Connect with us

Hi, what are you looking for?

ဆောင်းပါး

AA စစ်သည်​တွေရဲ့ တိုက်စွမ်းရည်ကို မှတ်​ကျောက်တင်တဲ့ တိုက်ပွဲ

AAစစ်သည်များက နခခ- ၅ ကိုလှိုဏ်​ခေါင်းတူးတိုက်ခိုက်​နေစဥ်
AAစစ်သည်များက နခခ- ၅ ကိုလှိုဏ်​ခေါင်းတူးတိုက်ခိုက်​နေစဥ်

ညိုထွန်း/People’s Spring

​အာရက္ခတပ်​တော်က ​မောင်​တောမြို့နယ်မှာ​နောက်ဆုံးကျန်တဲ့ နယ်ခြား​စောင့်တပ်​​တွေရဲ့ ဌာနချုပ်ဖြစ်တဲ့ အမှတ် (၅) နယ်ခြား​စောင့်ရဲတပ်ဖွဲ့ခွဲ ( နခခ-၅) ကို ဥမင်လှိုဏ်ခေါင်းတူးပြီး တိုက်ခဲ့တဲ့ ရုပ်သံမှတ်တမ်းကို ထုတ်ပြလိုက်တဲ့ အခါ ပြည်သူ​တွေ အံအားသင့်ခဲ့ရပါတယ် ။ သာမာန်ပြည်သူ​တွေအတွက်ရုပ်သံဇာတ်လမ်း​တွေ ၊စာအုပ်​တွေထဲမှာပဲ​တွေဖူးတဲ့ ဥမင်လှိုင်​ခေါင်တူးပြီးတိုက်ခဲ့တဲ့ အာရက္ခတပ်ဖွဲ့ဝင်​တွေရဲ့တိုက်ပွဲဝင်စိတ်ဓါတ် ၊တိုက်ရည်ခိုက်ရည်၊ စစ်နည်းပရိယာယ်​တွေကို ချီးကျူး​ထောပနာပြုသံ​တွေ ညံသွားပါတယ်။

အာရက္ခတပ်တော် (AA) စစ်သည်တွေ ရဲ့ ဥမင်လှိုဏ်ခေါင်း စစ်ဆင်ရေး အတွေ့အကြုံဟာ နခခ (၅)သိမ်း တိုက်ပွဲ က ပထမဆုံး မဟုတ်ပါဘူး။

ပစ်အား အဆမတန်သာလွန်တဲ့ ရန်သူ့ တိုက်ခိုက်မှုကို ကြံ့ကြံ့ခံ ခုခံဖို့နဲ့ တစ်ဖက်ရန်သူကို အလစ်အငိုက်မိစေဖို့ ရည်ရွယ်တိုက်တဲ့ ဥမင်လှိုင်ဏ်ခေါင်း စစ်ဆင်ရေး (Tunnel Warfare)ကို AA က လွန်ခဲ့တဲ့ လေးနှစ်ကျော်က တည်းက စသုံးခဲ့တာပါ။

Public Service Announcement

Public Service Announcement

၂၀၂၀ မီးဝဗျူဟာကုန်း တိုက်ပွဲလို့ ထင်ရှားပြီး ချင်းနဲ့ ရခိုင်အစပ် ဒေသရဲ့ စစ်ရေးအရ မဟာဗျူဟာမြောက် အရေး ပါတဲ့ စစ်ဗျူဟာ စခန်းကြီးဖြစ်ပါတယ်။ AA က ထိုးစစ်ရက်ပေါင်း (၄၀)ကျော်ကြာ တိုက်ခဲ့ပေမဲ့ နောက်ဆုတ် ပေး လိုက်ရတဲ့ တိုက်ပွဲဖြစ်ပါတယ်။ AA က​နောက်ဆုတ်​ပေးခဲ့ရ​ပေမယ့် စစ်​ရေးအ​တွေ့အကြုံ​တွေအများကြီးရခဲ့ပါတယ် ။ အဲဒီတိုက်ပွဲပြီးကတည်းက စစ်တပ်နဲ့ စစ်လော်ဘီတို့ AAကို ‘ရဲတိုက်’၊ ‘ဓာတ်ခဲ’ လို့ နှိမ်ခေါ်တဲ့ အသံတွေ မထွက်ရဲတော့ပါဘူး။

