ဒီးဒီ၊ နိုင်ပကောင်း/ People’s Spring
စစ်ကောင်စီတပ်ကို တော်လှန်နေတဲ့ ရဲဘော်တွေ ပြောဆိုလေ့ရှိတဲ့ ဗန်းစကားတစ်ခုရှိပါတယ်။ ‘ပွဲကတယ်’ဆိုတဲ့ စကားပါ။
တောင်ပိုင်းသားတွေ ပွဲကတယ်၊ မြောက်ပိုင်းသားတွေ ပွဲကတယ် ဆိုပြီး တော်လှန်ရေးတပ်ဖွဲ့ဝင်တွေက စစ်ကောင်စီတပ်ကို တိုက်ပွဲဖော်ဆောင်ရာမှာ စစ်တိုက်တယ်လို့ မသုံးနှုန်းဘဲ ဗန်းစကားအနေနဲ့ ပွဲကတယ်လို့ ပြောဆိုလေ့ရှိပါတယ်။ ပွဲကတယ်လို့ ပြောရင် အများဆုံး စနှောက်ခံရလေ့ရှိတာက တောင်ပိုင်းက ရဲဘော်တွေပါ။ အကြောင်းကတော့ တောင်ပိုင်းသားတွေ ပွဲသိပ်မကဘူး ဆိုပြီး ရဲဘော်အချင်းချင်း စနောက်ကြတာပါ။
အမျိုးသားညီညွတ်ရေးအစိုးရက အမှတ်(၁)စစ်ဒေသ (မြောက်ပိုင်း)နဲ့ အမှတ်(၂)စစ်ဒေသ(တောင်ပိုင်း)လို့ အကြမ်းဖျင်း စစ်ဒေသ နှစ်ခုသတ်မှတ်ထားပါတယ်။ အဲဒီ စစ်ဒေသနှစ်ခုထဲက အမှတ်(၂)စစ်ဒေသ တောင်ပိုင်းက ကရင်အမျိုးသားအစည်းအရုံး (KNU)နယ်မြေက စစ်ရေးအခြေအနေအကြောင်းကို လေ့လာကြည့်ရအောင်ပါ။

Public Service Announcement
နွေဦးတော်လှန်ရေးမှာ တော်လှန်ရေးအဖွဲ့တွေထဲ အဝေဖန်ခံဆုံးအဖွဲ့တွေကို ပြောပါဆိုရင် KNU နဲ့ NUG တို့ကထိပ်ဆုံးမှာရှိနိုင်ပါတယ် ။ အခုအခါတော့ KNU ရဲ့ KNLA ရော ၊ NUG ရဲ့ PDF တပ်ဖွဲ့တွေရော ၊အခြားပူးပေါင်းတပ်တွေဟာ တောင်ပိုင်းမှာ ထိုးစစ်ကြီးတစ်ရပ်ကိုပူးပေါင်းဆင်နွဲနေကြပြီဖြစ်ပါတယ် ။ မြန်မာနိုင်ငံမြောက်ပိုင်းမှာ တရုတ်ရဲ့ ကြားဝင်စွက်ဖက်မှုကြောင့် MNDAA ဟာ ပူးပေါင်းတပ်တွေနဲ့ အတူ ခက်ခက်ခဲခဲတိုက်သိမ်းခဲ့ရတဲ့ ရမခ ရှိရာ လားရှိုးမြို့ကို စစ်ကောင်စီကို သေနတ် ၁ ချက်မဖောက်ရပဲ လွှဲပြောင်း ပေးရလို့ ပြည်သူတွေ စိတ်ဆိုး ၊ဝမ်းနည်း ၊စိတ်ရှုပ်တွေနေတဲ့အချိန်မှာပဲ တချိန်ကအဝေဖန်အခံရဆုံးတော်လှန်ရေးတပ်တွေက ထိုးစစ်ကြီးတစ်ရပ်ကို ဆင်နွှဲနေတာပါ ။
