Connect with us

Hi, what are you looking for?

ဆောင်းပါး

အမေရိကန် အထောက်အပံ့တွေ ဆိုင်းငံ့ခြင်းရဲ့ အရှေ့တောင်အာရှအပေါ် ရိုက်ခတ်မှုများ

ရွေးကောက်ပွဲကြို မဲဆွယ်မှု ကာလတွေမှာ ကတည်းက ဒေါ်နယ်လ်ထရမ့်ဟာ သူသမ္မတ ဖြစ်လာရင် အမေရိကန်ရဲ့ နိုင်ငံတကာ ထောက်ပံ့ရေး ရန်ပုံငွေတွေကို ဖြတ်တောက် လျှော့ချမယ် ဆိုတာကို အကြိမ်ကြိမ် ပြောခဲ့ဖူးပြီးသားပါ။

ရွေးကောက်ပွဲကြို မဲဆွယ်မှု ကာလတွေမှာ ကတည်းက ဒေါ်နယ်လ်ထရမ့်ဟာ သူသမ္မတ ဖြစ်လာရင် အမေရိကန်ရဲ့ နိုင်ငံတကာ ထောက်ပံ့ရေး ရန်ပုံငွေတွေကို ဖြတ်တောက် လျှော့ချမယ် ဆိုတာကို အကြိမ်ကြိမ် ပြောခဲ့ဖူးပြီးသားပါ။ ဒါပေမဲ့ တကယ်တမ်း သမ္မတအဖြစ် ကျမ်းသစ္စာ ကျိန်ဆိုပြီး လက်တွေ့ကျတဲ့ အမိန့်အဖြစ် လက်မှတ်ရေးထိုး အတည်ပြုလိုက်တဲ့ အခါမှာတော့ အဲဒီဂယက်ဟာ အရမ်းကြီးမားခဲ့ပြီး တစ်ကမ္ဘာလုံး လှုပ်လှုပ်ခတ်ခတ် ဖြစ်ခဲ့ပါတယ်။

ထရမ့်ရဲ့ အထူးအမိန့်အရ နိုင်ငံတကာ ထောက်ပံ့ရေး ရန်ပုံငွေ အားလုံးနီးပါးကို အမေရိကန်က ရက် ၉၀ ကြာ ရပ်တန့်ထားမှာဖြစ်ပြီး အဲဒီ အစီအမံရဲ့ အကျိုးအပြစ်တွေကို သတ်မှတ်ကာလ အပြီးမှာ ပြန်သုံးသပ်မှာ ဖြစ်ပါတယ်။ အကျိုးဆက်ကတော့ ကမ္ဘာအနှံ့မှာ၊ အထူးသဖြင့် ဖွံ့ဖြိုးဆဲ နိုင်ငံတွေ၊ ပဋိပက္ခ နယ်မြေတွေ၊ ဆင်းရဲနွမ်းပါးတဲ့ လူ့အဖွဲ့အစည်းတွေမှာ အမေရိကန် အထောက်အပံ့နဲ့ လည်ပတ်နေရတဲ့ ပညာရေး၊ ကျန်းမာရေးနဲ့ လူသားချင်း စာနာမှု လုပ်ငန်းတွေ ရပ်ဆိုင်းကုန်ပါတယ်။

တစ်ကမ္ဘာလုံးမှာ ရှုပ်ထွေးမှုတွေ၊ ဂယက်ထမှုတွေနဲ့ ယောက်ယက်ခတ်ကုန်သလို အရှေ့တောင်အာရှ ဒေသတွင်း နိုင်ငံတချို့မှာလည်း ပြဿနာ တက်သွားတဲ့ အပိုင်းတွေ အများကြီး ရှိခဲ့ပါတယ်။ အထူးသဖြင့် အမေရိကန် နိုင်ငံတကာ ဖွံ့ဖြိုးရေး အေဂျင်စီ (USAid)ရဲ့ ထောက်ပံ့မှုတွေ ရုတ်တရက် ရပ်သွားခြင်းက အမေရိကန် အထောက်အပံ့ကို မှီပြီး လည်ပတ်နေရတဲ့ အေဂျင်စီတွေ၊ အဖွဲ့အစည်းတွေ၊ အန်ဂျီအိုတွေအပြင် ဘဝရှင်သန် ရပ်တည်ရေးအတွက် အဲဒီအကူအညီတွေအပေါ် အများကြီး အားကိုးနေရတဲ့ လူပုဂ္ဂိုလ်တွေ ဒုက္ခရောက်ကုန်ပါတော့တယ်။