တချိန်က ရဲတပ်ဖွဲ့ဝင်တွေ အတွက် ရခိုင်ပြည်နယ်ဟာ ရဲသင်္ချိုင်း ဖြစ်ခဲ့ပေမဲ့ အခုတော့ စစ်အာဏာရှင် မင်းအောင် လှိုင်နဲ့ တကွ သူ့ကြေးစားတပ်က စစ်ဗိုလ်၊ စစ်သားတွေ အတွက် စစ်သင်္ချိုင်း ဖြစ်နေပါပြီ။

တိုက်ပွဲဝင် AA စစ်သည်များ
တိုက်ပွဲဝင် AA စစ်သည်များ

ရခိုင်တပြည်နယ်လုံး စကစ ကင်းစင်နယ်မြေဖြစ်ရမယ်လို့ ပိုင်းဖြတ်ပြီး တိုက်နေတဲ့ အာရက္ခတပ်တော်(AA) နဲ့ ရက္ခိုင့် စစ်သည်တွေရဲ့ အများနဲ့မတူ ပိုမို ပင်ပန်းဆင်းရဲခံနိုင်တဲ့ ရဲစွမ်းသတ္တိဟာ ရက္ခိုင့်သားတွေရဲ့ မွေးရာပါ ဗီဇ စိတ်ဖြစ်တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဝါရင့် စစ်ရေးနဲ့ ရက္ခိုင့်အရေး နှံ့စပ်သိနားလည်သူတစ်ဦးက ပြောပါတယ်။

ကချင်ပြည်နယ် ဖားကန့်ဒေသ ကျောက်စိမ်းတူးဖော်ရေး လုပ်ငန်းခွင်တွေမှာ အခြားသူတွေထက် အလုပ်ကို နှစ်ဆ ပိုတိုးလုပ်နိုင်တဲ့ ရက္ခိုင်တိုင်းရင်းသား ကျောက်တူးတဲ့ အလုပ် သမား၊ ရေမဆေးကျောက်ရှာတဲ့ အလုပ်သမား တွေ ကို ပိုင်ရှင်သူဋ္ဌေးဖြစ်တဲ့သူတွေ အလွန်သဘောကျ ကြတယ်လို့ သူက ဥပမာပြု ပြောပါတယ်။

“ထမင်းလဲ သူများတွေထက် နှစ်ဆသုံးဆ စားနိုင်တယ်။ အလုပ်လဲသူများတွေထက် နှစ်ဆသုံးဆ ပိုလုပ် နိုင်လို့ သူဋ္ဌေးတွေက ရခိုင်တွေဆို အရမ်းသဘောကျတာ။ အဲဒါ သူ့လူမျိုးတွေရဲ့ ဗီဇပဲ၊ သူ့လူမျိုးရဲ့ ပင်ကိုယ်စရိုက်ပဲ” လို့ သူက ဆက်ရှင်းပြပါတယ်။

ဒါ့အပြင် အာရက္ခတပ်တော် (AA) ရဲ့ တိုက်ခိုက်ပုံစွမ်းရည်ဟာ KIA၊ KNU တိုင်းရင်းသားတော်လှန်ရေးတပ်တွေနဲ့ တိုက်ခိုက်ပုံ ချင်းမတူပဲ UWSA၊ TNLA ၊ MDAA တပ်ဖွဲ့တွေနဲ့ တိုက်ပုံတူပြီး ဗကပ တို့ရဲ့ စစ်ရေး တိုက်စွမ်းရည်နဲ့ ပိုနီး စပ်တယ်လို့ ဝါရင့် စစ်ရေးအတွေ့အကြုံရှိသူက နှိုင်းယှဥ်ပြပါတယ်။

