Connect with us

Hi, what are you looking for?

ဆောင်းပါး

ကျားဖြန့် မျက်နှာစာအသစ် ကျောက်ခတ်

ကရင်ပြည်နယ်၊ မြဝတီဒေသက ကျားဖြန့် လူကုန်ကူးဂိုဏ်းတွေရဲ့အကြောင်းဟာ ဒီလပိုင်းအတွင်းမှာ​ဒေသတွင်းအဆင့်​ကျော်လွန်ပြီးနိုင်ငံတကာကိုပါ အုတ်အော်သောင်းနှင်း ဖြစ်နေပါတယ်။ကျားဖြန့် လူကုန်ကူးဂိုဏ်းတွေရဲ့ အကြောင်းကိုပြောရင် အများစုက ကာစီနို လောင်းကစားရုံတွေရှိတဲ့ မြဝတီ​ဒေသက ရွှေကုက္ကိုလ် နဲ့ KK Park ကိုပဲလူသိများတာပါ။

နဒီ/People’s Spring

ဩကရင်ပြည်နယ်၊ မြဝတီဒေသက ကျားဖြန့် လူကုန်ကူးဂိုဏ်းတွေရဲ့အကြောင်းဟာ ဒီလပိုင်းအတွင်းမှာ​ဒေသတွင်းအဆင့်​ကျော်လွန်ပြီးနိုင်ငံတကာကိုပါ အုတ်အော်သောင်းနှင်း ဖြစ်နေပါတယ်။ကျားဖြန့် လူကုန်ကူးဂိုဏ်းတွေရဲ့ အကြောင်းကိုပြောရင် အများစုက ကာစီနို လောင်းကစားရုံတွေရှိတဲ့ မြဝတီ​ဒေသက ရွှေကုက္ကိုလ် နဲ့ KK Park ကိုပဲလူသိများတာပါ။

အများစုသိပ်မသိသေးတဲ့ ကျားဖြန့်လုပ်ငန်းတွေရဲ့ ကြင်လည်ရာအရပ်ဒေသအသစ်တစ်ခု မြဝတီဒေသမှာပဲ ထပ်မံထွက်ပေါ်လာပါတယ်။ ၂၀၂၁ခုနှစ် စစ်တပ်အာဏာမသိမ်းမီကတည်း က အစပျိုးလာတဲ့ အဲဒီဒေသအသစ်ဟာ စစ်တပ်အာဏာသိမ်းအပြီးမှာတော့ နေ့ချင်း၊ညချင်း တဟုန်ထိုးအဆောက်အဦးတွေဆောက်ပြီး မြို့ပြအသစ်တစ်ခု ဖြစ်နေပါပြီ။

မြဝတီမြို့နဲ့ (၂၅)မိုင်ကျော်ကွာဝေးပြီး ထိုင်းနိုင်ငံ ဖုဖရမြို့နယ်ရဲ့ မျက်နှာချင်းဆိုင်နေရာမှာရှိတဲ့ ကျောက်ခတ်လို့ ခေါ်တဲ့ကျေးရွာမှာ အသစ်ထွက်ပေါ်လာပါတယ်။

Public Service Announcement

Public Service Announcement

မြဝတီမြို့နယ်က ကျောက်ခတ်ဒေသဟာ ဒီမိုကရက်တစ် ကရင်အကျိုးပြုတပ်မတော် (DKBA) စိုးမိုးရာနယ်မြေဒေသဖြစ်ပြီး DKBAက ဗိုလ်မှူးချုပ် စိုင်းကျော်လှ အုပ်ချုပ်နေတာဖြစ်ပါတယ်။ ဗိုလ်မှူးချုပ် စိုင်းကျော်လှဟာ အရင်ကတော့ ရှမ်းပြည်တပ်မတော်(SSPP)က ဖြစ်ပါတယ်။

ဗိုလ်မှူးချုပ် စိုင်းကျော်လှ အုပ်ချုပ်နေတဲ့ ကျောက်ခတ်ဒေသမှာဖြစ်နေတဲ့ အရာတွေကို အများသိအောင် ဖော်ထုတ်ခဲ့တာကတော့ ကင်ညာနိုင်ငံသားဖြစ်ပါတယ်။ ကင်ညာနိုင်ငံသားဟာ မနေ့က ဖေဖော်ဝါရီ ၉ရက်မှာ ကျောက် ခတ်က လူကုန်ကူးဂိုဏ်းဆီကနေ ထွက်ပြေးလွတ်မြောက်လာပြီး ထိုင်းနိုင်ငံ ဖုဖရရဲစခန်းကို သူကြုံတွေ့ခဲ့ရတဲ့ ဖြစ်ရပ်တွေကို ဖွင့်ချခဲ့တာပါ။