Public Service Announcement

Public Service Announcement

အရှေ့တောင်အာရှ နိုင်ငံတွေထဲမှာ ဖိလစ်ပိုင်ဟာလည်း ထရမ့်ရဲ့ နိုင်ငံတကာ ထောက်ပံ့မှု ဘတ်ဂျတ် ဆိုင်းငံ့မှုမှာ သက်ရောက်မှုတွေ ခံစားခဲ့ရတဲ့ နိုင်ငံတစ်ခု ဖြစ်ပါတယ်။ ဖိလစ်ပိုင်ဟာ အမေရိကန်အတွက် အရေးပါတဲ့ ဒေသတွင်း စစ်မဟာမိတ် ဖြစ်နေတဲ့တိုင်အောင် ထရမ့်ပေးတဲ့ ဒုက္ခကိုတော့ အိမ်နီးချင်းတွေနည်းတူ သက်ရောက် ခံစားခဲ့ရပါတယ်။ ၂၀၂၄ ခုနှစ်တုန်းက USAidဟာ ဖိလစ်ပိုင်မှာ လူသားချင်း စာနာမှု ပရောဂျက်တွေအတွက် ဒေါ်လာ သန်း ၁၈၀ လျာထား သတ်မှတ်ပေးခဲ့ပါတယ်။ အဲဒီထဲမှာ တိုင်ဖွန်းမုန်တိုင်းတွေ တိုက်ခတ်မှုဒဏ် ခံစားခဲ့ရတဲ့ နိုင်ငံရဲ့ နောက်ဆက်တွဲ ပြန်လည် ထူထောင်ရေး ရည်ရွယ်ချက်တွေလည်း ပါဝင်ခဲ့ပါတယ်။ လူမှုအကျိုးပြု ကဏ္ဍတွေ၊ ပညာရေး၊ ဆေးဒဏ်ခံ တီဘီရောဂါ တိုက်ဖျက်ရေး အပါအဝင် ကျန်းမာရေး အထောက်အပံ့တွေနဲ့ နိုင်ငံရဲ့ HIV ကူးစက်နှုန်း တိုးပွားမှုကို တားဆီးမယ့် အစီအမံတွေလည်း အခုတော့ ရပ်ထားရပြီ ဖြစ်ပါတယ်။

ဗီယက်နမ်မှာလည်း စစ်ပွဲလက်ကျန် မြေမြှုပ်မိုင်းတွေ ရှာဖွေရှင်းလင်းရေး လုပ်ငန်းစဉ်မျိုးတွေအတွက် အမေရိကန်ဆီက ငွေကြေး အထောက်အပံ့ ရရှိနေမှုတွေဟာ ထရမ့် လက်မှတ်ရေးထိုးလိုက်တဲ့ အထူးအမိန့်နဲ့တင် ရပ်တန့်နေပါပြီ။ ဗီယက်နမ်၊ ကမ္ဘောဒီးယားနဲ့ လာအိုတို့မှာ လူ့အသက်တွေ ကယ်ဆယ်ရေးအတွက် ရည်ရွယ် အကောင်အထည် ဖော်နေတဲ့ ပရောဂျက်တွေ အားလုံးလိုလို ရပ်တန့်ကုန်တာ ဖြစ်ပါတယ်။ ဗီယက်နမ် စစ်ပွဲကာလတုန်းက အမေရိကန် ကြဲချခဲ့ပြီး မပေါက်ကွဲသေးတဲ့ စစ်လက်နက်တွေဟာ နိုင်ငံ ဧရိယာ ၅ ပုံ ၁ ပုံစာလောက် နယ်မြေတွေထဲမှာ ဟိုဟိုဒီဒီ ပြန့်ကြဲပြီး ကျန်နေဆဲပါ။ ၁၉၇၅ ခုနှစ်မှာ စစ်ပွဲ ပြီးကတည်းက အဲဒီစစ်လက်ကျန် လက်နက်တွေကြောင့် သေဆုံးသူ သောင်းနဲ့ချီ ရှိခဲ့ပါတယ်။ USAidဟာ မိုင်းရှင်းမှုတွေနဲ့ ဗီယက်နမ် စီးပွားရေး ဖွံ့ဖြိုးမှုကို အားပေးဖို့ ၂၀၂၄ ခုနှစ်မှာ ဒေါ်လာ ၁၄၆.၄၆ သန်း ခွဲတမ်း လျာထားခဲ့ပေမယ့် အခုတော့ ရပ်တန့်ထားရပါပြီ။

