Connect with us

Hi, what are you looking for?

ဆောင်းပါး

NUGယာယီသမ္မတရဲ့ မိန့်ခွန်းမှ ထူးခြားချက် ၅ ရပ်

အမျိုးသားညီညွတ်ရေးအစိုးရ NUG ယာယီသမ္မတ ဒူဝါလရှီးလရဲ့ နှစ်သစ်ကူးမိန့်ခွန်းက ထူးခြားချက် ငါးချက်ကိုဒီတစ်ပါတ်မှာပြောပြပါမယ် ။

စစ်ဗိုလ်ချုပ်ကြီးများနှင့်စစ်သည်များ မင်းအောင်လှိုင်နှင့်စစ်အုပ်စုအတွက် အသက်ပေးကာကွယ်ခြင်းမပြုဘဲ ပြည်သူနှင့်အမြန်ပူးပေါင်းရန် NUG ယာယီသမ္မတ တိုက်တွန်း
စစ်ဗိုလ်ချုပ်ကြီးများနှင့်စစ်သည်များ မင်းအောင်လှိုင်နှင့်စစ်အုပ်စုအတွက် အသက်ပေးကာကွယ်ခြင်းမပြုဘဲ ပြည်သူနှင့်အမြန်ပူးပေါင်းရန် NUG ယာယီသမ္မတ တိုက်တွန်း

သော်မွန်/People’s Spring

အမျိုးသားညီညွတ်ရေးအစိုးရ NUG ယာယီသမ္မတ ဒူဝါလရှီးလရဲ့ နှစ်သစ်ကူးမိန့်ခွန်းက ထူးခြားချက် ငါးချက်ကိုဒီတစ်ပါတ်မှာပြောပြပါမယ် ။

၂၀၂၅ ခုနှစ်ရဲ့ ပထမဆုံးရက်မှာ ယာယီသမ္မတ ဒူဝါလရှီးလက မိနစ် ၂၀ နီးပါးကြာ နိုင်ငံတော်အခြေပြမိန့်ခွန်းပြောကြားခဲ့ပြီး NUG အစိုးရတရပ်လုံးဟာ ဘယ်သို့သော နိုင်ငံရေးလောကဓံတွေ ကြုံတွေ့သည်ဖြစ်စေ လူထုရဲ့အကျိုးစီးပွားကို ဖယ်ကြဥ်တဲ့ ဘယ်လိုလုပ်ရပ်ကိုမျှ လုပ်ဆောင်မှာမဟုတ်ဘူးလို့ ကတိပြုပါတယ်။ ယာယီသမ္မတရဲ့ မိန့်ခွန်းမှာ NUG အနေနဲ့ တော်လှန်ရေးကို တဆင့်ပြီးတဆင့်လုပ်ဖို့ စီမံချက်ချထားပြီး အနာဂတ်မှာ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ထူထောင်ဖို့ အဆင့်ဆင့်လုပ်ဆောင်မယ်လို့ သတင်းစကားပါးပါတယ်။

ပထမဆုံးအဆင့်ကတော့စစ်ကောင်စီကို အမြစ်ပြတ်ဖယ်ရှားဖြေရှင်းဖို့၊ စစ်တပ်ဟာ မြန်မာ့နိုင်ငံရေးလောကမှာ ဘယ်တော့မှ မပါဝင်ဖို့ အရင်ဆုံးလုပ်ဆောင်ရမယ်လို့ ယာယီသမ္မတက ပြောပါတယ်။

Public Service Announcement

Public Service Announcement

ယခုနှစ်သစ်မှာ နိုင်ငံနဲ့ လူထုတရပ်လုံးအတွက် တစ်နှစ်ထက်တစ်နှစ် ပိုမိုမြင့်မားတဲ့ တော်လှန်ရေးအောင်ပွဲတွေကို ဆက်လက်ရယူနိုင်လိမ့်မယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ တစ်ဖွဲ့လုံးက ယုံကြည်ထားကြောင်း ယာယီသမ္မတက အခိုင်အမာဆိုပါတယ်။