KNU အုပ်ချုပ်နယ်မြေ နယ်စပ်တစ်လျှောက်နဲ့ ကရင်တစ်ပြည်နယ်လုံး အတွင်းမှာစစ်ကောင်စီတပ်စခန်းတွေ ရှင်းလင်းရေးဟာ အဓိကကျတဲ့အတွက် နယ်စပ်ဒေသမှာရှိတဲ့ စစ်တပ်စခန်းတွေကို တစ်ခုပြီးတစ်ခု တိုက်ခိုက်သိမ်းယူနေတာဖြစ်တယ်လို့ KNLA တပ်မဟာ(၅)မှ ဗိုလ်မှူးကြီးစောကလယ်ဒိုက သူရဲ့တစ်ဦးတည်း အမြင်သဘေထားကို People’s Spring ကိုပြောပါတယ်။
အထူးသဖြင့် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း KNU မူတြော်(ဖာပွန်)ခရိုင် တပ်မဟာ(၅)နယ်မြေ ထိုင်းနယ်စပ် သံလွင်မြစ်ကမ်းတစ်လျှောက်မှာရှိတဲ့ စစ်တပ်စခန်းတွေအပါအဝင် ခရိုင်တစ်ခုလုံးက စစ်ကောင်စီရဲ့တပ်ရင်းဌာနချုပ်နဲ့တပ်စခန်းတွေကို KNLA တပ်မဟာ ၅ ကဆက်တိုက်သိမ်းပိုက်ခဲ့ပါတယ်။ ဒါ့ကြောင့် အခုဆိုရင် တပ်မဟာ (၅)နယ်မြေရဲ့ နယ်စပ်တစ်လျှောက်လုံးမှာစစ်ကောင်စီတပ်စခန်း ကင်းစင်သွားပြီဖြစ်ပါတယ် ။
ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)၊ PDF ၊ Federal Wings စတဲ့ ပူးပေါင်းတပ်တွေက ၂၀၂၄ ခုနှစ် ဒီဇင်ဘာလမှာ KNU ဖားအံခရိုင် တပ်မဟာ(၇)နယ်မြေ KNU ဗဟိုဌာနချုပ်ဟောင်းဖြစ်တဲ့ မာနယ်ပလောစစ်စခန်းကို နှစ်၃၀ကြာ လက်လွတ်ခဲ့ရတာကနေ ပြန်သိမ်းယူနိုင်ခဲ့ပါတယ် ။ မာနယ်ပလော ဌာနချုပ်ဟောင်း ပြန်သိမ်းပြီးနောက်ပိုင်း KNLA ဦးဆောင်တဲ့ပူးပေါင်းတပ်တွေဟာ စစ်ရှိန် မြှင့်ပြီး စစ်စခန်းတွေကို ဆက်တိုက်သိမ်းပိုက်လာခဲ့တာပါ။
အထူးသဖြင့်စစ်ရေးအရအရေးပါတဲ့ မြန်မာ-ထိုင်းနယ်စပ် ကစစ်စခန်းတွေကို ဆက်တိုက်သိမ်းပိုက်လာတာဖြစ်ပါတယ်။ပြီးခဲ့တဲ့ မတ်လအတွင်းမှာဘဲ ထိုင်း − မြန်မာနယ်စပ်နားက စစ်ကောင်စီရဲ့ ပူလူတူ၊ ခလယ့်ဒေးတပ်စခန်းတွေ သိမ်းပိုက်ခဲ့ပါတယ်။
ဒါ့အပြင် ဒေါနတောင်တန်းအရှေ့ခြမ်း ထိုင်း- မြန်မာနယ်စပ် မြဝတီမြို့နယ်က မော်ဖားသူးတပ်စခန်းကိုလည်း KNLA၊PDFပူးပေါင်းတပ်တွေက အခု ဧပြီ ၁၉ရက်က သိမ်းပိုက်ခဲ့ပါတယ်။
