Scorio/People’s Spring
စကျင်ကျောက်သားဖြူဖြူနဲ့ထုထားတဲ့ ဗုဒ္ဓဆင်းတုတော်ရှေ့မှာ စတစ်ကော်လာအဖြူနဲ့ ပုဆိုးကို ကျကျနနဝတ်ထားတဲ့လူတစုက ထိုင်နေတယ်။ သူတို့ရှေ့မှာတော့ ငါးဆယ်အထက် လူကြီးပိုင်းတွေ မျက်နှာမသာမယာနဲ့ထိုင်နေကြတယ်။
ဒီကနေ့ ၂၀၂၅ ခုနှစ် မတ်လ ၂၄ ရက်နေ့မှာလုပ်တဲ့ မန္တလေး၊ မဟာအောင်မြေမြို့နယ်က ရပ်ကွက်တခုရဲ့ဓမ္မာရုံထဲမှာပြုလုပ်တဲ့ စစ်မှုထမ်း မဲနှိုက်ရွေးချယ်ပွဲ မြင်ကွင်းတခုပဲ ဖြစ်ပါတယ်။
၂၀၂၃ မတ်လက စခဲ့တဲ့ စစ်ကောင်စီရဲ့ မတရားစစ်မှုထမ်းခေါ်ယူမှုဟာ အခုဆို အပတ်စဥ် (၁၂)ကို ရောက်နေခဲ့ပါပြီ။ စစ်ကောင်စီဟာ နိုင်ငံတစ်ဝန်းပြည်သူတွေနဲ့ တော်လှန်ရေးအဖွဲ့တွေရဲ့ ကာလရှည်ခုခံတွန်းလှန်မှုကြောင့်သေဆုံးဒဏ်ရာရသူ ၊ထွက်ပြေးသူ ၊အလင်းဝင်သူ ၊CDMဝင်သူတွေများပြီး စစ်ထဲဝင်လိုနည်းပါးလာသလို စစ်ပွဲတွေဆက်တိုက်ရှုံးလာချိန်မှာ စစ်ဗိုလ်ချုပ်တွေရဲ့သားသမီးမှအပ အရွယ်ရောက်သူတိုင်းစစ်မှုထမ်းရမယ်ဆိုပြီး စစ်မှုမထမ်းမနေရဥပဒေကိုပြဌာန်ခဲ့တာဖြစ်ပါတယ် ။

Public Service Announcement

စစ်သင်တန်းအမှတ်စဥ် တစ်ခုကို သင်တန်းသားငါးထောင် ခေါ်ယူဖို့လုပ်တာကြောင့်အခုဆိုရင် အဓမ္မစစ်သားသစ်စုဆောင်းခံရသူ ငါးသောင်းဝန်းကျင်ရှိနေနိုင်ပါပြီ။ သုံးလတာစစ်သင်တန်းပေးပြီး ရှေ့တန်းပို့စစ်တိုက်ခိုင်းတာကြောင့် သင်တန်းဆင်းစစ်သားသစ်တွေဟာ ရခိုင်၊ကရင်မ ၊စစ်ကိုင်း ၊မကွေး ၊ကရင်နီ ၊ကချင် စတဲ့နိုင်ငံတစ်ဝန်းတိုက်ပွဲတွေမှာ သေဆုံးဒဏ်ရာရတာ ၊ထွက်ပြေးတာ ၊အလင်းဝင်တာမနည်းတော့ပါဘူး။
တော်လှန်ရေးအဖွဲ့တွေက ခုခံစစ်ကနေ ထိုးစစ်အသွင်ပြောင်းလာကြပြီး စစ်ရှိန်မြင့်လာတာကြောင့်စစ်အုပ်စုအတွက် စစ်သားသစ်ခေါ်ယူမှုကလည်း ခေါ်မလောက်ဖြစ်နေပါတယ် ။
ဒါကြောင့် လစဥ်စစ်သားသစ်ခေါ်တာတနှစ်ပြည့်ပေမယ့် ခေါ်မလောက်ဖြစ်နေတာမို့စစ်ကောင်စီဟာ အရင်လို သူ့ရပ်ကွက်နဲ့သူ အဆင်ပြေသလို ခေါ်ယူရာကနေ မဟာအောင်မြေမြို့နယ်ကို ပထမဆုံးအနေနဲ့ မြို့နယ်လုံးကျွတ် တပြိုင်နက် စစ်မှုထမ်းမဲနှိုက်စေခဲ့တာဖြစ်ပါတယ်။