ကင်ညာနိုင်ငံသားဟာ သူနဲ့အတူ အယောက် ၅၀လောက်က ကျောက်ခတ်မှာရှိတဲ့ တရုတ် လူမျိုး လူကုန်ကူးဂိုဏ်းရဲ့ လက်ထဲကနေ ထွက်ပြေးလွှတ်မြောက်လာခဲ့တာပါ။ သူတို့ဟာ အုတ်တံတိုင်းကိုကျော်တက်ပြီး လွှတ်မြောက်လာခဲ့တာလို့ ဖုဖရရဲစခန်းမှာ ထွက်ဆိုထားတဲ့အကြောင်း မဲဆောက်မြို့က သည်ရီပိုတာသတင်းဌာနက ဖော်ပြပါတယ်။

ထိုင်းနိုင်ငံမှာ အလုပ်သွားလုပ်ဖို့ ကမ်းလှမ်းမှုလက်ခံလိုက်ပြီးတဲ့နောက် ဒီအဖြစ်အပျက်တွေ ကြုံတွေ့ခဲ့ရတာလို့ ဆိုပါတယ်။

ငွေလိမ်ဂိုဏ်းက ခေါင်းဆောင်တွေဟာ တရုတ်မာဖီးယားတွေဖြစ်ပြီး အဲဒီလူတွေဟာ တခြားဘာကိုမှ ဂရုမစိုက်ပဲ သတ်မှတ်ချက်ပြည့်မှီအောင် ငွေရှာရေးကိုသာ ဂရုစိုက်ကြောင်း၊ တကယ်လို့ သတ်မှတ်ချက်မပြည့်မှီရင် ညှဉ်းပန်းနှိပ်စက်ခံရကြောင်း ပြောပြပါတယ်။

ကျဥ်စက်နဲ့တို့တာ၊ ဖိနပ်ချွတ်ခိုင်းပြီး စူးတွေပေါ်ရပ်ခိုင်းတာ၊ စူးပေါ်ရပ်နေရင်း အလေးတွေကိုင်ပြီး ထိုင်ထလုပ်ရတာတွေလို့ ဆိုပါတယ်။ သူ့မှာရခဲ့တဲ့ ဒဏ်ရာတွေကိုလည်း သတင်း ထောက်တွေကို ပြပါတယ်။

အဲဒီ့မှာ အလုပ်လုပ်တဲ့ အမျိုးသမီးတစ်ယောက်ဆိုရင် (၆)နာရီကျော်ကြာ သတိလစ်သွားတာတောင် ဆေးရုံကို မပို့ပေးဘူးလို့လည်း ကင်ညာနိုင်ငံသားက ပြောပါတယ်။

အဲဒီနေရာကို တရုတ်မာဖီးယားတွေက ထိန်းချုပ်ထားပြီး အဆောက်အအုံတွေ အများကြီးရှိတယ်လို့လည်း ကင်ညာနိုင်ငံသားက ဆက်ပြောပါတယ်။ သူအပါအဝင် ကင်ညာနိုင်ငံသား ၂၃ဦးရှိပြီး အခု ကင်ညာသား ၂၂ဦးကတော့ ပိတ်မိနေတုန်းပဲလို့ ဖွင့်ဟပါတယ်။

မြဝတီဒေသမှာ ပြီးခဲ့တဲ့ ဇန်နဝါရီ၃ရက်က တရုတ်မင်းသား ဝမ်ကျင် လူကုန်ကူးခံရတဲ့ဖြစ်ရပ်အပြီး အခု ကင်ညာနိုင်ငံသားအဖွဲ့က နောက်ထက် ထွက်ပေါ်လာတဲ့ ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ်။

လူထုနွေဦးရဲ့ ကျောက်ခတ်ဒေသ သတင်းအရင်းမြစ်ကတော့ သူတို့ဆီမှာ တရုတ်လူမျိုးတွေ ထောင်နဲ့ချီရှိနေတယ်လို့ ပြောပါတယ်။ တရုတ်လူမျိုးအချို့ဆို လက်နက်ပါ ကိုင်ဆောင်တာရှိတယ်လို့လည်း ပြောပါတယ်။

“ ကျောက်ခတ်က လုံးဝ ဟောင်ကောင်ပဲ။ တရုတ်တွေ ကြိုက်တာလုပ်ခွင့်ပေးထားတာ”လို့ ပြောပါတယ်။