“အခုဆိုရင် နွေဦးတော်လှန်ရေးဟာ ၄ နှစ်တာ ကာလကို မကြာမီရောက်လာတော့မှာ ဖြစ်ပါတယ်။ အခုဖြတ်သန်းလာတဲ့ နွေဦးတော်လှန်ရေးကာလအတွင်းမှာ ကျွန်တော်တို့တတွေဟာ တော်လှန်ရေးအောင်ပွဲတွေကိုလည်း ဆုပ်ကိုင်တက်လှမ်းနိုင်သလို နိုင်ငံရေးလောကဓံအမျိုးမျိုးလည်း ခံစားတွေ့ကြုံခဲ့ကြရပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့အနေနဲ့ ဘယ်လောက်ပဲ နိုင်ငံရေးလောကဓံ အခက်အခဲတွေနဲ့ တွေ့ကြုံခဲ့ရသည်ဖြစ်စေ၊ ပြည်သူလူထု တရပ်လုံး ခံစားပေးဆပ်ခဲ့တဲ့ ဒုက္ခတွေ၊ သွေး၊ ချွေးတွေနဲ့ နှိုင်းယှဥ်ရင် ဘာမှ မပြောပလောက်ဘူးလို့ ယူဆပါတယ်” လို့ ယာယီသမ္မတ ဒူဝါလရှီးလက ပြောပါတယ်။

အာဏာသိမ်း​ခေါင်​​ဆောင် ဗိုလ်ချုပ်မှူးကြီးမင်း​အောင်လှိုင်ကလည်း ဒီဇင်ဘာ ၃၁ ရက်မှာ နှစ်သစ်ကူးမိန့်ခွန်း​ပြော​ပေမယ့် သူရဲ့မိန်းခွန်းဟာ ထုံးစံအတိုင်း​တော်လှန်​ရေးအဖွဲ့​တွေကို အပစ်တင်တာ၊ ၂၀၂၅ မှာ​ရွေး​ကောက်ပွဲလုပ်မှာကို ပြည်တွင်းပြည်ပက ​ထောက်ခံအား​ပေးကြဖို့ဖြစ်ပါတယ်။ထူးခြားတာက ​တော်လှန်​ရေးအဖွဲ့​တွေကို စစ်​ကောင်စီကို မတိုက်ဖို့ ပြည်သူ​တွေက တွန်းအား​ပေးဖို့ ​ပြောသွားတဲ့အချက်ပဲဖြစ်ပါတယ်။

NUGယာယီသမ္မတရဲ့ နှစ်သစ်ကူးမိန့်ခွန်းတခုလုံးကို ခြုံကြည့်ပါက အမျှော်အမြင်ရှိမှု၊ ဆောင်ရွက်မယ့်လုပ်ငန်းစဥ်ချပြနိုင်မှုနဲ့ အာဏာပိုင်စိုးမှု အခြေအနေများကို တွေ့မြင်ရတယ်လို့ နိုင်ငံရေးလေ့လာသုံးသပ်သူ၊ ဆောင်းပါးရှင် မြင့်မာန်က မှတ်ချက်ပြုပါတယ်။

“NUG အနေနဲ့ ဆောင်ရွက်ရမယ့် လုပ်ငန်းစဥ်ထဲမှာ နိုင်ငံရေး၊ စစ်ရေး ပူးပေါင်းဆောင်ရွက်သွားဖို့ အားစိုက်မယ်။ နိုင်ငံရေးစစ်ရေး အားလုံးနဲ့ ပူးပေါင်းဆောင်ရွက်သွားဖို့ အားစိုက်မယ်၊ မဟာမိတ်ဖြစ်ဖို့ ကြိုးစားမယ်ဆိုတဲ့ ကတိကဝတ်ဖြစ်တာမျိုး ပြောသွားတာမျိုးရှိတယ်” လို့ နိုင်ငံရေးအကဲခတ် မြင့်မာန်က ပြောပါတယ်။

■အစိုးရအဖွဲ့ပြုပြင်​ပြောင်းလဲ​ရေး

ယာယီသမ္မတရဲ့ မိန့်ခွန်းထဲမှာ NUG အစိုးရအဖွဲ့ဝင်တွေရဲ့ ဦးဆောင်မှုလိုအပ်ချက်တွေကြောင့်လည်းကောင်း၊ စနစ်နဲ့ အကျင့်ဆိုး၊ စရိုက်ဆိုးတွေရဲ့ ဘေးထွက်ဆိုးကျိုးကြောင့်လည်းကောင်း ပြည်သူလူထုအပေါ် ထိခိုက်နစ်နာခဲ့မှုတွေ တစုံတရာ ရှိခဲ့တယ်ဆိုတာ တွေ့ရှိခဲ့ပြီးဖြစ်တယ်လို့ ဝန်ခံပါတယ်။ ဒါပေမဲ့ NUG အစိုးရဟာ မူနဲ့ စနစ်ကို အခြေခံပြီး တော်လှန်ရေးဦးတည်ချက်တွေကို ဖြောင့်ဖြောင့်လျှောက်လှမ်းနေတာလို့ ရှင်းပြပါတယ်။

