Connect with us

Hi, what are you looking for?

ဆောင်းပါး

ဗိုလ်ချုပ်ကို မမေ့သေးဘူး

“ကြည်ရေ ပဲပြုတ်နှင့်နံပြား ရရင်စားချင်တယ်”

မြန်မာနိုင်ငံရဲ့ လွတ်လပ်ရေးဖခင်ကြီးဖြစ်တဲ့ ဗိုလ်ချုပ်အောင်ဆန်းက သူ့ဇနီးဒေါ်ခင်ကြည်ကို မနက်စာအတွက် မှာခဲ့ဖူးတဲ့စာကလေးတစ်စောင်။

ဓါတ်ပုံ-အညာပစ်တိုင်းထောင်လေးများ၊ ချင်းတွင်းမြစ်ကမ်းဘေးကျေးရွာများသပိတ်ကော်မတီ၊ ကျောက်မဲ ပကဖ

ဟာနာဆန်/People’s Spring

“ကြည်ရေ ပဲပြုတ်နှင့်နံပြား ရရင်စားချင်တယ်”

မြန်မာနိုင်ငံရဲ့ လွတ်လပ်ရေးဖခင်ကြီးဖြစ်တဲ့ ဗိုလ်ချုပ်အောင်ဆန်းက သူ့ဇနီးဒေါ်ခင်ကြည်ကို မနက်စာအတွက် မှာခဲ့ဖူးတဲ့စာကလေးတစ်စောင်။

နိုင်ငံ့ခေါင်းဆောင်တစ်ယောက်ရဲ့ ရိုးရှင်းလှတဲ့ မနက်စာ။ သုံးနှုန်းထားတဲ့ စကားလုံးကို ကြည့်ပါဦး။ “ရရင်”တဲ့။ အမိန့်သြဇာမပါ၊ တဖက်သားကိုနားလည်ပေးရင်းမေတ္တာရပ်ခံထားတာများလှလိုက်တာ။

Public Service Announcement

Public Service Announcement

NLD အစိုးရ တက်လာပြီးနောက်ပိုင်း ဖေဖော်ဝါရီ ၁၃ ရက် ဗိုလ်ချုပ်မွေးနေ့ရောက်တိုင်း ဒေသအသီးသီးမှာ ဗိုလ်ချုပ်ကို ချစ်သူတွေက ဗိုလ်ချုပ်ရဲ့ဖေးဘရိတ် ပဲပြုတ်နဲ့နံပြားကို ကျွေးခဲ့ကြတယ်။ လက်ဖက်ရည်ဆိုင်တွေကလည်း အဲဒီနေ့ ပဲပြုတ်နဲ့နံပြား အဖိုးအခမယူဘဲ ကျွေးကြတယ်။ တက်နိုင်သူတွေကလည်း နံပြားကိုအော်ဒါမှာပြီး သံဃာ

တော်တွေကို ဆွမ်းလောင်းတယ်။ ရပ်ထဲရွာထဲ ဝေကြ ကျွေးကြတယ်။ ရိုးသားတဲ့ ခေါင်းဆောင်ကိုမမေ့မလျော့ကြောင်း ပြကြတယ်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီမှာ စစ်တပ်အာဏာသိမ်းပြီးတဲ့နောက်ပိုင်းမှာတော့ စစ်အာဏာရှင်တွေရဲ့ရန်ကြောင့် ဗိုလ်ချုပ်မွေးနေ့တွေဟာ ထင်ထင်ပေါ်ပေါ်တော့ မလုပ်နိုင်ကြတော့ဘူး။ သို့ပေသိ ဗိုလ်ချုပ်မွေးနေ့ရောက်တိုင်း ပဲပြုတ်နဲ့နံပြား တိုးတိုးတိတ်တိတ်အော်ဒါမှာရင်း တိတ်တဆိတ်ကလေး လိုက်ဝေသူတွေရှိတယ်။

ဒီနှစ် ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီ ၁၃ ရက် ဗိုလ်ချုပ်ရဲ့ နှစ်(၁၁၀)ပြည့် မွေးနေ့မှာလည်း ရန်ကုန်၊ မန္တလေးလို မြို့ကြီးတွေမှာပါ ပဲပြုတ်နဲ့နံပြားကို အော်ဒါမှာပြီး ကျွေးမွေးသူတွေရှိတယ်လို့ သိရပါတယ်။

“ဗိုလ်ချုပ်မွေးနေ့မရောက်ခင်ကတည်းက အော်ဒါမှာထားကြတာ။”လို့ မန္တလေးက နံပြားရောင်းသူတစ်ဦးက ပြောတယ်။ဒါ့အပြင် ဆိုင်တချို့ကလည်း ပဲပြုတ်နဲ့နံပြား ဝေတာတွေ၊ လုပ်ငန်းတချို့ကလည်း ကိုယ့်ဝန်ထမ်းတွေကို ပဲနံပြားကျွေးတာတွေ ပြုလုပ်ခဲ့ကြတယ်။ တချို့ကတော့ ကိုယ့်ဘာသာ လက်ဖက်ရည်ဆိုင်သွားပြီး ပဲပြုတ်နဲ့နံပြား မှာစားပြီး ဗိုလ်ချုပ်ကို မမေ့သေးကြောင်း ပြသခဲ့ကြတယ်။

