Connect with us

Hi, what are you looking for?

ဆောင်းပါး

စစ်​ကောင်စီဗုံးပတ်ကြဲ​သော သွေးစွန်းသင်္ကြန်

ယနေ့ မြန်မာနှစ်သစ်ကူး နှစ်ဆန်း(၁)ရက်နေ့ ဖြစ်သည်။​ရှေးရိုးရာအစဥ်အလာ ရှေးလူကြီးများကဲ့သို့ ဘုရားသွားကျောင်းတက် ပရိတ်ပဌာန်းရွတ်ခြင်းဖြင့် မင်္ဂလာရှိစွာဖြင့် ဖြတ်သန်းလိုကြသော်လည်း မဖြစ်နိုင်သေးပါ။ အကြောင်းမှာ သင်္ကြန်ကဲ့သို့အခါကြီးရက်ကြီးများကိုပင် ဘာသာ​ရေးအ​ဆောက်အအုံ​တွေကို ဗုံးပတ်ကြဲပြီးသွေးဆာနေသော စစ်ကောင်စီ၏ အကြမ်းဖက်တိုက်ခိုက်မှုများကြောင့်ဖြစ်သည်။

ဇော်ရမ်း/People’s Spring

ယနေ့ မြန်မာနှစ်သစ်ကူး နှစ်ဆန်း(၁)ရက်နေ့ ဖြစ်သည်။​ရှေးရိုးရာအစဥ်အလာ ရှေးလူကြီးများကဲ့သို့ ဘုရားသွားကျောင်းတက် ပရိတ်ပဌာန်းရွတ်ခြင်းဖြင့် မင်္ဂလာရှိစွာဖြင့် ဖြတ်သန်းလိုကြသော်လည်း မဖြစ်နိုင်သေးပါ။ အကြောင်းမှာ သင်္ကြန်ကဲ့သို့အခါကြီးရက်ကြီးများကိုပင် ဘာသာ​ရေးအ​ဆောက်အအုံ​တွေကို ဗုံးပတ်ကြဲပြီးသွေးဆာနေသော စစ်ကောင်စီ၏အကြမ်းဖက်တိုက်ခိုက်မှုများကြောင့်ဖြစ်သည်။

ပြီးခဲ့သည့် သင်္ကြန် လေးရက်တာကာလအတွင်း စစ်ကောင်စီက ဘုန်းကြီးကျောင်းနှင့် ဘာသာရေးအဆောက်အအုံများကို အဓိက ပစ်မှတ်ထား၍ နေ့စဉ် ဗုံးကြဲခဲ့သည်။ ကိုရင်ငယ်​လေးများနှင့် သံဃာ​တော်အချို့အပါအဝင် ၄၀ ဦးထက်မနည်း သေဆုံးပြီး ဒဏ်ရာရသူများလည်းရှိခဲ့သည်။ ဘုန်းကြီးကျောင်းများ၊ ဘာသာရေးအဆောက်အအုံများ၊ ခိုလှုံရာအိမ်ရာများ ပျက်စီးခဲ့သည်။ ထိုအကြမ်းဖက်တိုက်ခိုက်မှုများက အာဏာသိမ်းခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အမိန့်မှလာသည်။

စစ်ကောင်စီသည် သင်္ကြန်အကြိုနေ့ ဧပြီလ ၁၃ရက် နံနက် ၉နာရီခွဲခန့်တွင် ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့ ၊​စစ်ကိုင်းတိုင်း​ကော့ကရိတ်မြို့ကို လေကြောင်းမှ ဗုံးကြဲခြင်းဖြင့် သင်္ကြန်ကာလ အရပ်သားပြည်သူများအား တွေးထွက်သံယိုဖြစ်စေသည့်တိုက်ခိုက်မှုကိုစတင်ခဲ့သည်။ သင်္ကြန်ကာလအတွင်းနောက်ဆုံးတိုက်ခိုက်မှုမှာ ယမန်နေ့(သင်္ကြန်အတက်နေ့) ညက ကောလင်းမြို့အရှေ့ပိုင်းကို လေကြောင်းမှ ဗုံးကြဲခဲ့ပြန်သည်။