၂၀၂၃ ခုနှစ်တုန်းက USAidဟာ အင်ဒိုနီးရှားမှာ ဒီမိုကရေစီ အစိုးရ ပီပြင်ရေး၊ အဂတိ တိုက်ဖျက်ရေး၊ သဘာဝ ပတ်ဝန်းကျင်နဲ့ ရာသီဥတု ထိန်းသိမ်းရေးဆိုင်ရာ လုပ်ငန်းတွေ၊ စီးပွားရေး ဖွံ့ဖြိုးဖို့နဲ့ ကျန်းမာရေး ကဏ္ဍအတွက် ဒေါ်လာ ၁၅၃ သန်း ထောက်ပံ့ပေးမယ်လို့ ကြေညာခဲ့ပါတယ်။ USAidရဲ့ ပံ့ပိုးမှုကြောင့် ပြီးခဲ့တဲ့ နှစ်ပိုင်းတွေမှာ တီဘီရောဂါ ဆေးစစ်မှု မြန်ဆန်တိကျစေတဲ့ ကျန်းမာရေး အထောက်အပံ့ ကိရိယာတွေ၊ လူ့အသက်တွေကို ကယ်ဆယ်နိုင်မယ့် ဆေးဝါးတွေကို အင်ဒိုနီးရှား လူ့အဖွဲ့အစည်းထဲမှာ ထိထိရောက်ရောက် ဖြန့်ဝေပေးနိုင်ခဲ့ပါတယ်။ ဒါ့အပြင် USAidဟာ သဘာဝ ကပ်ဘေးတွေ ကြုံလာချိန်မှာ ဒေသခံလူထု ပြင်ဆင်မှု အားကောင်းစေဖို့ ဒေသခံ အန်ဂျီအိုတွေနဲ့ ပူးပေါင်း ဆောင်ရွက်ခဲ့တယ်။ အဲဒီကောင်းမွန်တဲ့ လုပ်ဆောင်ချက်တွေ အားလုံး လောလောဆယ်တော့ နားထားရဦးမှာပါ။

တရုတ်ဖက်ကို သိသိသာသာ ယိမ်းတဲ့ ကမ္ဘောဒီးယား အစိုးရဟာ အမေရိကန်အတွက် အကောင်းဆုံး မိတ်ဖက် မဟုတ်တဲ့တိုင်အောင် USAidရဲ့ ပရောဂျက်တွေတော့ လည်ပတ်နေပါတယ်။ နိုင်ငံစီးပွားရေး ဖွံ့ဖြိုးဖို့၊ ကျန်းမာရေး၊ ပညာရေး၊ ကလေးသူငယ် ကာကွယ်စောင့်ရှောက်ရေး၊ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီ ထွန်းကားရေး ရည်မှန်းချက်တွေအတွက် USAidက မြှုပ်နှံထားတဲ့ ပရောဂျက်တွေ မနည်းလှပါဘူး။ ခုတော့ အားလုံး ဆိုင်းငံ့ထားရပါပြီ။ ကမ္ဘောဒီးယား လွတ်လပ်သော မီဒီယာများစင်တာ (CCIM)ကတော့ အထောက်အပံ့ ဖြတ်တောက်မှုတွေဟာ ရေရှည်ဖြစ်လာမယ်ဆိုရင် ဂျာနယ်လစ်တွေ အကြမ်းဖက်ခံရ၊ လူ့အခွင့်အရေး ချိုးဖောက် ခံရတဲ့ အခါတွေမှာ အရမ်းကြီးမားတဲ့ ထိခိုက်သက်ရောက်မှုတွေ ဖြစ်လာနိုင်တယ်လို့ ပြောကြားထားပါတယ်။ ကမ္ဘောဒီးယားမှာ မိုင်းရှင်းရေး ပရောဂျက် အားလုံးရဲ့ ၃၀ ရာခိုင်နှုန်းက အမေရိကန်ရဲ့ ထောက်ပံ့ငွေနဲ့ လည်ပတ်နေတာ ဖြစ်ပြီး ထရမ့်ရဲ့ အမိန့်ကြောင့် မိုင်းရှင်းလုပ်ငန်းတွေမှာ သိသိသာသာ နှောင့်နှေးကုန်မယ့် သဘောပါပဲ။

