Connect with us

Hi, what are you looking for?

ဆောင်းပါး

နန်းတွင်းစစ်​ကြော​ရေးမှာ ပျောက်ကွယ်သွားတဲ့ လူငယ်​တွေအတွက်တာဝန်ခံရမယ့်သူ

မန္တလေးမြို့က ပြည်သူ​တွေ နဲ့ နိုင်ငံရေးအသိုင်းအဝိုင်းကတော့ မအေးနန္ဒာစိုးအပါအဝင် ပျောက်ဆုံးခဲ့တဲ့လူငယ်တွေအကြောင်း ဗိုလ်မှူးချုပ်သူရိန်ထွန်းကို စစ်မေးဖို့ AAကိုတောင်းဆိုရေးသားနေကြပါတယ်။ ။

(မန္တ​လေးမြို့ရှိ နန်းတွင်းစစ်​ကြော​ရေးမှာ ဖမ်းဆီးနှိပ်စက် စစ်​ဆေးခံခဲ့ရပြီး​ ​ပျောက်ဆုံးခဲ့တဲ့ သပိတ်​ခေါင်း​ဆောင်အချို့နဲ့ AA ကဖမ်းဆီးထားလို့ ဒူး​ထောက်​နေတဲ့ ဗိုလ်မှူး ချုပ်သူရိန်ထွန်း။ဓါတ်ပုံ-AA Info Desk ၊ File Photo)
(မန္တ​လေးမြို့ရှိ နန်းတွင်းစစ်​ကြော​ရေးမှာ ဖမ်းဆီးနှိပ်စက် စစ်​ဆေးခံခဲ့ရပြီး​ ​ပျောက်ဆုံးခဲ့တဲ့ သပိတ်​ခေါင်း​ဆောင်အချို့နဲ့ AA ကဖမ်းဆီးထားလို့ ဒူး​ထောက်​နေတဲ့ ဗိုလ်မှူး ချုပ်သူရိန်ထွန်း။ဓါတ်ပုံ-AA Info Desk ၊ File Photo)

မင်းခန့်/People’s Spring

အာရက္ခတပ်​တော် (AA)က ဖမ်းဆီးထားတဲ့ ဗိုလ်မှူးချူပ်သူရိန်ထွန်းဟာ မန္တ​လေးမြို့ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်မှာ တိုင်းဦးစီးချုပ်အဖြစ်တာဝန်ယူခဲ့တဲ့ကာလအတွင်းမှာ ဆန္ဒပြလူငယ်​တွေကိုဖမ်းဆီးနှိပ်စက်သတ်ဖြတ်မှု ​အများအပြားပြုလုပ်ခဲ့တာ​တွေအတွက် အဓိကတာဝန်ရှိသူတစ်ဦးဖြစ်တယ်လို့ ​တော်လှန်​ရေးအင်အားစု​တွေက ​ပြောကြပါတယ် ။

အသက် ၅၅ နှစ်ခန့်အရွယ်ဗိုလ်မှူးချုပ်သူရိန်ထွန်းဟာ စစ်တပ်အာဏာသိမ်းပြီး ပြည်သူ​တွေကို ရက်ရက်စက်စက်ဖိနှိပ်အကြမ်းဖက်ခဲ့တဲ့ ၂၀၂၁ ခုနှစ်ကနေ ၂၀၂၂ ခုနှစ်၊နှစ်ကုန်ပိုင်းအထိ မန္တလေးမြို့၊အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်မှာ တိုင်းဦးစီးချုပ်အဖြစ်တာဝန်ယူခဲ့သူပါ ။

သူတိုင်းစစ်ဦးစီးချုပ်အဖြစ်တာဝန်ယူထားချိန်မှာလပခ စစ်တိုင်းမှူး ဗိုလ်ချုပ်ကိုကိုဦး နဲ့အတူ ငြိမ်းချမ်းစွာဆန္ဒပြ​နေတဲ့ပြည်သူ​တွေကို အကြမ်းဖက်သတ်ဖြတ်ဖြိုခွင်းဖို့ ၊ဖမ်းဆီးခံရတဲ့သပိတ်​ခေါင်း​ဆောင်း​တွေကို နန်းတွင်းစစ်​ကြော​ရေးမှာသတ်ဖြတ်ဖို့ အဓိကအမိန့်​ပေးခဲ့သူ​တွေဖြစ်ပါတယ်။ ဗိုလ်ချုပ် ကိုကိုဦးက​တော့ အခုအခါ ဒုတိယဗိုလ်ချုပ်ရာထူးနဲ့ ကစထမှူးတာဝန်ထမ်း​ဆောင်​နေတယ်လို့ CDM ဗိုလ်ကြီးဇင်​ယော်က​ပြောပါတယ် ။

