Connect with us

Hi, what are you looking for?

ဆောင်းပါး

ရမခ ကျရှုံး​ချိန်မှာ အာဏာသိမ်း​ခေါင်း​ဆောင် ဘာလုပ်ခဲ့လဲ

စစ်တပ်သမိုင်းတလျှောက်တွင် အဆိုးရွားဆုံးနေ့ရက်များကို ကြုံတွေ့နေရချိန်တွင် စစ်ခေါင်းဆောင်မင်းအောင်လှိုင်က လုံခြုံရေးအထပ်ထပ်ချထားသည့် နေပြည်တော်၌ ၎င်း၏ အာဏာဆွဲဆန့်နိုင်​ရေးကိုသာ ကြိုးပမ်းနေခဲ့သည်ကို တွေ့ရသည်။

သော်မွန်/People’s Spring

စစ်တပ်သမိုင်းတလျှောက်တွင် အဆိုးရွားဆုံးနေ့ရက်များကို ကြုံတွေ့နေရချိန်တွင် စစ်ခေါင်းဆောင်မင်းအောင်လှိုင်က လုံခြုံရေးအထပ်ထပ်ချထားသည့် နေပြည်တော်၌ ၎င်း၏ အာဏာဆွဲဆန့်နိုင်​ရေးကိုသာ ကြိုးပမ်းနေခဲ့သည်ကို တွေ့ရသည်။

စစ်တပ်အတွက် အစဥ်အလာကြီးမားသည်ဆိုသော အရှေ့မြောက်ပိုင်းစစ်ဌာနချုပ်(ရမခ)ကို MNDAA ဦးဆောင်သော တိုင်းရင်းသားတော်လှန်ရေးတပ်ဖွဲ့များက အပြီးသတ်စီးနင်းသိမ်းပိုက်ချိန်(သြဂုတ် ၃ ရက်)တွင် အာဏာသိမ်းစစ်ခေါင်းဆောင်က မြန်မာ့မီးရထားစက်ခေါင်းသစ်တပ်စက်ရုံနှင့် အမျိုးသားပြတိုက်တို့ကို သွားရောက်ကြည့်ရှုနေခဲ့သည်။

Public Service Announcement

Public Service Announcement

ယင်းမတိုင်မီ ရမခရှိ ရာနှင့်ချီသော စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များ ထိခိုက်ဒဏ်ရာများဖြင့် အသက်လုနေရချိန်၌လည်း မင်းအောင်လှိုင်က ယာယီသမ္မတတာဝန်ကို ၎င်းကိုယ်၎င်း ခန့်အပ်ကာ ၎င်း၏စစ်ကောင်စီသက်တမ်း ၆ လတိုးခဲ့သည်။

“တစ်ခါမှမကြုံဖူးတဲ့ အဖြစ်ဆိုးတွေ ကြုံနေရတာတောင် မင်းအောင်လှိုင်က ဆင်ဖြူတော်ရှာခိုင်းတာတို့၊ ဆိုကရေးတီးပြိုင်ပွဲ ကျင်းပခိုင်းတာမျိုးတို့၊ ဒါမျိုးပုံစံမျိုးကို ဟန်မပျက်လုပ်ပြနေတဲ့ အနေအထားအထိ ရောက်နေတယ်။ ဆိုလိုတာက သူတို့ အပြုံးမပျက်ပါဘူး။ သူတို့ ဘာမှ မဖြစ်ပါဘူးဆိုတဲ့ ပုံစံမျိုးနဲ့ ဝါဒဖြန့်ရုံပုံစံမျိုးလုပ်နေတာကို ကြည့်ခြင်းအားဖြင့် မင်းအောင်လှိုင် ဘယ်လောက်အထိ ရူးနှမ်းနေသလဲဆိုတာကို သိသာစေတယ်။ အောက်ကအဖွဲ့တွေအနေနဲ့လည်း ဒါနဲ့ပတ်သက်လို့ သေချာလေး သဘောပေါက်စေချင်တယ်” ဟု CDM ဗိုလ်ကြီးထက်မြက် မှတ်ချက်ပြုသည်။

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့အခြေစိုက် ရမခကို ကိုးကန့်တပ်မတော်(MNDAA) ဦးဆောင်၍ ပူးပေါင်းတပ်များကဇူလိုင် ၃ ရက်မှစ၍ အပြင်းအထန်ထိုးစစ်ဆင်ပြီး တစ်လတာကာလအတွင်း အပြည့်အဝထိန်းချုပ်သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။ အာဏာသိမ်း​ခေါင်း​ဆောင်သည် စစ်တပ် အားအထားရဆုံး စစ်တိုင်းကိုတိုက်ခိုက်ခံ​နေရ​သော ယင်းကာလအတွင်း တရုတ်သံအမတ်အပါအဝင် သံတမန်အချို့ကို လက်ခံတွေ့ဆုံခြင်း၊ မိုးရာသီသစ်ပင်စိုက်ခြင်း၊ ၎င်း၏ဇနီး ကြူကြူလှနှင့်အတူ ဝါဆိုသင်္ကန်းနှစ်ကြိမ်ထပ်မနည်း ကပ်ခြင်း စသည်တို့ကို လုပ်နေခဲ့သည်ကို​တွေ့ရသည်။