ထိုင်းနိုင်ငံကနေ တဆင့် လူကုန်ကူးခံရတဲ့သူအများစုဟာ ကျောက်ခတ်ဒေသကို အရင်ရောက်ပြီး အဲဒီကနေတဆင့် မြဝတီမြို့နယ်ထဲက လုပ်ငန်းဆိုက်အသီးသီးကို ပို့ဆောင်တာလို့ လူထုနွေဦးက စုံစမ်းသိရပါတယ်။

ကျောက်ခတ်ကျေးရွာရဲ့ အမည်ကို စာဖတ်သူတွေ အရင်ကကြားဖူးပါလိမ့်မယ်။ ၂၀၁၄ ဦးသိန်းစိန်အစိုးရ လက်ထက်ကဖြစ်ပါတယ်။ ရန်ကုန်တိုင်း လှည်းကူးမြို့နယ်ထဲက သမီးကလေးကျေးရွာကို ကျူးကျော်တွေဆိုပြီး အာဏာပိုင်တွေက ဘူဒိုဇာတွေနဲ့ ဖျက်ဆီးခဲ့လို့ နေစရာမရှိဖြစ်နေတဲ့ သူတွေကို DKBAက လာခေါ်ပြီး ကျောက်ခတ်ကျေးရွာမှာ နေစရာပေးခဲ့ပါတယ်။

အဲဒီ သမီးကလေးကျေးရွာက လူအချို့ပြောင်းရွှေ့နေခဲ့ရတဲ့ ကျောက်ခတ်ရွာဟာ အခုတော့ အဆောက်အဦးအသစ်ကြီးတွေနဲ့ မြို့ပြသဖွယ်ဖြစ်နေပါပြီ။ ဒါပေမယ့် နာမည်ကောင်းတဲ့ မြို့ပြတော့ မဟုတ်လှပါဘူး။

ကမ္ဘာအရပ်ရပ်က လူတွေကို လိမ်လည်ခေါ်ဆောင်ပြီး ညှဉ်းပန်းနှိပ်စက်တာ၊ ဒုစရိုက်မှုတွေ ပြုလုပ်နေတာကြောင့်ပါ။

ကရင်ပြည်နယ်မှာ အခုတော့ ကျားဖြန့် လူကုန်ကူးဂိုဏ်းတွေရှိရာက မြဝတီဒေသမှာဘဲ ရွှေကုက္ကိုလ်၊ အင်ကြင်းမြိုင်က KK Park နဲ့ အခု အသစ်ထွက်ပေါ်လာတဲ့ ကျောက်ခတ်အပြင် ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဘုရားသုံးဆူမြို့မှာလည်း ကျားဖြန့် လူကုန်ကူးဂိုဏ်းတွေ ရှိနေပါတယ်။

ကျားဖြန့်လူကုန်ဂိုဏ်းတွေကို တရုတ်နဲ့ ထိုင်းတို့ ပူးပေါင်းနှိမ်နှင်းမယ်လို့ ပြောဆိုချက်တွေထွက်ပေါ်လာအပြီးမှာဘဲ အဲဒီ ဒေသတွေကို စိုးမိုးထားတဲ့ ကရင်နယ်ခြားစောင့်တပ်(BGF)နဲ့ DKBAတို့က ကျားဖြန့်တွေကို နှိမ်နင်းပြီး နှင်ထုတ်မယ်လို့ အသီးသီး ထုတ်ပြန်ထားပါတယ်။ BGF ကတော့ ရွှေကုက္ကိုလ်နယ်မြေကို စိုးမိုးထားပါတယ်။ ကျောက်ခတ်၊ ဘုရားသုံးဆူနဲ့ ဝေါလေကိုတော့ DKBAက စိုးမိုးထားပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၇ရက်နေ့ကတော့ လူကုန်ကူးခံရတဲ့ တရုတ်နိုင်ငံသားတွေအပါအဝင်နိုင်ငံခြားသား ၆၁ဦးကို BGFက ထိုင်းနိုင်ငံကနေတဆင့် ပြန်ပို့ပေးထားပါတယ်။ဒါ့အပြင်အခုနှစ် (၂၀၂၅)အတွင်းမှာပဲ လူဦးရေ ထောင်နဲ့ချီ နေရပ်ပြန်ပို့မယ်လို့ BGFက လူထုနွေဦးကို ပြောထားပါတယ်။