“လူနဲ့ မူကို တသားတည်းဖြစ်အောင် တည်ဆောက်နေသလို မူကောင်းတွေနဲ့ လူကောင်းတွေ၊ လူမှန်၊ နေရာမှန် ဖြစ်ရေးကိုလည်း ဆက်လက်အကောင်အထည်ဖော်လုပ်ဆောင်နေတာဖြစ်ပါတယ်”လို့ ယာယီသမ္မတက ပြောပါတယ်။

ဒီဘက်နှစ်တွေအတွင်း ပြည်သူလူထုအကြား ဝေဖန်မှု အများဆုံးခံရတဲ့ ပ-သုံးလုံး(ပြည်သူ့ကာကွယ်ရေး၊ ပြည်သူ့အုပ်ချုပ်ရေးနဲ့ ပြည်သူ့လုံခြုံရေးအဖွဲ့တွေ)နဲ့ပတ်သက်လို့ စွမ်းရည်နဲ့ အရည်အချင်းတွေမှာ အကန့်အသတ်ရှိတယ်ဆိုတာကို အစိုးရတစ်ဖွဲ့လုံးက သိနားလည်ထားပြီး အားနည်းချက်တွေကို ပြုပြင်ထိန်းကျောင်းတဲ့ လုပ်ငန်းစဥ်တွေကိုလည်း ဆက်လက်လုပ်ဆောင်နတယ်လို့ ယာယီသမ္မတက အသိပေးပါတယ်။

NUG အစိုးရဟာ ရာထူး၊ ထိုင်ခုံ နေရာတွေကို ဖက်တွယ်နေတာ မဟုတ်သလို NUGရဲ့ အခန်းကဏ္ဍကိုလည်း တိုးချဲ့နေတာ မဟုတ်ဘူးလို့ ယာယီသမ္မတက ပြောပါတယ်။ အစိုးရအဖွဲ့ထဲမှာ လက်ရှိ တည်ဆဲအခြေအနေထက် ပိုမိုကျယ်ပြန့်စွာ ဦးဆောင်မယ့်သူတွေကို လိုအပ်နေကြောင်းနဲ့ အစားထိုးတာဝန်ယူနိုင်သူတွေရှိရင်လည်း ပုခုံးထမ်း လွှဲပြောင်းပေးအပ်ဖို့ အမြဲသင့်ရှိကြောင်း ဆက်ပြောပါတယ်။

“လူထုအတွက် တော်လှန်ရေးတာဝန်တွေကို စွမ်းစွမ်းတမံခေါင်းဆောင်နိုင်မယ့် ခေါင်းဆောင်တွေကို ကျွန်တော်တို့ အမျိုးသားညီညွတ်ရေးအစိုးရက လှိုက်လှဲစွာကြိုဆိုနေပါတယ်” ဟု ဒူဝါလရှီးက ပြောပါတယ်။

ယာယီသမ္မတရဲ့ မိန်ခွန်းမှာ NUG အစိုးရအဖွဲ့ဝင်တွေကိုလည်း သက်ဆိုင်ရာဝန်ကြီးဌာနအလိုက် ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဆောင်ဖို့ ပြင်ဆင်နေတယ်လို့ အသိပေးပါတယ်။ လက်ရှိပြည်တွင်းအခြေအနေတွေအရ မြေပြင်မှာ အင်အားတွေ လာရောက်စုစည်းရမယ့် လုပ်ငန်းစဥ်တွေကိုလည်း ဆက်လက်အကောင်အထည်ဖော်နေတယ်လို့ ယာယီသမ္မတက ပြောပါတယ်။

