Connect with us

Hi, what are you looking for?

ဆောင်းပါး

“​ယောနယ်မှာငို​နေပြီ အညာရတနာ​ရေ”

မတ်လ ၂၂ရက် မနက်မှာတော့ ဒေါက်တာမြစိုးအောင်နဲ့ အထက်တန်းသူနာပြုဇနီးဒေါ်ခိုင်နှင်းဝေ၊ ငါးနှစ်အရွယ် သူတို့ရဲ့ သားလေးအပြင် လူနာတွေပါရှိနေတဲ့ ယောနယ်က ဆေးခန်းကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲပြီး ချေမွဖျက်ဆီးပစ်ခဲ့ပါတယ်။

NUG, ​က​လေးမြို့လူထုတိုက်ပွဲဦး​ဆောင်​ကော်မတီ

ယောမောင်/People’s Spring

ပြီးခဲ့တဲ့ ၂၀၂၄ မိုးတွင်းကာလက ယောနယ်မှာမိုးရောလေပါ ကြမ်းတဲ့ နေ့တစ်နေ့။

နီကျင့်ကျင့်တောင်ကျရေတွေစီးနေပြီးခြေသလုံးရောက်လုနီးနီးရွှံ့တွေ ပြည့်နေတဲ့ လမ်းကျဉ်းကျဉ်းလေးထဲမှာ ‌တ‌ရွေ့ရွေ့နီးလာတဲ့ လူနှစ်ဦးသဏ္ဍန်ရိပ်ကို ယောနယ်သားကိုနေမင်းတစ်ယောက် ခပ်ဝါးဝါးလှမ်း‌မြင်နေရပါတယ်။ ဒီလိုမြင်တော့မှလည်း ကိုနေမင်း သက်ပြင်းချနိုင်တာပါ။ အပြင်းဖျားပြီး ကွပ်ပျစ်ပေါ်မှာ လဲနေတဲ့ သားငယ်ရဲ့ ညည်းညူသံကြောင့် ဗလောင်ဆူနေတဲ့ ဖခင်တစ်ယောက်ရဲ့ ခံစားချက်ဟာ အပြင်မှာ တအုန်းအုန်းရွာနေတဲ့ မိုးသံလေသံထက် ပိုပြင်းတာ ကိုနေမင်းသာ အသိဆုံးဖြစ်ပါတယ်။

ထီးတစ်ချောင်းကို နှစ်ယောက်သား မလုံ့တလုံဆောင်းပြီးချော်မလဲအောင်ကုပ်ကပ်လမ်းလျှောက်လာနေတဲ့ သဏ္ဍန်ရိပ်နှစ်ခု အိမ်တံစက်မြိတ်အောက်မရောက်ခင် တဲအိမ်ပေါ်ကနေ ကိုနေမင်း အပြေးအလွှားဆင်းပြီး ခရီးဦးကြို ပြုလိုက်ပါတယ်။

Public Service Announcement

Public Service Announcement

မိုးထဲရေထဲကနေ ရောက်လာသူနှစ်ဦးကတော့ ထုံးစံအတိုင်း မျက်နှာချိုချိုကြည်ကြည်လင်လင်နဲ့ ပြုံးပြနှုတ်ဆက်ရင်း တဲအိမ်ထဲ ဝင်လာပါတယ်။ ပြီးတော့ မိုးကာအကျီတွေကို ကိုယ်စီချွတ်လိုက်ပြီး ကွပ်ပျစ်ပေါ်က ကလေးငယ်ကို ဆေးကုသပေးပါတယ်။ လိုအပ်တဲ့ ကုသမှုတွေလုပ်ပေးတဲ့နောက် လူနာနောက်တစ်ဦးရှိတဲ့နေရာဆီ ထီးတစ်ချောင်းကိုနှစ်ယောက်ဆောင်းလို့ မိုးထဲလေထဲမှာပဲ ပြန်လည်ထွက်ခွာသွားပါတယ်။

“ဒေါက်တာ ရတနာတို့လင်မယားက ကျတော့်ကျေးဇူးရှင်ပါ” လို့ ၂၀၂၄ ခုနှစ်ကဖြစ်ရပ်ကို ကိုနေမင်းက ပြန်ပြောင်းအောက်မေ့ကျေးဇူးစကားဆိုပါတယ်။