“တရပ်ကွက်လုံးကို ပြောင်းဆန်သွားတာပဲ။”လို့ မဲနှိုက်ရတဲ့ရပ်ကွက်မှာနေထိုင်တဲ့ အိမ်ထောင်ရှင် အမျိုးသမီး မမြ(အမည်လွှဲ)က ပြောပါတယ်။ မမြတို့လင်မယားက နယ်ကနေတက်လာပြီး အလုပ်လုပ်ရင်း မဟာအောင်မြေမြို့နယ်ထဲက ရပ်ကွက်တခုမှာ အိမ်ငှားနေပါတယ်။ မမြရဲ့ယောကျာ်းဟာ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းကမှ သူ့နယ်မှ စစ်မှုထမ်းဆင့်ခေါ်ခံရပါတယ်။
မြို့ပေါ်ရောက်နေလို့ လွတ်ပြီလို့တွေးချိန် သူတို့နေတဲ့ရပ်ကွက်မှာပါ စစ်မှုထမ်းမဲနှိုက်ရမယ်လို့ သူ့အမျိုးသားက ပြည်ပထွက်ပြေးသွားခဲ့ပြီလို့ သူကပြောတယ်။ ဒါပေမယ့် အခုရပ်ကွက်မှာတော့ ဧည့်စာရင်းနဲ့နေတဲ့သူတွေကို မပါသေးဘူးလို့ သူကဆိုတယ်။
မန္တလေးမြို့ပေါ် ၇ မြို့နယ်အနက် လူဦးရေထူထပ်တဲ့ မဟာအောင်မြေမြို့နယ်ကို စစ်ကောင်စီက မြို့နယ်လုံးကျွတ် တပြိုင်တည်း စစ်မှုထမ်းမဲနှိုက်စေခဲ့တာဖြစ်ပါတယ်။

စစ်ကောင်စီရဲ့ထွေအုပ်က ၂၀၂၃ပြုစုထားတဲ့ အချက်အလက်တွေအရ မဟာအောင်မြေမြို့နယ်ဟာ အရှေ့မှအနောက်သို့ ၅.၄မိုင်ရှိပြီး တောင်ကနေ မြောက်သို့ ၁.၆ မိုင် ရှည်လျားပါတယ်။ လူဦးရေ ၁၉၆၀၀၀ ကျော်နေထိုင်တယ်လို့ဆိုပါတယ်။ ဆန္ဒမဲပေးနိုင်တဲ့အသက် ၁၈ နှစ်ပြည့်ပြီးသူ ၁၄၀,၀၀၀ ကျော် ရှိပါတယ်။
Voice of Mandalay ကရရှိထားတဲ့ သတင်းပေးပို့ချက်တွေအရတော့ မဟာအောင်မြေမြို့နယ်မှာ စစ်မှုထမ်းမဲနှိုက်ရမယ့်ရပ်ကွက်တွေက ပွတ်တန်း၊ မဟာနွယ်စဉ်၊ သံလျက်မော်အရှေ့၊ မဟာအောင်မြေအနောက်၊ ချမ်းမြသာစည်မြောက်၊ မဟာမြိုင်၊ ဟေမမာလာမြောက်၊ ရဲမွန်တောင်၊ စင်္ကြာနွယ်စဉ်နဲ့ ဒေးဝန်းအရှေ့ရပ်ကွက်တွေလည်း ပါတယ်လို့ သိရပါတယ်။
ဒါ့အပြင် အောင်မြေသာစံမြို့နယ်က သီရိမာလာ အရှေ့ရပ်ကွက်မှာလည်း စစ်မှုထမ်းမဲနှိုက်မယ်လို့ သိရပါတယ်။
“ကြားထားတာက ရပ်ကွက်အလိုက် ၁ ရပ်ကွက် ၃ယောက် လို့ကြားထားတာ။ ပြီးတော့ အပတ်စဥ် ၁၀ပတ်စဥ်အတွက် တစ်ခါတည်း အကုန်မဲ နိုက်မှာလို့လဲ ကြားထားတယ်။”လို့ ဒေသခံတဦးက ပြောပါတယ်။
စစ်ကောင်စီဟာ မဲနှိုက်မယ့် ကျောင်းတွေ၊ ဓမ္မာရုံတွေ၊ ရပ်ကွက်ရုံးတွေရှိမယ့်လမ်းတွေကို ပတ်ပတ်လည်ပိတ်ဆို့လိုက်ပြီး လက်နက်ကိုင်စစ်ကောင်စီတပ်သားတွေ အများအပြားနဲ့ လုံခြုံရေးယူထားတယ်လို့ မြို့ခံတွေက ပြောပါတယ်။
