Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အမေရိကန်ရဲ့ အခွန် တိုးကောက်မှုကို လက်တုံ့ပြန်မယ်လို့ မက္ကဆီကို၊ ကနေဒါနဲ့ တရုတ် ကြေညာ

သွင်းကုန်တွေအပေါ် အခွန်စည်းကြပ်မှု မြှင့်တင်လိုက်တဲ့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ ဆုံးဖြတ်ချက်အတွက် လက်တုံ့ပြန်မယ်လို့ မက္ကဆီကို၊ ကနေဒါနဲ့ တရုတ် နိုင်ငံတွေက အသီးသီး ကြေညာထားကြပါတယ်။

သွင်းကုန်တွေအပေါ် အခွန်စည်းကြပ်မှု မြှင့်တင်လိုက်တဲ့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ ဆုံးဖြတ်ချက်အတွက် လက်တုံ့ပြန်မယ်လို့ မက္ကဆီကို၊ ကနေဒါနဲ့ တရုတ် နိုင်ငံတွေက အသီးသီး ကြေညာထားကြပါတယ်။

ဖေဖော်ဝါရီ ၁ ရက်နေ့မှာ ထရမ့်က အမေရိကန်ရဲ့ အိမ်နီးချင်း နှစ်နိုင်ငံဖြစ်တဲ့ မက္ကဆီကိုနဲ့ ကနေဒါတို့ရဲ့ သွင်းကုန်တွေကို အခွန် ၂၅ ရာခိုင်နှုန်း တိုးကောက်မှာ ဖြစ်ကြောင်းနဲ့ တရုတ်ရဲ့ သွင်းကုန်တွေအပေါ် အခွန် ၁၀ ရာခိုင်နှုန်း မြှင့်တင် စည်းကြပ်သွားမှာဖြစ်ကြောင်း ထုတ်ပြန်ခဲ့ပါတယ်။

အဲဒီနောက် ဖေဖော်ဝါရီ ၂ ရက်နေ့မှာတော့ မက္ကဆီကိုနဲ့ ကနေဒါ အစိုးရတွေက အမေရိကန် သွင်းကုန်တွေအပေါ် အခွန် ၂၅ ရာခိုင်နှုန်း တိုးမြှင့် စည်းကြပ်ပြီး တူညီတဲ့ စံနှုန်းနဲ့ လက်တုံ့ပြန်မယ်လို့ အသီးသီး ကြေညာခဲ့ပါတယ်။

ဖေဖော်ဝါရီ ၄ ရက်နေ့ကစလို့ ကနေဒါက အခွန် ၂၅ ရာခိုင်နှုန်း တိုးကောက်မယ့် အမေရိကန် သွင်းကုန်စာရင်းကို ကနေဒါ ဘဏ္ဍာရေး ဝန်ကြီးဌာနက ဖေဖော်ဝါရီ ၂ ရက်နေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီ ကုန်စည်တွေရဲ့ တန်ဖိုးဟာ အမေရိကန်ဒေါ်လာ ၂၀ ဘီလီယံလောက်ထိ များပြားပြီး ဆေးရွက်ကြီး၊ အိမ်သုံးပစ္စည်းတွေ၊ စစ်လက်နက်တွေနဲ့ စစ်သုံးပစ္စည်းတွေ ပါဝင်ပါတယ်။

Public Service Announcement

Public Service Announcement

ကနေဒါဟာ လိုအပ်လာရင် နောက်ထပ် အမေရိကန်ဒေါ်လာ ၈၆ ဘီလီယံ တန်ဖိုးရှိတဲ့ အမေရိကန် သွင်းကုန်တွေအပေါ် အခွန်စည်းကြပ်ဖို့လည်း ကြိုတင် ပြင်ဆင်ထားတယ်လို့ ဆိုပါတယ်။ အဲဒီထဲမှာ မော်တော်ကားတွေ၊ ထရပ်ကားတွေ၊ သံမဏိနဲ့ အလျူမီနီယမ် ထုတ်ကုန်တွေ၊ သစ်သီးဝလံနဲ့ ဟင်းသီးဟင်းရွက်တွေ၊ အသားတွေနဲ့ နို့ထွက်ပစ္စည်းတွေ ပါဝင်တယ်လို့ ဆိုပါတယ်။

တစ်ဖက်မှာလည်း မက္ကဆီကို သမ္မတ ကလော်ဒီယာ ရှိန်ဘွန်းက သူ့ရဲ့ အစိုးရဟာ အမေရိကန် သွင်းကုန်တွေကို ၂၅ ရာခိုင်နှုန်း တုံ့ပြန် အခွန်စည်းကြပ်မယ်လို့ ကြေညာပြီး အခွန်တိုးမြှင့်ဖို့ ရည်ရွယ်ထားတဲ့ ကုန်စည် စာရင်းကို ဖေဖော်ဝါရီ ၃ ရက်နေ့မှာ ထုတ်ပြန်မယ်လို့ ပြောကြားခဲ့ပါတယ်။ တစ်ဖက်မှာလည်း သူ့ရဲ့ အစိုးရဟာ အမေရိကန်နဲ့ တိုက်ရိုက် ပဋိပက္ခ မဖြစ်ချင်တာကြောင့် အရန်အစီအစဉ် (Plan B)ကို ကြိုတင် စဉ်းစားပြင်ဆင်ထားမယ်လို့ မက္ကဆီကိုရဲ့ ပထမဆုံး အမျိုးသမီး သမ္မတက ဆိုပါတယ်။

