Scorpio/People’s Spring
ငလျင်ကြောင့် အက်ကွဲကြောင်းကြီးတွေ ဖြစ်ပေါ်နေတဲ့ မန္တလေး၊ အမရပူရမြို့နယ်၊ ဧရာဝတီမြစ်ကမ်းနားလမ်းနဲ့ မနီးမဝေးမှာ အနည်းငယ် ယိုင်နဲ့နေတဲ့ နှစ်ထပ်သွပ်မိုးထရံကာ အိမ်လေးတလုံးရှိတယ်။ အဲဒီအိမ်လေးဟာ ငလျင်ကြောင့် ယိုင်နဲ့သွားတာဖြစ်ပြီး လက်သမားခေါ်ကာ ပြုပြင်ထားရတယ်လို့ အိမ်ရှင်ဖြစ်တဲ့ ကိုဘမြင့်(အမည်လွှဲ)က ပြောတယ်။
ငလျင်အပြီးမှာလည်း ပူပြင်းလွန်းတဲ့ အပူဒဏ်ကြောင့်ကိုဘမြင့်ဟာ အလုပ်ကောင်းကောင်းမလုပ်နိုင်သေးဘူးလို့ ဆိုတယ်။ ညနေ ၆ နာရီထိုးခါနီးပေမဲ့ မကျသေးတဲ့နေရောင်ကြောင့် ကိုဘမြင့် ချွေးတွေတကိုယ်လုံး ရွှဲနစ်နေတယ်။”ပူတာတော်တော်ဆိုးတယ်။”လို့ ကိုဘမြင့်က ပြောတယ်။
မြန်မာနိုင်ငံဒေသအများစုမှာ နေ့အပူချိန်တွေ ပြန်လည်မြင့်တက်လာနိုင်ပြီး လေပြင်းတိုက်ခိုက်မှုနဲ့ မိုးကြီးမယ့်အန္တရာယ်သတိပြုဖို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ရဲ့ လူသားချင်းစာနာထောက်ထားရေးနဲ့ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာန (MOHADM)က မေလပထမပတ်အတွင်းက ထုတ်ပြန်ထားပါတယ်။

Public Service Announcement
နေ့အပူချိန်များ ပုံမှန်အထက် မြင့်တက်နိုင်တဲ့ ဒေသတွေမှာ ငလျင်ဘေးဒဏ်သင့်ခဲ့တဲ့ မန္တလေးတိုင်းနဲ့ နေပြည်တော်၊ ရှမ်းပြည်နယ်တို့ပါ ပါဝင်နေတာကို တွေ့ရပါတယ်။
ငလျင်ဘေးဒဏ်သင့် မန္တလေးတိုင်းအပါအဝင် အလယ်ပိုင်းဒေသများမှာ ဧပြီလနှောင်းပိုင်းက နေ့အပူချိန်တွေမြင့်တက်ခဲ့ပြီး Heat Stroke (အပူရှပ်)လက္ခဏာကြောင့် လူသေဆုံးမှုအချို့ရှိခဲ့ပါတယ်။
ငလျင်ဘေးဒဏ် ခံခဲ့ရတဲ့ စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်မှာလည်း အပူဒဏ် ပြင်းထန်စွာ ခံစားနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ “စစ်ဘေးကြုံနေတုန်း ငလျင်ဘေးခံရတယ်။ အခု အပူဒဏ်ပါ တော်တော်ဆိုးဆိုးခံနေရတယ်။”လို့ ဒေသခံတဦးက ဖွင်ဟပါတယ်။
အပူဒဏ်ကြောင့် ရွှေဘိုခရိုင်ထဲက စစ်ရှောင်ပြည်သူတွေအတွက် ယာယီ အိမ်တွေ အမြန်ဆောက်လုပ်ပေးနေတယ်လို့ S&C မီးဘေးစစ်ဘေးပညာရေး ကူညီစောင့်ရှောက်ရေးအဖွဲ့ရဲ့တာဝန်ရှိသူက ပြောပါတယ်။
