Connect with us

Hi, what are you looking for?

ဆောင်းပါး

ငလျင်အလွန် ၃ လ အကြာမန္တလေး

မြန်မာပြည်အထက်ပိုင်း မွမွကြေခဲ့တဲ့ စစ်ကိုင်းငလျင်ကြီး ၃ လပြည့်ပါပြီ။ ၃ လ အလွန်မှာ မန္တလေးမြို့ ဘာတွေဖြစ်နေပြီလဲ။ ဘာတွေပြောင်းလဲသွားပြီလဲ။ ကြည့်ကြရအောင်ပါ။

ငလျင်အပျက်အစီးများအား ရှင်းလင်းနေသည်ကို ယနေ့ ဇွန်လ ၂၈ ရက်တွင် တွေ့ရစဥ်။ ဓာတ်ပုံ-ZA

Scorpio/People’s Spring

မြန်မာပြည်အထက်ပိုင်း မွမွကြေခဲ့တဲ့ စစ်ကိုင်းငလျင်ကြီး ၃ လပြည့်ပါပြီ။ ၃ လ အလွန်မှာ မန္တလေးမြို့ ဘာတွေဖြစ်နေပြီလဲ။ ဘာတွေပြောင်းလဲသွားပြီလဲ။ ကြည့်ကြရအောင်ပါ။

ရက်အကြာဆုံး ငလျင်ကယ်ဆယ်ရေးလုပ်ငန်း

ငလျင်ကြီးလှုပ်ခတ်ခဲ့တာ ၃ လတင်းတင်း ပြည့်ခဲ့တာတောင် မနေ့က ဇွန်လ ၂၇ ရက်နေ့အထိ မန္တလေးမြို့၊ Sky Villa မှာ မီးသတ်တွေက ကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်နေရဆဲပါ။ ကယ်ဆယ်ရေးဆိုပေမဲ့ အသက်မရှိနိုင်တော့တဲ့ ရုပ်အလောင်းတွေကို ရှာဖွေနေရတာပါ၊ Sky Villa အဆောက်အဦး (A) အဆောင်နဲ့ (B) အဆောင်တွေကို ယာဉ်ယန္တရားတွေအသုံးပြုပြီး ဖယ်ရှားရှင်းလင်းခြင်းနဲ့ ရုပ်အလောင်းထုတ်ယူနိုင်ရေး ဆောင်ရွက်နေတယ်လို့ မီးသတ်ဦးစီးဌာနကနေ ထုတ်ပြန်ထားပါတယ်။

Public Service Announcement

Public Service Announcement

သုံးလပြည်ဖို့ ရက်ပိုင်းအလို ဇွန် ၂၄ ရက်​နေ့မှာ အမျိုးသမီးတဦးရဲ့ ရုပ်အ​လောင်းထပ်မံ​တွေ့ရှိတယ် လို့ မိသားစုဝင်တစ်ဦးဆီက သိရပါတယ် ။ဒါ​ကြောင့် ငလျင် လှုပ်ပြီး ၃ လကြာတဲ့တိုင် ရုပ်အ​လောင်း​တွေ ရှာ​ဖွေ​ရေးက လက်စမသတ်နိုင်​သေးဘူး ။

●အပြိုအပျက်များ ရှင်းလင်းနေရဆဲ

စစ်ကောင်စီရဲ့အကူအညီ ဘာတခုမှမရတဲ့ ငလျင်ဘေးသင့်ပြည်သူတွေဟာ အပြိုအပျက်တွေကို ကိုယ်ထူကိုယ်ထနဲ့ ရှင်းလင်းခဲ့ရပါတယ်။ စက်

ယန္တရားအခက်အခဲ၊ လုပ်သားအခက်အခဲနဲ့ ငွေကြေးအခက်အခဲတွေကြောင့် ဒီလောက်အထိ ကြာမြင့်နေတာဖြစ်ကြောင်း မြို့ခံတွေက ပြောပါတယ်။ အပြိုအပျက်တွေရှင်းတဲ့အခါ လမ်းပိတ်ရတာကြောင့် လမ်းပိတ်ဆို့မှုတွေ ဖြစ်ပွားနေဆဲဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

●ပြန်လည်ထူထောင်ရေး မလုပ်နိုင်သေး

အိမ်ပြိုသူတွေဟာ ပြန်လည်ထူထောင်ရေးကို မလုပ်နိုင်သေးပါဘူး။ ဆောက်လုပ်ရေးပစ္စည်းတွေစျေးကြီးနေတာ၊ ငွေတန်ဖိုးကျဆင်းနေတာတွေကြောင့် ပြန်မဆောက်နိုင်သေးဘူးလို့ အိမ်ပြိုတဲ့ပြည်သူတွေက ပြောပါတယ်။ ဒါကြောင့် အိမ်ပြိုသူတွေဟာ အိမ်ငှား ဒါမှမဟုတ် ဆွေမျိုးမိတ်ဆွေအိမ်တွေမှာ နေထိုင်နေကြရပါတယ်။ တချို့ကတော့ ကိုယ့်ဝင်းထဲမှာတင် ယာယီနေထိုင်ဖို့ နေအိမ်အသေးတွေ၊ မိုးကာတဲတွေဆောက်ပြီး နေထိုင်နေကြရပါတယ်။

