စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ်(ရမခ) အသိမ်းခံရပြီး နာရီပိုင်းအတွင်း ရမခ ကို တိုက်ရိုက်ညွှန်ကြားခဲ့သည့် အမှတ် ( ၂ ) စစ်ဆင်ရေးအထူးအဖွဲ့ (ကစထ ၂) မှူးဒုဗိုလ်ချုပ်ကြီးနိုင်နိုင်ဦးအားရာထူးမှ ထုတ်ပယ်လိုက်ပြီဖြစ်သည်။
ဒုဗိုလ်ချုပ်ကြီး နိုင်နိုင်ဦး အစား ကစထ (၂)မှူးအဖြစ် စစ်ကောင်စီ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် ရဲချုပ် တာဝန်ထမ်းဆောင်ခဲ့သောဒုတိဗိုလ်ချုပ်ကြီး နီလင်းအောင်ကို ခန့်အပ်လိုက်ခြင်းဖြစ်ကြောင်းသတင်းများကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်နေသည်။
“နီလင်းအောင်က နိုင်နိုင်ဦးနေရာ ရောက်မယ်ထင်တယ်။ သူ ငယ်ထိပ်မြွေပေါက်ပြီ။သေမယ့်နှစ်မှ စစ်ထဲလိုက်ရမှာ”ဟု အဆိုပါ စစ်ရေးသတင်းရင်းမြစ်တဦးကပြောသည်။
ရဲချုပ် နီလင်းအောင်သည် စစ်ကောင်စီ၏ပြည်ထဲရေးဒုဝန်ကြီးတာဝန်ရော ရဲတပ်ဖွဲ့ ရဲချုပ်တာဝန်ကိုပါ ပူးတွဲယူခဲ့သူဖြစ်သည်။၎င်းအား မူလစစ်ဖက်တာဝန်ပြန်ယူရန်ဟုသာ စစ်ကောင်စီက ဆို သော်လည်း မည်သည့်ဌာန၊မည်သည့်တာဝန်ပေးလိုက်ကြောင်း ဖော်ပြမထားပေ။ သို့သော် ရှမ်းပြည်နယ် ရှိ စစ်တိုင်း လေးတိုင်းကို ကွပ်ကဲရသည့် ကစထ-၂ မှူး အဖြစ်တာဝန်ပေးအပ်လိုက်ခြင်းသာဖြစ်ကြောင်းစစ်ရေးသတင်းရင်းမြစ်များကပြောသည်။
ကစထ-၂ မှူးသည် ရှမ်းပြည်နယ်မှအရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် (တောင်ကြီး)-၊ တြိဂံဒေသတိုင်းစစ်ဌာနချုပ် (ကျိုင်းတုံ)၊အရှေ့မြောက်တိုင်းစစ်ဌာနချုပ် (လားရှိုး)နှင့်အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် (ခိုလမ်)တို့ကို ကွပ်ကဲရခြင်းဖြစ်သည်။
အာဏာသိမ်းခေါင်းဆောင် ၏ ယုံကြည်မှုရရှိထားသူတစ်ဦးဖြစ်သောဒုတိယဗိုလ်ချုပ်ကြီး နီလင်းအောင်သည် ၂၀၂၃ နှစ်ကုန်ပိုင်းတွင် ရှမ်းပြည်နယ်တောင်ပိုင်း ကလောမြို့တွင် အခြေချ၍ ရှမ်းတောင်နှင့် ကရင်နီပြည် စစ်ဆင်ရေးများကို ကစထ (၂)မှူး အထက်မှနေ၍ကြီးကြပ်ကွပ်ကဲခဲ့ဖူးကြောင်း ဧရာဝတီသတင်းဌာနကဖော်ပြခဲ့သည်။ ထိုကြောင့် ရှမ်းတောင်စစ်ဆင်ရေးများမှာ နီလင်းအောင်အတွက် မစိမ်းဟုဆိုရမည်။ သို့သော်ယခု တစ်ကြိမ်တွင် ရှမ်းမြောက်ရှိ မြို့အားလုံးနီးပါးကိုသိမ်းပိုက်ထားပြီး နိုင်ငံတကာကပင်အံသြအောင် လက်စောင်းထက်လှသည့် ညီနောင်မဟာမိတ် ၃ ဖွဲ့နှင့် ပူးပေါင်းတပ်များနှင့် နီလင်အောင်မှာ ရှမ်းမြောက်စစ်ဆင်ရေးတွင် ရင်ဆိုင်ရတော့မည်ဖြစ်သည်။