NUG အစိုးရအဖွဲ့တွင်းက ဝန်ကြီးအများစု အမေရိကန်နဲ့ ဥရောပနိုင်ငံတွေ ရောက်ရှိနေတာကြောင့် ပြည်တွင်းကို ပြန်လာပြီး အင်အားစုစည်းကြဖို့ မကြာသေးခင်က ယာယီသမ္မတက ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ နှစ်သစ်ကူးမိန့်ခွန်းမှာလည်း တော်လှန်ရေးလုပ်ငန်းစဥ်တွေမှာ ခေါင်းဆောင်မှုနဲ့ မြေပြင်အကောင်အထည်ဖော်မှုတွေဟာ ကွာဟနေလို့ မရသလို အလှမ်းဝေးနေလို့လည်း မရဘူးလို့ ယူဆကြောင်း ထပ်ပြောပါတယ်။

ဒါပေမဲ့ ပြည်တွင်းမှာ ပြန်လည်အခြေတည်ရမယ့် ခေါင်းဆောင်တွေကို ပြည်တွင်းမှာ ဆက်လက်ဦးဆောင်မှု ပြုစေမှာဖြစ်ပြီး နိုင်ငံတကာဆက်ဆံရေးအတွက် လိုအပ်တဲ့ ဝန်ကြီးဌာနတွေကိုလည်း ပြည်ပမှာ ဆက်လက်ရှိနေစေဖို့ လုပ်ဆောင်နေကြောင်း ယာယီသမ္မတက အသိပေးပါတယ်။

■နိုင်ငံ​ရေး စစ်​ရေး ပူး​ပေါင်း​ဆောင်ရွက်မှု လက်​တွေ့ပြရမယ်အချိန်

နွေဦးတော်လှန်ရေးတစ်ခုလုံးမှာ ညီညွတ်သောစုစည်းမှုအင်အားဟာ အင်မတန်အရေးကြီးတယ်လို့ ယာယီသမ္မတက ပြောပါတယ်။ နွေဦးတော်လှန်ရေးရဲ့ အဓိကမဏ္ဍိုင်ဟာ စစ်အာဏာ

ရှင်စနစ် အမြစ်ပြတ်ဖျက်သိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံသစ်ထူထောင်ရေးသာ ဖြစ်တယ်လို့ ယာယီသမ္မတက ဆက်ပြောပါတယ်။

ဒါ့အပြင် စစ်အာဏာရှင်စနစ်ဖြိုချရေးအတွက် အမျိုးသားညီညွတ်ရေးအစိုးရမှာ အပြည့်အဝတာဝန်ရှိသလို တိုင်းရင်းသားတော်လှန်ရေးလက်နက်ကိုင်အဖွဲ့အစည်းအားလုံးမှာလည်း တာဝန်ရှိတယ်လို့ ယာယီသမ္မတက ပြောပါတယ်။

“လူမျိုးတမျိုးလွတ်မြောက်ရေး သက်သက်နဲ့တင်မဟုတ်ဘဲ တနိုင်ငံလုံး စစ်အာဏာရှင်စနစ်က လွတ်မြောက်ဖို့အထိ ကျယ်ကျယ်ပြန့်ပြန့် ချဲ့ထွင်လုပ်ဆောင်ရမှာဖြစ်ပါတယ်” လို့ NUG ယာယီသမ္မတက ဆိုပါတယ်။

၂၀၂၅ ခုနှစ်မှာ မင်းအောင်လှိုင်နဲ့ စစ်အုပ်စုကို အပြီးသတ်ဖြေရှင်းနိုင်ဖို့ တိုင်းရင်းသားတော်လှန်ရေး လက်နက်ကိုင်အဖွဲ့အစည်းအားလုံးနဲ့ နိုင်ငံရေး အင်အားစုများအနေဖြင့် နိုင်ငံရေး စစ်ရေးအရ ပူးပေါင်းဆောင်ရွက်မှုကို ယခုထက် ပိုပြီးလက်တွေ့ပြသဖို့ အချိန်တန်ပြီလို့ ရှုမြင်ကြောင်းနဲ့ NUG အနေနဲ့ မဟာမိတ်ရေးရာကဏ္ဍကို ယခုထက် ပိုပြီး အားစိုက်သွားမယ်လို့ အသိပေးပါတယ်။