ယောနယ်ရဲ့ တောင်ကျရေးဆင်းလမ်းလေးပေါ်မှာ ကူးလူးသွားလာပြီး မိုးထဲလေထဲ ဆေးလိုက်ကုသပေးနေသူနှစ်ဦးက ဒေါက်တာမြစိုးအောင် နဲ့ ဇနီးဒေါ်ခိုင်နှင်းဝေဖြစ်ပါတယ်။ သူတို့မှာ အသက်၅နှစ်အရွယ်သားငယ်တစ်ယောက်ရှိပါတယ်။ ဒါ့အပြင် ဒေါ်ခိုင်နှင်းဝေဟာ ကိုယ်ဝန်လေးလလွယ်ထားရပြီဖြစ်တဲ့ သားသည်မိခင်လည်းဖြစ်ပါတယ်။သူတို့မိသားစုဟာ ယောနယ်ဒေသခံတွေရဲ့ အချစ်တော်ဖြစ်ပါတယ်။

NUG, ​က​လေးမြို့လူထုတိုက်ပွဲဦး​ဆောင်​ကော်မတီ

ဒေါက်တာမြစိုးအောင်နဲ့ ဇနီးဒေါ်ခိုင်နှင်းဝေဟာ ကိုနေမင်းရဲ့တဲအိမ်လေးဆီ‌အရောက်လာပြီး ဆေးကုသမှုပေးတာကအစ ဒေသရဲ့ သာရေးနာရေးကိစ္စတွေကို တက်ညီလက်ညီပါတာအလယ်၊ စက်ဘီစီးခြင်းကို နှစ်သက်တာကအဆုံးအမြဲအတွဲညီတဲ့ ဇနီးမောင်နှံဖြစ်ပါတယ်။နှစ်ဦးစလုံးက စိတ်တူကိုယ်တူ၊ စွယ်တော်ရွက်လိုအမြဲတွဲလျက်ရှိခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။

“နှစ်ယောက်စလုံးအင်မတန်‌ရှေ့သွားနောက်လိုက်ညီပြီး ချောချောလှလှ‌လေးတွေ” လို့ ယောနယ်က အမျိုးသမီးတဦးကပြောပါတယ်။

သူတို့နှစ်ဦးဟာ ၂၀၂၁ ခုနှစ်၊ စစ်အာဏာမသိမ်းခင်က စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၊ တင်သားတိုက်နယ်ဆေးရုံမှာ တိုက်နယ်ဆရာဝန်နဲ့အထက်တန်းသူနာပြုအဖြစ် တာဝန်အတူတူထမ်းဆောင်ခဲ့ကြပါတယ်။ စစ်အာဏာသိမ်းပြီးနောက်ပိုင်း အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှု (Civil Disobedience Movement – CDM)မှာ ပါဝင်ခဲ့ပြီး အညာဒေသတကြောမှာ ဒေသခံတွေကို လိုက်လံဆေးကုသမှုပေးနေခဲ့ကြတာပါ။

လူထုတော်လှန်ရေးကာလအစက စစ်ကောင်စီရဲ့အကြမ်းဖက်ဖိနှိပ်မှုတွေမျိုးစုံကြားမှာ CDM ဆရာဝန်ဇနီးမောင်နှံဟာ စစ်အာဏာရှင်လက်ကလွတ်အောင်နည်းမျိုးစုံရှောင်တိမ်းခဲ့ကြရပါတယ်။

NUG, ​က​လေးမြို့လူထုတိုက်ပွဲဦး​ဆောင်​ကော်မတီ

အမည်အရင်းခေါ်လို့ မရတော့တဲ့ အခြေအနေမှာဒေါက်တာမြစိုးအောင်ကို ရင်းနီးသူတွေက ကိုမြကြီးလည်း ခေါ်ကြသူတွေရှိသလို ဒေါက်တာရတနာလို့လည်း ခေါ်ကြပါတယ်။ အမည်မှာ မြပါလို့ ‌ကိုမြကြီးလို့ ခေါ်တာဖြစ်သလို သူကျင်လည်သွားလာရာ အညာတကြောကလူထုအတွက် ရတနာလိုအဖိုးထိုက်သူမို့ ဒေါက်တာရတနာလို့လည်း ညွှန်းဆိုကြတာပါ။

“ရတနာဆိုတာ သူတို့ရပ်တည်မှုကို ပြန်ပြီး ရောင်ပြန်ဟပ်တဲ့ တန်ဖိုးပါ”လို့ဒေါက်တာမြစိုးအောင်ရဲ့ မိတ်ဆွေဖြစ်တဲ့ အညာအခြေစိုက် Mobile Meidical Team – West Division က ဒေါ်ရတီအုန်းက ပြောပါတယ်။

