ဟာနာဆန်/People’s Spring
မတ်လ ၄ ရက် ညနေ ၄ နာရီဝန်းကျင်က တိတ်ဆိတ်ခြောက်ကပ်နေသော မုံရွာ-မန္တလေးလမ်းမကြီးပေါ်တွင် နေပြည်တော်-မုံရွာ ခရီးသည်တင်ယာဥ် မှန်လုံယာဥ်တစီးသည် မုံရွာဘက်သို့ ဦးတည်ကာ မောင်းနှင်လာခဲ့သည်။
မုံရွာ-မန္တလေးလမ်းသည် စစ်ကောင်စီယာဥ်များ ဖြတ်သန်းသွားတိုင်း ဒေသကာကွယ်ရေးအဖွဲ့များက မကြာခဏ တိုက်ခိုက်တတ်၍ ဒီလမ်းဒီခရီးမသွားမဖြစ် သွားကြရသော ကားပေါ်ပါ ခရီးသည်များမှာ ရင်တထိတ်ထိတ်ဖြင့် လိုက်ပါလာခဲ့သည်။ သိပ်မကြာပါ။
ကားပေါ်ပါ ခရီးသည်များ တသက်မမေ့နိုင်မည့်ဖြစ်စဥ်တခု စတင်ခဲ့ပါလေသည်။

Public Service Announcement
ညနေ ၄ နာရီခွဲခန့်အချိန် ချောင်းဦးမြို့နယ်၊ နတ်ရေကန်ကျေးရွာအနီးအရောက်တွင် ကားများတန်းစီကာ ရပ်တန့်နေကြသည်။ ကားသမားတွေကတော့ ဒီလမ်းသွားနေကျမို့ ရှေ့တွင် တိုက်ပွဲဖြစ်၍ လမ်းပိတ်ထားပြီဟု သဘောပေါက်လိုက်သည်။ သို့ဖြင့် ကားကို ဖြည်းညင်းစွာ အရှိန်သက်ရင်း ရပ်မည်အပြု လမ်းပေါ်မှ အသံတသံ ကြားလိုက်ရသည်။
“အဲကားမရပ်နဲ့။ ရှေ့မောင်းခဲ့။ ရှေ့မောင်းခဲ့။”တဲ့။
ခရီးသည်များ ခေါင်းထောင်ကြည့်လိုက်တော့ ရှေ့တွင် စစ်ကောင်စီတပ်သားများကို တွေ့လိုက်ရလေသည်။ ထို့နောက် ကားပေါ်သို့ စစ်သားများ လက်နက်ကိုယ်စီဖြင့် တက်လာကြတော့သည်။ ၁၅ ယောက် ဝန်းကျင်ခန့်တော့ရှိမည်။
“ငြိမ်ငြိမ်နေ။ ဘယ်သူမှမဆင်းနဲ့။ ကိုယ့်နေရာနဲ့ကို ထိုင်နေ။”ဟု ပြောသည်။ ခရီးသည်များ ရင်မောသွားလေသည်။
ဤသို့ဖြင့် စစ်ကောင်စီသည် ခရီးသည်များအား လူသားဒိုင်းလုပ်ပါလေပြီ။ ကားမှာဆက်လက်ထွက်လာရသည်။
ခရီးသည်တင်ယာဥ်ပေါ်ပါ ပြည်သူများသည် ရသမျှ ဘုရားစာများ တိုးတိုးရွတ်ရင်း ရင်တထိတ်ထိတ်ဖြင့် လိုက်ပါလာသည်။
မိနစ်အနည်းငယ်မျှအကြာတွင် တဝုန်းဝုန်းတဒိုင်းဒိုင်းအသံများ စတင် ကြားလိုက်ရလေသည်။ ကားပေါ်မှာ ခရီးသည်များ ဆူညံသွားသည်။ ကားမှန်ကွဲသံများ ကြားရသည်။ မှန်စအချို့လာမှန်သည်။
“Express ကားပေါ် တက်တဲ့အချိန် သံပြားကာ ကားနှစ်စီးက တိုက်ခိုက်ခံနေရပြီ။ သံပြားကာ ကားနှစ်စီးက မုံရွာကနေ လာတာ။ မုံရွာဘက်ကနေ ၂ စီး ရှေ့ဆင့်နောက်ဆင့်သွားတဲ့အခါမှာ ငါးယှန်နားအရောက်မှာ ကျွန်တော်တို့က နောက်အစီးကို မိုင်းဆွဲလိုက်တာ။ အဲမှာထိုးရပ်သွားတာ။ ရှေ့ကိုကျော်သွားတဲ့ကားက နတ်ရေကန်နားရောက်သွားပြီ။ အဲကားပေါ်က ၁၅ ကောင်လောက် ချထားခဲ့ပြီးတော့ ကျန်တဲ့အင်အားနဲ့ ပြန်လှည့်လာပြီးတော့ နောက်ကားကို လာကူတာ။ ကားနှစ်စီးလုံး ဆုံသွားတဲ့အချိန်မှ ကျွန်တော်တို့က ထွက်တိုက်တာ။”ဟု ချောင်းဦးပကဖဒုတာဝန်ခံက ပြောသည်။