KNU/ KNLA တပ်မဟာ ၆ နယ်မြေတင်မကပါဘူး ။ တနသာ်ရီတိုင်းမှာရှိတဲ့ KNU/ KNLA တပ်မဟာ (၄ )မှာလည်း ထိုးစစ်တွေဆင်နွှဲနေပါတယ် ။ တနသာ်ရီတိုင်းထဲမှာ မြန်မာ-ထိုင်းနယ်စပ်ကုန်သွယ်ရေးအတွက် အဓိကကြတဲ့ ထီးခီနယ်စပ်ကုန်သွယ်ရေးစခန်းကို ထိန်းချုပ်နိုင်ဖို့အရေးကြီးလှတဲ့ ထီးထဗျူဟာစခန်းကုန်းကိုလည်း ပူးပေါင်းတပ်တွေက တစ်ပါတ်ကြာထိုးစစ်ဆင်ပြီး ဧပြီ ၁၉ ရက်မှ သိမ်းယူနိုင်ခဲ့ပါတယ် ။ဆက်လက်ပြီးတော့လည်း ထီးခီး နယ်စပ်ကုန်သွယ်ရေးစခန်းအနီးမှာတိုက်ပွဲတွေ ပြင်းထန်နေပါတယ် ။
ဒါအပြင်KNU/KNLA တပ်မဟာ (၃) ကဦးဆောင်ပြီး ပဲခူးတိုင်းအရှေ့ခြမ်း၊ ရွှေကျင်မြို့နယ်ထဲက စစ်တောင်းမြစ်ဘေးမှာရှိတဲ့ ကွမ်းဆိပ်ရွာ နယ်မြေရဲစခန်းကို ပူးပေါင်းတပ်က ဧပြီ ၂၃ ရက် မနက် ၇ နာရီခွဲဝန်းကျင်မှာ သိမ်းယူလိုက်ပြန်ပါတယ်။
ကွမ်းဆိပ်ရွာမှာ စစ်ကောင်စီတပ်ရဲ့တောင်ငူအခြေစိုက် တောင်ပိုင်းတိုင်းစစ်ဌာနချုပ် လက်အောက်ခံအမှတ် (၅၉၈)ခြေမြန်တပ်ရင်း (ခမရ ၅၉၈)လည်းရှိသလို ရွာရဲ့ မြောက်ဘက် ၆ မိုင်ခွဲခန့် အကွာ စစ်တောင်းမြစ်ဘေးက ဒုံဇရစ်ရွာမှာလည်း အမှတ်(၅၈၉)ခြေမြန်တပ်ရင်း(ခမရ ၅၈၉)လည်းရှိနေပါတယ်။
ဒါကြောင့် KNLA ဦးဆောင်တဲ့ပူးပေါင်းတပ်တွေရဲ့ထိုးစစ်ဟာ တပ်မဟာ (၆) တစ်ခုတည်းတင်မကပဲ တပ်မဟာ (၇ ) ၊တပ်မဟာ (၄ ) ၊တပ်မဟာ (၃) စသဖြင့်ဒေသအစုံမှာဆင်နွှဲနေကြတာဖြစ်ပါတယ်။
စစ်ကောင်စီတပ်က အထိနာရင် အရပ်သားပစ်မှတ်တွေကိုပါဗုံးကြဲသတ်ဖြတ်လေ့ရှိတာမို့ ၊လေကြောင်းအန္တရာယ်ကိုသတိထားကြဖို့ ၊ စစ်ရှောင်ပြည်သူတွေ ရဲ့ တည်နေရာတွေကို မဖော်ပြဖို့ မီဒီယာတွေနဲ့ တက်ကြွလှုပ်ရှာသူတွေကို KNU ကပန်ကြားထားပါတယ်။
တော်လှန်ရေးပူးပေါင်းတပ်တွေဟာ ထိုင်း−မြန်မာနယ်စပ်က အရေးပါတဲ့ စစ်ကောင်စီရဲ့တပ်စခန်းတွေကို သိမ်းပိုက်နေသလို ကုန်သွယ်ရေးအတွက် အရေးပါလှတဲ့ အာရှလမ်းပေါ် ကော့ကရိတ်မြို့နယ်တစ်ခုလုံးမှာရှိတဲ့ စစ်ကောင်စီရဲ့ တပ်စခန်းတွေကို ဧပြီလဆန်းပိုင်းကစပြီး ထိုးစစ်ဆင်တိုက်ခိုက်နေပါတယ်။