“ အားလုံးထဲမှာ AAက သာတာတော့ ပင်ပန်းဆင်းရဲ ခံနိုင်တာပဲ”လို့ သူက ဆက်ပြီး မှတ်ချက်ပေးပါတယ်။

နခခ (၅) ဌာနချုပ် တည်နေရာနဲ့ ဖွဲ့စည်းပုံစကစရဲ့ နခခ (၅) ဌာနချုပ်ဟာ မောင်တောမြို့၊ မြို့သူကြီးရပ်ကွက်က ကျည်ကွယ်၊ မျက်ကွယ်မရှိတဲ့ ကွင်းပြင်မှာ ရှိတာပါ။ စခန်း ပတ်ပတ်လည်ကို ခြံစည်းရိုး နှစ်ထပ်ကာ မြေမြှပ်မိုင်းပေါင်း (၁၀၀၀) ကျော်နဲ့ သတ်ကွင်းပြင်ထား တဲ့အပြင် တပ် အင်အား (၇၀၀) ကျော်၊ အခိုင်အမာတည်ဆောက်ထားတဲ့ RC နှစ်ထပ်မှ သုံးထပ် အဆောက် အအုံ တွေ၊ ဘန်ကာ အကြီး၊ အသေး အလုံးပေါင်း (၁၅၀)ကျော်နဲ့ ဖွဲ့စည်းထားတဲ့ ခံစစ် စခန်းကြီးပါ။

ဒါ့အပြင် ပေ (၂၀)လောက်ကျယ်တဲ့ ကျုံးမြောင်းတွေတူးထားပြီး အောက်ခြေမှာ ဆူးငြှောင့်တွေပါ စိုက်ထားပါ တယ်။

ဒါတင်မကသေးပါဘူး။ သဘာဝ ချောင်းတစ်ခုကလဲ စခန်းကို ပတ်ပြီး စီးဆင်းနေပါသေးတယ်။

စကစ ရဲ့ နခခ (၅) ဌာနချုပ် ခံစစ်စခန်းဟာ ရေမြေသဘာဝအနေအထားအရ အစစ အရာရာ အသာစီးရထားတဲ့ မောင်တောင်မြို့ရဲ့ နောက်ဆုံး ခံတပ်စခန်းကြီးအဖြစ် စကစ ဘက်က အသေအချာ ပြင်ဆင်တည်ဆောက်ထားခဲ့ တာပါ။

ဒါကြောင့် အာရက္ခ တပ်တော်(AA) ဟာ မောင်တောမြို့မှာ တစ်ခုတည်းသာ ကျန်တော့တဲ့ နခခ (၅) ဌာနချုပ်ကို နှစ်လ တိုင်တိုင် ဝိုင်းပတ် ပိတ်ဆို့ တိုက်ခိုက်ခဲ့ပေမဲ့လဲ စခန်းလက်ရ မသိမ်းနိုင်ဘဲ ဖြစ်နေပါတယ်။

စစ်​ကောင်စီတပ်မှ အလံဖြူ​ထောင်လက်နက်ချ​သောစစ်သုံ့ပန်းများ
စစ်​ကောင်စီတပ်မှ အလံဖြူ​ထောင်လက်နက်ချ​သောစစ်သုံ့ပန်းများ