ကရင်ပြည်နယ် နယ်စပ်ဒေသက လူကုန်ကူးမှုတွေ၊ မသမာမှုပြုတာတွေ၊ညှဉ်းပန်းနှိပ်စက်တာတွေ၊ ကလေးလုပ်သားအသုံးပြုတာတွေ၊ မူးယစ်ဆေးဝါးရောင်းချသုံးစွဲတာနဲ့ လိမ်လည်လှည့်ဖျားတာတွေ အစရှိတာတွေကို နယ်ခြားစောင့်တပ် (BGF) အနေနဲ့ လုံးဝလက်မခံဘဲ ဖော်ထုတ်ဖမ်းဆီးနေတဲ့အပြင် လုပ်ငန်းပိတ်သိမ်းတာတွေနဲ့ သက်ဆိုင်ရာကို အပ်နှံနေတာတွေ လုပ်နေယ်လို့ BGF က ဖေဖော်ဝါရီ ၆ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

BGF အနေနဲ့ ဒေသဖွံ့ဖြိုးရေးအတွက် နိုင်ငံတကာစီမံကိန်းတွေဖြစ်တဲ့ အိမ်ရာ၊ ဟိုတယ်နဲ့အပန်းဖြေရိပ်သာစီမံကိန်းတွေကို အကျိုးတူရင်းနှီးမြှုပ်နှံထားတာ မဟုတ်ဘဲ မြေရှင်အဖြစ်သာပါဝင်ကြောင်းဆိုထားပါတယ်။

ဒါ့အပြင် DKBA ကလည်း ဘုရားသုံးဆူမြို့က ကာစီနိုလောင်းကစားလုပ်ငန်း၊ ဂိမ်းရုံနဲ့ တရား မဝင် စားသောက်ကုန်ရောင်းချနေတဲ့ တရုတ်နိုင်ငံသားတွေကို အမြန်ဆုံးထွက်ခွာသွားဖို့ဖေဖော်ဝါ ရီ ၉ ရက်မှာ ထုတ်ပြန်ထားပါတယ်။

အမိန့်ထုတ်ပြန်တဲ့နေ့ကစပြီး ဖေဖော်ဝါရီ ၂၈ ရက်နေ့အတွင်း အမြန်ဆုံးထွက်ခွာသွားကြဖို့နဲ့ ထုတ်ပြန်ထားတဲ့အမိန့်ညွှန်ကြားချက်ကို လိုက်နာရင် ထိရောက်စွာအရေးယူဆောင်ရွက်သွားမယ်လို့လည်း ဆိုပါတယ်။

လက်ရှိမှာတော့ လူကုန်ကူးခံရသူတွေ ထောင်နဲ့ချီရှိနေတဲ့ မြဝတီဒေသကို ထိုင်းအစိုးရက လျှပ်စစ်မီးနဲ့ လောင်စာဆီပေးပို့မှု ဖြတ်တောက်ပိတ်ဆို့ထားပါတယ်။

ထိုင်းနိုင်ငံက မြဝတီမြို့ကို ပေးပို့နေတဲ့ လျှပ်စစ်မီးဖြတ်တောက်လိုက်လို့ မြို့ရှိ ပြည်သူ့ဆေးရုံနဲ့ အောက်ဆီဂျင်စက်ရုံလည်ပတ်မှုရပ်ဆိုင်းနေပါတယ်။ မြို့ရဲ့ စီးပွား​ရေး လုပ်ငန်းလည်ပတ်မှုထိခိုက်ခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။

မီးဖြတ်မှုနောက်ဆက်တွဲအနေနဲ့ မြဝတီမြို့မှာ ချက်ချင်းဆိုသလို ဓာတ်ဆီဈေး​တွေမြှင့်တက်လာပါတယ်။ ဖေဖော်ဝါရီ ၅ရက် မတိုင်မီက စက်သုံးဆီဈေးဟာ တစ်လီတာ ကျပ် ၃၅၀၀ ခန့်သာရှိ​ပေမယ့် မီးဖြတ်ခံရပြီး နောက်မှာတော့ တစ်လီတာ ကျပ် ၆၀၀၀ ကနေ ကျပ် ၈၀၀၀ခန့်အထိ ခုန်တက်လာပါတယ်။​

ဒါပေမယ့် လက်ရှိမှာတော့ စက်သုံးဆီတွေ ဝယ်ယူလို့မရတော့ပါဘူး။ ဒါ့ကြောင့် မြဝတီမြို့ခံတွေဟာ မဲဆောက်မြို့ဘက်ကို အမှတ်(၁) တံတားပေါ်ကနေ ကားတွေနဲ့ ဆီဝယ်ယူဖို့ တန်းစီနေကြတာ တွေ့ရပါတယ်။

