ အလွတ်ရှာဖွေတဲ့ ကိုဖိုးဇော်တို့လို့ မိုင်းရှာဖွေရှင်းလင်းတဲ့ မိုင်းရှာမုဆိုးတွေအတွက် ဘယ်လောက်အန္တရာယ်များတယ်ဆိုတာ တွေးကြည့်ယုံနဲ့သိသာပါတယ်။ဒါပေမယ့် ကိုဖိုးဇော်လို အများပြည်သူတွေဘေးကင်းဖို့ တော်လှန်ရေး ရဲဘော်တွေ ဘေးကင်းဖို့ အတွက် သံစူးတံတစ်ချောင်းနဲ့ မိုင်းရှားဖွေရှင်းလင်းတဲ့ မိုင်းရှာမုဆိုးတွေ မနည်းရှိလာပါတယ် ။ ကရင်ပြည်နယ်မှာဆိုရင် နာမည်ကျော် ကော်ဘရာစစ်ကြောင်းက ဗျူဟာမှူး ဗိုလ်ဒါဘောဆိုရင်လည်း လက်ဗလာနဲ့ သူရဲ့ မိုင်းရှာဖွေရှင်းလင်းတဲ့ စွမ်းရည်ကို ကော်ဘရာစစ်ကြောင်းတပ်ခွဲတစ်ခုရဲ့ ဖေစ်ဘွခ်မှာ မကြာသေးခင်ကတင်ထားပါသေးတယ် ။
ဒါပေမယ့် ကိုဖိုးဇော်တစ်ယောက်ကတော့ ကရင်နီပြည်မှာ မိုင်းတွေကို ရှာဖွေရှင်းလင်းပေးတဲ့မိုင်းမုဆိုး အလုပ်ကို ပရဟိတလုပ်ပေးနေတာဖြစ်ပါတယ်။
“ကိုယ့်အသက်ကိုယ် စိုးရိမ်မှုတော့ရှိပါတယ်။ဒါပေမယ့် ကိုယ့်ရှေ့မျက်မြင်ကြုံထားတော့ နောက်လူတွေလည်းထပ်မဖြစ်အောင်လို့ ကျွန်တော့်အသက်ကို ပြည်သူအတွက်ပေးဆပ်ပြီး မိုင်းတွေ တလုံးမကျန် ရှာပြီးရှင်းသွားမှာလို့ ကတိသစ္စာပြုပါတယ်။ဘယ်တော့မှ နောက်မဆုတ်ဘူး ရှေ့ကိုဆက်တိုးသွားမှာပါ” လို့ သူက မိုင်းရှာမုဆိုး လုပ်ရခြင်းအကြောင်းကိုဖွင့်ဟပါတယ်။
ကရင်နီပြည်နယ်ဟာ အာဏာသိမ်းစစ်ကောင်စီကို ခုခံတော်လှန်မှု အားအကောင်းဆုံးသော ဒေသတွေထဲကတစ်ခုဖြစ်တာမို့ တိုက်ပွဲအကြမ်းတမ်းဆုံး နဲ့ စစ်ကောင်စီတပ်တွေ ဆုံးရှုံးမှုများတဲ့ နယ်မြေလို့ ဆိုနိုင်ပါတယ်။
ဒါ့ကြောင့်လည်း စစ်ကောင်စီက ကရင်နီဒေသတွင်း ၎င်းတို့ စစ်ထိုးရာ နယ်မြေတစ်လျှောက်နဲ့ ကျေးရွာတွေထဲအထိကိုပါ မိုင်းတွေ ထောင်နဲ့ချီအသုံးပြုပြီး ကရင်နီတော်လှန်ရေး အင် အားစုတွေကို ဟန့်တားဖို့ ကြိုးစားခဲ့တယ်လို့လည်း ဒေသခံတွေနဲ့ ရဲဘော်တွေက မှတ် ချက်ပေးပါတယ်။
ကရင်နီပြည်နယ်ရဲ့ ရပ်ကွက်၊ကျေးရွာအများစုမှာ မြေမြှုပ်မိုင်း အပါအဝင် အခြားမပေါက်ကွဲသေးတဲ့ ကြွင်း ကျန် စစ်သုံးပစ္စည်းတွေရဲ့ အန္တရာယ်က ကြီးမားနေ ကြောင်း ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေးကောင်စီ IEC က မကြာသေးမီက သတိပေးထားပါသေးတယ်။
စစ်ဘက်ဆိုင်ရာ စစ်တမ်းတွေအရ အာဏာသိမ်းပြီးနောက်ပိုင်း ကရင်နီပြည်နယ်ရဲ့ ဧရိယာ ၂၀၀ လောက်မှာ စစ်ကောင်စီက မိုင်းတွေ ထောင်ထားတယ်လို့ သိရပါတယ်။