Public Service Announcement

Public Service Announcement

မပခ မှာ ဒုတိယ အာဏာအရှိဆုံးသူအဖြစ် ၊တိုင်းဦးစီးချုပ်တာဝန်ယူခဲ့တဲ့အချိန်ဟာမန္တလေးမြို့မှာ ဆန္ဒပြလူငယ်တွေကို ဖမ်းဆီးနှိပ်စက်သတ်ဖြတ်မှု​တွေ ရက်ရက်စက်စက်ပြုလုပ်ခဲ့တဲ့ကာလတွေဖြစ်ပါတယ်။

စစ်ကိုင်းပညာရေးတက္ကသိုလ်ရဲ့ ဥက္ကဌမအေးနန္ဒာစိုးကို ၂၀၂၁၊စက်တင်ဘာ၁၉ရက်​နေ့ နေ့လယ်ပိုင်းမှာစစ်​ကောင်စီတပ်ကဖမ်းဆီးခဲ့ပါတယ်။အသက်၂၃နှစ်အရွယ် မအေးနန္ဒာစိုးဟာ နန်းတွင်းစစ်ကြောရေးမှာ၂၀၂၁ခုနှစ်ဒီဇင်ဘာလအထိရှိခဲ့ပြီး စစ်တပ်ကမအေးနန္ဒာစိုးကို အမျိုးမျိုးစစ်ဆေးခဲ့တယ်လို့ တခန်းတည်းအတူနေထိုင်ခဲ့သူတွေဆီကနေသိရပါတယ်။

“အရမ်းစိတ်မာတယ်။သူ့ကိုကြည့်လိုက်ရင် အမြဲတမ်းအေးဆေးပဲ။စစ်ကြောရေးကိုနောက်မှရောက်လာတဲ့သူတွေကိုလည်းကူညီပေးတယ်”လို့၂၀၂၁ခုနှစ် နိုဝင်ဘာလမှာ မအေးနန္ဒာစိုးနဲ့တခန်းထဲအတူနေခဲ့ဖူးသူကပြောပါတယ်။ ၂၀၂၂ခုနှစ်ဇန်နဝါရီလမှာ​တော့ မအေးနန္ဒာစိုးနဲ့အတူ တခြားလူငယ်အမျိုးသား၄ ဦးကို ညဘက်မှာ စစ်တပ်ကလာခေါ်ထုတ်သွားပြီးနောက် ဒီ​နေ့အထိပျောက်ဆုံးသွားခဲ့ပါတယ် ။

“စစ်တပ်ဘက်ကသတင်းအရင်းမြစ်တွေဆီကနေကြားရတာဆေးထိုးသတ်လိုက်တယ်ဆိုတဲ့သတင်းကနောက်ဆုံးပဲ”လို့ ဗကသကျောင်းသားတဦးကပြောပါတယ်။

မန္တလေးသပိတ်ခေါင်းဆောင် ကိုသူရအောင်ကိုလည်း ပြည်သူ​တွေမှတ်မိကြအုံးမယ်ထင်ပါတယ်။အသက်၁၉နှစ်အရွယ် လူငယ်သပိတ်ခေါင်းဆောင်ကိုသူရ​အောင်ကို အရှင်မရရင် အသေအရယူဖို့ ၂၀၂၁ခုနှစ်ထဲမှာ အမိန့်ပေးစေခိုင်းသူတွေထဲကတဦးဟာဗိုလ်မှူးချုပ်သူရိန်ထွန်းပါဝင်ခဲ့ပါတယ်။