စစ်တပ်အမာခံထောက်ခံသူတစ်ဦးကပင် စစ်တပ်အတွက် လားရှိုးခံစစ်တစ်လတာအတွင်း စစ်ခေါင်းဆောင်မင်းအောင်လှိုင်က သစ်ပင်စိုက်ခြင်း၊ ဆိုကရေးတီး၊ အမျိုးသားအားကစားပွဲတော်၊ သမဝါယမစီးပွားရေးစနစ် လုပ်ဆောင်ချက် ၄ ခုကို ထူးချွန်ပြောင်မြောက်စွာအကောင်အထည်ဖော်ဆောင်ရွက်ပေးခဲ့ကြောင်း လူသိရှင်ကြား လှောင်ပြောင်ရေးသားသည်။

စစ်တပ်သမိုင်းတွင် ပထမဆုံးအကြိမ်တိုင်းစစ်ဌာနချုပ် ကျရှုံးပြီး လားရှိုး ရမခရှိ စစ်သားများစွာ​သေဆုံး ဒဏ်ရာ ရပြီး စစ်သားနှင့် မိသားစုဝင် ​ထောင်ချီလက်နက်ချခဲ့သည့် သြဂုတ် ၃ ရက်တွင်လည်း အာဏာလုခေါင်း​ဆောင်မှာ အဖြူ​ရောင်ရှပ်လက်ရှည် နှင့် စတိုင်ပင် အနက်​ရောင်ဝတ်၍ နေပြည်​တော်၌ မြန်မာ့မီးရထားစက်ခေါင်းသစ်တပ်စက်ရုံနှင့် အမျိုးသားပြတိုက်တို့ကို သွားရောက်ကြည့်ရှု​နေခဲ့သည်။ ရမခ ကျ​ပြီး နိုင်ငံတစ်ဝန်းတိုက်ပွဲများ၌ စစ်ရှုံး​နေ​သော်လည်း စစ်​ကောင်စီက ​ အ​ခြေအ​နေများ ထိန်းသိမ်းနိုင်ပြီးအေး​ဆေးပါဟု​သောပုံရိပ်ပြသလိုဟန်ရှိ​သော်လည်း မင်း​​အောင်လှိုင် မျက်နှာမှာ သိသိသာသာပျက်​နေသည်ကိုလည်း​တွေ့ရသည်။

CDM ဗိုလ်ကြီးလင်းထက်အောင်ကမူ လက်ရှိ စစ်တပ်အနေဖြင့်ရော၊ စစ်ခေါင်းဆောင်အနေဖြင့်ပါ မည်သို့မျှ လုပ်ဆောင်နိုင်ခြင်းမရှိတော့ဘဲ အခြားသော တိုင်းစစ်ဌာနချုပ်များ ဆက်လက် ဆုံးရှုံးရန် အခြေအနေသာ ရှိကြောင်း သုံးသပ်သည်။

“အခု စစ်တပ်ရဲ့အခြေအနေက တိုင်းဌာနချုပ်တစ်ခုကျလည်း လေယာဥ်နဲ့ဗုံးကြဲတာကလွဲလို့ ကြီးမားတဲ့ထိုးစစ်လိုမျိုး လုပ်နိုင်တဲ့အခြေအနေမရှိတော့ဘူး။ အဲဒါက လုံးဝသေချာတယ်။ စစ်တပ်အနေနဲ့ ဘာမှ မလုပ်တာမဟုတ်ပါဘူး။ မလုပ်နိုင်တာလို့ မှတ်ချက်ပေးချင်ပါတယ်” ဟု ၎င်းက ​ပြောသည်။ ဆက်လက်ပြီး “စစ်တပ်ရဲ့ တိုက်စွမ်းရည်က ဇီးရိုးလို့တောင် ပြောလို့ရပါတယ်” ဟု ကိုလင်းထက်အောင်က ဆိုသည်။

စစ်တပ်အရာရှိဟောင်းတစ်ဦးကလည်း မင်းအောင်လှိုင်သည် စစ်တပ်ကို ကောင်းစွာစီမံခန့်ခွဲတတ်သူ မဟုတ်သကဲ့သို့ စစ်ရေးကိုလည်း ဗျူဟာကျွမ်းကျင်စွာ ဦးစီးလုပ်ဆောင်နိုင်သည့် ခေါင်းဆောင် မဟုတ်ကြောင်း ပြောသည်။ ထို့အပြင် လက်အောက်ငယ်သားများကို တန်ဖိုးထားလေးစားသည့် စစ်ခေါင်းဆောင်လည်း မဟုတ်ကြောင်း ဆက်ပြောသည်။