“အဲရပ်ကွက်နေတဲ့သူမဟုတ်ရင် ဘယ်သူ့မှ လမ်းထဲတောင် ပေးမဝင်ဘူး။ အကုန်ပြန်လွှတ်တယ်”လို့ ဒေသခံတဦးက ပြောပါတယ်။
မဟာအောင်မြေမြို့နယ်က မဲနှိုက်ပြည်သူတွေရဲ့အခြေအနေကို မသိရသေးပေမဲ့ အခြားမြို့နယ်တွေမှာ မဲနှိုက်စဥ်ကတော့ မိဘတွေ တော်တော်စိတ်ဒုက္ခရောက်ခဲ့ကြတယ်လို့ မိခင်အချို့က ရင်ဖွင့်ကြပါတယ်။ လုံခြုံရေးအရရော၊ စိတ်ပိုင်းဆိုင်ရာအခြေအနေအရပါ ကာယကံရှင်ဖြစ်တဲ့သားတွေဟာ ကိုယ်တိုင်လာနှိုက်တာမျိုး နည်းပါးခဲ့ကြတယ်။
အဲဒီအခါ မိခင်တွေဟာ ရန်တုန်ပန်းတုန်နဲ့ပဲ မဲလိပ်ကို ဘုရားစာရွတ်ရင်း ချွေးသီးချွေးပေါက်တွေကျပြီး မဲနှိုက်ခဲ့ကြတယ်။ မဲပေါက်သွားသူမိခင်တွေဟာ သေတွင်းထဲကိုယ်တိုင်ပို့လိုက်ရသလို ခံစားမှုမျိုးနဲ့ ငိုကြွေးခဲ့ကြတယ်လို့ မန္တလေးမြို့က စစ်မှုထမ်းမဲနှိုက်အတွေ့အကြုံရှိတဲ့ မိခင်တွေက ပြောပြတယ်။

“မအေတယောက်ဆို သူ့သားအတွက်နှိုက်ပေးတာ မဲပေါက်လို့ဆိုပြီး မူးပါလဲတာ။”လို့ မန္တလေး ချမ်းမြသာစည်မြို့နယ်မှာနေတဲ့ မိခင်တဦးက ပြောပြတယ်။ မဟာအောင်မြေက မိခင်တွေလည်း ထို့နည်းတူခံစားနေရမှာပဲလို့ အဆိုပါမိခင်က ပြောပါတယ်။
မဟာအောင်မြေပြီးရင် ကျန်တဲ့ မြို့နယ်တွေမှာလည်း အခုလို မြို့နယ်လုံးကျွတ် စစ်မှုထမ်းမဲနှိုက်ရမယ့်အခြေအနေရှိတယ်လို့လည်း မြိုခံတချို့က ယူဆတယ်။
မဟာအောင်မြေမြို့နယ်က မမြကတော့ သူ့အမျိုးသား လွတ်မြောက်သွားလို့ ဝမ်းသာခဲ့ပေမဲ့မဲနှိုက်ရတဲ့သူတွေအတွက် စိတ်မကောင်းဘူးလို့ပြောတယ်။ မဟာအောင်မြေက ဓမ္မာရုံတွေထဲမှာတော့ မိခင်တွေ သောကချင်းပြိုင်နေကြတုန်းပါ။
ဒါပေမယ့် စစ်ကောင်စီက နိုင်ငံတဝန်းတိုက်ပွဲတွေမှာ ရှေ့တန်းကို ပို့ပြီး စစ်ဗိုလ်ချုပ်တွေအတွက် အသေခံ တိုက်ခိုင်းဖို့ စစ်သားသစ်တွေထပ်လိုနေတာမို့ အခုလိုမဲနှိုက်တာဟာ နောက်ဆုံးအကြိမ်မဟုတ်ပါဘူး။ ရှေ့ဆက် လုပ်ရသလောက်လုပ်နေကြဦးမှာဖြစ်ပါတယ် ။
စစ်ကောင်စီဟာ အရင်က ကျေးလက်နေ လူငယ်ထု ၊ နယ်မြို့တွေမှာရှိတဲ့ လူငယ်ထုကို ပစ်မှတ်ထား စုဆောင်းနေရာကနေ အခုဆို မန္တလေးလို မြို့ကြီးပေါ်က လူငယ်တွေကိုပါ စစ်မှုထမ်းဖို့ ပေါ်ပေါ်ထင်ထင် ကြေငြာမောင်းခတ်လာပြီလို့ မန္တလေး PDFကမတ်၂၄ရက်မှာသတိပေးပါတယ်။