ကစထ-၂ မှူး ဒုဗိုလ်ချုပ်ကြီးနိုင်နိုင်ဦးနှင့် ပတ်သက်၍ စစ်ကောင်စီကတရားဝင် သတင်းမထုတ်ပြန်သေးပေ။တချိန်တည်းတွင် ရဲတပ်ဖွဲ့ဒုတိယရဲချုပ်၊ ရဲဗိုလ်ချုပ် ဝင်းဇော်မိုးကို ရဲချုပ်အဖြစ် စစ်ကောင်စီက အစားထိုးလိုက်သည်။
စစ်ကောင်စီ ဒုတပ်ချုပ်၊ ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းနှင့်ဒုဗိုလ်ချုပ်ကြီးနိုင်နိုင်ဦး တို့က တိုက်ရိုက်ညွှန်ကြားခဲ့ခြင်းဟု စစ်ရေးသတင်းရင်မြစ်တစ်ဦးကပြောသည်။ သို့သော် မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော်( MNDAA )ဦးဆောင်သော ပူးပေါင်းတပ်များက ဇူလိုင်လ ၃ရက်တွင် စတင်ခဲ့သော လားရှိုး မြို့သိမ်းတိုက်ပွဲသည် တစ်လ ပြည့်သည့်နေ့မှာပင် ရမခ ဌာနချုပ်ကို အပြီးသတ်သိမ်းယူနိုင်ခဲ့ခြင်းဖြစ်သည်။ စစ်တပ်သမိုင်းတလျှောက်၌ တိုင်းစစ်ဌာနချုပ်တစ်ခု ပထမဆုံးအကြိမ် ကျသွားသည့် စစ်အုပ်စုအတွက် သမိုင်းဝင်အရှုံးဖြစ်သည်။
စစ်တိုင်း ၁၄ တိုင်းရှိရာ တပ် အဂါစဥ်အရ နံမှတ် သုံးဖြစ်ပြီး အစဥ်လာကြီးသည်ဆိုကာအမြဲ ဂုဏ်တင်ခဲ့သော တိုင်းစစ်ဌာချုပ် ကျဆုံးသွား၍ စစ်အုပ်စုအတွက် ကြီးမားသောဆုံးရှုံးမှုဖြစ်သည်။ စစ်အုပ်စုအတွက် ကြီးမားသော နောက်ဆက်တွဲသက်ရောက်မှုများရှိလာတော့မည်ဟု စစ်ရေးအကဲခတ်များကသုံးသပ်နေကြသည်။
ရမခ ကျပြီးနောက် စစ်ကောင်စီက ဒုဗိုလ်ချုပ်ကြီးနိုင်နိုင်ဦးကို အပြစ်ပုံချက ရာထူးမှ ရုတ်တရက် ထုတ်ပယ်ခြင်းဖြစ်သည်။ လားရှိုးတိုက်ပွဲကို ကြီးကြပ်ကွတ်ကဲ ခဲ့သော အာဏာသိမ်းခေါင်းဆောင်တစ်ဦးဖြစ်သော ဒုချုပ် စိုးဝင်းအတွက် ရက်ပိုင်းအတွင်း ရှုံးပွဲကြီး ၂ ပွဲကြုံရခြင်းလည်းဖြစ်သည်။ ဒုချုပ်စိုးဝင်းကိုယ်တိုင် ဦးဆောင်ကွပ်ကဲခဲ့သော အောင်ဇေယျစစ်ကြောင်းမှာ ကရင်ပြည်နယ် ၊ဒေါနတောင်တွင် သုံးလကျော် အကြီးအကျယ်အထိနာပြီးနောက် ဇူလိုင်လ တတိယပါတ်တွင် စစ်ရှုံးပြီး ပြန်ဆုတ်ခဲ့ရသည်။