၂၀၂၂ခုနှစ်၊ဖေဖော်ဝါရီလ၈ရက်နေ့မှာ ကိုသူရအောင်၊ကိုလှမျိုးအောင်၊ကိုရဲဇင်ထွန်း(ခ)ကိုဖိုးလုံး ၊အလွတ်တန်းသတင်းထောက် (CJ)ကိုစိုးလင်းအောင်တို့ကို နေအိမ်တခုမှာစစ်တပ်ကအကြမ်းဖက်မ်းဆီးသွားခဲ့ပါတယ်။

၂၀၂၂ ခုနှစ်ဖေဖော်ဝါရီလလကုန်ပိုင်းမှာ ဖမ်းဆီးခံထားရသူ ကိုဖိုးလုံး၊ကိုစိုးလင်းအောင်နှင့် ကိုလှမျိုးအောင်တို့သုံးဦး အိုးဘိုအကျဥ်းထောင်ကိုရောက်လာပြီးတဲ့နောက် နမည်ဆိုးနဲ့ ​ကျော်ကြားတဲ့ နန်းတွင်းစစ်​ကြော​ရေးထဲကပြန်လာခေါ်သွားခဲ့ပါတယ် ။ နန်းတွင်းစစ်​ကြော​ရေးက ပြန်​ခေါ်သွားတဲ့ ၂၀၂၂ ခုနှစ် ​ဖေ​ဖော်ဝါရီ လကုန်ပိုင်းက​​နေဒီကနေ့အထိ သတင်းအစအနပျောက်ဆုံး​နေဆဲဖြစ်ပါတယ်။

၂၀၂၂ခုနှစ်၊ဧပြီလမှာတော့ကိုသူရအောင်တစ်​ယောက် နန်းတွင်းစစ်ကြောရေးမှာ ကျဆုံးကြောင်းသတင်းထွက်ပေါ်ခဲ့ပါသေးတယ်။ အဲဒီနောက် ဒီကနေ့ ကိုသူရအောင်အပါအဝင်သပိတ်အဖွဲ့ဝင်တွေအိုးဘိုထောင်ကိုရောက်မလာတော့သလို သတင်းအစအနလည်းမရတော့ပါဘူး။

နောက်တ​ယောက်ကတော့ အသက်၁၇နှစ်အရွယ်ကိုကျော်စွာဝင်း(ခ) Felixပါ။ကိုကျော်စွာဝင်းက ၂၀၂၂ခုနှစ် မတ်လမှာစစ်တပ်ရဲ့ဖမ်းဆီးခြင်းခံခဲ့ရသူပါ။ ကိုကျော်စွာဝင်းဟာ အစ္စလာမ်ဘာသာဝင်ဖြစ်ပြီး အစ္စလာမ်လူငယ်သပိတ်၊မန္တလေးသပိတ်၊ပြည်ကြီးတံခွန်မြို့နယ်သပိတ်တွေမှာ တက်တက်ကြွကြွဦးဆောင်ခဲ့သူပါ။

ကိုသူရအောင်ဖမ်းဆီးခံရပြီးတဲ့နောက် မြေပြင်သပိတ်တွေမှာထပ်မံဦးဆောင်လာတဲ့သူ့ကို စစ်တပ်ကအပြင်းအထန်လိုချင်ခဲ့ပါတယ်။လူမျိုး၊ ဘာသာမ​ရွေးဖိနှိပ်၊ ခွဲခြားမှုတွေလုပ်တဲ့စစ်တပ်ဟာကိုကျော်စွာဝင်းကိုဖမ်းဆီးချိန်ကတည်း အပြင်းအထန်ရိုက်နှက်အကြမ်းဖက်ပြီးဖမ်းဆီးသွားခဲ့တာလို့ အဲဒီတုန်းက မန္တလေးသပိတ်ကအဖွဲ့ဝင်တွေကပြောပါတယ်။

ဖမ်းဆီးသွားချိန်ကတည်းကသတင်းပြတ်​​တောက်ခဲ့တဲ့ကိုကျော်စွာဝင်းဟာလည်းတစ်လအကြာမှာမအေးနန္ဒစိုး၊ကိုသူရအောင်တို့လိုပဲ သတင်းတချို့ထွက်လာပြီးနောက် ယ​နေ့အထိပျောက်ဆုံးနေဆဲဖြစ်ပါတယ်။

