ဇေအောင်/People’s Spring
အာဏာသိမ်းကာလအတွင်း စစ်ဘေးဒဏ် လှိမ့်နေအောင် ခံရတဲ့ အညာပြည်သူတွေအတွက် အခုတခါအလှည့်ကျလာတာကတော့ ရေဘေးပါ။ နှစ်စဥ်ကြုံနေကျရေဘေးဟာ အဘက်ဘက်က ပြိုလဲနေတဲ့ အာဏာသိမ်းကာလအတွင်းမှာတော့ပိုမိုးဆိုးရွားစွာ ရင်ဆိုင်လာရပါတယ်။
အဦးဆုံး ရေဘေး ကြုံတွေ့ခဲ့ရသူတွေကတော့ စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်က ပဲနှမ်းစိုက် တောင်သူတွေပါ။ ဒီပဲယင်းဟာ စစ်ကောင်စီရဲ့မြေပြင်စစ်ကြောင်းတွေ၊ လက်နက်ကြီးနဲ့ ပစ်ခတ်မှုတွေ၊ လေကြောင်းတိုက်ခိုက်မှုတွေ မကြာခဏ ရှိနေတယ်။
ပြီးခဲ့တဲ့ မေလ(၁၂)ရက်နေ့ကပဲ ဒီပဲယင်းမြို့နယ်က အိုးတိန်တွင်းကျေးရွာ စာသင်ကျောင်းတည့်တည့်ကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့လို့ ကလေးငယ် ၂၂ ဦး နဲ့ဆရာမ ၂ ဦး စုစုပေါင်း ၂၄ ဦး သေဆုံးခဲ့ရပါတယ်။

Public Service Announcement
အဲဒီလို တိုက်ခိုက်မှုတွေကြားကနေ ဒီပဲယင်းမြို့နယ်က တောင်သူတွေဟာ ရာသီအလိုက် သီးနှံတွေကို စွန့်စွန့်စားစား စိုက်ကြရတယ်။ ဒီရာသီမှာ စိုက်ကြတာက ပဲတီစိမ်းနဲ့ နှမ်းပါ။ ပဲတခင်း တဧက ကျပ် ၈ သိန်းခန့်အရင်းရှိပြီး လေးဧကဆိုရင် သိန်း ၃၀ ကျော် ရင်းရတယ်။ ထွက်လာရင်တော့ ၄ ဧက သိန်း ၂၀ဝ လောက်ရတော့ တောင်သူတွေ အတော်လေးအားစိုက်လုပ်ကြတယ်။
ဒါပေမဲ့ သီးနှံကောက်ရတော့မယ့်အချိန် မေလတတိယပတ်လောက်မှာ မိုးက သည်းကြီးမည်းကြီးရွာနေတော့တာကြောင့် သီးနှံတွေ ရေမြုပ်ကာ ပျက်စီးသွားရပါတော့တယ်။
“တချို့ဆို ကောက်တောင်နေပြီ။ သီးနေပြီ။ နှစ်တိုင်းပဲဖြစ်နေတာ။ သီးလို့တချို့ဆို တခါကောက်ပြီးပြီ။ ကောက်ရမယ့်အချိန်မှာ အခုလိုဖြစ်သွားတာ။”လို့ ဒေသခံတဦးက ပြောပါတယ်။
ပျက်စီးဆုံးရှုံးမှုက ဒီပဲယင်းတနယ်လုံး ဧကထောင်ချီပျက်စီးနိုင်ပြီး တောင်သူတွေ စိတ်ညစ်နေရကြောင်း S&C မီးဘေးစစ်ဘေးပညာရေး ထောက်ပံ့ကူညီရေးအဖွဲ့မှ ကိုစိုးမိုးအောင်က ပြောပါတယ်။
၂၀၂၃ ခုနှစ် မေလအတွင်းက တိုက်ခတ်ခဲ့တဲ့ မိုခါဆိုင်ကလုန်းမုန်တိုင်းတုန်းကလည်း အခုလိုပဲ ဒီပဲယင်းနယ်အပါအဝင် ဒေသခံအချို့မှာ သီးနှံတွေ ပျက်စီးခဲ့ဖူးပါတယ်။
ဒီပဲယင်းလိုပဲ ၂၀၂၃ ခုနှစ် မေလ မိုခါမုန်တိုင်းတိုက်ခိုက်ချိန်က အပျက်အစီးတွေ ရှိခဲ့ဖူးတဲ့ စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်မှာလည်း မြောက်ယမားတမံ ရေပိုလွှဲကနေ ရေတစ်ပေ ကျော်ကျပြီး အဝါရောင်အဆင့် ရောက်ရှိနေလို့ မြောင်းဘေးဝန်းကျင်ရွာတွေ သတိထားနေထိုင်ဖို့ သတိပေးထားတယ်လို့ ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဦးဇော်ထက်က ပြောပါတယ်။