■တပ်မ​တော်သားများကို ဖိတ်​ခေါ်

ယာယီသမ္မတက မြန်မာ့တပ်မတော်နဲ့ အကြမ်းဖက်စစ်ကောင်စီဆိုတာဟာ ထပ်တူချလို့မရတဲ့ အချက်တွေ ရှိနေတယ်လို့ နှစ်သစ်ကူးမိန့်ခွန်းမှာ ပြောကြားပြီး ရာဇဝတ်သားမင်းအောင်လှိုင်နဲ့ အကြမ်းဖက်စစ်ကောင်စီရဲ့ သစ္စာခံအကြမ်းဖက်စစ်သားအဖြစ်မှ ဂုဏ်သိက္ခာရှိတဲ့ ပြည်သူ့ကာကွယ်ရေးတပ်သားများအဖြစ် ပြောင်းလဲချိန်တန်ပြီလို့ သတိပေးပါတယ်။လက်ရှိအချိန်မှာစစ်ကောင်စီခေါင်းဆောင်တွေဟာ တချိန်က လူထုကြားထဲမှာ လေးစားခံရတဲ့ တပ်မတော်ရဲ့ ဂုဏ်သိက္ခာကို အောက်တန်းကျအောင် လုပ်နေပါတယ်လို့ ဆိုပါတယ် ။

“မြန်မာ့တပ်မတော်မှာ ခေါင်းဆောင်နေသူတွေဟာ အာဏာတပ်မတ်မှုနဲ့ ကိုယ်ကျိုးစီးပွားသိပ်အလေးထားပြီး ပြည်သူလူထုကို ရက်စက်စွာ နှိပ်စက်သတ်ဖြတ်နေမှုနဲ့ ဦးဆောင်မှု သိမ်ဖျင်းယိုယွင်းနေခြင်းကြောင့် မြန်မာ့တပ်မတော်ဟာ အကြမ်းဖက်စစ်တပ်အဖြစ် ပြည်သူတစ်ရပ်လုံးက ရှုမြင်နေကြပြီဖြစ်ပါတယ်။ မြန်မာ့တပ်မတော်ရဲ့ ဂုဏ်သိက္ခာကို တပ်မတော်သားတွေကပဲ ပြန်လည် အဖက်ဆည်လို့ ရမယ့် အခြေအနေကို ရောက်နေပြီဖြစ်ပါတယ်”လို့ သမ္မတက​ပြေပါတယ် ။

ဒါကြောင့် ရာဇဝတ်သားမင်းအောင်လှိုင်နဲ့ စစ်ကောင်စီရဲ့ သစ္စာခံ အကြမ်းဖက် စစ်သားအဖြစ်မှ ဂုဏ်သိက္ခာရှိတဲ့ ပြည်သူ့ကာကွယ်ရေးတပ်သား​တွေအဖြစ် ပြောင်းလဲချိန်တန်ပြီလို့ လည်း​ပြောပါတယ်။

အနာဂတ်နိုင်ငံတော်သစ် တည်ဆောက်ရေးအတွက် အနာဂတ်မှာ တပ်မတော်သစ်တစ်ရပ် တည်ဆောက်ရေးဟာ အရေးကြီးတဲ့ အခန်းကဏ္ဍကနေ ပါဝင်ပါတယ်။ ဒါကြောင့် အကြမ်းဖက်စစ်တပ်ရဲ့ သြဇာခံစစ်သားတွေအဖြစ် မပါဝင်တော့ဘဲ ပြည်သူချစ်တဲွ ပြည်သူ့စစ်သားတွေအဖြစ် ရပ်တည်ကြဖို့လည်း သမ္မတကမေတ္တာရပ်ခံပါတယ်။ ပြည်သူ့စစ်သားအဖြစ်၊ ပြည်သူ့ဘက်ကို ပြောင်းလဲရပ်တည်လာတဲ့ တပ်မတော်သားအားလုံးရဲ့ အသက်နဲ့ လုံခြုံရေးကိစ္စအဝဝကို ကျွန်တော်တို့ အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ အလေးအနက်ထား၊ ကာကွယ်စောင့်ရှောက်ပေးဖို့ အာမခံတယ်လို့ နှစ်သစ်မှာသတင်းစကားပါးခဲ့ပါတယ်။