တိုက်ခိုက်ခံရချိန် ကားပေါ်မှ စစ်သားများ ပြေးဆင်းသွားကြသည်။
ခရီးသည်များ ခုံကြားတွေထဲ ဆင်းထိုင်ကာ ကြမ်းပြင်နှင့်ကပ်နိုင်သမျှ ကပ်လိုက်ကြသည်။ ကားနောက်ပိုင်းတွင်မူ အမျိုးသမီးတဦး၏ နာမည်ကိုခေါ်၍ ခန္ဓာကိုယ်ကိုပုတ်ရင်း ငိုနေသံ ကြားရသည်။ ပစ်လိုက်ကြ ၊နားလိုက်ကြဖြင့် တိုက်ပွဲမှာ တစ်နာရီကျော်ကြာမြင့်ခဲ့သည်။
တစ်နာရီကျော်ကြာမြင့်ပြီးနောက် ပစ်သံခတ်သံများ ခေတ္တငြိမ်သက်သွားချိန် PDF ရဲဘော်များ ရောက်ရှိလာခဲ့သည်။
“ပြည်သူကျန်သေးလား။ ပြည်သူကျန်သေးလား။”ဟုအော်ကာ ကားပေါ်ပါ ပြည်သူများအား ကယ်ထုတ်သည်။ ကားလမ်းဘေးကိုညွှန်ရင်း “ဟိုဘက်ကိုပြေး ဟိုဘက်ကိုပြေး”ဟုဆို၍ ခရီးသည်များ သွေးရူးသွေးတန်းဖြင့် လမ်းဘေးချောင်းအနီးဆင်းပြေးရသည်။
ထိုသို့ပြေးနေတုန်း ကောင်းကင်တွင် ကျယ်လောင်သောအသံတခုကြားလိုက်ရပြီးနောက် တအုန်းအုန်းဖြင့် ဗုံးသီးများ ကျလာလေသည်။
စစ်ကောင်စီက စက်တပ်လေထီး ခေါ် ပါရာမိုတာဖြင့် ဗုံးကျဲခြင်းဖြစ်လေသည်။ ခရီးသည်များ ချောင်းနံရံဘေး ကပ်ခိုသူကခို၊ သွေးရူးသွေးတန်းပြေးသူကပြေး ကမ္ဘာပျက်လေသည်။ ထိုအချိန် အမျိုးသမီးငယ်တဦးမှာ သူ၏ အသက် ၃ နှစ်ခန့်ရှိမည့် သမီးငယ်လေးအားချီရင်းပြေးလေသည်။
ထိုအချိန် လေထီးပေါ်မှ ဗုံးသီးကျဲချလေသည်။ခရီးသည် အမျိုးသမီးကလေးမှာ ကလေးကိုချီရင်း လဲကျသွားသည်ကို တွေ့လိုက်ရသည်။
“လေထီးနဲ့ချတော့ ချောင်းထဲမှာ ခွေခွေလေးလဲကျသွားတာ မြင်လိုက်တာ။”ဟု မြက်မြင်တွေ့ခဲ့သောခရီးသည်တဦးက ပြောပြသည်။
ညနေပိုင်းမိုးချုပ်၍ တိုက်ပွဲများပြီးမှ ခရီးသည်များ ထိုနေရာမှလွတ်မြောက်ခဲ့ပါသည်။
ထိုနေ့ကတိုက်ပွဲတွင် ခရီးသည် အသက် ၂၇ အရွယ် အမျိုးသမီးနှင့် ၎င်း၏ အသက် ၃ နှစ်အရွယ်သမီးငယ်တဦး၊ အခြားခရီးသည် အသက် ၅၀ အရွယ် အမျိုးသမီးတဦး ပေါင်း ၃ ဦး သေဆုံးခဲ့ကြောင်း ဒေသခံအချို့က ပြောသည်။
“တိုက်ပွဲဖြစ်နေတဲ့အချိန်မှာ ပထမတော့ကားတွေက တန်းစီရပ်နေတာ။ စစ်ကောင်စီတပ်သားတွေက Express ကားပေါ်လိုက်လာပြီး ယာဥ်မောင်းကို သေနတ်နဲ့ထောက်ပြီး မောင်းခိုင်းတယ်။ အခင်း