Public Service Announcement

Public Service Announcement

သင်္ကြန်အကြိုနေ့မှ အတက်နေ့အထိ စစ်​ကောင်စီက စစ်ကိုင်းတိုင်း၊ ကချင်ပြည်နယ်၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်၊ ပဲခူးတိုင်းတို့မှ ၁၅မြို့နယ်ထက်မနည်းကို လေကြောင်းမှ ဗုံးပတ်ကြဲခဲ့သည်။တစ်ရက်မှ မနားခဲ့ပေ။

သင်္ကြန်အကြိုနေ့တွင်ပင် ချင်းပြည်နယ် မင်းတပ်မြို့မှမြို့မနှစ်ခြင်းဘုရားကျောင်း၊ စစ်ကိုင်းတိုင်း၊တန့်ဆည်မြို့နယ်၊ လယ်မရွာဘုန်းကြီးကျောင်းကို ဗုံးကြဲခဲ့သည်။ သင်္ကြန်အကျနေ့တွင် စစ်ကိုင်းတိုင်းကနီမြို့နယ်မှဘုန်းကြီးကျောင်း၊ အင်းတော်မြို့မှ ပိန္နဲကုန်းဘုန်းကြီးကျောင်း၊ မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ် ရေလည်ဘုန်းတော်ကြီးကျောင်းတို့ကို ဗုံးကြဲခဲ့သည်။ သင်္ကြန်အကြတ်နေ့တွင် မကွေးတိုင်း၊ ထီလင်းမြို့နယ်မှဘုန်းကြီးကျောင်း၊ ကရင်ပြည်နယ် ကျုံဒိုးမြို့နယ်မှ ကမ်းနီစံပြကျေးရွာဘုန်းကြီးကျောင်းတို့ကို လေကြောင်းမှဗုံးကြဲခဲ့သည်။သင်္ကြန်အတက်နေ့တွင်လည်း ကျုံဒိုး၊ သပိတ်ကျင်းအပါအဝင် ငါးမြို့နယ်ထက်မနည်းကို လေကြောင်းမှ ဗုံးကြဲခဲ့သည်။

ဘုန်းကြီးကျောင်းများနှင့်ဘာသာရေးအဆောက်အအုံများအပြင် အရပ်သားများနေထိုင်နေကျေးရွာများကိုလေကြောင်းမှ ဗုံးကြဲရာတွင် မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့၊ စစ်ကိုင်းတိုင်း၊ဝက်လက်မြို့၊ အရာတော်မြို့၊ ပဲခူးတိုင်း၊ အုတ်တွင်းမြို့၊ မကွေးတိုင်းမြိုင်မြို့၊ ဆောနှင့်ဂန့်ဂေါမြို့တို့ ပါဝင်ခဲ့သည်။

လေကြောင်းမှဗုံးကြဲမှုကြောင့် ကိုရင်ငယ် နှင့်သံဃာတော် ၁၀ပါးထက်မနည်းနှင့် ဘုန်းကြီးကျောင်းများ၌ ဥပုသ်လာစောင့်သူ ၃၀ဦးထက်မနည်းသေဆုံးခဲ့သည်။သေဆုံးသူများတွင်ကလေးငယ်များနှင့်အမျိုးသမီးအများဆုံးပါဝင်သည်။ သွေးစွန်းပေနေသော သင်္ဃန်းကိုရုံလျက် အသက်မဲ့နေသော ကိုရင်ငယ်များ၏ ဓာတ်ပုံများက သင်္ကြန်ကာလကို အကျည်းတန်စေခဲ့သည်။

ထိုမြင်ကွင်းများက အသည်းနှလုံးကို အပ်ဖြင့်ထိုးဆွသလို တဆစ်ဆစ်နာရသည်ဟု စစ်ကိုင်းတိုင်းမှကာကွယ်ရေးရဲဘော်တဦးကပြောသည်။

