ရှိန်း/People’s Spring
သားရှင်ပြုအလှူလေးလုပ်ဖို့ မသဲဖြူတို့ မိသားစုစိတ်လှုပ်ရှား နေကြပါတယ်။ကိုရင်ဝတ်ချင်လွန်းတဲ့ ၁၀နှစ်အရွယ်သားဖြစ်သူက အိမ်ကိုပြန်မလာ။ဘုန်းကြီးကျောင်းမှာသာ အနေများပါတယ်။ဘုန်ကြီးကျောင်းမှာပျော်မွှေနေတဲ့ သားတော်မောင်ကကိုရင်ဝတ်ချင်လွန်းလှတာမို့ အလှူလုပ်ပေးရမှာကို မိသားစု စိတ်လှုပ်ရှားနေကြတာပါ။
“တခါမှလည်းမလုပ်ဘူး တော့ ကျုပ်ဖြင့်ရင်လည်းခုန်တယ်။ကြည်လည်းကြည်နူးတယ်။ကိုယ့်သားလေး ကလည်းတအားကို ဝတ်ချင် နေလို့လေ”လို့မသဲဖြူက ပြောပါတယ်။
မသဲဖြူဟာ အသက်၃၃နှစ်အရွယ်အညာသူတဦးဖြစ်တာမို့ စကား ပြောရင်အညာသံပါပါပြောလေ့ရှိပါတယ်။ အမျိုးသားဖြစ်သူ ကိုလင်းကိုကသူ့ထက်၁ နှစ်ငယ်ပြီး အသက်၃၂နှစ်အရွယ်သာရှိပါသေးတယ် ။ သားကြီးဖြစ်သူက၁၀နှစ် နဲ့ သမီးဖြစ်သူက၄နှစ်အရွယ်ရှိပါပြီ။

Public Service Announcement
အညာမှာ သားဖြစ်သူဆယ် ကျော်သက်မတိုင်ခင်မှာ မိဘ တွေက ရှင်ပြု ပေးဖို့ လုံးပန်းကြတာရိုးရာတခုပါ။ အခုလည်း ချောင်းဦးမြို့နယ်၊အနိမ့်ကျေးရွာက မသဲဖြူတို့လင်မယားဟာလက်လုပ်လက်စားတွေဖို့ ငွေယားလေးစုနိုင်အောင် အလုပ်တွေအများကြီးကြိုးစားခဲ့ရတာပါ။
ရွာမှာလယ်ပိုင်၊ယာပိုင်မရှိ လက်လုပ်၊လက်စားတွေမို့ အမျိုးသားဖြစ်သူက၂၀၂၄ခုနှစ် ဩဂုတ်လမှာ တခြားနယ်ကိုအလုပ်သွားလုပ်ပါတယ်။ကားမောင်းသူရဲ့နောက်လိုက်အကူ ၊အမဲဆီထုတ်တာမှာအကူသ ဘောမျိုးလုပ်ရတာပါ။ ပထမငါးလ လောက်က တရက်ကို မြန်မာကျပ်ငွေကျပ်တစ်သောင်းရပါတယ်။
၂၀၂၅ခုနှစ်မှာတော့လုပ်ခတွေတိုးရလာပြီးတစ်လကို ငွေကျပ်ငါးသိန်းအထိရလာပါတယ်။ရတဲ့လုပ်ခတွေကို ကျစ်ကျစ်ပါအောင်စုပြီး ကိုးလလောက်အလုပ်လုပ်ပြီး ရွာပြန်လာပါတယ်။အမျိုးသားဖြစ်သူအလုပ်သွားလုပ်ချိန်မှာ မသဲဖြူကလည်း ရွာမှာရသမျှအလုပ်လုပ်ကိုင်ရင်းပိုက်ဆံစုခဲ့ပါတယ်။
ဖခင်ပြန်မလာခင်ကတည်းက သားကြီးဖြစ်သူကအဖေလာရင် ခေါင်းတုံးမယ်၊ကိုယ်ရင်ဝတ်မယ်လို့ ပူဆာ နေတာမို့ သားဖြစ်သူဆန္ဒကိုလည်းဖြည့်ဆည်း ပေးဖို့ တစ်မိသားစုလုံးဆန္ဒပြင်းပြနေကြတာပါ။ ဒါနဲ့ ရှိတဲ့ငွေလေးတွေကိုစု ပေါင်းပြီး မေလ ၁၁ ရက် နေ့ကို ဘုန်းကြီး ကျောင်းမှာ တမနက်ခင်းအလှူလေး လုပ်ဖို့ပြင်ဆင်ကြပါတယ်။
“မဏ္ဍပ်ကြီးထိုးပြီး အလှူကြီးမဟုတ်ပါဘူး။ဘုန်းကြီး ကျောင်းကိုပဲ အပြတ်လှူပြီး တမနက်ခင်း ကျွေးလေး လုပ်ဖို့ပါ”လို့မသဲဖြူက ပြောပါတယ်။