“လူနာတွေကို မြေပြင်ကုသမှုတိုင်းမှာလိုအပ်တာလှမ်းမေးတိုင်း ၂၄နာရီ အသင့်ရှိနေတတ်သူဖြစ်ပါတယ်” လို့ ဒေါ်ရတီအုန်းက ပြောပါတယ်။

အဲ့ဒီစွယ်တော်မောင်နှံဟာစစ်ကောင်စီကစစ်လက်နက်တွေနဲ့ ဓားမိုးမိုးထားပြီး ဖြတ်တောက်ပိတ်ဆို့ထားတဲ့ မကွေးနဲ့ စစ်ကိုင်းဆက်စပ်အညာတကြောကဒေသခံတွေရဲ့ကျန်းမာရေးပြဿနာတွေကို သူတို့ရဲ့သားလေးနဲ့အတူလိုက်လံကုသပေးနေခဲ့တာပါ။

ပြီးခဲ့တဲ့ မတ်လ ၂၂ရက် မနက်မှာတော့ ဒေါက်တာမြစိုးအောင်နဲ့ အထက်တန်းသူနာပြုဇနီးဒေါ်ခိုင်နှင်းဝေ၊ ငါးနှစ်အရွယ် သူတို့ရဲ့ သားလေးအပြင် လူနာတွေပါရှိနေတဲ့ ယောနယ်က ဆေးခန်းကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲပြီး ချေမွဖျက်ဆီးပစ်ခဲ့ပါတယ်။

ဒေါက်တာမြစိုးအောင်တို့မိသားစုအပြင်လူနာ၊လူနာစောင့်နဲ့ပြည်သူ ၈ဦး၊ စုစုပေါင်း၁၁ဦး သေဆုံးခဲ့ပါတယ်။ သေဆုံးသူတွေထဲမှာ ကလေးငယ် ၅ဦး ပါဝင်ခဲ့ပြီး ဒဏ်ရာရသူ၆ဦး ရှိခဲ့ပါတယ်။ ဆေးခန်းရော ပတ်ဝန်းကျင်က အိမ်တွေပါ လွင့်စင်ပျက်စီးခဲ့ပါတယ်။ ကွယ်လွန်ချိန်မှာ ဒေါက်တာမြစိုးအောင်က အသက်(၄၀)၊ ဒေါ်ခိုင်နှင်းဝေက ၃၉နှစ်နဲ့ သူတို့ရဲ့ သားလေးက ၅နှစ်ရှိပါပြီ။ဒါ့အပြင်ဒေါ်ခိုင်နှင်းဝေက လေးလအရွယ်ကိုယ်ဝန်ဆောင်ထားသူပါ။

စစ်ကောင်စီတပ်က တိုက်ခိုက်ခဲ့တဲ့ ဆေးခန်းဟာ ဂန့်ဂေါမြို့နယ်၊ နှမ်းခါးကျေးရွာမှာရှိပြီး လက်ရှိမှာ တိုက်ပွဲနဲ့စစ်ရေးလှုပ်ရှားမှုတွေမရှိဘဲ စစ်ကောင်စီက စစ်ဆင်ရေးတစ်ခုလိုပစ်မှတ်ထားတိုက်ခိုက်ခဲ့တာပါ။ ဒီသတင်းကို ကြားရတဲ့အခါ သူ့သားလေးကို ဖက်ရင်း အံကြိတ်ငိုမိတယ်လို့ ယောနယ်သား ကိုနေမင်းကပြောပါတယ်။

ဒီလိုမတိုက်ခိုက်ခင်လအနည်းငယ်တုန်းက နွေကာလ ဒေသခံတွေရဲ့ကျန်းမာရေးအခြေအနေ စိုးရိမ်စရာမဟုတ်လို့ ယောနယ်ကနေပြန်လာခဲ့ဖို့ မိတ်ဆွေအချို့ကတိုက်တွန်းခဲ့ပါသေးတယ်လို့​မချီတင်ကဲ့ပြောပါတယ်။

“သူ့လူနာတွေကို စိတ်မချလို့ ဆက်နေမယ်လို့ ပြောခဲ့တာ” လို့ ဒေါက်တာမြစိုးအောင်ရဲ့ မိတ်ဆွေဆရာဝန်တစ်ဦးကပြောပါတယ်။