KNUရဲ့ တပ်မဟာ(၆)နယ်မြေက ကော့ကရိတ်မြို့ဝန်းကျင်နဲ့ ကော့ကရိတ်မြို့ကနေ ဒေါနတောင်ပေါ် တောနောရေတံခွန်အထိ နေရာယူထားတဲ့ အောင်ဇေယျစစ်ကြောင်းကို KNLA၊PDFပူးပေါင်းတပ်တွေက အပိုင်းလိုက်ဖြတ်တောက်ထားလိုက်ပါတယ်။ပြီးတော့ထိုးစစ်အရှိန်မြှင့်ပြီးတိုက်ခိုက်တာမို့ အခုရက်ပိုင်းအတွင်း အဲဒီနေရာတွေမှာ တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။
ကော့ကရိတ်မြို့တောင်ပိုင်းနဲ့ မြောက်ပိုင်း နေရာတွေမှာ တိုက်ပွဲပြင်းထန်နေပြီး ကော့ကရိတ်နဲ့ ကျုံဒိုးမြို့လမ်းပိုင်း တလျှောက်မှာလည်း တိုက်ပွဲပြင်းထန်နေတယ်လို့ ကရင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။
ဒါအပြင်တော်လှန်ရေးပူးပေါင်းတပ်တွေက ကော့ကရိတ်မြို့ကို ဝန်းရံပိတ်ဆို့ထားပြီလို့ အဲဒီဒေသက PDF တပ်ရင်းမှူးတစ်ဦးက ပြောပါတယ်။
“ကျွန်တော်တို့ မြို့ကို ပတ်ဝိုင်းထားတယ်။နောက်ပြီး သူတို့ရဲ့ ရိက္ခာလမ်းကြောင်း ခဲယမ်းလမ်းကြောင်းတွေကို အဓိကဖြတ်တောက်လိုက်ပြီ”လို့ အဲဒီတပ်ရင်းမှူးက ပြောပါတယ်။
ပြီးခဲ့တဲ့ တပတ်ခန့်ကလည်း ကော့ကရိတ်မြို့အဝင်က စစ်ကောင်စီရဲ့ အမှတ်(၁၂)စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ်အနီးမှာ တိုက်ပွဲရက်ဆက်ပြင်းထန်ခဲ့ပါတယ်။ အဲဒီနေရာအနီးက စစ်ကောင်စီရဲ့ ရင်ကွဲတောင်စခန်းကိုလည်း KNLA၊PDFပူးပေါင်းတပ်တွေက သိမ်းပိုက်ရရှိထားပါတယ်။
ဒါ့အပြင် အပိုင်းလိုက်ဖြတ်တောက်တိုက်ခိုက်ခံနေရတဲ့ အောင်ဇေယျစစ်ကြောင်းရဲ့ အနေအထားဟာ ရှေ့ပိုင်း၊အလယ်ပိုင်းနဲ့ နောက်ပိုင်းမှာ အချင်းချင်းမကူနိုင်တော့တဲ့ အခြေအနေဖြစ်နေဖြစ်နေတယ်လို့လည်း ကရင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။