မေလ ၁၀ ရက်နေ့ မနက်ခင်းမှာ တော့အလှူဝင်နေ့မို့ မသဲဖြူတို့မိသားစု ရင်တခုန်ခုန် နဲ့ ပြင်ဆင် နေကြပါတယ်။ပထမဦးဆုံး မိသားစု တွေထမင်းစားသောက်ပြီးတာနဲ့ မသဲဖြူက မိခင်ဖြစ်သူနဲ့အတူ ၄နှစ်အရွယ်သမီးငယ်ကို ခေါ်ကာ ရိုးရာအတိုင်း မိဆိုင်၊ဖဆိုင်နတ်တွေသွားတင်ရပါတယ်။
မြောင်နယ်အထိ နတ်သွားတင်ရပြီး တခြားရွာတွေကိုလည်းသွားတင်ရပါတယ်။အဲဒီနောက် ရွာထဲက အပ်ချုပ်ဆိုင်မှာ မနက်ဖြန်အလှူဝတ်မယ့် အင်္ကျီ လေးသွား ရွေးလာခဲ့ပါတယ်။
အဲဒီအချိန် ကျေးရွာ လေကြောင်းရန်ကာကွယ်ရေးက သတိပေးသံကြားသဲ့သဲ့ကြားရပါတယ်။တကယ်က မသဲဖြူတို့အိမ်ကရွာအစွန်မှာရှိတာမို့ သတိပေးသံကအဲ့လောက် မကျယ်ခဲ့ပါဘူး။ရွာထဲက တယောက်တပေါက် ပြောကြတဲ့အသံ တွေကြောင့် စက်တပ် လေထီး ( Paramoter )လာတယ်ဆိုတာသိလိုက်ပါတယ်။မသဲဖြူလည်းအိမ်ကိုရောက်အောင်ပြန်ခဲ့ပါတယ်။
ဘုန်းကြီးကျောင်းကသားဖြစ်သူလည်းပြန်ရောက်လာသလို သူငယ်ချင်းရဲ့ကားဝပ်ရှော့ပ်ကိုသွားနေတဲ့အမျိုးသားဖြစ်သူကလည်းရောက်လာပါတယ်။
မြေစိုက်ထရံကာအိမ်ကလေး ထဲမှာ မသဲဖြူ၊သားနဲ့ သမီးဖြစ်သူတို့ရှိ နေပါတယ်။အဖီချထားတဲ့ တဲအောက်က ကွပ်ပျစ်ပေါ်မှာ အမျိုးသားက သူ့ရဲ့ သူငယ်ချင်းဖြစ်သူနဲ့အတူထိုင် နေပါတယ်။အလှူဖိတ်ဖို့အတွက် တိုင်ပင် နေကြတာပါ။
အဲဒီနောက် ကျေးရွာ လေကြောင်းရန်ကာကွယ်ရေး သတိပေးသံနဲ့ ဗုန်းချသံကိုတပြိုင်ထဲကြား
လိုက်ရပါတယ်။ဗုံးသီးတွေက မသဲဖြူတို့ရှိတဲ့နေအိမ် ပေါ်နဲ့ အမျိုးသားဖြစ်သူတို့ ရှိနေတဲ့အပေါ်တည့်တည့်ကြီးကိုကျလာပါတယ်။
“အုန်းခနဲဆို ကျွန်မသတိမေ့သလို ဖြစ်သွားတယ်။သတိရလို့ကြည့်လိုက်တယ်။အမေ အမေနဲ့ ကျွန်မသမီးက ကုန်းကုန်း လေး။အဲတာနဲ့ဟော်တော်ငါ့သမီးလေးဘာမှမဖြစ်ဘူးဆိုပြီးပွေ့ချီပြီးသားလေးကိုရှာလိုက် တော့ မြင်ရက်စရာကို မရှိပါဘူး။သွေးတွေနဲ့ မျော့ နေပြီ”လို့ မသဲဖြူက အော်ငိုလိုက်ရင်း ပြောပါတယ်။
သားဖြစ်သူက သွေးထွက်လွန် နေတာကိုကြည့်ပြီး အားကိုးစရာအိမ်အပြင်ဘက်အရင်ပြေးထွက်ပြီးခင်ပွန်းဖြစ်သူကိုကြည့်လိုက် တော့ ခန္ဓာကိုယ်အပိုင်းပိုင်းပြတ်ပြတ် သွေးအိုင်ထဲက ခင်ပွန်းဖြစ်သူကို တွေ့လိုက်ပါတယ်။
“ရင်နာစရာ ကောင်းချက်က တော့ ကျွန်မစိတ်ကိုမဖြေသာဘူး။ကျွန်မသမီးလေး အသက်ရှင်ရေးကို ထိန်းပြီးတော့လေ။ကျွန်မ ရူးမတက်ပါပဲ”လို့ မသဲဖြူကငိုနေရင်းဆက် ပြောပါတယ်။