အများစု သိထားပြီး ဖြစ်တဲ့အတိုင်း မြန်မာဟာလည်း ကျယ်ပြန့်တဲ့ ထိခိုက်သက်ရောက်မှုတွေ ခံစားရတဲ့ နိုင်ငံတစ်ခု ဖြစ်ပါတယ်။ အထူးသဖြင့် ကျန်းမာရေး စောင့်ရှောက်မှု၊ ပညာရေး၊ မီဒီယာ လွတ်လပ်ခွင့်စတဲ့ ကဏ္ဍတွေမှာ အစောဆုံး ထင်သာမြင်သာ ထိခိုက်မှုတွေ ဖြစ်ပေါ်လာပါတယ်။ ထိုင်း-မြန်မာ နယ်စပ်မှာ ထောင်သောင်းချီ များပြားတဲ့ ဒုက္ခသည်တွေအတွက် ကျန်းမာရေး စောင့်ရှောက်မှု ထောက်ပံ့ပေးနေတဲ့ ဆေးရုံတွေ လုပ်ငန်းလည်ပတ်မှု ရပ်ဆိုင်းကုန်ပါတယ်။ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး မာကို ရူဘီရိုက ဆိုင်းငံ့သွားမယ့် အထောက်အပံ့တွေ စာရင်းမှာ လူ့အသက်တွေအတွက် အရေးကြီးတဲ့ ကဏ္ဍတွေကို ခြွင်းချက်ထား ကင်းလွတ်ခွင့် ပေးမယ်လို့ ပြောခဲ့ပေမယ့် နယ်စပ် ဆေးရုံတွေမှာ လူနာတွေကို ပြန်လွှတ်ခဲ့ကြရပါတယ်။

အဲဒီဆေးရုံတွေမှာ အလုပ်လုပ်တဲ့ ထိုင်းနဲ့ မြန်မာ ဝန်ထမ်းတွေလည်း လစာမရတာမျိုးတွေ ဖြစ်လာကြပါတယ်။ နယ်စပ်က လူသားချင်း စာနာမှု လုပ်ငန်းတွေကို အမေရိကန် ငွေကြေးထောက်ပံ့မှုနဲ့ လည်ပတ်တဲ့ အပြည်ပြည်ဆိုင်ရာ ကယ်ဆယ်ရေး ကော်မတီ (IRC)က အဓိက ပံ့ပိုးပေးထားတာပါ။ ထရမ့်ရဲ့ အမိန့်ကြောင့် IRCဟာ ဆက်စပ် အေဂျင်စီတွေကို လုပ်ငန်းရပ်နားထားဖို့ အကြောင်းကြားစာ ပေးပို့ရုံသာ တတ်နိုင်ပါတော့တယ်။

နယ်စပ်တွေအကြောင်း မပြောဘဲ ပြည်မဖက်ကို မျှော်ကြည့်ရင်လည်း အမေရိကန်က ရန်ပုံငွေ ထောက်ပံ့ပြီး အာဏာသိမ်း စစ်ကောင်စီက အကောင်အထည် ဖော်ပေးနေတဲ့ HIV တိုက်ဖျက်ရေး စီမံကိန်းတွေမှာ အကြီးအကျယ် သက်ရောက်မှုတွေ ဖြစ်လာပါတယ်။ ကုန်ကျစရိတ် များပြားတဲ့ သွေးဓာတ်ခွဲ စစ်ဆေးတဲ့ လုပ်ငန်းစဉ်မျိုးတွေဆိုရင် လောလောဆယ် ရပ်နားထားရတယ်လို့လည်း ဆိုပါတယ်။

နောက်ပြီး စစ်အာဏာရှင်ကို ဆန့်ကျင် တော်လှန်နေတဲ့ ဒီမိုကရေစီရေး တက်ကြွလှုပ်ရှားသူတွေ၊ တော်လှန်ရေး အင်အားစုတွေ အတွက်လည်း ထရမ့်ရဲ့ အမိန့်ဟာ လုံခြုံရေးဆိုင်ရာ စိန်ခေါ်မှုတွေကို ကြုံတွေ့လာစေပါတယ်။ နာမည် ထုတ်မပြောချင်တဲ့ တော်လှန်ရေး တက်ကြွလှုပ်ရှားသူ တစ်ယောက်က ရန်ပုံငွေ ဖြတ်တောက်ခံရမှုကြောင့် မြန်မာနိုင်ငံ ပိုင်နက်ထဲမှာ စစ်ကောင်စီ လက်ကနေ တိမ်းရှောင်နေရသူတွေအတွက် ပုန်းခိုစရာ နေရာတွေ စီစဉ်ပေးမှုကို ရပ်နားထားရကြောင်း ဝန်ခံခဲ့ပါတယ်။

