Connect with us

Hi, what are you looking for?

သတင်း

ဖားကန့်၌ တိုက်ပွဲဆက်ဖြစ်၊ ၀ိုင်းမော်နှင့် ဗန်းမော်ကို စစ်ကောင်စီ လေကြောင်းတိုက်ခိုက်၊ ဗန်းမောက်တိုက်ပွဲ NUG ကွပ်ကဲမှုဖြင့် လှုပ်ရှားနေဟု KIAပြော

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်တွင် တိုက်ပွဲဆက်လက်ဖြစ်ပွားလျက်ရှိပြီး စစ်ရေးတင်းမာနေကြောင်း ကချင်လွတ်လပ်ရေးတပ်မတော်(KIA) သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

KIA၊KPDF ပူးပေါင်းတပ်မှ ရဲဘော်များအား တွေ့ရစဉ်။ ဓာတ်ပုံ − Sirinda

စက်တင်ဘာ−၁၉၊ ၂၀၂၅။ ထားမြတ်/People’s Spring

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်တွင် တိုက်ပွဲဆက်လက်ဖြစ်ပွားလျက်ရှိပြီး စစ်ရေးတင်းမာနေကြောင်း ကချင်လွတ်လပ်ရေးတပ်မတော်(KIA) သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

ကချင်ဒေသ စစ်ရေးအခြေအနေများကို ယနေ့ (စက်တင်ဘာ ၁၉ရက်)မနက်တွင် မေးမြန်းရာ ဗိုလ်မှူးကြီးနော်ဘူက ဗန်းမော်၊ ဝိုင်းမော်နှင့်ဖားကန့်ဒေသ စစ်ရေးအခြေအနေများကို ယခုကဲ့သို့ ရှင်းပြခြင်းဖြစ်သည်။

” ဖားကန့်မှာလည်း မနေ့ကလည်း ဆန်းကြွယ်ဘက်မှာ တိုက်ပွဲတွေရှိတယ်။ လက်နက်ကြီးတို့ ဒရုန်းတို့ ပြည်သူလူထု အိုးအိမ်တွေထိတာ လူထိတာတွေတော့ရှိတယ်။ သူတို့ အင်အား ထပ်တိုးတဲ့ စစ်ကြောင်းတွေ လည်း ကာမိုင်းဘက်ကနေနန့်ယားအဲဒီဘက် ဝင်သွားတာရှိတယ်။ အဲဒါက ဖားကန့်ဘက်မှာတော့ ဝင်တာမရှိသေးပါဘူး။ ဒါကြောင့် ဖားကန့်ဘက်မှာတော့ စစ်ရေးအခြေအနေ တင်းမာတယ်လို့ ပြောတယ်”ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

Public Service Announcement

Public Service Announcement

ဝိုင်းမော်မြို့ဘက်တွင်လည်း စစ်ရေးအခြေအနေ တင်းမာနေသည့် သဘောဟုရှင်းပြသည်။ စစ်ကောင်စီတပ်က မြေပြင်ထိုးစစ်ရှိပြီး လက်နက်ကြီး၊ လေကြောင်း တိုက်ခိုက်မှုများလည်းရှိဟုဆိုသည်။

” သူတို့ရဲ့ ခလရ(၅၈) လုံခြုံရေးယူထားတာလည်းဖြစ်နိုင်တယ်။ နောက် ဝါးရှောင်တို့ ကန်ပိုက်တည်တို့ အဲဒီ လီဒိုလမ်းတကြောလုံး ပြန်ထိန်းချုပ်ချင်လို့ အခုလိုမျိုး စစ်ဆင်ရေးလုပ်တာလည်းဖြစ်နိုင်တာပေါ့”ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

ဗန်းမော်မြို့ဘက်တွင် ယခုတပတ်အတွင်း မြေပြင်တိုက်ပွဲမရှိဟု အသိပေးသည်။

” လေကြောင်းနဲ့တိုက်တာလည်း ကြဲတော့ ကြဲပါတယ် ခပ်စိပ်စိပ်လောက်တော့မရှိဘူး။ ဒါပေမဲ့ဗုံးကြဲတာတော့ရှိတယ်။လက်နက်ကြီးနဲ့ပစ်တာတွေလည်းရှိပါတယ်”ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

ထို့ပြင် စက်တင်ဘာ ၁၅ရက်က စတင်ဖော်ဆောင်နေသည့် စစ်ကိုင်းတိုင်း၊ ဗန်းမောက်မြို့သိမ်းစစ်ဆင်ရေးတွင် ကချင်လွတ်လပ်ရေးတပ်မတော်(KIA) တပ်များလည်း ပါဝင်နေခြင်းနှင့် ပတ်သက်၍ မေးမြန်းရာ ဗန်းမော်ဒေသ တိုက်ပွဲဖြစ်စဉ်နှင့်ပတ်သက်၍ တိတိကျကျ မသိဟု ပြောသည်။

