Connect with us

Hi, what are you looking for?

ဆောင်းပါး

ဧရာတီမြစ်​ပေါ်က ပေါ်တာတံတား

စက်တင်ဘာလပထမပတ်ထဲက မနက်ခင်းတခုမှာ နာမည်ကျော်စစ်ကိုင်းတံတား(ရတနာပုံ)ပေါ် ယာဥ်သွားယာဥ်လာ အနည်းငယ် ရှိနေတယ်။ အသက် ၂၀ ဝန်းကျင် မောင်ထွန်း(အမည်လွှဲ)ဟာ မန္တလေးမြို့ဘက်ကနေ ဆိုင်ကယ်လေးနဲ့ စစ်ကိုင်းကသူ့အိမ်ဆီ ပြန်လာခဲ့တယ်။ မကြာခင်သူဟာ နာမည်

စစ်ကိုင်းတံတား(ရတနာပုံ)မှာ စစ်အုပ်စုကဖြတ်သန်းသွားလာတဲ့လူငယ်​တွေကို တားဆီးပြီး​ပေါ်တာ​ဆွဲတက်တဲ့​နေရာကိုတွေ့ရစဥ်။

Scorpio/People’s Spring

စက်တင်ဘာလပထမပတ်ထဲက မနက်ခင်းတခုမှာ နာမည်ကျော်စစ်ကိုင်းတံတား(ရတနာပုံ)ပေါ် ယာဥ်သွားယာဥ်လာ အနည်းငယ် ရှိနေတယ်။ အသက် ၂၀ ဝန်းကျင် မောင်ထွန်း(အမည်လွှဲ)ဟာ မန္တလေးမြို့ဘက်ကနေ ဆိုင်ကယ်လေးနဲ့ စစ်ကိုင်းကသူ့အိမ်ဆီ ပြန်လာခဲ့တယ်။ မကြာခင်သူဟာ နာမည်

ကြီးနေတဲ့ စစ်ကိုင်းမြို့အဝင် စစ်ကောင်စီစစ်ဆေးရေးဂိတ်ကို ဖြတ်ရတော့မှာပါ။

စစ်ကိုင်းအဝင် စစ်ကောင်စီစစ်ဆေးရေးဂိတ်ဟာ ပြီးခဲ့တဲ့ သြဂုတ်လထဲကတည်းက လူငယ်တွေကို စစ်မှုထမ်းဖို့ ပေါ်တာဆွဲ ဖမ်းဆီးတာတွေကြောင့် နာမည်ဆိုးနဲ့ လူသိများနေခဲ့တာပါ။ ဖမ်းဆီးခံရတဲ့သူတွေကို စစ်ကိုင်းမြို့ပေါ်က ရပ်ကွက်ရုံးတခုကို အရင်ခေါ်သွားပြီး ငွေညှစ်လေ့ရှိကြောင်း ဖမ်းဆီးခံရဖူးသူတွေနဲ့ နီးစပ်သူတွေက ပြောပါတယ်။

Public Service Announcement

Public Service Announcement

“ရာချီတောင်းတယ်။မပေးနိုင်ဘူးဆိုရင်တပ်မ ၃၃ ထဲ သွားတော့ပဲ”လို့ မိသားစုဝင်ပါသွားလို့ ငွေနဲ့လိုက်ရွေးခဲ့ရသူတဦးက ပြောပါတယ်။ ဒါကြောင့် မောင်ထွန်းဟာ စစ်ကိုင်းတံတားကို ခပ်လန့်လန့်ဖြတ်လာရတယ်။ မကြာခင်ပဲ သူစိုးရိမ်တဲ့အရာဖြစ်လာပါတော့တယ်။