“အိမ်အလုံး ၁၆၀၀ ကျော်ပြီ။ အပူဒဏ်ကြောင့် သေဆုံးတာတွေမရှိသေးပေမဲ့အိမ်မရှိရင်မလွယ်ဘူး။”လို့ အထက်ပါတာဝန်ရှိသူက ပြောပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းကပဲလေကြောင်းတိုက်ခိုက်ခံထားရတဲ့ ခင်ဦးမြို့နယ်မှာတော့ မီးရှို့ခံထားရပြီး ယာယီတဲအိမ်တွေမှာ နေထိုင်နေရတဲ့ပြည်သူတွေဟာ အပူဒဏ်ကို ဆိုးရွားစွာ ခံစားနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။”ကျွန်တော်တို့ဘက် အပူဒဏ်ပြင်းတယ်။လေးဆယ်ကျော်မယ်။”လို့ ခင်ဦးဒေသခံတဦးက ပြောပါတယ်။
ဒါ့အပြင် ခင်ဦးမြို့နယ် အရှေ့ခြမ်းက ရွာတွေမှာဆိုရင် ရေရှားပါးတာတွေ ကြုံတွေ့ရင်ဆိုင်နေရတယ်လို့ ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့ဝင်တဦးက ပြောပြပါတယ်။
အပူချိန်မြင့်တက်နိုင်သလို ဒေသအများအပြားမှာမိုးရွာသွန်းနိုင်ပြီး မွန်းလွဲနဲ့ ညနေပိုင်းအချိန်များမှာ လေပြင်းတိုက်ခတ်ခြင်း၊ မိုးတိမ်တောင်ကြီးများဖြစ်ပေါ်တတ်ခြင်း၊ နေရာကွက်၍ မိုးကြီးခြင်း၊ မိုးသီးများကြွေကျခြင်း၊ လျှပ်စီးလက်ခြင်းနဲ့ မိုးကြိုးပစ်ခြင်း စတဲ့ ဘေးအန္တရာယ်များ ဖြစ်ပေါ်နိုင်တယ်လို့ MOHADMက သတိပေးထားပါတယ်။
ပြီးခဲ့တဲ့ ဧပြီအတွင်းကပဲ မန္တလေးမြို့အပါအဝင် ငလျင်ဘေးဒဏ်သင့်ဒေသများမှာ နေရာကွက်မိုးကြီးခဲ့ပြီး လေပြင်းတိုက်ခတ်ခဲ့ပါတယ်။ မိုးကြီးကာ လေပြင်းခဲ့တာကြောင့် ငလျင်ဘေးသင့် အဆောက်အအုံတွေပြိုကျတာ၊ ယာယီတဲတွေထဲ နေထိုင်လို့မရတာတွေ ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
မေလ ၄ရက်နေ့ကပဲ မန္တလေး၊ပြင်ဦးလွင်အစပ်နေရာတွေမှာ မိုးကြီးပြီး ဆည်တော်လေးဆည်ရေ လျှံလို့ ကျေးရွာတချို့ ရေဝင်ကာရေဘေးကြုံခဲ့ရပါသေးတယ်။
အဲဒီလို မိုးကြီးမှာကိုလည်း ခင်ဦးဒေသခံတွေ စိုးရိမ်နေကြရပြန်ပါတယ်။ ဘာလို့လဲဆိုတော့ ယခုလို ရာသီမှာ ပဲတီစိမ်းတွေ၊ နှမ်းတွေစိုက်ထားတော့ မိုးများတာတွေ၊ မိုးသီးကျတာတွေရှိလာရင် ပျက်စီးနိုင်တာကြောင့် စိုးရိမ်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