ယောကျာ်းဖြစ်သူအပြင်အတူရှိနေတဲ့ သူငယ်ချင်းပါ သေဆုံးခဲ့တာပါ။အပိုင်းပိုင်းပြတ်ကာ သွေးအလိန်းလိန်းဖြစ် နေတဲ့သားနဲ့ ယောကျာ်းကိုကြည့်ရင်း နောက်တကြိမ် စက်တပ် လေထီးတပ်လာတယ်ဆိုတဲ့ အသံကြောင့် သမီးငယ်ကိုပွေ့ချီကာ နေရာက နေ မသဲဖြူထွက် ပြေးခဲ့ပါတယ်။
ဒါပေမယ့်မသဲဖြူရဲ့ခြေထောက်က ဗုံးစထိမှန်တဲ့ နေရာက သွေး တွေပန်းထွက် နေသလို သမီးငယ်ရဲ့ ပေါင်နဲ့လက်ကဒဏ်ရာကလည်းသွေးတလစပ်ထွက်နေပါတယ်။
ကယ်ကြပါ၊ကူကြပါ အော်ဟစ်ရင်းဝါးနှစ်ပြန်စာ လောက် ပြေးပြီးတဲ့ နောက် ဒဏ်ရာကြောင့်ဆက်မပြေးနိုင်တော့ပဲလဲကိသွားပါတယ်။ လေထီးထပ်တက်လာတဲ့အသံကြားထဲမှာ သမီးငယ်ကို ရင်ဘတ်မှာပိုက်ရင်းမြေကြီးပေါ် ပက်လက်လှန် လှဲချလိုက်ပါတယ်။
“သားအမိနှစ် ယောက်ဖြစ်ပါ လေ့စေ တော့ဆိုပြီး ဒါပေမယ့်လည်း ထပ် တော့မလာပါဘူး”လို့ မသဲဖြူကပြောပါတယ်။
မေလ၁၁ရက် နေ့မှာ ရှင်ပြုမယ့်သားဖြစ်သူမောင်ရင်လောင်း နဲ့အ လှူဒါယိကာတို့ဆုံးပါးသွားခဲ့ပါတယ်။ ဒါကြောင့်မေလ၁၁ရက် နေ့မနက်မှာ ရှင်ပြုအလှူအစား သက်ပျောက် ဆွမ်းသာကပ်လိုက်ရပါတယ်။
“ရည်မှန်းချက်ထားတာပေါ့။ကျွန်မသားလေးကို ရှင်ပြုရမယ်ဆိုတဲ့ ဇွဲနဲ့။ဒါပေမယ့်တချက်ကလည်း အဲဒီလေထီးလာတာကို သိရဲ့သားနဲ့ လှူဖို့အရေးပဲ ကျုပ်က နှလုံးသွင်း တော့ သတိမေ့သလိုလည်း ဖြစ်သွားတဲ့သ ဘောပါ”လို့ သူ့ကိုယ်သူအပြစ်ဖွဲ့သလို ငိုနေရင်းပြောပါတယ်။
၂၀၂၅ခုနှစ်အတွင်းမှာ မုံရွာမြို့ အနောက် မြောက်တိုင်းစစ်ဌာနချုပ်အနီးမှာ စစ်ကောင်စီက စက်တပ် လေထီးအထိုင်စခန်းတခုပြုလုပ်ပြီး တရစပ်လေ ကြောင်းတိုက်ခိုက်မှု တွေပြုလုပ်ခဲ့ပါတယ်။
ချောင်းဦးမြို့နယ်မှာဆို နေ့တိုင်းနီးပါး ဒီစက်တပ် လေထီး တွေဟာ တရက်ကို၂စီးအထိ ကျေးရွာတွေ အ ပေါ်ဝဲခဲ့သလို ဗုံးကြဲတာတွေလည်းပြုလုပ်ခဲ့တယ်လို့ ဒေသခံ တော်လှန်ရေး တပ်ဖွဲ့ခေါင်း ဆောင်တဦးက ပြောပါတယ်။
စက်တပ် လေထီးနဲ့ ဗုံးကြဲမှုမှာ ချောင်းဦးမြို့နယ်အတွင်းမှာ အရပ်သားပြည်သူသေဆုံးထိခိုက်တာ တွေဆက်တိုက်တိုးလာနေပါတယ်။
စစ်တပ်ရဲ့ အရပ်သား တွေကိုပစ်မှတ်ထားလာတဲ့ ၂၀၂၅ခုနှစ် နောက်ပိုင်း လေကြောင်းတိုက်ခိုက်မှုတွေမှာ သာမန်အရပ်သားမသဲဖြူတို့ မိသားစုလည်း ပါဝင်ခဲ့ပါတယ်။
“ကျွန်မအဲဒီ နေ့က သင်္ကန်းကပ်ခဲ့ရပါတယ်။သူတို့ကိုရည်စူးပြီးတော့ ။အလှူရေစက်ကတော့ဖြစ်မလာခဲပါဘူး”လို့ မသဲဖြူကဖွင့်ဟပါတယ်။ ။