စစ်ကိုင်းမြို့ကကြိုဆိုပါ၏ ဆိုတဲ့မုခ်ဦးကို ကောင်းကောင်းမြင်ရချိန်မှာပဲ ရှေ့မှာကားတွေပိတ်နေတာကို မြင်လိုက်ရတယ်။ စစ်ဆေးရေးဂိတ်ရှိတော့ သာမန်ပိတ်တာပဲလို့ မောင်ထွန်းယူဆပြီး ဆက်မောင်းလာလိုက်တယ်။ အဲဒီမှာ မောင်ထွန်းအမြင် တက်တက်စင်အောင်လွဲတော့တာပါပဲ။စစ်ကောင်စီတပ်ဟာ ကားပေါ်တွေကကော ဆိုင်ကယ်နဲ့လာသူတွေထဲကပါ လူငယ်အမျိုးသားတွေကို ပေါ်တာဆွဲဖမ်းဆီးနေတာပါ။

လူငယ်တွေကို စစ်အုပ်စုက မှတ်ပုံတင်တွေတောင်းတယ်။ မှတ်ပုံတင်က မွေးသက္ကရာဇ်နဲ့အသက်နဲ့တွက်ကြည့်ပြီး သူတို့သက်မှတ်ထားတဲ့အသက်အတွင်းဝင်နေရင် စစ်မှုထမ်းဖို့ ဖမ်းဆီးသွားတယ်လို့ မောင်ထွန်းက ပြောတယ်။

“သူတို့ကန့်သတ်ထားတဲ့အသက်အတွင်းဝင်ရင် ဘာမှတောင်မမေးဘူး တန်းခေါ်သွားတာ။ ကျွန်တော့်ရှေ့ကတစ်ယောက်ဆိုဘာမှမမေးဘူး တန်းခေါ်သွားတာ။”လို့ သူက ပြောတယ်။

မောင်ထွန်းအလှည့်ရောက်ပါပြီ။ မောင်ထွန်းက အသက်အရွယ်အရ ကွက်တိဝင်နေတာဆိုတော့ သူလန့်နေပြီ။ မှတ်ပုံတင်ထုတ်ပြရတယ်။ သူ့ကို ခေါ်တော့မယ်အလုပ် ကျောင်းသားပါလို့ ပြောလိုက်တယ်။ မောင်ထွန်းက ၁၂ တန်းဖြေမယ့်သူပါ။ ကျောင်းသားကတ်တွေထုတ်ပြတော့ သူ့ကိုသွားခွင့်ပေးလိုက်တယ်။

မောင်ထွန်းသာ ကျောင်းသားဆိုပြီးလွှတ်ပေးလိုက်ပေမဲ့ တခြားနယ်ဒေသတွေမှာတော့ ကျောင်းသားမှန်းသိသိနဲ့ကို ဖမ်းတာတွေရှိနေပါတယ်။ မောင်ထွန်းဟာ ကံကောင်းလို့သာ သီသီလေးလွတ်ခဲ့ရခြင်းပါ။

“လူကို တော်တော်ကိုလန့်သွားတာပဲ။ ဆွဲပြီ‌ဆိုရင်တော့ ကားတွေ တန်းနေတာတို့ လူရှုပ်ရှုပ်ဖြစ်နေတာတို့ လှမ်းမြင်ရပါတယ်။ အဲ့လိုမျိုးမြင်ရင်ပြန်သာကွေ့ဖို့ အကြံပေးချင်ပါတယ်”လို့ သူကပြောပြတယ်။

နောက်တဦးကတော့ မောင်ထွန်းထက် ပိုကံကောင်းခဲ့တယ်။ သူကတော့ စစ်ကိုင်းတိုင်း အထက်ပိုင်းကနေ ပြန်လာတဲ့ အသက် ၂၃ နှစ်အရွယ်ကိုစိုး(အမည်လွှဲ)ပါ။

ကိုစိုးတို့ စစ်ကိုင်းမြို့နယ်ထဲအဝင်မှာ ကောင်းမှုတော်ဘုရားနားမှာ စစ်ကောင်စီတပ်က ပေါ်တာဆွဲနေတဲ့သတင်း ကြားလိုက်ရတယ်။ စစ်ကိုင်းဘက်ဝင်လာတဲ့ကားမှန်သမျှ အကုန်တားပြီး ကားပေါ်ပါလူငယ်တွေ စစ်မှုထမ်းဖို့ ပေါ်တာအဆွဲခံလိုက်ရတယ်လို့ သိရတယ်။