AA ရဲ့ ထိုးစစ်ရက်ပေါင်း (၅၅)ရန်သူ့ဘက်ကကျုံးမြောင်း ပတ်လည်တူးပြီး အခိုင်အမာ ခံစစ်ပြင်ထားတဲ့ နခခ (၅) ဌာနချုပ်ကို ရဖို့အတွက် ဆိုရင် တန်ပြန် ဥမင်လှိုဏ်ခေါင်းစစ်ဆင်ရေးဗျူဟာသုံးပြီး တိုက်ယူမှပဲရတော့မယ်ဆိုတာကို အာရက္ခတပ်တော်(AA)ရဲ့ ရှေ့တန်း ဗျူဟာမှူးနဲ့ စစ်ကြောင်းမှူးတွေ သဘောပေါက်လာခဲ့တယ်လို့ ဒီဇင်ဘာ ၁၂ ရက်က ထုတ်လွှင့်တဲ့ ရခိုင် ဒေသတွင်း Western News ရုပ်သံသတင်းမှာ ဖော်ပြပါတယ်။နခခ (၅)သိမ်းတဲ့ စစ်ဆင်ရေးအကြောင်းသိရှိတဲ့ အမည်မဖော်လိုတဲ့ စစ်ရေးသတင်းအမြစ်တစ်ဦးက သူတို့ သတင်းဌာကို ပြောတာလို့ ဆိုပါတယ်။

တနည်းအားဖြင့် ဥမင်လှိုဏ်ခေါင်းစစ်ဆင်ရေးဗျူဟာနဲ့ အခိုင်အမာခံစစ်ပြင်ထားတဲ့ ရန်သူ့ ခံတပ်ကြီးကို တန်ပြန် ဥမင်လှိုဏ်ခေါင်း စစ်ဆင်ရေးဗျူဟာ သုံးပြီး တိုက်ရတဲ့ တိုက်ပွဲဆိုရင် မမှားပါဘူး။

ဒီတိုက်ပွဲကို ဘယ် လောက်ထိ ခက်ခဲပင်ပန်းဆင်းရဲခံ တိုက်ခဲ့ရတယ်ဆိုတာ ထိုးစစ်ရက်ပေါင်း (၅၀)ကျော်က သက်သေခံနေပါတယ်။

၂၀၂၄ အောက်တိုဘာ (၁၄) ရက်မှစတင်ပြီး ဒီဇင်ဘာ (၈)ရက်၊ နံနက် (၉)နာရီခွဲ အထိ (၅၅)ရက်ကျော် ကြာမြင့်တဲ့ ထိုးစစ်ကာလ အတွင်း AA စစ်သည်တွေဟာ နခခ (၅)စခန်းကို လက်ရသိမ်းပိုက်နိုင်ဖို့ အရေး မိုင်နဲ့ချီတဲ့ ဆက်သွယ် ရေးမြောင်းတွေနဲ့ မြေအောက်လှိုဏ်ခေါင်းတွေတူးကာ ရင်မြေကတုတ်လုပ်ပြီး တိုက်ခဲ့ရပုံကို AAက ဒီဇင်ဘာ (၁၀) ရက် စစ်သတင်းထုတ်ပြန်တဲ့ ရုပ်သံမှာ ဖော်ပြထားပါတယ်။

AA အနေနဲ့ အရင် စခန်းသိမ်းတိုက်ပွဲတွေမှာ ဥမင်လှိုဏ်ခေါင်း စစ်ဆင်‌ရေးဖော်ဆောင်မှုတွေရှိခဲ့ပေမဲ့ အခုလို အသေးစိတ်ထုတ်ပြန်တာ ပထမဆုံး ဖြစ်တယ်လို့ အမည်မဖော်လိုတဲ့ ရက္ခိုင်စစ်ရေး လေ့လာသူတစ်ဦးက ပြောပါ တယ်။

“AA စစ်သား တော်တော်များများက Well Trained (ကျွမ်းကျင်စစ်သည်)တွေဖြစ်တယ်။ အမိန်နာခံမှုအား ကောင်းတယ်။ လူငယ်တွေဖြစ်တဲ့အတွက် တက်ကြွတယ်။ ပင်ပန်းလဲခံနိုင်တယ်” လို့ သူက ပြောပါတယ်။