“တပ်မတော်သားများအနေဖြင့် ပြည်သူလူထုဘက်ရပ်တည်ခြင်းဖြင့် လက်ရှိတိုင်းပြည်မှာ ဖြစ်ပျက်နေတဲ့ ပဋိပက္ခများကို အမြန်ဆုံး ရပ်တန့်နိုင်ဖို့ အကောင်းဆုံးအချိန်အခါတရပ်လည်းဖြစ်နေပါတယ်” လို့ ယာယီသမ္မတက တိုက်တွန်းပါတယ်။

■နိုင်ငံတကာကို သတင်းစကားပါး

၂၀၂၅ နှစ်ကူးမှာ NUG ယာယီသမ္မတလက်မှတ်ရေးထိုးကာ အကျဥ်းသား၊ အကျဥ်းသူ ၁၆၉ဦးအား ပြစ်ဒဏ်လွတ်ငြိမ်းပေးခဲ့သလို တရုတ်နိုင်ငံသား ၁၂၉ဦးကိုလည်း တရုတ်နှစ်သစ်ကူးကာလမတိုင်မီ မိသားစုများနှင့်အတူ ပေါင်းစည်းနိုင်ရေးအတွက် ၎င်းတို့အိမ်ပြန်ခရီးကို လုံခြုံစိတ်ချစွာ NUG အစိုးရက စီမံဆောင်ရွက်ခဲ့ကြောင်း အသိပေးခဲ့ပါတယ်။ အဲဒီလုပ်ဆောင်မှုတွေဟာ NUG အနေနဲ့ သူ့ရဲ့ အာဏာပိုင်စိုးမှုနဲ့ တရားဝင်မှု legitimacy ကို ပြသတာဖြစ်တယ်လို့ နိုင်ငံရေးအကဲခတ် မြင့်မာန်က သုံးသပ်ပါတယ်။

ယာယီသမ္မတရဲ့ မိန့်ခွန်းအဆုံးပိုင်းမှာ နိုင်ငံတကာအသိုင်းအဝန်းနဲ့ ဒေသတွင်း အိမ်နီးချင်းနိုင်ငံတွေကို တိကျတဲ့သတင်းစကားပေးပါတယ်။ “လက်ရှိနွေဦးတော်လှန်ရေးမှာ ပြည်သူလူထုတရပ်လုံးဟာ အာဏာသိမ်းရာဇဝတ်သား မင်းအောင်လှိုင်နဲ့ အကြမ်းဖက်စစ်ကောင်စီကို လုံးဝအလိုမရှိဘူးဆိုတာ လုပ်ရပ်နဲ့ သက်သေပြထားပြီးဖြစ်ပါတယ်” လို့ယာယီသမ္မတက ပြောပါတယ်။

ဒါ့အပြင် စစ်ရေးအရ ရှုံးနိမ့်နေတဲ့ စစ်ကောင်စီကို ဒေသတွင်း နိုင်ငံတွေအနေနဲ့ မိမိတို့အကျိုးစီးပွားအတွက် ဆက်လက်အပံ့အပိုးပြုနေတာတွေကို ရပ်တန့်ဖို့ မေတ္တာရပ်ခံလိုကြောင်းနဲ့ စစ်ကောင်စီကို သက်ဆိုးရှည်အောင် လုပ်ပြီး ပြည်သူလူထုတရပ်လုံးကို ဒုက္ခတွင်းနက်ထဲ တွန်းပို့တာမျိုး မဖြစ်စေဖို့ အနူးအညွတ်မေတ္တာရပ်ခံလိုကြောင်း ဒူဝါလရှီးလက ပြောပါတယ်။

“မြန်မာစစ်တပ်ဟာ နိုင်ငံရေးနဲ့ အုပ်ချုပ်ရေး နယ်ထဲက ထွက်ဖို့၊ မြန်မာနိုင်ငံမှာ အာဏာရှင်စနစ် သက်ဆိုးမရှည်ဖို့၊ ဒေသတွင်းနိုင်ငံတွေ အားလုံးက ဝိုင်းဝန်းကူညီပေးကြဖို့ ပြည်သူလူထုတရပ်လုံးကိုယ်စား ကျွန်တော်အနေနဲ့ တောင်းဆိုချင်ပါတယ်ခင်ဗျာ” လို့ ယာယီသမ္မတက ပြောပါတယ်။