ယခုတစ်ခါ အစွမ်းထက်သည်ဆိုသော စစ်တိုင်းဌာနချုပ်ကြီးကျဆုံးခဲ့ခြင်းဖြစ်သည်။ မော်လမြိုင်တွင် PDFများဖြင့် လက်ချက် ဆူဆိုက်ဒရုန်းလက်ချက်ဖြင့် ဒဏ်ရာအပြင်းအထန်ရပြီးသေသည်ဟုပင် သတင်းကြီးခဲ့သော ဒုချုပ်မှာ မသေကြောင်း လူမြင်ကွင်းတွင် မျက်နှာ ပြန်ပြ ပြီးနောက် ပွဲဆက်ရှုံးနေခြင်းလည်းဖြစ်၏ ။စစ်တပ်ထောက်ခံသူများကြား မျက်နှာထားကြောင့် တပ်ချုပ်ဖြစ်သင့်သူဟု အမြဲ ဂုဏ်တင်ခံရလေ့ရှိသော ဒုချုပ်စိုးဝင်းအတွက် ရှုံးပွဲကြီးများဆက်နေမှုက မည်သို့ သက်ရောက်မှုရှိသည်ကိုမူမသိရသေးပေ။
စစ်အုပ်စုအတွက် ပို၍ ခံပြင်းစရာဖြစ်စေသည်မှာ ၁၀၂၇ ပထမလှိုင်းတွင် ညီနောင်မဟာမိတ်သုံးဖွဲ့က လောက်ကိုင် ဒကစ ကိုသိမ်းပြီးနောက်လားရှိုးကိုမတိုက်ရန် တရုတ် အကူအညီယူ၍ ဟိုက်ဂင် သဘောတူညီချက်ဖြင့် ဇန်နဝါရီ ၁၁ တွင်စစ်ပွဲရပ်ပြီးနောက် ရမခ နှင့် လားရှိုးမြို့ဝန်းကျင်တွင် ငါးလကျော်အတွင်း အကြီးအကျယ် ခံစစ်ပြင်ခဲ့သည်။ ငါးလကျော် လက်နက်ခဲယမ်း၊လူအင်အား၊စစ်အခြေခံအဆောက်အအုံများစွာဖြည့်ဆည်း၍ ခံစစ်ပြင်ထားသော်လည်း MNDAA ဦးဆောင်သောမဟာမိတ်တပ်များက လက်တွေ့တိုက်သောအလာ တစ်လအတွင်းမှာပင် တိုင်းစစ်ဌာနချုပ်တစ်ခုလုံးကို သိမ်းပိုက်သွားခြင်းဖြစ်သည်။
ရမခ မကျခင် တိုက်ပွဲပြင်းထန်နေသည့် ဇူလိုင်လ အတွင်းကလည်း ရမခတိုင်းမှူး ဗိုလ်ချုပ်စိုးတင့်ကို ရာထူးမှ ထုတ်ပယ်ပြီး မူဆယ်ခြေစိုက် တပ်မ၉၉ တပ်မမှူး ဗိုလ်ချုပ် စိုးလှိုင်ကို အစားထိုးခန့်အပ်ခဲ့သည်။ ရမခ တိုင်းမှူးဟောင်း ဗိုလ်ချုပ် စိုးတင့်မှာ ယခုပြုတ်သွားသည့် ကစထ (၂) မှူး နိုင်နိုင်ဦး နှင့်လားရှိုးတိုက်ပွဲတွင် ဆက်တိုက်ရှုံးနေ၍ အချင်းများကြရာမှ ဗိုလ်ချုပ်စိုးတင့် အဖြုတ်ခံခဲ့ရခြင်းဖြစ်သည်ဟုသတင်းများထွက်ခဲ့သည်။ ရမခ တိုင်းမှူးသစ် ဗိုလ်ချုပ်စိုးလှိုင် မှာ လားရှိုးတွင်စစ်ရှုံးနေချိန်မှ စစ်တိုင်းမှူးခန့်အပ်ခံရခြင်းဖြစ်ပြီး
မူဆယ်မှသာကွပ်ကဲခံ့ရပြီး စစ်တိုင်းမှူးအနေဖြင့်လားရှိုးမြို့ပင်မရောက်လိုက်ဟု သိရသည်။
ယခုအခါ ဗိုလ်ချုပ်စိုးတင့်ရော ဗိုလ်ချုပ် စိုးလှိုင်ပါ သတင်းအစအနပျောက်နေသည်။ ထွက်ပြေးနေသည်ဟုလည်းသတင်းများထွက်ပေါ်နေသည်။
တိုင်းစစ်ဌာနချုပ်များအထိ ပစ်မှတ်ထားတိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီသည် တိုင်းစစ်ဌာနချုပ်၊တိုင်းမှူးများကို ဖြုတ်၊ထုတ်၊ရှင်းလုပ်ဆောင်နေသည်။ ရာထူးများကို နံကြားသို့လက်ထောက်၍ ဖောဖောသီသီပေးနေသည်ဟု စစ်သားဟောင်းတချို့က ဝေဖန်သည်။
ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး)က မ္တရာနှင့် စဥ့်ကူးမြို့နယ်တို့တွင် စစ်တပ်စခန်းများဆက်တိုက်သိမ်းပြီး မန္တလေးမြို့ရှိ အလယ်ပိုင်းအတိုင်းစစ်ဌာနချုပ်(လပခ)ကို ခြိမ်းခြောက်လာသောအခါ ဇူလိုင်လတွင် လပခ တိုင်းမှူး ဗိုလ်ချုပ်ကြည်ခိုင်အားထုတ်ပယ်ကာ တြိဂံတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်အောင်ခိုင်ဝင်း နှင့် အစားထိုးခဲ့သည်။
ထိုအပြင် ရခိုင်ပြည်နယ် အမ်းမြို့နယ်အခြေစိုက် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ)တိုင်းမှူး ဗိုလ်ချုပ်ထင်လတ်ဦးကိုလည်း ရာထူးမှထုတ်ပယ်ကာ ဗိုလ်ချုပ်ကျော်စွာဦးဖြင့် အစားထိုးခဲ့သည်။
“တကယ်ဗျ။ ခင်ဗျား မယုံမရှိနဲ့။ ရာထူးတွေကို နံကြားထောက်ပေးနေတာ။အခုက ရာထူးရူးတဲ့ကောင်တွေပါ ပတ်ပြေးနေတာ” ဟု စစ်တပ်မှအသွင်ပြောင်းလာပြီ ရဲမှုးကြီးရာထူးဖြင့် အငြိမ်းစားယူခဲ့သူတစ်ဦးကပြောသည်။
ဒုဗိုလ်ချုပ်ကြီးနိုင်နိုင်ဦးအား ရာထူးမှ ရုတ်တရက် ထုတ်ပယ်လိုက်ခြင်းက စစ်ရှုံး စစ်ကောင်စီဗျာများနေသည်ကို ထင်သာ မြင်သာရှိစေသည်။ တော်လှန်ရေးတပ်များက နိုင်ငံတစ်ဝန်းမြို့ပေါင်း ၇၅ မြို့ကစစ်တပ်စခခန်း၊တပ်ရင်း ဌာနချုပ်တွေကို ဆက်တိုက် ထိုးစစ်ဆင်သိမ်းပိုက်ထားပြီဖြစ်သည်။ ယခုအခါ တော်လှန်ရေးတပ်များ၏ ထိုးစစ်မှာ အာဏာလုစစ်အုပ်စု၏ အားအထားရဆုံး စစ်တိုင်းဌာနချုပ်များကိုပါ ဦးတည်လာခြင်းဖြစ်၏ ။
တစ်ချိန်တည်းတွင် အာရက္ခတပ်တော်(AA)က အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်(နပခ) ၊မန္တလေးPDF နှင့် ပြည်သူကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များက အလယ်ပိုင်းအတိုင်းစစ်ဌာနချုပ်(လပခ) ၊ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)ဦးဆောင်သည့်ပူးပေါင်းတပ်ဖွဲ့များက မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်(မပခ)တို့ကို ခြိမ်းခြောက်နေသော စစ်ဆင်ရေးများကိုပြုလုပ်ထားကြပြီဖြစ်လေသည်။
(ရမခ ကိုသိမ်းပိုက်ပြီး ရမခဆိုင်းဘုတ်ရှေ့တွင်အောင်ပွဲခံနေသော MNDAAတပ်ဖွဲ့ဝင်များ / အာဏာသိမ်းခေါင်းဆောင် နှင့် ကစထ (၂)မှူးသစ် ဒုတိဗိုလ်ချုပ်ကြီး နီလင်းအောင်/ ကစထ (၂)မှူးမှ ပြုတ်သွားသောဒုဗိုလ်ချုပ်ကြီးနိုင်နိုင်ဦး။ ဓါတ်ပုံ-MNDAA ၊ စစ်ကောင်စီ)