“သူလုပ်နိုင်စွမ်းမရှိလို့လည်း စစ်တပ်က ဒီလောက်အထိ စစ်ရေးအကျပ်အတည်း၊ ရှုံးနိမ့်မှု အကျပ်အတည်းကို ကျယ်ကျယ်ပြန့်ပြန့် ရင်ဆိုင်လာရတာဖြစ်တယ်။ သူကိုယ်တိုင်က နိုင်ငံအပေါ်ကော စေတနာမှန်ကန်သူမဟုတ်သလို စစ်တပ်အပေါ်မှာ စစ်တပ်ကို အသုံးချပြီး သူ့ကိုယ်ကျိုးစီးပွားအာဏာအတွက် အသုံးချဖို့ပဲ သိတဲ့ စစ်တပ်အကြီးအကဲတစ်ယောက်သာဖြစ်တယ်” ဟု အထက်ပါ စစ်တပ်အရာရှိဟောင်းက မှတ်ချက်ပြုသည်။

စစ်တပ်၏ လက်ရှိအနေအထားမှာ အောင်စိတ်လုံးဝမရှိတော့ဘဲ စစ်ဦးကျိုးသွားပြီဖြစ်ကာ ပြည်သူလူထုထောက်ခံမှုလည်း လုံးဝမရှိသည့်အနေအထားတွင် စစ်တပ်သည် ပြိုကွဲရန် သိသာစွာကြီးမားသည့်အရွေ့၊ ကြီးမားသည့်သက်ရောက်မှုများ ရောက်လာပြီဟု စစ်တပ်အရာရှိဟောင်းက သုံးသပ်သည်။ “စစ်တပ်အနာဂတ်က ဘယ်လိုမှ ကောင်းလာနိုင်စရာအကြောင်းမရှိတော့ဘူး” ဟု ၎င်းက သုံးသပ်သည်။

CDM ဗိုလ်ကြီးထက်မြက်ကလည်း အထက်ပါစစ်တပ်အရာရှိဟောင်း၏ အမြင်နှင့် ထပ်တူရှိပြီး တိုင်းစစ်ဌာနချုပ်တစ်ခု ကျဆုံးသွားခြင်းက စစ်တပ်အတွင်း များစွာရိုက်ခတ်မှုရှိပြီး ကျန်ရှိသည့် တိုင်းစစ်ဌာနချုပ်များ၊ တပ်မဌာနချုပ်များအနေဖြင့်လည်း ခေါင်းနပမ်းကြီးနေကာ များစွာ စဥ်းစားချင့်ချိန်နေကြလိမ့်မည်ဟု ယူဆကြောင်း ပြောသည်။ စစ်ကောင်စီတပ်ဖွဲ့ဝင်များအနေဖြင့်လည်း အခြေအနေမှန်ကို နားလည်သဘောပေါက်ကာ တော်လှန်ရေးတပ်ဖွဲ့ဝင်များထံ လက်နက်ချအလင်းဝင်မှုမျိုးကို ပိုမိုရွေးချယ်လုပ်ဆောင်သင့်ကြောင်း ကိုထက်မြက်က အကြံပြုသည်။

“လက်ရှိအနေအထားက တိုင်းရင်းသားတော်လှန်ရေးတပ်တွေတင်မဟုတ်ဘူး။ PDF တပ်တွေကပါ တကယ့်ကို အင်အားကြီးမားပြီးတော့ စွမ်းဆောင်ပြည့်ဝလာတာဖြစ်တဲ့အတွက် စစ်တပ်က မဖြစ်မနေ စုဆောင်းထားတဲ့၊ အတင်းအကျပ်စုဆောင်းထားတဲ့ တပ်သားသစ်တွေနဲ့ ဆက်လက်ပြီး တိုက်ပွဲဝင်ဖို့အတွက်ဆိုတာက ဘယ်လိုမှ အခြေအနေကောင်းနိုင်စရာ မရှိဘူး” ဟု ကိုထက်မြက်က သုံးသပ်သည်။

(သြဂုတ် ၃ ရက်​နေ့တွင် ရမခ ကို MNDAA ဦး​ဆောင်​သောပူး​ပေါင်းတပ်များက အပြီးသတ်တိုက်ခိုက်သိမ်းပိုက်​နေစဥ် တွင် အာဏာသိမ်း​​ခေါင်း​ဆောင်မှာ​နေပြည်​တော် ၌ မီးရထားစက်ခေါင်းသစ်တပ်စက်ရုံနှင့် အမျိုးသားပြတိုက်သို့​လျှောက်ကြည့်​နေခဲ့သည်။ ဓါတ်ပုံ-စစ်​ကောင်စီ ၊ MNDAA )

ဆက်စပ်သတင်းများ

Facebook