၂၀၂၃ နိုဝင်ဘာလကစလို့ မိုင်းစရှာခဲ့တဲ့ ကိုဖိုးဇော် တစ်ယောက်တည်းကပင် ၂၀၂၄ ဧပြီ လအထိ မိုင်းအလုံးရေ ၁၀၀ ကျော်ရှာဖွေရှင်းလင်းပေးခဲ့ပါတယ် ။ ဒီအရေအတွက်ကိုကြည့်ယုံနဲ့ ကရင်နီဒေသတွင်း မိုင်းအန္တရာယ်ကြီးမားတာကို ညွှန်းစရာလိုတော့မည်မဟုတ်ပေ။
“မြေအောက်မိုင်းမှာ ၁၄နင်းမိုင်းအလုံးရေ ၇၀ ကျော်၊ ၁၆ မိုင်းက ၂၀ ကျော် ၊တိုက်မိုင်းက ၆ လုံး ၊ရှေ့ထွက်မိုင်းက ၂ လုံးပါ”ဟု သူရှာဖွေတွေ့ရှိထားတဲ့ မိုင်းအရေအတွက်ကို ကိုဖိုးဇော်က အတိအကျရှင်းပြပါတယ်။
သူရဲ့ပီတိကို “မိုင်းတလုံးရရင် ပြည်သူတယောက် အသက်ကိုကယ်တင်ခဲ့ရလို့ ဝမ်းသာမိတယ်”လို့လည်းပြောပြပါတယ်။
စစ်ကောင်စီတပ်ထောင်ထားတဲ့ နယ်မြေအနေအထား နဲ့ ပြည်သူ(သို့မဟုတ်) တော်လှန်ရေးအင်အားစုတွေရဲ့ အခြေအနေ စတာတွေကို ခြုံငုံသုံးသပ်တွက်ချက်ပြီးတော့ အန္တရာယ်ကင်းစွာ ကိုဖိုးဇော်တစ်ယောက် မိုင်းဖော်နိုင်ခဲ့တာပါ။
သူရရှိခဲ့တဲ့ မိုင်းတွေကို ဒီးမော့ဆိုမြို့နယ်ပြည်သူ့ ကာကွယ်ရေးတပ်(DMO Local PDF)ကို လှူဒါန်းလိုက်ပြီလို့လည်း ကိုဖိုးဇော်က ဂုဏ်ယူစွာပြောပါတယ်။
ကိုဖိုးဇော်က မိုင်းရှာဖွေတဲ့အခါ မိုင်းရှာတဲ့ ခေတ်မီကရိယာတွေမပါပဲ ဒီတိုင်းရှာဖွေတာပါ။ ဒါကြောင့် ကိုဖိုးဇော် အန္တရာယ်ပိုကင်းဖို့ မိုင်းရှာစက်ဝယ်နိုင်အောင်ပြည်သူအချို့ရဲ့ ငွေကြေး ထောက်ပံ့မှုတွေလည်း ရှိလာပါတယ်။
“ဖိုးဇော်ကို လေးစားလို့ ၊သူလုပ်နေတာတွေကိုပိုပြီးအန္တရာယ်ကင်းကင်း နဲ့ ထိထိရောက်ရောက် လုပ်စေချင်လို့ ၊မိုင်းရှာတာ လွယ် ကူ အဆင်ပြေပြီး အန္တရာယ်နည်းအောင် Metal detector လေး ဝယ်သုံးစေချင်လို့ မိုင်းမုဆိုး ဖိုးဇော်အတွက်ဆိုပြီး ၃ သိန်းကျပ် တိတိ လှူဒါန်းပေးသော အလှူရှင်ကို ကျေးဇူးတင်ပါတယ်ဗျ”လို့ နွေဦးဂရုလေးများပရဟိတအဖွဲ့အစည်းက အသိပေးထားပါတယ်။
အန္တရာယ်များလှတဲ့အလုပ်ဖြစ်ပေမယ့် အများအကျိုးတွက်ဖြစ်တာရော ၊ ကိုဖိုးဇော်ကိုယ်တိုင် စိတ်အားထက်သန်လှတာရောကြောင့် မိသားစုကလည်း ကန့်ကွက်တာမရှိပါဘူး။
မြေမြုပ်မိုင်းတွေရဲ့ အန္တရာယ်ဟာဘယ်လောက်ကြီးမားတယ်ဆိုတာကိုလည်းသူ ကောင်းစွာသဘောပေါက်ပါတယ် ။
ဒါကြောင့် တော်လှန်ရေးလွန်ကာလအထိအတွက်ပါ သူမျှော်ရည်ပြီး အများပြည်သူတွေ ဘေးကင်းဖို့ သူတက်စွမ်းသရွေ့ မိုင်းတွေကို သူလိုက်လံရှင်းလင်းနေဦးမှာလည်းဖြစ်ပါတယ် ။
“အရေးတော်ပုံသာအောင်သွားမယ် ၊ မိုင်းတွေကတော့ ဘယ်တော့မှမအောင်နိုင်ဘူးလေကျန်ခဲ့မှာ” ။ ။