“ ဗုံးကြဲလို့သေဆုံးတဲ့သူတွေကိုကြည့်လေ။ ကလေးငယ်လေးတွေ၊ ကိုရင်သံဃာလေးတွေ။ ဒါလေးတွေက PDF မှမဟုတ်တာ” ဟု ၎င်းက လေသံမာမာ ပြောသည်။

အခါကြီးရက်ကြီးတွင်ဘုန်းကြီးကျောင်းများကိုပစ်မှတ်ထားဗုံးကြဲနေသည့် စစ်ကောင်စီက အယ်ဂျာဇီးယား သတင်းထောက်၏အင်တာဗျူးတွင် ယခင်က၎င်းတို့ကျူးလွန်ခဲ့သည့်ပြစ်မှုများနှင့်ပတ်သက်၍ သဘောထားတင်းမာစွာဖြင့် ပထမဆုံးအကြိမ် ထုတ်ဖော်ပြောဆိုသွားသည်။

ကလေးများအပါအဝင် လူပေါင်း၁၈၀ခန့် ‌သေဆုံးနေသော ပဇီကြီးလေကြောင်းတိုက်ခိုက်မှုအပါအဝင် ၂၀၂၁ အာဏာသိမ်းပြီးနောက်ပိုင်း အရပ်သားများသေဆုံးခဲ့သည့် တိုက်ခိုက်မှုများအား ၎င်းတို့ ကျူးလွန်ခဲ့ကြောင်း စစ်ကောင်စီပြန်ကြားရေးတာဝန်ခံ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသွားခြင်းဖြစ်သည်။ သေဆုံးသူများသည် တော်လှန်ရေးကိုထောက်ခံခဲ့၍ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဟုဆိုထားသည်။

သင်္ကြန်ကာလအတွင်းအရပ်သားများကိုဗုံးကြဲတိုက်ခိုက်နေစဉ်စစ်ကောင်စီခေါင်းဆောင်က ငလျင်ဒဏ်သင့် ဒေသများရှိ ဘုရားစေတီများသို့ သွားရောက်ခဲ့ပြီး ဘုရားဒါယိကာဟန်ပန်ကို ပြခဲ့သည်။

အမှန်တကယ်တွင်သင်္ကြန်ကာလသည်စစ်ကောင်စီက အပစ်ရပ်ကြေညာထားသည့် သတ်မှတ်ရက်အတွင်း ပါဝင်နေသည်။ဧပြီလ ၂ရက်နေ့မှ ဧပြီလ၂၂ရက်နေ့အထိ အပစ်ရပ်ထားမည်ဟုကြော်ငြာခဲ့သော်လည်း လေကြောင်းနှင့်လက်နက်ကြီးတိုက်ခိုက်မှုများပြုလုပ်ခဲ့ခြင်းဖြစ်သည်။

သင်္ကြန်ကာလအတွင်း အရပ်သားများကို စစ်မှတ်ထားသော စစ်ကောင်စီ၏ဗုံးကြဲတိုက်ခိုက်မှုများသည် အောက်တန်းကျပြီးယုတ်ကမ်းသောလုပ်ရပ်ဖြစ်ကြောင်းအညာ ဒေသအခြေစိုက် Mobile Meidical Team – West Divisionကဒေါ်ရတီအုန်းက ပြောသည်။

“ အခါကြီးရက်ကြီးမှာ ဘုန်းကြီးကျောင်းတွေမှာသွားပြီးသီလယူကြတာက ခေတ်အဆက်ဆက်လုပ်ခဲ့ကြတာ။ကိုးကွယ်ယုံကြည်မှုတွေကိုပါ ရိုက်ချိုးဖျက်ဆီးနောတာ” ဟု ​ပြောသည်။

ယနေ့ နှစ်ဆန်း(၁)ရက်၊ နေ့ထူးနေ့မြတ်ဟူ၍ နောက်ကျောလုံနေ၍ မရပါ။ ကောင်းကင်တွင် တိုက်လေယာဉ်ပျံသန်းသံများ ထွက်ပေါ်နေပါသည်။ထို့အပြင် အာဏာသိမ်းခေါင်းဆောင်က ယနေ့စကားတစ်ခွန်းပြောကြားထားသည်။