ဒါဟာလူသိများသူတွေရဲ့ဖြစ်စဥ်တချို့ပဲရှိပါတယ်။၂၀၂၁ခုနှစ်ဒီဇင်ဘာလတုန်းက People Spring ရရှိခဲ့တဲ့ နန်းတွင်းစစ်ကြောရေးမှာ အဆက်အသွယ်ပျက်တောက်သွားတဲ့ လူငယ်တွေ၊မန္တလေးကသပိတ်အဖွဲ့ဝင်တွေရဲ့ စာရင်းဟာ သံဃာတွေအပါအဝင် ၃၀ ကျော်အထိရှိခဲ့ပါတယ်။

အဲဒီအချိန်တုန်းဗိုလ်မှူးချုပ်သူရိန်ထွန်းဟာ အောင်မြေသာစံမြို့နယ်ရဲမှူးကျော်ဇင်မြင့်ကို သပိတ်ဖြိုခွင်းဖို့ အမိန့်ပေးထားပါတယ်။ရဲမှူးကျော်ဇင်မြင့်ဟာ အာဏာသိမ်းခေါင်းဆောင်ကပေးတဲ့ပြည်သူ့ဝန်ထမ်းကောင်းဆုရခဲ့ပါတယ် ။ ​နောက်ပိုင်းမြို့နယ်ရဲမှူးကနေ မန္တလေးတိုင်းဒုတိယရဲမှူးကြီးအဖြစ်ရာထူးတိုးခဲ့ပါတယ် ။ မန္တ​လေးတိုင်းဒုတိယရဲမှူးကြီးအဖြစ် တက်ကြွ​နေတဲ့ ဒုရဲမှူးကြီးကျော်ဇင်မြင့်တစ်​ယောက်က​တော့တော်လှန်​ရေးအင်အားစု​တွေရှိတဲ့​နေရာကို စစ်ကြောင်းထိုးဖို့သွား​နေရင်းတောင်သာ-မြင်းခြံလမ်းပိုင်းမှာ ၂၀၂၄ ခုနှစ် မတ်လမှာ မိုင်းဆွဲခံရပြီး သေဆုံးခဲ့ပါတယ်။

ဗိုလ်မှူးချုပ်သူရိန်ထွန်းဟာ အာဏာသိမ်း​ခေါင်း​ဆောင်နဲ့ စစ်​​ကောင်စီအတွက် မန္တ​လေးတိုင်းစစ်ဌာနချုပ်မှာ ​ဆောင်ရွက်​ပေးခဲ့တာ​တွေအတွက်၂၀၂၂ ခုနှစ်မှာ ဗိုလ်မှူးချုပ်ရာထူးတိုးခဲ့သလို ၊ အာဏာသိမ်း​​ခေါင်း​ဆောင်ကချီးမြှင့်တဲ့စီမံထူးချွန်တံဆိပ်(ပထမအဆင့်)ကိုပါရခဲ့​ထားတာပါ။

အခု​တော့သမိုင်းဘီးတပတ်လည်တဲ့ကာလလို့ပြောရပါမယ် ။ ၂၀၂၁ နဲ့ ၂၀၂၂ မှာ မန္တ​လေးမြို့မှာ ဆန္ဒပြပြည်သူ​တွေကို အကြမ်းဖက်ခဲ့တဲ့ ၊ဆန္ဒပြလူငယ်​တွေကိုနန်းတွင်းစစ်​ကြော​ရေးမှာ ရက်ရက်စက်စက် နှိပ်စက်သတ်ဖြတ်မှု​တွေမှာ အဓိကတာဝန်ရှိသူတစ်ဦးဖြစ်တဲ့ ဗိုလ်မှူးချုပ် သူရိန်ထွန်းဟာလည်းအညာကတော်လှန်ရေးတပ်တွေပါ ပါဝင်တိုက်ခိုက်​နေတဲ့ ရခိုင်ပြည်နယ်တိုက်ပွဲမှာ အာရက္ခစစ်သည်​တွေ​ရှေ့​မှောက်မှာ ဒူးတုပ်နေရပါပြီ။