“မြို့နယ်အလိုက် ၊ ရပ်ကွက်အလိုက် ၊ မိသားစုအလိုက် လူငယ်လူရွယ်တွေကို အတင်းအကြပ်မဲနှိုက်ရွေးချယ်ပြီး စစ်သင်တန်းပေး ရှေ့တန်းပို့ အသေခံခိုင်းဖို့ လုပ်ဆောင်နေတာဖြစ်ပြီး ဒီလိုလုပ်နေတာဟာ စစ်ကောင်စီက လူအရေအတွက် များများစတေးတဲ့နည်းနဲ့ သူတို့လိုအပ်နေတဲ့အချိန်ကို ဆွဲဆန့်နေတာဖြစ်ပါတယ်။”လို့ မန္တလေး PDF က ထုတ်ပြန်ပါတယ်။
စစ်ကောင်စီက အခုလိုလုပ်ရပ်တွေ ဆက်တိုက်လုပ်နေမှာဖြစ်လို့ ကျေးလက်ကော မြို့ပြက လူငယ်တွေ ကျား/မ မရွေး ကြုံတွေ့လာရနိုင်တဲ့ ဘေးဒုက္ခဖြစ်ကြောင်း၊ ဒါကြောင့် လူငယ်တွေအနေနဲ့ စစ်အာဏာရှင် လက်အောက်မှာ အသက်ကိုစတေးပြီး စစ်မှုထမ်းမလား (သို့) တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ လက်တွဲပြီး ဒီစစ်အာဏာရှင် စနစ်ဆိုးကို တွန်းလှန်တိုက်ထုတ်မလားဆိုတာ ရွေးချယ်ကြဖို့ လိုအပ်လာပြီဖြစ်ကြောင်း မန္တလေး PDFက ထပ်မံ သတိပေးပါတယ်။
“နောက်ဆုံးမဖြစ်မနေ လက်နက်ကိုင်တိုက်ပွဲဝင်ရတော့မယ်ဆိုရင်လည်း ကိုယ်ဘာအတွက် ဘယ်သူ့အတွက် လက်နက်ကိုင်မလဲဆိုတာစဉ်းစာဆုံးဖြတ်ဖို့လိုပါတယ်။ အာဏာရှင် အသက်ဆက်နိုင်ရေး နဲ့ လူတစ်စုရဲ့ အကျိုးစီးပွါးကို ကာကွယ်ဖို့အတွက် အသက်ပေးတိုက်ပွဲဝင်မှာလား ၊ ပြည်သူလူထုတစ်ရပ်လုံးကို ဒုက္ခပေးနေတဲ့ အာဏာရှင်စနစ်ဆိုးကို တွန်းလှန်တိုက်ထုတ်ရင်း တိုက်ပွဲဝင်မှာလားဆိုတဲ့ လမ်းဆုံလမ်းခွကိုရောက်ရှိလာပြီဖြစ်ပါတယ်”လို့ မန္တလေး PDFက ထုတ်ပြန်ပါတယ်။
ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)အနေနဲ့ စစ်အာဏာရှင်လက်အောက်မှာ စစ်မှုမထမ်းလိုတဲ့ လူငယ်တွေ ၊ ကျွန်တော်တို့နဲ့အတူ စစ်အာဏာရှင်စနစ်ကို အမြစ်ပြတ် တွန်းလှန်တိုက်ထုတ်လိုတဲ့ လူငယ် ကျား/မ မရွေးကို လှိုက်လှဲစွာ ကြိုဆိုဖိတ်ခေါ်လျက်ရှိတယ်လို့ MDY PDFက အသိပေးပါတယ်။ ။
( မန္တလေးမြို့မှာ စစ်အုပ်စုအတွက် စစ်သားသစ်ရရန် သားသမီးများကိုယ်စားမဲ နှိုက်နေကြရတဲ့ မိခင်နဲ့မိသားစုဝင်တွေ ။ဓါတ်ပုံ-စစ်ကောင်စီလော်ဘီတယ်လီဂရန်များ)