ဆရာဝန်ကလူနာကို စိတ်မချ၊လူနာကဆရာဝန်ကို စိတ်ပူကြရတဲ့ အကျပ်အတည်းကာလမှာ ဒေါက်တာမြစိုးအောင်တို့ မိသားစုက ပေးဆပ်လိုခြင်းကြီးမားတဲ့ ‌မေတ္တာရှင်မိသားစုပါလို့ ကိုနေမင်းကပြောပါတယ်။

CDM အာဇာနည်သူရဲကောင်းတွေအဖြစ် အသိအမှတ်ပြုအပ်ပြီး ကျန်ရစ်သူ မိသားစုတွေနဲ့ထပ်တူ ကြေကွဲဝမ်းနည်းရတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကျန်းမာရေးဝန်ကြီးဌာနက မတ်လ ၂၃ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။တရားမျှတမှုကို ဆောင်ကျဉ်းသွားမယ်လို့လည်း ဆိုပါတယ်။

က​လေးမြို့လူထုတိုက်ပွဲဦး​ဆောင်​ကော်မတီကလည်း ​ဒေါက်တာမြစိုး​အောင် ၊အထက်တန်းသူနာပြု ​ဒေါ်ခိုင်နှင်း​ဝေတို့မိသားစု ကွယ်လွန်ခဲ့ရခြင်းအ​ပေါ် မတ်လ ၂၄ ရက်ညမှာ ဝမ်းနည်းခြင်းသပိတ်ပြုလုပ်ခဲ့ကြပါတယ် ။

လက်ကျန်နွေရာသီနဲ့ လာမယ့်မိုးတွင်းမှာတော့ ယောနဲ့အညာတကြောမှာ အရင်၄နှစ်ကာလကလို ဒေါက်တာရတနာတို့မိသားစုကို တွေ့မြင်ရတော့ပါဘူး။ အဲ့ဒီအသိနဲ့ ခံစားချက်ဟာအရှိုက်တည့်တည့်ကိုလက်သီးပြင်းထိုးသလိုတဆစ်ဆစ်ကိုက်ခဲနာကျင်နေရတော့မှာလို့ ယောနယ်သားတချို့က ပြောပါတယ်။

“လိုအပ်နေတဲ့နေရာမှာ ကျတော် ရှိနေမယ်။ အားမ‌လျှော့ဘူးလို့ သူအမြဲပြောခဲ့တယ်။ဒေသခံတွေအစား အရမ်း‌နှမြောတယ်” လို့ ဒေါ်ရတီအုန်းက ပြောပါတယ်။ ။

(​ဒေါက်တာမြစိုး​အောင် ၊ဇနီး အထက်တန်းသူနာပြု ​ဒေါ်ခိုင်နှင်း​ဝေ နဲ့ သားငယ် ​လေးတို့ရဲ့မိသားစု။ က​လေးမြို့လူထုတိုက်ပွဲဦး​ဆောင်​ကော်မတီက ဝမ်းနည်းခြင်းသပိတ်ပြုလုပ်စဥ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်က ကျေးရွာသုံးရွာကို စစ်ကောင်စီတပ်က ‌‌‌‌‌‌‌‌‌‌‌‌‌ထပ်မံလေကြောင်းတိုက်ခိုက်ခဲ့ပြီး ပြည်သူနှစ်ဦးထိခိုက်ဒဏ်ရာတွေရခဲ့တယ်လို့ ပြင်ဦးလွင်ခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) သတင်းတာဝန်ခံဆီက ပြောပါတယ်။

သတင်း

​ဝန်းသိုမြို့နယ် ဘုန်းကြီးကျောင်းနှင့် ဓမ္မာရုံကိုလည်း စစ်ကောင်စီ လေကြောင်းတိုက်ခိုက်

သတင်း

မကွေးတိုင်း၊စလင်းမြို့နယ်ကို စစ်ကောင်စီက လေကြောင်းမှ အပြင်းအထန်ဗုံးကြဲတိုက်ခိုက်နေကြောင်း ​ဒေသခံစစ်ရေးသတင်းရင်းမြစ်အချို့က ပြောသည်။

သတင်း

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်၊ ကန်တော်ကျေးရွာအား စစ်ကောင်စီက လေကြောင်းမှ ပစ်ခတ်တိုက်ခိုက်ရာ ကလေးငယ်တစ်ဦး အပါအဝင်ပြည်သူလေးဦး သေဆုံးပြီး ၁၀ဦးထက်မနည်း ဒဏ်ရာရရှိကြောင်း မြင်းမူမြို့နယ်သတင်းမှန်ပြန်ကြားရေး အဖွဲ့တာဝန်ရှိသူက ပြောသည်။