AA က ​​​မောင်​တောမြို့နယ်မှာ​နောက်ဆုံးကျန်တဲ့အမှတ် (၅)နယ်ခြား​စောင့်ရဲတပ်ဖွဲ့ခွဲ (နခခ- ၅)စခန်းသိမ်းတိုက်ပွဲမှာ စစ်ဆင်​ရေးကွပ်ကဲမှုဌာနချုပ်-စကခ (၁၅)တပ်မမှူး ဖြစ်​နေတဲ့ သူ့ကိုစစ်သုံ့ပန်းအဖြစ် ဒီဇင်ဘာ ၈ ရက်မှာဖမ်းဆီးနိုင်ခဲ့တာပါ။CDM ဗိုလ်ကြီးဇင်​ယော်က​တော့ မန္တ​လေးမြို့မှာစစ်​ကောင်စီကျူးလွန်​ခဲ့တဲ့ စစ်ရာဇဝတ်မှု​တွေအတွက်အ​ရေးကြီးသက်​သေတစ်​ယောက်ကိုဖမ်းဆီးနိုင်ခဲ့တာလို့​ပြောပါတယ် ။

မန္တလေးမြို့က ပြည်သူ​တွေ နဲ့ နိုင်ငံရေးအသိုင်းအဝိုင်းကတော့ မအေးနန္ဒာစိုးအပါအဝင် ပျောက်ဆုံးခဲ့တဲ့လူငယ်တွေအကြောင်း ဗိုလ်မှူးချုပ်သူရိန်ထွန်းကို စစ်မေးဖို့ AAကိုတောင်းဆိုရေးသားနေကြပါတယ်။ ။

●ဗိုလ်မှူးချုပ်သူရိန်ထွန်း အ​ကြောင်းဆက်စပ်​ဆောင်းပါးကို​အောက်ပါလင့်မှာဖတ်ရှုနိုင်ပါတယ်။

https://www.facebook.com/share/p/14ZcRtibgq

(မန္တ​လေးမြို့ရှိ နန်းတွင်းစစ်​ကြော​ရေးမှာ ဖမ်းဆီးနှိပ်စက် စစ်​ဆေးခံခဲ့ရပြီး​ ​ပျောက်ဆုံးခဲ့တဲ့ သပိတ်​ခေါင်း​ဆောင်အချို့နဲ့ AA ကဖမ်းဆီးထားလို့ ဒူး​ထောက်​နေတဲ့ ဗိုလ်မှူး ချုပ်သူရိန်ထွန်း။ဓါတ်ပုံ-AA Info Desk ၊ File Photo)

ဆက်စပ်သတင်းများ

သတင်း

ရွှေကျင်တိုးဂိတ်တိုက်ခိုက်ခံရမှု ထိခိုက်မှုရှိဟုဆို

သတင်း

ဖားကန့်တွင် စစ်အာဏာရှင် ဆန့်ကျင်ရေးလူထုသပိတ်ကို စစ်ကြောင်းသုံးကြောင်းဖြင့် နေ့စဥ် နံနက်ရော ညနေပါ ပြုလုပ်နေခြင်းဖြစ်ပြီး ယခုအခါ ဖမ်းဆီးခံရသော သပိတ်စစ်ကြောင်းကို ယာယီ ရပ်နားထားရသည်။

News

ပေါက်ကွဲမှုအပြီး တပ်တွင်းမှ Light Truck ကားတစ်စီးပေါ်တွင် အရပ်ဝတ်များဖြင့် လူများက စစ်ကြောရေးစခန်းအနီးတဝိုက်ကို ရှာဖွေမှုများကိုပြုလုပ်ခဲ့သည်။

News

အကြမ်းဖက်စစ်​ကောင်စီက ပြည်သူများကိုဖမ်းဆီးပြီး လူမဆန်​အောင်နှိပ်စက်ညှင်းပန်းမှု​ကြောင့် ၁၀လအတွင်း စစ်​ကျော​ရေးတွင်ကျဆုံးသူ ၁၇၀ဦးဝန်ကျင်ရှိ​နေပြီဖြစ်သည်။