ဆက်လက်ပြီး စစ်ကောင်စီနဲ့ မင်းအောင်လှိုင်မှ ခေါ်ယူပြုလုပ်မယ့် ရွေးကောက်ပွဲဟာ လက်ရှိတိုင်းပြည်ရဲ့ နိုင်ငံရေးပြဿနာများနဲ့ လက်ရှိပဋိပက္ခများကို ရပ်တန့်သွားစေမှာမဟုတ်ဘဲ တိုင်းပြည်မှာ သေကြေသတ်ဖြတ်မှု ပိုမိုတွန်းပို့စေမှာဖြစ်တဲ့အတွက် အိမ်နီးချင်းနိုင်ငံနဲ့ နိုင်ငံတကာအနေဖြင့် ထောက်ခံပူးပေါင်းဖို့ လုံးဝမပြုလုပ်ကြဖို့လည်း ယာယီသမ္မတက နိုင်ငံတကာအသိုင်းအဝန်းနဲ့ အိမ်နီးချင်းနိုင်ငံတွေကို မေတ္တာရပ်ခံပါတယ်။

■ကြားကာလ အစီအစဥ်ကို ရှင်းလင်း

အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့လည်း တော်လှန်ရေးကို တဆင့်ပြီးတဆင့် လုပ်ဖို့ စီမံချက်ချထားပြီးဖြစ်တယ်လို့​ပြောရင်း အသွင်ကူးပြောင်းရေးကာလ (transitional period )အစီအစဥ်​တွေကိုလည်း ယာယီသမ္မတက ရှင်းလင်း​ပြောကြားခဲ့ပါတယ် ။

transitional period လို့ခေါ်တဲ့ အသွင်ကူးပြောင်းရေးကာလကို သွားမယ့် အချိန် ၊ နောက် အနာဂတ်မှာ လိုချင်တဲ့ ဖက်ဒရယ်ဒီမိုကရေစီကို ထူထောင်ဖို့ စဖြင့် အဆင့်ဆင့် လုပ်ဆောင်တဲ့အခါမှာ ပထမအဆင့်ကတော့ စစ်ကောင်စီကို အမြစ်ပြတ်ဖယ်ရှား ဖြေရှင်းဖို့ ရယ် ၊စစ်တပ်ဟာ မြန်မာ့နိုင်ငံရေးလောကမှာ ဘယ်တော့မှ မပါဝင်ဖို့ စတဲ့လုပ်ဆောင်ချက်တွေကို အရင်ဆုံးလုပ်ရမှာဖြစ်တယ်လို့ ​ပြောပါတယ်။

“မင်းအောင်လှိုင်နဲ့ အကြမ်းဖက်စစ်ကောင်စီကို ဖယ်ရှားပြီးတဲ့နောက် Transitional period လို့ခေါ်တဲ့ အသွင်ကူးပြောင်းရေးကာလကို ရောက်သွားမှာဖြစ်ပါတယ်။ အဲဒီအသွင်ကူးပြောင်းရေးကာလမှာ TNUG ခေါ်တဲ့ Transitional National Unity Government ကိုဖွဲ့စည်းသွားမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့မျှော်မှန်းထားတဲ့ စစ်မှန်တဲ့ မိမိကိုယ်ပိုင်ဆုံးဖြတ်ခွင့်အပြည့်အဝရှိတဲ့ ဖက်ဒရယ်ပြည်ထောင်စုကို ဖွဲ့စည်းနိုင်ရန်အတွက် ပါဝင်သင့် ပါဝင်ထိုက်သူအားလုံးနဲ့ ဆွေးနွေးသွားမှာဖြစ်ပါတယ်” လို့ သမ္မတကဆိုပါတယ်။

ဖက်ဒရယ်ပြည်ထောင်စုဖွဲ့စည်းပုံကို ရေးဆွဲပြီးသွားတဲ့အခါမှာ ငြိမ်းချမ်းတဲ့အခြေအနေအောက်မှာ ပြည်သူလူထုလိုချင်တဲ့ ဒီမိုကရေစီနည်းကျ တရားမျှတတဲ့ ရွေးကောက်ပွဲကို ကျင်းပသွားမှာဖြစ်ပြီး အဲဒီရွေးကောက်ပွဲရလဒ်အပေါ်မှာ အစိုးရသစ်ဟာ နိုင်ငံကို ဦးဆောင်သွားဖို့တယ်လို့ဆိုပါတယ်။