” ဘာကြောင့်လဲဆိုတော့ NUG ရဲ့ ကွပ်ကဲမှုအောက်မှာပဲ သူတို့ လှုပ်ရှားတယ်ဆိုတော့ ကျနော်တို့ဆီမှာလည်း သတင်းဆက်သွယ်တာတွေမရှိဘူး”ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

ဗန်းမောက်မြို့သိမ်းစစ်ဆင်ရေးကို အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန အမှတ်(၁)စစ်ဒေသ ဦးဆောင်သည့် ကသာခရိုင် တပ်ရင်းတပ်ဖွဲ့များ ပါဝင်သည့် တော်လန်ရေးပူးပေါင်းတပ်က ဖော်ဆောင်လျက်ရှိရာ စစ်ကောင်စီနှင့် စစ်ကောင်စီ လက်အောက်ခံ ရှမ်းနီ SNA စခန်းအချို့ကို သိမ်းပိုက်ထားနိုင်ဟု ဒေသ စစ်ရေးသတင်းရင်းမြစ်က ယမန်နေ့က ပြောထားသည်။

အမှတ်(၁) စစ်ဒေသ စစ်ဒေသမှူးမှာ KIAအရာရှိက တာဝန်ယူထားခြင်းဖြစ်သည်။

အခြားသတင်းတရပ်မှာ KIO/KIAက စက်တင်ဘာ ၁၇ရက် နေ့စွဲဖြင့် လေကြောင်း သတိပေးချက်နှင့် ဆိုင်သော စာတစောင် လူမှုကွန်ရက်၌ ကချင်သတင်းရင်းမြစ်အချို့က ဖော်ပြမှုရှိခဲ့သည်။

ကချင်ဘာသာဖြင့် ဖော်ပြထားသည့်စာမှာ တရုတ်အစိုးရက စက်တင်ဘာ ၁၈ရက်တွင် နယ်စပ်ဒေသ တလျှောက်အပါအဝင် နိုင်ငံတဝန်း လေကြောင်းကာကွယ်ရေးဆိုင်ရာ ဥဩဆွဲမှု ပြုလုပ်မည့် အခြေအနေအပေါ် ပြည်သူလူထုသို့ အသိပေးသည့် ရုံးစာဖြစ်ကြောင်း ဗိုလ်မှူးကြီးနော်ဘူက ပြောပြသည်။

” ကျနောတို့ ဘက်မှာလည်း ဥဩဆွဲတာ လုပ်ရင် ပြည်သူလူထုတွေမလန့်ဖို့ အဲဒါ အသိပေးတဲ့စာပါ” ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

စစ်ကောင်စီသည် ကချင်ဒေသ အပါအဝင်နိုင်ငံတဝန်းလေကြောင်း ဗုံးကြဲတိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်လျက် ရှိရာ လေကြောင်းတိုက်ခိုက်မှု အများစုသည် ပြည်သူလူထုနေထိုင်ရာနေရာများကို တိုက်ခိုက်နေခြင်းဖြစ်၍ အထူးသဖြင့် တော်လှန်ရေးအဖွဲ့များ ထိန်းချုပ်နယ်မြေရှိ ပြည်သူများ စိုးရိမ်ထိတ်လန့်မှုများ ကြုံနေကြရသည်။

ဆက်စပ်သတင်းများ

သတင်း

၄၉၂၆ စစ်ဆင်ရေးလို့ စစ်အုပ်စုက ကြွေးကြော်ပြီး စစ်ကြောင်းတွေတက်လာတဲ့ ပန်း‌တောင်းမြို့က ကပစ(၁၆)အနီးပတ်ဝန်းကျင်မှာ ဒီနေ့ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေပြီး စစ်တပ်က လေကြောင်းကနေ ဗုံးကြဲနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့က စုန်ဆင်းလာတဲ့ ခလရ(၂၃၇) တပ်ရင်းမှူးလိုက်ပါတဲ့ စစ်သင်္ဘောတိုက်ခိုက်ခံရပြီး ရေနစ်မြုပ်သွားချိန်မှာ ခမရ(၃၂၀)တပ်ရင်းမှူး လိုက်ပါတဲ့ သင်္ဘောက ကိုယ်လွတ်ရုန်းမောင်းပြေးသွားတယ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ် တချို့က ပြောပါတယ်။

သတင်း

စစ်သင်္ဘော ၈စီး ထိခိုက်အောင် တိုက်ခိုက်ထားပြီး တချို့နစ်မြုပ်၊ သင်္ဘော ၂စီး ရွှေကူဘက် ပြန်လှည့်သွား

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၅)နယ်မြေ ဖာပွန်ခရိုင် တိုက်ပွဲမှာ စစ်ကောင်စီတပ်ထံက လက်နက်ငယ် ၃လက်သိမ်းရခဲ့ကြောင်း KNU တပ်မဟာ(၅) မူတြော်(ဖာပွန်)ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

Facebook