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်မှာလည်း စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုတွေ ရှိနေတဲ့ကြားက ဗိုလ်ချုပ်မွေးနေ့အမှတ်တရ ပဲပြုတ်နဲ့နံပြားကို နေရာနှစ်ခုမှာ အဖွဲ့နှစ်ခုက ကျွေးမွေးခဲ့ကြပါတယ်။

ချင်းတွင်းမြစ်ကမ်းဘေးကျေးရွာများသပိတ်ကော်မတီကနေ စစ်ဘေးဒဏ်ကိုအံ့တုပြီး ရှောင်တိမ်းနေရတဲ့ နှစ်ရှည်စစ်ရှောင်စခန်းတစ်ခုက ကလေး လေးတွေကို ပဲပြုတ်နဲ့နံပြားတွေ ကျွေးမွေးခဲ့ကြတယ်။

နောက်တဖွဲ့ကတော့ စစ်ရှောင်တွေ လှူဒါန်းပေးနေကျ အညာပစ်တိုင်းထောင်လေးများအဖွဲ့ဖြစ်ပြီး ဆားလင်းကြီးမြို့နယ်က NUG ပညာရေး ကျောင်း၂ ကျောင်းက ကျောင်းသား၊ ကျောင်းသူတွေနဲ့ တပ်ရင်းတပ်ဖွဲ့က ရဲဘော်တွေကို နံပြား အချပ်ရေ(၁၀၀၀) ကျွေးမွေးခဲ့ကြတာပါ။

မြေပြန့်တင်မကဘဲ ရှမ်းပြည်နယ်မြောက်ပိုင်းက တအာင်းတပ်မတော်(TNLA)ထိန်းချုပ်ဒေသ ကျောက်မဲမြို့မှာလည်း ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့အထိမ်းအမှတ် ပဲပြုတ်နဲ့နံပြားကို ကျွေးမွေးခဲ့ကြပါတယ်။

ကျောက်မဲမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ကဦးဆောင်ပြီး ရဲဘော်တွေကနေ မြို့ခံပြည်သူတွေကို ပဲပြုတ်နဲ့နံပြား လိုက်လံကျွေးမွေးခဲ့တာပါ။

ဒါ့အပြင် ဗိုလ်ချုပ်အောင်ဆန်းရဲ့ မြေးဖြစ်တဲ့ ကိုထိန်လင်းကလည်း သူ့အဘိုးကြိုက်တဲ့ ပဲပြုတ်နဲ့နံပြားကို ပြင်ဆင်ချက်ပြုတ်ပြသခဲ့ပါတယ်။

“အဘိုးကြိုက်တဲ့ ပဲပြုတ်နဲ့ နံပြားကို ကျွန်တော်လည်း ကြိုက်တယ်”လို့ ကိုထိန်လင်းက ပြောတယ်။

ကိုထိန်လင်းဟာ စစ်ကောင်စီရဲ့ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရတဲ့ အသက် ၈၀ ပြည့်တော့မယ့် မိခင်ကြီး ဒေါ်အောင်ဆန်းစုကြည်အတွက် အဝေးကနေ ပူပန်နေရသူပါ။

တခြားရပ်ရွာဒေသတွေမှာလည်း ဗိုလ်ချုပ်မွေးနေ့ကို ပဲပြုတ်နဲ့နံပြား ကြိတ်ကာစားရင်း သတိတရရှိခဲ့ကြတယ်။ မပြီးဆုံးသေးတဲ့ မြန်မာနိုင်ငံရဲ့ လွတ်လပ်ရေးခရီးကို မျှော်တွေးနေကြတယ်။

ရိုးရှင်းတဲ့ ဗိုလ်ချုပ်လိုခေါင်းဆောင်တွေ များများပေါ်ထွန်းလာဖို့ ဆုတောင်းနေကြပါတယ်။ ။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်းမှာ သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြလှုပ်ရှားမှုတွေ ဒီကနေ့ (မတ်လ ၁၇)မှာ အသီးသီး ပြုလုပ်ခဲ့ကြပါတယ်။

သတင်း

စစ်ကိုင်းနဲ့ တနင်္သာရီတိုင်းက သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်လှုပ်ရှားမှုတွေ ဒီကနေ့ (မတ်လ ၁၈)မှာ အသီးသီး ပြုလုပ်ခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်းမှာ သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြသပိတ်လှုပ်ရှားမှုတွေ ဒီကနေ့ (မတ်လ ၁၇)မှာ အသီးသီး ပြုလုပ်ခဲ့ကြပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ အင်း‌တော် နှင့် ကသာမြို့နယ်ကြားတွင် အင်အား ၁၅၀ခန့်ပါ စစ်ကောင်စီတပ် စစ်ကြောင်းအား တော်လှန်ရေးရေးပူးပေါင်းတပ်ဖွဲ့များက ကြားဖြတ်တိုက်ခိုက်ခဲ့ရာ အရာရှိအချို့အပါအဝင် စစ်သုံ့ပန်း၂၉ဦး ဖမ်းမိပြီး ၄၀ ခန့် သေဆုံးကြောင်း ကသာမြို့နယ်မှ သတင်းရင်းမြစ်က ပြောသည်။