●အခြေခံလိုအပ်ချက်တွေ ပြန်မရသေး

ငလျင်ကြီးလှုပ်ခတ်ပြီးတဲ့နောက် ပျက်စီးသွားတဲ့ အခြေခံလိုအပ်ချက်တွေဟာ ၃ လ ကြာတဲ့အထိ ပြန်လည်ရရှိတာ မရှိသေးပါဘူး။ အပြိုအပျက်များတဲ့ရပ်ကွက်တွေမှာ လျှပ်စစ်မီးမရတာ၊ သောက်သုံးရေ ရေမီတာစနစ် ပြတ်သွားတာ၊ အင်တာနက် ဖိုင်ဘာကြိုးတွေ ပြတ်တောက်နေတာ စတဲ့ လူနေမှုအခြေခံလိုအပ်တာတွေ ၃ လ ကြာတဲ့အထိ ရှိနေဆဲ ဖြစ်ကြောင်း မြို့ခံတွေက ပြောပါတယ်။

●အပြီးပိတ်သိမ်းသွားရတဲ့​ လုပ်ငန်းအများအပြားရှိနေ

ငလျင်ကြောင့် အဆောက်အအုံထိလို့ ရပ်နားသွားရတဲ့ လုပ်ငန်းတွေလည်း အများအပြားရှိသလို အဆောက်အအုံမထိပေမဲ့ မန္တလေးရဲ့စီးပွားရေးအခြေအနေကြောင့် ရပ်ဆိုင်းလိုက်ရတဲ့ လုပ်ငန်းအများအပြားလည်း ရှိနေပါတယ်။ နမူနာတခုထုတ်ပြရရင် မန္တလေးမြို့မှာ အင်မတန်အောင်မြင်ပြီး လူကြိုက်များတဲ့၊ ဧည့်သည်တွေနဲ့ အမြဲစည်ကားနေတဲ့ Space Bar Mandalay ဟာ ပြီးခဲ့တဲ့ မေလ ၂၆ ရက်နေ့ကပဲ အပြီးတိုင် ပိတ်သိမ်းသွားခဲ့ပါတယ်။

“ဆိုင်ခန်းငှားခ မြေငှားခတွေ ဝန်ထမ်းခတွေနဲ့ ဘယ်သူက တောင့်ခံနိုင်မလဲ။”လို့ မန္တလေးက လုပ်ငန်းရှင်တဦးက ပြောပါတယ်။ ဆက်ပြီးလည်း ပိတ်သိမ်းမယ့် လုပ်ငန်းတွေ အများအပြားရှိနေတယ်လို့ မြို့ခံတွေက ပြောပါတယ်။

မန္တလေးက စာဖတ်သူတွေ ပါခဲ့မယ်ဆိုရင် ငလျင် ၃ လပြည့်မှာ ဘာတွေလိုအပ်ချက်ရှိနေတယ်ဆိုတာကို အောက်က ကွန်မန့်မှာ ဝင်ရောက်ဆွေးနွေးသွားပေးလို့ရပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တရုတ်နိုင်ငံ အနောက်မြောက်ပိုင်းမှာ လှုပ်ခတ်ခဲ့တဲ့ မဂ္ဂနီကျု ၆.၃ အဆင့် ငလျင်ကြောင့် လူ ၁ ဦးသေပြီး ၈ ဦး ဒဏ်ရာရခဲ့ပါတယ်။

နိုင်ငံတကာ

အင်ဒိုနီးရှား နိုင်ငံ အလယ်ပိုင်းမှာ မဂ္ဂနီကျု ၆.၇ အဆင့် ငလျင်တစ်ခု လှုပ်ခတ်ခဲ့သလို နောက်ဆက်တွဲ ငလျင်ငယ်တွေပါ ထပ်လှုပ်နေတာကြောင့် ဒေသခံတွေ အထိတ်တလန့် ဖြစ်နေပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့အနီးမှာ ဒီကနေ့ ဇွန်လ၁၅ရက် မနက်အစောပိုင်းက ရစ်ခ်တာစကေး ၄ ဒဿမ ၄ အဆင့် ငလျင်တစ်ခု မြေအနက်တိမ်တဲ့နေရာကို ဗဟိုပြု လှုပ်သွားပါတယ်။

သတင်း

ရန်ကုန်မြို့အနီးမှာ ဒီနေ့ (ဇွန်လ၁၄)ညနေ ၅နာရီ ၉ မိနစ်ခန့်ကရစ်ခ်တာစကေး ၄ ဒဿမ ၁ အဆင့် ငလျင်ထပ်လှုပ်သွားပါတယ်။