ဒါတင် မကသေးဘဲ မြန်မာနိုင်ငံရဲ့ လွတ်လပ်တဲ့ မီဒီယာတွေ အတွက်လည်း စိုးရိမ်စရာ ဖြစ်လာပါတယ်။ စစ်ကောင်စီရဲ့ ရက်စက်ကြမ်းကြုတ်တဲ့ ဖိနှိပ်မှုတွေ ကြားကနေ ပြည်သူလူထုအတွက် သတင်းမှန်တွေ ရရှိအောင် ကြိုးစားနေတဲ့ မီဒီယာတွေထဲမှာ အမေရိကန် လှူဒါန်းမှုနဲ့ ရပ်တည်နေတဲ့ အဖွဲ့အစည်းတွေ ဒုက္ခရောက်ကုန်ပါတယ်။ ထင်ရှားတဲ့ သတင်းဌာန တစ်ခုဟာ လောလောဆယ်မှာ ဝန်ထမ်းတွေကို လစာမပေးနိုင်တော့ဘူးဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာပါတယ်။

စစ်တပ် အာဏာသိမ်းမှုအပြီး နောက်ဆက်တွဲ အကျပ်အတည်းတွေနဲ့ အဆိုးတကာ့ အဆိုးဆုံး လူသားရေးရာ အကျပ်အတည်းတွေ ကြုံနေချိန်မှာ မြန်မာဟာ ထရမ့်ရဲ့ အထောက်အပံ့ ဖြတ်တောက်ရေး အမိန့်နဲ့ တည့်တည့်တိုးခဲ့တာ ဖြစ်ပါတယ်။ ထရမ့်အနေနဲ့ သူ့ရဲ့ အမိန့်အတွက် လျာထားတဲ့ စောင့်ကြည့်ကာလ ရက်ပေါင်း ၉၀ ပြည့်သွားပြီးရင် အမေရိကန်ရဲ့ နိုင်ငံတကာ အထောက်အပံ့တွေကို ပြန်ခွင့်ပြုမလား ဆိုတာကိုတော့ တပ်အပ် မပြောနိုင်သေးပါဘူး။

လောလောဆယ်မှာတော့ သူ့ရဲ့ အမိန့်ဟာ အရှေ့တောင်အာရှ အပါအဝင် ကမ္ဘာ့အစိတ်အပိုင်း တော်တော်များများမှာ အကြီးအကျယ် ဂယက်ထနေပါပြီ။ ရန်ပုံငွေ ဖြတ်တောက်မှုကြောင့် လုပ်ငန်းတွေ ရပ်နားထားပါဆိုတဲ့ ညွှန်ကြားချက်ကို လက်ခံရရှိတဲ့ အဖွဲ့အစည်းတွေ၊ အဲဒီ အဖွဲ့အစည်းတွေကို မှီခိုနေရတဲ့ မြောက်မြားစွာသော ဘဝတွေ အတွက်တော့ ထရမ့်ရဲ့ အမိန့်ဟာ အိပ်မက်ဆိုးတစ်ခု ဖြစ်လာတာ အမှန်ပါပဲ။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

သွင်းကုန်တွေအပေါ် အခွန်စည်းကြပ်မှု မြှင့်တင်လိုက်တဲ့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ ဆုံးဖြတ်ချက်အတွက် လက်တုံ့ပြန်မယ်လို့ မက္ကဆီကို၊ ကနေဒါနဲ့ တရုတ် နိုင်ငံတွေက အသီးသီး ကြေညာထားကြပါတယ်။

နိုင်ငံတကာ

မက္ကဆီကို ပင်လယ်ကွေ့ကို Google Map မြေပုံစနစ်မှာ နာမည်ပြောင်းလဲ မသတ်မှတ်ဖို့ မက္ကဆီကို သမ္မတက Googleဆီ စာရေးသား တောင်းဆိုခဲ့ပါတယ်။

နိုင်ငံတကာ

အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ကို ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ဖူးသူ အငြိမ်းစား ဗိုလ်ချုပ်ကြီး မတ်ခ်မစ်လီအတွက် ပေးအပ်ထားတဲ့ လုံခြုံရေး အစောင့်အရှောက် အစီအမံတွေ အားလုံးကို အမေရိကန် ကာကွယ်ရေး ဝန်ကြီးဌာနက ရုပ်သိမ်းခဲ့ပါတယ်။

သတင်း

အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က နိုင်ငံတကာဆီ ပို့ဆောင်တဲ့ အမေရိကန် အထောက်အပံ့တွေကို ပိတ်ပင်ကြောင်း အမိန့်ထုတ်ပြန်ခဲ့ခြင်းနဲ့အတူ ထိုင်း-မြန်မာ နယ်စပ်မှာရှိတဲ့ဒုက္ခသည် စခန်းတွေမှာ ကျန်းမာရေး စောင့်ရှောက်မှု စနစ်တွေကို ရပ်ဆိုင်းထားလိုက်ရကြောင်း ကရင် ဒုက္ခသည်များကော်မတီ(KRC)ကပြောပါတယ်။