“နောက်ထပ်တော့ မတိုးဘူး။ မိုးဆက်မလိုက်လာလို့။ မိုးဆက်လာမှာပဲစိုးရတာ။”လို့ ဦးဇော်ထက်က ပြောပါတယ်။
မြောက်ယမားတမံက မြောင်းရေဟာ ယင်းမာပင်နယ်အထိ စီးဆင်းတဲ့အတွက် ယင်းမာပင်နယ်က ချောင်းနဲ့ကျေးရွာတဝိုက်ဒေသခံတွေ ဂရုစိုက်နေထိုင်ဖို့ သတိပေးထားကြောင်း ယင်းမာပင် ကာကွယ်ရေးအဖွဲ့တွေက ပြောပါတယ်။
တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့ မန္တလေးတိုင်း၊ မြင်းခြံခရိုင်မှာတော့ စစ်ဘေးသင့်ပြည်သူတွေ ရေဘေးကြီးတခု ရင်ဆိုင်ခဲ့ရပါတယ်။ မြင်းခြံကနေ မန္တလေးတို့၊ ရန်ကုန်တို့ သွားမယ်ဆိုရင် မြင်းခြံနဲ့တောင်သာနယ်ထဲ တိုက်ပွဲတွေဖြစ်ပွားနေတာကြောင့် ခရီးသည်တင်ယာဥ်တွေဟာ အရင်လမ်းရိုးလမ်းဟောင်းအတိုင်း သွားလာလို့မရတော့ပါဘူး။
ပြီးခဲ့တဲ့ မေလ (၂၆)ရက်နေ့က မန္တလေးတိုင်း၊ တောင်သာမြို့နယ်မှာ မြင်းခြံ- ရန်ကုန် ခရီးသည်တင်ယာဥ်တစ်စီးဟာ ဇဂျမ်းနဲ့ တောင်သာကြားလမ်းကနေ ဖြတ်သန်းလာပါတယ်။ အဲဒီအချိန်မှာ ချောင်းရေလျှံနေတဲ့ ဆင်တဲဝချောင်းထဲ ဖြတ်သန်းလိုက်တာ ခရီးသည်တင်ကားကြီး ရေထဲတရွေ့ရွေ့ မျောပါသွားတယ်။ အနီးနားက ပြည်သူတွေ စုပေါင်းကယ်ကြလို့ ကားပေါ်ပါသူတွေ အသေအပျောက်မရှိခဲ့ဘူးလို့ ဒေသခံတွေက ပြောပြတယ်။
“ခရီးသည်တွေတော့ အထိအခိုက်မရှိဘူး။ ကားကတော့ ရစရာမရှိဘူး ပျက်စီးသွားတယ်။”လို့ မြင်းခြံဒေသခံတဦးက ပြောပြတယ်။
တိုက်ပွဲတွေဖြစ်ပွားနေတာရယ်၊ တိုက်ပွဲလွတ်တဲ့ရှောင်ကွင်းလမ်းတွေမှာလည်း ရေကြီးနေတာရယ်ကြောင့် မြင်းခြံကနေ နယ်ဝေးသွားဖို့ခက်နေတယ်လို့ ဒေသခံတွေက ပြောပြပါတယ်။
စစ်ဘေးလည်း စစ်ဘေးအလျောက် ဒုက္ခများနေရသလို ငလျင်ဘေးအကြီးအကျယ် ကြုံခဲ့ရတဲ့ မန္တလေးတိုင်း၊ အမရပူရမြို့နယ်မှာလည်း လာမယ့်ရေဘေးအတွက် စိုးရိမ်နေရတယ်လို့ ဒေသခံတွေက ပြောပြပါတယ်။
အမရပူရ၊ ရွှေကြက်ယက်ဘူတာအနီးက ရေထိန်းတံတံခါးတခု ငလျင်မှာ ပျက်စီးသွားတာကြောင့် ရေမဝင်တာကြာပြီဖြစ်တဲ့ရပ်ကွက်တွေ ရေပြန်လည်ဝင်ရောက်လာနိုင်ကြောင်း ဒေသခံတွေက ပြောပါတယ်။
ဒါ့အပြင် ယခင်က တာရိုးကျိုးဖူးတဲ့ ရွှေခဲရေထိန်းတံခါးနားက တာရိုးလမ်းလည်း ငလျင်ကြောင့် ပျက်စီးသွားလို့ ဒီနှစ် ရေဘေးပိုမိုကြုံတွေ့လာနိုင်တယ်လို့ အမရပူရဒေသခံတွေက ပြောပါတယ်။