ပြဿနာတွေကို အပြိုင်အဆိုင် အခွန်စည်းကြပ်ရင်း ဖြေရှင်းလို့ မရကြောင်း၊ အဲဒီအစား ညှိနှိုင်း ဆွေးနွေးမှုတွေနဲ့ ချဉ်းကပ်ဖို့ လိုကြောင်း ရှိန်ဘွန်းက ဆိုပါတယ်။ သူဟာ လက်ရှိ အခြေအနေနဲ့ ပတ်သက်လို့ ဖေဖော်ဝါရီ ၁ ရက်နေ့တုန်းက ကနေဒါ ဝန်ကြီးချုပ် ဂျက်စတင် ထရူဒူနဲ့လည်း ဖုန်းဆက် ဆွေးနွေးခဲ့ပါတယ်။

တရုတ်ကတော့ ထရမ့်ရဲ့ အခွန်တိုးမြှင့်တဲ့ ကိစ္စကို ဝေဖန်ရှုတ်ချကြောင်း ကြေညာခဲ့သလို နိုင်ငံရဲ့ အကျိုးစီးပွားအတွက် မနစ်နာရအောင် သင့်တင့်လျောက်ပတ်တဲ့ တုံ့ပြန်မှုတွေ လုပ်ဆောင်သွားမယ်လို့ ထုတ်ပြန်ထားပါတယ်။ ဒါပေမဲ့ တရုတ်ဟာ မက္ကဆီကိုနဲ့ ကနေဒါတို့လို ချက်ချင်း အခွန်တွေ ပြန်မြှင့်တင်ပြီး လက်တုံ့ပြန်တာမျိုးတော့ မရှိသေးပါဘူး။ တရုတ်ဟာ အမေရိကန် အစိုးရရဲ့ တစ်ဖက်သတ် အခွန်စည်းကြပ်မှု တိုးမြှင့်တဲ့အပေါ် ကမ္ဘာ့ ကုန်သွယ်ရေး အဖွဲ့ကြီး (WTO)ဆီကိုလည်း တရားဝင် အရေးဆိုထားပါတယ်။

တရုတ် အစိုးရ အနေနဲ့ ထရမ့်ရဲ့ ပထမ သမ္မတ သက်တမ်းတုန်းကလည်း ပြင်းထန်တဲ့ ကုန်သွယ်ရေး အခွန်အခ မြှင့်တင်မှုတွေကို ရင်ဆိုင် ကြုံတွေ့ခဲ့ရပြီး အတော်ကြီးလည်း အထိနာခဲ့ပါတယ်။ ဒါကြောင့် ထရမ့်ရဲ့ ဒုတိယ သမ္မတ သက်တမ်းမှာ ထပ်ကြုံလာမယ့် အလားတူ စိန်ခေါ်မှုအတွက် တရုတ်ဟာ ပိုပြီး အားကောင်းကောင်းနဲ့ ပြင်ဆင်မှုတွေ ရှိနေတယ်လို့ ယုံကြည်ရပါတယ်။

ထရမ့်ဟာ သူနဲ့ ဆက်ဆံရေး မပြေလည်မှုတွေ ရှိခဲ့တဲ့ ဥရောပ သမဂ္ဂ (EU)အပေါ်ကိုလည်း အလားတူ ကုန်သွယ်ရေး အခွန်တွေ တိုးမြှင့်ကောက်ခံဖို့ စဉ်းစားထားကြောင်းလည်း သတိပေး ခြိမ်းခြောက်ထားပါတယ်။

ကိုးကား: Guardian

ဆက်စပ်သတင်းများ

နိုင်ငံတကာ

မူးယစ်မှောင်ခိုသမားတွေ အသုံးပြုနေတာလို့ စွပ်စွဲပြီး ရေယာဉ်တွေကို လေကြောင်းကနေ တိုက်ခိုက်ခဲ့တဲ့ အမေရိကန်ရဲ့ လုပ်ရပ်ဟာ နိုင်ငံတကာ ဥပဒေတွေကို ချိုးဖောက်ပြီး လူသားမျိုးနွယ်အပေါ် ရာဇဝတ်မှု မြောက်နိုင်ခြေရှိကြောင်း ကုလသမဂ္ဂ (UN) အစီရင်ခံစာ တစ်စောင်က သုံးသပ်ထားခဲ့ပါတယ်။

နိုင်ငံတကာ

အမေရိကန်ဟာ ဂရင်းလန်ကျွန်းမှာ နောက်ထပ် စစ်စခန်းနှစ်ခု ထပ်မံဖွင့်လှစ်သွားမယ်လို့ သိရပါတယ်။

သတင်း

တရုတ်နိုင်ငံမှာ အထည်အလိပ်စက်ရုံ မီးလောင်မှု ဖြစ်ပွားပြီး လူ ၈ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

အမေရိကန်ရဲ့ အဆင့်အမြင့်ဆုံး F-35 တိုက်လေယာဉ် အစိတ်အပိုင်းတွေ တင်ဆောင်သွားတဲ့ သင်္ဘောတစ်စီးက လမ်းကြောင်းပြောင်းပြီး တရုတ်ပိုင်နက်ထဲ ကမ်းကပ်ခဲ့တဲ့၊ နောက်ဆက်တွဲ အနေနဲ့ အစိတ်အပိုင်းတချို့ ပျောက်ဆုံးခဲ့တဲ့ ဖြစ်စဉ်ကို အမေရိကန် လွှတ်တော်မှာ စုံစမ်း စစ်ဆေးနေပါတယ်။

Facebook