စစ်ကိုင်းတိုင်းက မြို့သိမ်းတိုက်ပွဲတစ်ခုမှာ ရှေ့တန်းရောက်ရဲဘော်​တွေအတွက် ထောက်ပို့ပြုလုပ်ပေးခဲ့တဲ့ အညာသူကြီးတစ်ဦးကလည်း“AAရဲဘော်တွေက တကယ့်ကို သူရဲကောင်းတွေလို သတ္တိရှိရှိတိုက်ရဲခိုက်ရဲတွေ။ အပင်ပန်းလည်းခံနိုင်တယ်။ ကျမတို့ဒေသက ကာကွယ်ရေးအဖွဲ့တွေပေါ်မှာလည်း အစားအသောက်ကအစအနစ်နာခံတယ်။ တခါကဆို ရှေ့တန်းကိုပို့တဲ့ထမင်းထုပ်တွေ သိုးနေပြီး အဲဒါတွေကိုအပြုံးမပျက်ဘဲစားခဲ့ကြတယ်”လို့ သူအ​တွေ့အကြုံကို​ပြောပြပါတယ် ။

AA စစ်သည်တွေရဲ့ အထက်က တိုက်စွမ်းရည်တွေအပြင် ULA/AAမှာ နိုင်ငံ‌ရေး၊ စစ်ရေးဗျူဟာတွေနဲ့ ပတ်သတ်လာရင်လဲ ရှင်းလင်းပြတ်သားတဲ့ ရည်မှန်းချက်တွေရှိတယ်လို့ ဆိုပါတယ်။

ဥပမာ ဒေသတစ်ခုခုကို သိမ်းပိုက်မယ်လို့ ဆုံးဖြတ်လိုက်ပြီးရင်တော့ မဖြစ်မနေ ရအောင်ကို သိမ်းပိုက်တတ်တဲ့ အလေ့ အထရှိတာလို့ သူက ဆက်ပြောပြပါတယ်။

“AA စစ်သား တစ်ယောက်ချင်းစီနဲ့ ခေါင်းဆောင်တွေကိုခွန်အားဖြစ်စေဆုံးကတော့ ရက္ခိုင်လူထုရဲ့ ခံနိုင်ရည်နဲ့ ခေါင်းမာမှုပဲ။ စစ်ကိုသာ နိုင်အောင်တိုက်၊ ကျန်တာငါတို့ အဆင်ပြေသလိုရုန်းမယ်ဆိုတဲ့အချက်ပါပဲ” ဒါတွေဟာ AA စစ်သည်တွေရဲ့ တိုက်စွမ်းရည် အပေါ် သက်ရောက်မှုကြီးမားခဲ့တာလို့ ရက္ခိုင်စစ်ရေး လေ့လာသူက သုံးသပ်ပါ တယ်။

သိမ်းဆည်းရရှိ​သောလက်နက်ခဲယမ်းများ
သိမ်းဆည်းရရှိ​သောလက်နက်ခဲယမ်းများ

အခုဆိုရင် အာရက္ခတပ်​တော် ဟာ ရခိုင်ပြည်နယ်မှာ ၁၁ မြို့နယ်ကို သိမ်းပိုက်ထိန်းချုပ်ထားနိုင်ပြီဖြစ်ပါတယ် ။ အပြီးသတ်သိမ်းပိုက်ဖို့ ထိုးစစ်ဆင်​နေတဲ့ အမ်း ၊​တောင်ကုတ် ၊ဂွ မြို့နယ်က စစ်တပ်လက်ကျန် တပ်ရင်းဌာနချုပ် ၊တပ်စခန်း​တွေကိုလည်း AA က မကြာခင် သိမ်းပိုက်နိုင်လိမ့်မယ်လို့ စစ်​ရေး​လေ့လာသူ​တွေက သုံးသပ်ပါတယ် ။

​နောက်ဆုံးကျန်​နေတဲ့ စစ်​တွေ ၊​ကျောက်ဖြူ ၊မန်​အောင်မြို့နယ်​တွေကိုလည်း AA က ဘယ်လိုနည်းဗျူဟာ​တွေနဲ့ သိမ်းပိုက်နိုင်မလဲ ဆိုတာ​တော့ ဆက်လက်​စောင့်ကြည့်ရမှာဖြစ်ပါတယ် ။

