ဩဂုတ်-၂၀၊၂၀၂၅။ မေ/People’s Spring
မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ် ရှောက်ပင်ရိုးကျေးရွာကို စစ်တပ်က လေကြောင်းကနေ မနေ့က ဗုံးကြဲတိုက်ခိုက်ခဲ့တာမို့ ပြည်သူ ၆ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဩဂုတ် ၁၉ ရက် နေ့ခင်း ၂နာရီ ၁၀မိနစ်ခန့်မှာ ရှောက်ပင်ရိုးရွာက 147KTV ကို မန္တလေး တံတားဦးလေတပ်ကတက်လာတဲ့ ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။
ဗုံးကြဲတိုက်ခိုက်ခံရမှုကြောင့် အဆောက်အဦး ၃လုံးပျက်စီးပြီး ပြည်သူ ၆ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

Public Service Announcement
“အထိခိုက်ဒဏ်ရာရကတော့ များတယ်။ ဒီမနက်အထိ စိစစ်နေကြတုန်းလို့ သိရတယ်”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
အရင်က KTVတချို့မှာ တော်လှန်ရေးတပ်တချို့ အထိုင်ချတာ တွေရှိခဲ့ပြီး အခုနောက်ပိုင်း ဒီလိုအထိုင်ချထားခဲ့ဖူးတဲ့ နေရာတွေကို စစ်တပ်က လိုက်လံ ဗုံးကြဲနေတာလို့ သိရပါတယ်။
ဒီရက်ပိုင်းအတွင်း စစ်တပ်က နိုင်ငံအနှံ့ လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်နေပြီး စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကရင်နီပြည်နယ်တို့ကို ပိုမိုဦးတည်တိုက်ခိုက်နေကာ အရပ်သားပြည်သူတွေ ဒါဇင်နဲ့ချီ သေဆုံးမှုတွေ ဖြစ်ပေါ်နေပါတယ်။





















