ဖြစ်တဲ့နားရောက်တော့ စစ်သား ၁၅ ဦးလောက် ဆင်းသွားတယ်။ ကျွန်တော်တို့လည်း Express ကားပေါ်က ပြည်သူတွေကို ကယ်ထုတ်တယ်။ လမ်းဘေးမှာ မှောက်ခိုင်းထားတဲ့အချိန် ပါရာမိုတာနဲ့ချတာ။ အဲချိန်မှာဖြစ်သွားတာ။”လို့ ချောင်းဦးပကဖအဖွဲ့ တာဝန်ရှိသူတဦးက ပြောသည်။
ကားပျက်စီးမှုများမှာလည်း မိုင်းထိခြင်းမဟုတ်ဘဲ ကားမှာ တိုက်ပွဲကြား ဝင်သွားခဲ့၍ ပစ်ခတ်ခံရခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။
စစ်ကောင်စီ ဝါဒဖြန့် တယ်လီဂရန်များကမူ PDF များက ပစ်ခတ်၍ ခရီးသည်သုံးဦး သေဆုံးခဲ့ခြင်းဖြစ်ကြောင်းဝါဒဖြန့်နေကြသည်။
ချောင်းဦးပကဖ ဒုတာဝန်ခံက “မန္တလေးဘက်ကလာတဲ့ သံပြားကာ ကားနှစ်စီးကို ဖြတ်တိုက်တဲ့အချိန် နတ်နေကန်ဘက်ကနေ စစ်ကူလာတာ။အဲမှာ ရပ်ထားတဲ့ Express ကားပေါ်တက်တာ။ ကားဆရာကို သေနတ်နဲ့ထောက်ပြီးတော့ တိုက်ပွဲကြားကို မောင်းဝင်ခိုင်းတယ်။ တိုက်ပွဲကြားကိုရောက်တော့ စစ်ကောင်စီတပ်သား ၁၅ ကောင်လောက်က ထွက်ပြေးသွားတာ။ အဲကားပေါ်ပါတဲ့ပြည်သူတွေကို ကျွန်တော်တို့ရဲဘော်တွေက ကယ်ထုတ်လာတာ။ ဒဏ်ရာရတဲ့သူတွေကို ဆေးကုပေးတယ်။ ၅ ရက်နေ့မှာ ပြည်သူတွေကို သက်ဆိုင်ရာမိသားစုနဲ့ချိတ်ဆက်ပြီး ပြန်လွှတ်ပေးတယ်။”ဟုပြောသည်။
ထိုနေ့က တိုက်ပွဲတွင် ကာကွယ်ရေးအဖွဲ့များဘက်က အသာစီးရခဲ့သည်။ မုံရွာ-မန္တလေးလမ်းတွင်နွေဦးတော်လှန်ရေးကာလဖြစ်ပွားသောတိုက်ပွဲများအတွင်း စစ်တပ်သေဆုံးမှု နှင့် လက်နက်ခဲယမ်းအများဆုံးတိုက်ပွဲဖြစ်ခဲ့၏ ။
စစ်ကောင်စီဘက်က ဒုဗိုလ်တစ်ဦးအပါအဝင် ၁၇ ဦး သေဆုံးပြီး ပြည်သူ့ကာကွယ်ရေးရဲဘော် ၂ ဦး မစိုးရိမ်ရဒဏ်ရာ ရရှိခဲ့ကြောင်း ချောင်းဦးကပဖအဖွဲ့က ပြောသည်။
စစ်ကောင်စီ၏ သံပြားကာကား (၂) စီးကိုလည်း မီးရှို့ဖျက်ဆီးခဲ့ပြီး MA 1 (၄) လက်၊ MA 3 (၁) လက်၊ MA 11 (၃) လက်၊ G 3 (၁) လက်၊G 1(၁)လက် ၊ 60 mm စိန်ပြောင်း (၁) လက်၊ Lala (၁) လက် ၊ ကျည်ဘောက်မျိုးစုံ (၂၂)ဘောက် သိမ်းဆည်းရရှိခဲ့ကြောင်း ချောင်းဦးပကဖအဖွဲ့က ပြောသည်။
တိုက်ပွဲကြားတွင် စစ်ကောင်စီ၏ လူသားဒိုင်းပြုလုပ်ခံခဲ့ရသော ခရီးသည်တင် ပြည်သူများမှာ လွတ်မြောက်သွားသော်လည်း ကြောက်စိတ်တွေမပြယ်သေး။
“သွေးပျက်မတက်ကို ကြောက်ခဲ့ရတယ်။ကားပေါ်မှာတုန်းကဆိုရင် သေပြီလို့ကို တွက်လိုက်တာ။”ဟု ခရီးသည်တဦးက ဆိုပါသည်။