“အားလုံးဟာ တရားမျှတတဲ့အခြေအနေ၊ မိမိကြမ္မာကို မိမိတို့ ဖန်တီးနိုင်တဲ့အခြေအနေရောက်အောင် လုပ်ဆောင်မယ့် ဖက်ဒရယ်အခြေခံဥပဒေကို ရေးဆွဲပြီးနောက် ကျင်းပမယ့် ရွေးကောက်ပွဲကိုသာ ထောက်ခံသင့်ကြောင်း နိုင်ငံတကာကို ဒီနေရာကနေ ပြတ်ပြတ်သားသားအလေးအနက်ပြောကြားချင်ပါတယ်”လို့လည်းသတင်းစကားပါးပါတယ် ။

NUG နဲ့ တော်လှန်ရေးအင်အားစု​တွေက လက်ရှိတိုင်းပြည်ရဲ့ နိုင်ငံရေးပြဿနာ​တွေနဲ့ ပဋိပက္ခတွေကို အဆုံးသတ်နိုင်ဖို့အတွက် စစ်တပ်ဟာ နိုင်ငံရေးနဲ့ အုပ်ချုပ်ရေးကဏ္ဍ​တွေမှာပါဝင်နေတာကို အဆုံးသတ်ရမှာဖြစ်တယ်လို့ ပြတ်ပြတ်သားသား​ပြောခဲ့ပါတယ် ။ ကျွန်တော်တို့ရဲ့တောင်းဆိုမှုကို အိမ်နီးချင်းနိုင်ငံ​တွေ၊ နိုင်ငံတကာအနေနဲ့ ရပ်တည်ပေးကြဖို့ တိုက်တွန်းရင်း နိဂုံးချုပ်ထားတာဖြစ်ပါတယ် ။

ပြည်တွင်းရှိ နိုင်ငံရေးအကဲခတ်တစ်ဦးက သမ္မတရဲ့ မိန်းခွန်းနဲ့ပတ်သက်ပြီး

“စစ်ရေးအခင်းအကျင်းနဲ့အတူ နိုင်ငံရေးကို တွဲသွားဖို့ တိုက်ပွဲခေါ်တယ်၊ စည်းရုံးအရေး အားလုံးပူးပေါင်းကြဖို့ ဖိတ်ခေါ်တဲ့သဘော။ ၂၀၂၅ သည် ဒီဘက်(တော်လှန်ရေး)က အပြတ်ချမယ်ဆိုတဲ့ ပိုင်းဖြတ်ချက်၊ သန္နိဋ္ဌာန်ရော၊ မဟာဗျူဟာသဘာရော တွေ့ရတယ်” လို့သုံးသပ်ပါတယ် ။

ဆက်စပ်သတင်းများ

သတင်း

လူထုအတွက်တော်လှန်ရေးတာဝန်များ စွမ်းစွမ်း တမံ ထမ်းဆောင်နိုင်မည့် ခေါင်းဆောင်များကို လှိုက်လှဲစွာ ကြိုဆိုနေသည်ဟုလည်း ထပ်လောင်း ပြောကြားသည်။

သတင်း

တိုင်းတိုင်းစစ်ဌာနချုပ်ကြီး (၂)ခုကို တော်လှန်ရေးတပ်ဖွဲ့များကခြေမှုန်းနိုင်ခြင်းသည် စစ်ကောင်စီ၏ အဆုံးသတ်နေဝင်ချိန် မကြာခင်ရောက်ရှိလာတော့မည်ဆိုသည်ကို ပြသလိုက်ခြင်းဖြစ်

သတင်း

မြန်မာ့ပြည်တွင်းရေးကို ဒေသတွင်းနိုင်ငံများ၏ ဝင်ရောက်စွက်ဖက်မှုထင်ထားသည်ထက်ပိုမိုကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ယာယီသမ္မတ ဒူဝါလရှီးလက ပြောကြားသည်။

ဆောင်းပါး

တပ်မတော် အာဏာသိမ်းမှု စတင်ချိန် ကတည်းက ဘိုင်ဒန်ရဲ့ အစိုးရက ဒီအခြေအနေကို တွန်းလှန်ဖို့ အမေရိကန်ရဲ့ တာဝန် ဝတ္တရားအပေါ် အသိအမှတ်ပြုဖို့ ကျွန်တော် တိုက်တွန်းခဲ့ပါတယ်။