အခုဆိုရင် အောင်ဇေယျစစ်ကြောင်းဟာ တောင်ပေါ်မှာအင်အား နှစ်ရာကျော်လောက်ပဲကျန်တော့တယ်လို့သိရပါတယ်။အဲဒီ အဖွဲ့ကိုလည်း တော်လှန်ရေးအဖွဲ့တွေက ဖြတ်တောက်ပိတ်ဆို့ထားတာပါ။ ဒါအပြင် တော်နော် ရေတံခွန်ဘက်ခြမ်းမှာ ရှိတဲ့ စစ်သားတွေလည်း ဖြတ်တောက်ပိတ်ဆို့ခံထားရပြီဖြစ်ပါတယ် ။
PDF တပ်ရင်းမှူးတဦးက “ကျွန်တော်တို့က အားလုံးကိုဖြတ်တောက်လိုက်ပြီ။ ဖြတ်တောက်လိုက်ပြီဆိုတော့ သူတို့က ဆက်တိုးမလား။ အညံ့ခံမလား အဲဒီ့နှစ်လမ်းပဲရှိတယ်”လို့ ယုံကြည်မှုအပြည့်နဲ့ပြောပါတယ် ။
ဒါကြောင့် စစ်ကောင်စီဟာ ၂၀၂၄ ဧပြီလမှာ မြဝတီမြို့ကို သိမ်းပိုက်မယ်ဆိုပြီး အင်အားတစ်ထောင်ကျော်ပါတဲ့ နိုင်ငံတော်အဆင့် စစ်ဆင်ရေးဆိုတဲ့ အောင်ဇေယျစစ်ကြောင်းအတွက် နောက်ဆုံးအချိန်နီးကပ်နေပြီဖြစ်ပါတယ် ။ KNLA ၊ PDF ၊ KNDO စတဲ့ ပူးပေါင်းတွေရဲ့ ပိတ်ဆို့တိုက်ခိုက်မှုကြောင့် အောင်ဇေယျ စစ်ကြောင်းဟာဒေါနတောင်ကနေ မကျော်နိုင်ခဲ့ပါဘူး။သေဆုံးဒဏ်ရာရတာ ၊ထွက်ပြေးတာ ၊အလင်းတာ စသဖြင့်စစ်သားတွေ အင်အားဆုံးရှုံးမှူများလွန်းတာကြောင့်စစ်မှုမထမ်းမနေရဥပဒေနဲ့အဓမ္မစုဆောင်းထားတဲ့စစ်သားသစ်တွေကိုရာချီပို့ခဲ့ပေမယ့်လည်း အောင်ဇေယျ စစ်ကြောင်းဟာဆေးမမီတော့ပါဘူး ။
ဒါ့အပြင် ကော့ကရိတ်မြို့နယ်က ကော့ကရိတ် − ကျုံဒိုးလမ်းပိုင်းမှာလည်း တိုက်ပွဲတွေပြင်းထန်နေပြီး တော်လှန်ရေးပူးပေါင်းတပ်တွေက အဲဒီလမ်းပိုင်းက စစ်ကောင်စီစခန်းအချို့ကိုလည်းဆက်တိုက် သိမ်းပိုက်ထားနေပါတယ်။
ကော့ကရိတ် − ကျုံဒိုးလမ်းပိုင်းက သုံးတိုင်၊လေးတိုင်၊ငါးတိုင် စတဲ့ နေရာတွေက စစ်ကောင်စီစခန်းတွေ သိမ်းပိုက်ထားပြီး ကျုံဒိုးမြို့အနီးက ကိုးတိုင်မှာ စစ်ကောင်စီတပ်က ခံစစ်ပြင်ခုခံနေပါတယ်။စစ်ကောင်စီတပ်က ကျုံဒိုးမြို့လက်မလွှတ်ရဖို့ ခံစစ်ကိုအင်အားတွေထပ်တိုးပြီးပြင်နေတာဖြစ်ပါတယ် ။
