မေ-၇၊၂၀၂၆။ဇော်ရမ်း/People’s Spring
ကချင်ပြည်နယ်၊ ဖားကန့်ဒေသမှာ ဒီနေ့ မေလ ၇ရက် မနက်ပိုင်းမှာဖြစ်ပွားတဲ့တိုက်ပွဲအတွင်း စစ်တပ်ထောင်ထားတဲ့မိုင်းပေါက်ကွဲလို့ (၂)နှစ်အရွယ်ကလေးငယ်တစ်ဦး သေဆုံးသွားတယ်လို့ ဒေသခံတွေကပြောပါတယ်။
ဒီနေ့ မေလ ၇ရက် မနက်ပိုင်းမှာ ဖားကန့်ဒေသ လုံးခင်းကျေးရွာအုပ်စုက ဘုန်းကြီးကျောင်းအနီး မိုင်းပေါက်ကွဲတာလို့ ဒေသခံတွေက ပြောပါတယ်။
” စစ်တပ်က မိုင်းတွေလိုက်ထောင်ထားတာ။ဒီနေ့မနက်ကျတော့ ကလေးကို ထိသွားတာ။ ကလေးက ၂နှစ်ပဲရှိသေးတယ်။ တိုက်ပွဲကတော့ မနက်မိုးလင်းကတည်းက လုံးခင်းဆေးရုံကုန်းဘက်မှာ ဖြစ်နေတယ်”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

Public Service Announcement
သေဆုံးတဲ့ ကလေးဟာ မိန်းကလေးဖြစ်ပြီး မိုင်းပေါက်ကွဲတဲ့နေရာဟာ စစ်တပ်စစ်ကြောင်းတွေ ထိန်းချုပ်ထားတဲ့နေရာဖြစ်တယ်လို့ ဒေသခံအချို့ကပြောပါတယ်။ဖားကန့်ဒေသမှာဧပြီ၂ ရက်ကစတင်ပြီး တိုက်ပွဲတွေဖြစ်ပွားနေတာပါ။
လုံးခင်းကျေးရွာအုပ်စုကို စစ်တပ်ကထိန်းချုပ်ထားပြီး ကနဦးကာလမှာ မြေပြင်တိုက်ပွဲတွေ ပြင်းထန်ခဲ့ပါတယ်။ ဧပြီ ၁၅ရက်နောက်ပိုင်းမှာ မြေပြင်တိုက်ပွဲရပ်သွားပြီး စစ်ကောင်စီတပ်စွဲထားတဲ့နေရာတွေကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊KPDF ပူးပေါင်းတပ်က ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။
စစ်တပ်ကလည်း လက်နက်ကြီး၊ဒရုန်းတွေသုံးပြီး တိုက်ခိုက်ခဲ့ပါတယ်။မေလ ၄ရက်မနက်ပိုင်းမှာ KIA၊KPDFက တကျော့ပြန်ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ပြီး ဒီကနေ့ဟာ မြေပြင်တိုက်ပွဲ လေးရက်မြောက်ဖြစ်ပါတယ်။
တိုက်ပွဲအတွင်း စစ်တပ်ပစ်တဲ့ လက်နက်ကြီးတွေလူနေရပ်ကွက်အတွင်း ကျရောက်ပေါက်ကွဲလို့ အရပ်သားထိခိုက်သေဆုံးမှုတွေ ရှိခဲ့ပါတယ်။ယမန်နေ့ မေလ ၆ရက်ကလည်း လုံးခင်းကျေးရွာအုပ်စု၊ ရပ်ကွက်(၄)ကို စစ်တပ်ကလက်နက်ကြီးနဲ့ပစ်ခတ်လို့ အရပ်သားနှစ်ဦး ဒဏ်ရာရခဲ့ပါတယ်။
စစ်တပ်ကလူနေရပ်ကွက်တွေနားမှာ မိုင်းတွေ ထောင်ထားသလို KIA၊KPDFကလည်း မိုင်းထောင်မှုတွေရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ဒါ့အပြင် လူနေရပ်ကွက်တွေအတွင်းမှာ မပေါက်ကွဲသေးတဲ့လက်နက်ခဲယမ်းတွေနဲ့ မ်ိုင်း အန္တရာယ်ရှိနေလို့ စိုးရိမ်နေရတယ်လို့လည်းဒေသခံတွေက ပြောပါတယ်။
စစ်တပ်အင်အားဖြည့်တင်းနေတဲ့ ဖားကန့်- ကာမိုင်းလမ်းပိုင်းကိုလည်း KIAက ဧပြီ၂၂ရက်ကစပြီး ယာယီပိတ်ထားပါတယ်။ လုံခြုံရေးအခြေအနေအရ ယာယီပိတ်ထားတာမို့ ဒေသခံတွေနဲ့ခရီးသွားပြည်သူတွေလိုက်နာကြဖို့ သတိပေးထားပါတယ်။
KIA ယာယီပိတ်ပြီးတဲ့နောက်ပိုင်း အဲ့ဒီလမ်းပိုင်းကို ဖြတ်တဲ့ အရပ်သား ကားနှစ်စီးကို စစ်တပ်က ပစ်ခတ်လို့ ခရီးသွားအမျိုးသမီး တစ်ဦးသေဆုံးပြီးသုံးဦး ဒဏ်ရာရခဲ့ပါတယ်။ ဒါ့အပြင် တိုက်ပွဲဆက်ပြင်းထန်နေလို့ လေကြောင်းရန် သတိပြုကြဖို့လည်း KIA၊KPDFက သတိပေးထားပါတယ်။
ဒီနေ့နေ့လည်ပိုင်းမှာလည်း တိုက်ပွဲဆက်လက်ပြင်းထန်နေပြီး စစ်တပ်ရဲ့လေကြောင်း ပျံသန်းမှု တွေရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မြေပြင်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့သေဆုံးပြီး သုံ့ပန်းနဲ့လက်နက်ခဲယမ်းအချို့လည်း ရရှိထားတယ်လို့KIA၊KPDF သတင်းရင်းမြစ်တွေကပြောပါတယ်။


















