” မြန်မာသက္ကရာဇ် ၁၃၈၇ ခုနှစ်ကို ကူးပြောင်းရောက်ရှိလာတဲ့ ဒီနေ့လို မင်္ဂလာရှိလှတဲ့ မြန်မာနှစ်သစ်ကူးအခါသမယမှာ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်အတွင်းမှာ မှီတင်းနေထိုင်ကြတဲ့ ပြည်ထောင်စု ဖွားတိုင်းရင်းသား မိဘပြည်သူအားလုံးအပါအဝင် ကမ္ဘာတစ်ဝန်းလုံး မှာရှိကြတဲ့ ကမ္ဘာသူကမ္ဘာသားများအားလုံး ဘေးဘယာများကင်းဝေး ပြီး စိတ္တသုခ၊ ကာယသုခတို့ဖြင့် ပြည့်စုံကြပါစေကြောင်း ဆုမွန် ကောင်း တောင်းအပ်ပါတယ်” ဟု သူက ဆိုထားသည်။

ထိုသို့ပြောပြီးတိုင်း ​မြို့ရွာများအ​ပေါ်ဗုံးပတ်ကြဲသည့်အတွေ့အကြုံများ၊ သက်သေသက္ကာယများ က ၄ နှစ်စာပင် ရှိပြီးဖြစ်သည်။

အာဏာသိမ်းခေါင်းဆောင်​ထိုသို့ပြောပြီးနာရီပိုင်းအကြာမှာပင် မိုးကုတ်မြို့အရှေ့ပိုင်း မစိုးရိမ်တိုက်ကျောင်းအနီးသို့ စစ်တပ်ကဂျက်ဖိုက်တာဖြင့် ဗုံးကြဲ​တော့သည်။

“ ကြဲသွားပြီဗျာ။ ဒီလိုနေ့ကြီး။ လူတွေ ဘုရားသွား ကျောင်းတက်နေတာကို ကြဲတာဗျာ” ဟု မြို့ခံတဦးကခံပြင်းစွာပြော​လေသည်။ ။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ဝက်လက်မြို့နယ်နဲ့ စစ်ကိုင်းမြို့နယ်က ကျေးရွာ ၃ရွာကို စစ်တပ်ကလေကြောင်းတိုက်ခိုက်ခဲ့တာကြောင့်အမျိုးသား တစ်ဦး သေဆုံးပြီး ၂ဦးဒဏ်ရာ ရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

မြောက်ဦးနဲ့ပုဏ္ဏားကျွန်းကို လေကြောင်းတိုက်ခိုက်မှု ပြည်သူ တစ်ဦးသေဆုံး၊ ၁၄ဦးဒဏ်ရာရ

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၅)နယ်မြေ ဖာပွန်ခရိုင်(မူတြော်ခရိုင်)အတွင်း မြန်မာ-ထိုင်းနယ်စပ် တနေရာကို အာဏာသိမ်းစစ်တပ်က လေကြောင်းဗုံးကြဲတိုက်ခိုက်မှု ထပ်မံလုပ်ဆောင်ခဲ့ကြောင်း KNU တပ်မဟာ(၅) ပြောရေးဆိုခွင့်ရှိသူ ဒုဗိုလ်မှူးကြီးစောကလယ်ဒိုက ပြောပါတယ်။

သတင်း

ကရင်ပြည်နယ်၊ဖာပွန်ခရိုင် (မူတြော်) ၊ KNU တပ်မဟာ (၅) နယ်မြေ ထိုင်းနယ်စပ်အနီးကအူးမယ်ထာကျေးရွာကိုဒီနေ့ ( ဧပြီလ ၂၀ ရက်​)မနက်ပိုင်းမှာစစ်ကောင်စီလေတပ်ကဗုံးကြဲတိုက်ခိုက်လာတယ်လို့ တပ်မဟာ (၅) ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှုးကြီးစောကလယ်ဒိုက ပြောပါတယ်။

Facebook