“ရေကလာတော့မှာ။ တစ်လလောက်ပဲလိုတော့ ပြင်လည်းမမီတော့ဘူး။”လို့ ရေဝင်နိုင်တဲ့ရပ်ကွက်မှာ နေထိုင်သူတဦးက ပြောပါတယ်။
အမရပူရက တောင်ကြီးတံတား ပျက်စီးသွားတဲ့အတွက် ရေကြီးလာရင် တံတားတဖက်ကပြည်သူတွေ မြို့ပေါ်ကူးဖို့ အခက်အခဲတွေ့နိုင်ကြောင်း ဒေသခံတွေက ပြောပါတယ်။
“ရေကြီးလာရင် အဲတံတားပေါ်က ဖြတ်ရတာ။ အခုအဲဒီတံတားကျိုးသွားတော့ ရေကြီးရင် ကူးလို့မရတော့ဘူး။”လို့ ဒေသခံ အမျိုးသားတဦးက ပြောပါတယ်။
ငလျင်ဒဏ် ပြင်းထန်စွာ ကြုံတွေ့ခဲ့ရတဲ့ဒေသတခုဖြစ်တဲ့ ဝမ်းတွင်းမြို့နယ်နဲ့ မြစ်သားမြို့နယ်တွေမှာလည်း မိုးရွာသွန်းမှုများလို့ စမုံမြစ်ရေတက်လာခဲ့ပါတယ်။ ရေတွေတက်လာခဲ့ပြန်တာကြောင့် ပြည်သူတွေဟာ မနှစ်က ရေဘေးလိုဖြစ်မှာကြောက်ပြီး ရိက္ခာတွေထင်းတွေကအစ အိမ်အပေါ်ထပ်တွေမှာ ကြိုတင်ရွှေ့ထားကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။
“တချို့တွေ ပစ္စည်းတွေသိမ်းထားကြပြီ။ လူတွေလည်း ငလျင်ကြောက်ရ၊ မိုးကြောက်ရ၊ ရေကြောက်ရနဲ့။”လို့ မြစ်သားဒေသခံတဦးက ပြောပါတယ်။
ဒါ့အပြင် ငလျင်ဘေးမှာလည်း တံတားတွေအများအပြား ပျက်စီးသွားလို့ လာမယ့် ရေကြီးရာသီမှာ အခက်အခဲဖြစ်နိုင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရရဲ့ လူသားချင်းစာနာထောက်ထားရေးနဲ့ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနကတော့ အားကောင်းတဲ့မုန်တိုင်းငယ်အရှိန်ကြောင့်ချင်းပြည်နယ်၊ ကချင်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းတို့မှာ လျှပ်တပြက်ရေကြီးခြင်းနဲ့ မြေပြိုခြင်းတွေကို အထူးသတိပြုသင့်ကြောင်း၊ မြန်မာနိုင်ငံတစ်
ဝန်းလုံးမှာလည်း နေရာစိပ်စိပ်မှ နေရာကျဲကျဲမိုးထစ်ချုန်းရွာသွန်းနိုင်ကြောင်း မေလ(၂၉)ရက်နေ့က သတိပေးထားပါတယ်။
ဒီပဲယင်းနယ်က နစ်နာသွားတဲ့တောင်သူတွေအတွက် မြေဆီတွေ၊ စိုက်ပျိုးရေးအထောက်အကူပစ္စည်းတွေ ပေးချင်ပေမဲ့ ဒီနှစ်မှာ အလှူရှင်နည်းတာကြောင့် လုပ်မပေးနိုင်သေးဘူးလို့ S&C မီးဘေးစစ်ဘေးပညာရေး ထောက်ပံ့ကူညီရေးအဖွဲ့မှ ကိုစိုးမိုးအောင်က ပြောပါတယ်။
“ဗုံးကျဲလို့ ထိခိုက်တာတွေလည်း ပတ်ပေးနေရတာဆိုတော့ ကျနော်တို့က လုံးလည်ချာလည်ရိုက်နေတာ။ ကုန်ကျစရိတ်ကများတယ်လေ။”လို့ သူကဆိုပါတယ်။
“ဟိုးတုန်းက မီးရှို့ခံရလို့၊ စစ်ကြောင်း ကြောင့်မို့လို့ ခုည်းတောင်သူတွေကနစ်ပြီးရင်းနစ်သလိုဖြစ်နေတာ။”လို့ကိုစိုးမိုးအောင်က ပြောလိုက်ပါတယ်။ ။


















