နယ်စပ်ဒေသမှာရှိတဲ့ လူကုန်ကူးဂိုဏ်းတွေရှိတဲ့ ကျားဖြန့်လုပ်ငန်းတွေကို အထိနာအောင် ထိုင်းအစိုးရက မီးဖြတ်တောက်မှု၊အင်တာနတ်ဖြတ်တောက်မှုတွေကို ပြုလုပ်ခဲ့ပေမယ့် လက်တလော အထိနာတွေတာက ပြည်သူတွေလို့ ပြောပါတယ်။

ကျားဖြန့်လုပ်ငန်း​တွေဟာ တခြား​ဒေသကို​ရွေ့​ပြောင်းတာရှိ​နေသလို ၊ရှိ​နေတဲ့ ကျားဖြန့်လုပ်ငန်း​တွေအ​​ပေါ် သက်​ရောက်မှု ၄၀ ရာခိုင်နှုန်း​လောက်ရှိတယ်လို့ ထိုင်းအစိုးရဘက်က​သုံးသပ်ပြောကြားထားပါတယ်။

ကျားဖြန့်လုပ်ငန်း​တွေကို ထိထိ​ရောက်​ရောက်အ​ရေးယူချင်ရင် စစ်​ကောင်စီ နဲ့ စစ်တပ်လက်​​အောက်ခံ BGF ၊ DKBA နဲ့ တရုတ်ရာဝဝတ်ဂိုဏ်​တွေကိုပဲ ထိထိ​ရောက်​ရောက်အ​ရေးယူသင့်တာဖြစ်ပြီး ပြည်သူ​တွေကိုထိခိုက်​အောင်မလုပ်သင့်ဘူးလို့ ပြည်သူအချို့က​ပြောပါတယ် ။

ဆက်စပ်သတင်းများ

သတင်း

ထိုင်း-မြန်မာ နယ်စပ် အခြေစိုက် ကျားဖြန့် အွန်လိုင်း ငွေလိမ်ဂိုဏ်းတွေဆီကနေ ခေါ်ထုတ်လာတဲ့ နောက်ထပ် တရုတ်နိုင်ငံသား ၄၅၀ ကျော်ကို ဒီကနေ့မှာ နေရပ် ပြန်ပို့လိုက်တယ်လို့ ထိုင်းအာဏာပိုင်တွေက အတည်ပြုခဲ့ပါတယ်။

ဘာသာပြန်ဆောင်းပါး

ဒေသတွင်းမှာ ကျားဖြန့်လို့ ခေါ်ဝေါ်လေ့ရှိတဲ့ အွန်လိုင်း ငွေကြေး လိမ်လည်တဲ့ ဂိုဏ်းတွေဟာ အရှေ့တောင်အာရှ ဒေသတွင်းက ထိုင်းနဲ့ မြန်မာနိုင်ငံကြား နယ်စပ်မှာ အခြေစိုက် လည်ပတ်နေခဲ့တာ နှစ်တွေ အတော်ကြီး ကြာမြင့်ခဲ့ပြီးပါပြီ။

သတင်း

ကရင်ပြည်နယ်၊ မြဝတီဒေသရှိ ကျားဖြန့်လုပ်ငန်းများအား ဝင်ရောက်စီးနင်းပြီးနောက် တရားခံများနှင့် လူကုန်ကူးခံရသူများအား ဖမ်းဆီးကယ်ဆယ်ထားသော နိုင်ငံခြားသား ၇,၀၀၀ကျော်အား သက်ဆိုင်ရာနိုင်ငံများက အမြန်ဆုံးလာရောက်ခေါ်ဆောင်ကြရန် ကရင်နယ်ခြားစောင့်တပ်(BGF)က မတ်လ ၁ရက်တွင် ထုတ်ပြန်သည်။

ဆောင်းပါး

ကရင်ပြည်နယ် ၊မြဝတီ ​ဒေသမှာ ကျားဖြန့် နှိမ်နင်း​ရေးအ​ကြောင်းပြပြီး စစ်​ကောင်စီက အင်အားတိုးနယ်​မြေစိုးမိုးမှု ပြန်ရဖို့ ကြိုးစား​နေတဲ့အ​ကြောင်း ဒီတစ်ပါတ်မှာ ​ပြောပြပါမယ် ။