“ကျွန်တော်တို့ဘက်က မိုးသီးတွေကျရင်သီးနှံအများစုကပျက်တယ်။လယ်ပြီးတဲ့အချိန်စိုက်တော့ အပွင့်အသီးတွေလာတဲ့အချိန် အဲလိုမျိုး(မိုးသီးက်)တာတွေ လာတာမ်ားတာ။ အဲလိုမျိုး ရွာလိုက်ပြီဆို ပျက်ကြတာ။”လို့ခင်ဦးဒေသခံတဦးကပြောပါတယ်။
ဒါ့အပြင် စစ်ကိုင်းငလျင်ကြီးရဲ့ နောက်ဆက်တွဲငလျင်တွေလည်း ဆက်လက်လှုပ်ခတ်နေပြီး ဒီကနေ့မေလ ၉ ရက်နေ့ မနက် ၇ နာရီ ၁၈ မိနစ်ခန့်ကလည်း ပဲခူးတိုင်း၊ ညောင်လေးပင်မြို့မြောက်ဘက် ၂၂ ကီလိုမီတာအကြာ၊ မြေအောက်အနက် ၁၀ ကီလိုမီတာကိုဗဟိုပြုပြီး ရစ်ခ်တာစကေး ၄.၂ အဆင့်နဲ့ အင်အားအသင့်အတင့်ရှိတဲ့ မြေငလျင်တစ်ခု ထပ်မံလှုပ်ခတ်ခဲ့တယ်လို့ MOHADMက ထုတ်ပြန်ထားပါတယ်။
စစ်ကိုင်းငလျင်ကြီးရဲ့ နောက်ဆက်တွဲငလျင်ငယ်များ ဆက်လက်လှုပ်ခတ်နိုင်တဲ့အတွက် ငလျင်ဘေးဆောင်ရန်၊ ရှောင်ရန်၊ သတိပြုရန်များနဲ့အညီ နေထိုင်ကြဖို့ MOHADMက ထပ်မံအသိပေးထားပါတယ်။
အမရပူရမှာ နောက်ဆက်တွဲငလျင်တွေကို သိပ်မစိုးရိမ်ကြတော့ပေမဲ့ ဆက်ပြီးကြုံလာနိုင်တဲ့ သဘာဝဘေးအန္တရာယ်တခု ရှိနေသေးတဲ့အကြောင်း ဒေသခံတွေက ပြောတယ်။ အဲဒါကတော့ မကြာခင် နှစ်လကျော်အတွင်း ဧရာဝတီမြစ်ရေ တက်လာတော့မှာမို့ ငလျင်ကြောင့် ပျက်စီးသွားတဲ့ ဧရာဝတီမြစ်ကမ်းနားလမ်းတာရိုးဟာ ရေမထိန်းနိုင်တော့မှာ စိုးရိမ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
“ဝါဆိုလောက်ဆို ရေကလာတော့မှာ။ ကြားထဲ နှစ်လလောက်နဲ့လမ်းကဘယ်လိုမှပြီးမှမဟုတ်ဘူး”လို့ ကိုဘမြင့်က ပြောတယ်။
ပြီးခဲ့တဲ့ ၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လ(၁၉)ရက်နေ့တုန်းက အခုလမ်းပျက်စီးခဲ့တဲ့နေရာအနီးက (ရွှေဂဲရေထိန်းတံခါးနား) တာရိုးကျိုးလို့ အမရပူရက ပြည်သူသောင်းချီ ရေဘေးသင့်ခဲ့ဖူးပါတယ်။ ငလျင်ကြောင့်ပျက်စီးသွားတဲ့ တာရိုးကို အချိန်မီမပြုပြင်နိုင်ရင် ဒီနှစ်ရေကြီးခါ ရေဘေးပါသင့်နိုင်တယ်လို့ အမရပူရဒေသခံတချို့က ပြောပါတယ်။
“ဖြစ်လာတာ ရင်ဆိုင်ရုံပဲ”လို့ ကိုဘမြင့်က သက်ပြင်းချရင်း ပြောလိုက်ပါတယ်။ ။