KNLA၊PDFပူးပေါင်းတပ်တွေတွေရဲ့ထိုးစစ်ကို စစ်တပ်က လေကြာင်းကနေ အဆမတန်တိုက်ခိုက်တာနဲ့ အဆင်မြင့် ဒရုန်းတွေ သုံးခုခံနေတယ်လို့ မြေပြင်ကရဲဘော်အချို့ကပြောပါတယ်။
အလားတူ ကော့ကရိတ်မြို့မှာလည်းပူးပေါင်းတပ်တွေက မြို့ဝန်းကျင်ကို ပိတ်ဆို့တိုက်ခိုက်လာတဲ့အပေါ်ကြောက်လန့်နေတဲ့စစ်တပ်ဟာ မြို့နေပြည်သူတွေကို ဓားစာခံအဖြစ် ပိတ်ဆို့ထားတယ်လို့စစ်ရေးသတင်းရင်းမြစ်တွေကပြောပါတယ်။
ကော့ကရိတ်မြို့ရှိ မြို့မဘုန်းတော်ကြီးကျောင်း ဆရာတော်ကိုယ်တိုင်က ပြည်သူတွေကိုထွက်ခွာခွင့်ပေးဖို့စစ်ကောင်စီထံ မေတ္တာရပ်ခံပေမယ့် စစ်တပ်က လက်မခံဘူးလို့သိရပါတယ်။
ကော့ကရိတ်မြို့သိမ်းတိုက်ပွဲကို တော်လှန်ရေးပူးပေါင်းတပ်တွေက ၂၀၂၃ ဒီဇင်ဘာ ၁ရက်ကနေ လေးလကြာတိုက်ခိုက်ခဲ့ဖူးပါတယ်။ မြို့ရဲ့ ၇၀ရာခိုင်နှုန်းအထိ တော်လှန်ရေးတပ်တွေက သိမ်းပိုက်ထိန်းချုပ်ထားနိုင်ခဲ့ပေမယ့် မြို့လယ်မှာရှိတဲ့ အမှတ်(၉၇)ခြေလျင်တပ်ရင်း ဌာနချုပ်နေရာမှာ စစ်တပ်ကခံစစ်ကိုအသေအချာပြင်ခုခံခဲ့ပါတယ်။ ဒါကြောင့် ခလရ ၉၇ ကိုမသိမ်းနိုင်ခဲ့ပဲ ၂၀၂၄ ဧပြီလမှာတော့ စစ်ကောင်စီတပ်ကအောင်ဇေယျစစ်ကြောင်းဝင်လာချိန်နဲ့ တပြိုင်တည်း အင်အားအလုံးအရင်းနဲ့ ထိုးစစ်ပြန်ဆင်ခဲ့လို့တော်လှန်ရေးတပ်ဖွဲ့တွေ မြို့တွင်းကပြန် ဆုတ်ခွာခဲ့ရတာပါ ။
ဒါကြောင့် ကော့ကရိတ်တိုက်ပွဲဟာ တော်လှန်ရေးတပ်တွေအတွက် မကြေပွဲပြန်နွှဲကြတာဖြစ်ပါတယ်။ လက်ရှိအခြေအနေဟာ တပ်မဟာ(၆)နယ်မြေက တောင်ပိုင်းသားတွေဟာ ကော့ကရိတ်တနယ်လုံးကို စစ်မျက်နှာဖွင့်ပြီး စစ်ကောင်စီတပ်စခန်းအားလုံးကို တိုက်ခိုက်နေတာလို့ စစ်ရေးသတင်းရင်းမြစ်က ရှင်းပြပါတယ်။
ဒါကြောင့် တောင်ပိုင်းသားတွေရဲ့ဒီတစ်ကြိမ်ထိုးစစ်ဟာ စစ်ရေးလေ့လာသူတွေ လက်မလွတ်ပဲစောင့်ကြည့်ရမယ့် ၊နွေဦးတော်လှန်ရေးအတွက်အရေးပါတဲ့ တိုက်ပွဲတွေ ဖြစ်နေပါတယ် ။ ။