ရက္ခိုင်မြေပေါ် စကစ ကင်းစင်နယ်မြေဖြစ်ဖို့ ဆင်နွှဲနေတဲ့ အာရက္ခတပ်တော် (AA)နဲ့ AA စစ်သည်တွေရဲ့ ဇ နဲ့ တိုက်စွမ်းရည်တွေဟာ နွေဦးတော်လှန်ရေးမှာ ပေါက်ဖွားလာတဲ့ PDF တပ်တွေနဲ့ အခြားခြားသော တပ်ဖွဲ့တွေ၊ ရဲဘော်တွေ အတွက် စံပြုရာ၊ အားကျ လေ့လာ သင်ယူစရာပါ။

ဗမာပြည်သူ့လွတ်မြောက်‌ရေးတပ်တော် (BPLA) ရဲ့ ကွပ်ကဲရေးမှူး မောင်ဆောင်းခ ကသူ့ရဲ့ ဖေ့စ်ဘွတ်အကောင့်မှာ“ကျနော်တို့တွေကAAရဲ့အောင်မြင်မှုကိုသာ အားကျနေကြတာ။ သူတို့လို တိုက်ရည်ခိုက်ရည်ရှိအောင်၊ ရန်သူကြောက်ရွံ့ရတဲ့ စစ်တပ် တစ်ခုဖြစ်လာအောင် လုံ့လစိုက်ကြတာ သိပ်မတွေ့ရဘူး” လို့​ထောက်ပြထားပါတယ်။ ။

(AAစစ်သည်များက နခခ- ၅ ကိုလှိုဏ်​ခေါင်းတူးတိုက်ခိုက်​နေစဥ်/ တိုက်ပွဲဝင် AA စစ်သည်များ/စစ်​ကောင်စီတပ်မှ အလံဖြူ​ထောင်လက်နက်ချ​သောစစ်သုံ့ပန်းများနှင့် သိမ်းဆည်းရရှိ​သောလက်နက်ခဲယမ်းများ။ဓါတ်ပုံ-AA Info Desk)

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ စလင်းမြို့နယ်၊ ဆင်ဖြူကျွန်းမြို့တွင် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးတပ်ဖွဲ့များကြား နှစ်ဘက်ထိတွေ့တိုက်ပွဲဖြစ် ပွားပြီး PDF ရဲဘော်တဦး ကျဆုံးခဲ့ကြောင်း ဒေသခံ စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောသည်။

ဆောင်းပါး

"ကျွန်​တော်တို့အညာကလည်း အချဥ် မဟုတ်ပါဘူးဗျ " နှစ်သစ် ၂၀၂၅မှာ အညာသား PDF တ​ယောက်က ဂုဏ်ယူဝံ့ကြွားစွာ​ပြောလိုက်တဲ့ စကားဖြစ်ပါတယ်။

သတင်း

ရခိုင်ပြည်နယ်၊ ဂွမြို့မှ ထွက်ပြေးလာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ နှင့် ရွှေ‌သောင်ယံမြို့နယ်မှ စစ်ကောင်စီတပ်ဖွဲ့များ ရခိုင်ပြည်နယ်နှင့် ဧရာဝတီတိုင်းနယ်စပ် မကျီးဇင်ကျေးရွာ၌ တိုက်ပွဲဖြစ်ခဲ့ပြီးအချင်းချင်းပြန်လည်းဖမ်းဆီးမှုများဖြစ်ပွားခဲ့သည်။

သတင်း

ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်တွင် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များကြား နှစ်ရက်ဆက်တိုက်ပွဲဖြစ်ပွားခဲ့ရာ နှစ်ဘက်ထိခိုက်သေဆုံးမှုများရှိပြီး စစ်ရေးတင်းမာလျှက်ရှိကြောင်း တောင်ငူခရိုင်အခြေစိုက် ပုဝါနီစစ်ကြောင်းနှင့် နေပြည်တော် PDF တပ်ရင်း(၉၀၁)တို့ထံမှ သတင်းရရှိသည်။

Facebook