ဒါနဲ့ ကိုစိုးစီးလာတဲ့ကားဟာဆက်မသွားတော့ဘဲ လမ်းဘေးကားထိုးရပ်ကာ စောင့်နေခဲ့ကြတယ်။နယ်ခံအသိတစ်ယောက်က သူ့ကားနဲ့ ကောင်းမှုတော်နားသွားပြီး စနည်းနာကြည့်တယ်။ စစ်အုပ်စုဝင်တွေ မရှိတော့ဘူးဆိုမှ သူတို့အမြန်မောင်းပြန်ခဲ့ကြတယ်။

၂၀၂၄ ခုနှစ် ဖေဖော်ဝါရီမှာ အသက်ဝင်ခဲ့တဲ့ စစ်ကောင်စီရဲ့ စစ်မှုထမ်းဥပဒေဟာ အဲဒီကတည်းက စစ်မှုထမ်းသင်တန်းသားသစ်တွေ လစဥ် ခေါ်ယူခဲ့တာပါ။ စစ်ကောင်စီဟာ တစ်လကို လူဦးရေ ငါးထောင်နှုန်းနဲ့ ခေါ်ယူတယ်လို့ဆိုပြီး အခု တစ်နှစ်နဲ့ ခုနှစ်လအကြာမှာဆိုရင် တစ်လငါး​ထောင်သာ တကယ်စုနိုင်ရင် လူဦးရေ တစ်သိန်းနီးပါးကပ်နေခဲ့ပါပြီ။

စစ်အုပ်စုက ​ပေါ်တာဆွဲပြီး စစ်သင်တန်း​ပေးပြီးရင် ​ရှေ့တန်းကိုပို့ပြီးစစ်တိုက်ခိုင်းပါတယ် ။တချို့စစ်သား​သစ်တွေက ​တော်လှန်​ရေးတပ်​တွေဆီမှာ အလင်းဝင်တယ် ၊တချို့စစ်သားသစ်​တွေက ထွက်​ပြေးတယ် ၊ တချို့စစ်သား​တွေကတိုက်ပွဲမှာ​သေတယ် ဒီလိုနဲ့ စစ်သားဖြစ်ပြီး လပိုင်းအတွင်းပြုန်းတီးသွားတဲ့ စစ်သား​တွေလည်း မနည်း​တော့ပါဘူး။

စစ်ကောင်စီဟာ သူတို့လက်ကိုင်ထားတဲ့ ဥပဒေနဲ့လည်း စစ်မှုထမ်းခေါ်ယူခဲ့သလို အထက်မှာပြောခဲ့သလို အဓမ္မဖမ်းဆီးပေါ်တာဆွဲပြီးတော့လည်း စစ်တပ်ထဲသွင်းခဲ့တာတွေရှိပါတယ်။စစ်မှုထမ်းတပ်သားသစ်စျေးကွက်တခုလည်း ပေါ်ပေါက်နေပြီး သိန်းရာချီအထိ ပေါက်နေခဲ့ပါတယ်။ စစ်ကိုင်းတံတားနဲ့ စစ်ကိုင်းမြို့ဟာလည်း အဲဒီစျေးကွက်ကို ဖော်ဆောင်တဲ့နေရာတခု ဖြစ်လာခဲ့ပါတယ်။

စစ်ကိုင်းတံတားမှာဖမ်းလို့ ပြည်သူတွေဟာ စိုးရိမ်ပြီး သင်္ဘောနဲ့ကူးတော့လည်း ဇက်ဆိပ်မှာစောင့်ပြီး ဖမ်းတယ်လို့ စစ်ကိုင်းမြို့ခံတွေက ပြောပြပါတယ်။

ဒါ့ကြောင့် စစ်ကိုင်းတံတားကို ဖြတ်သန်းသွားလာသူ နည်းပါးသွားတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

“မြို့ကအခုဆိုတိတ်ဆိတ်နေတာပဲ”လို့စစ်ကိုင်းမြို့ခံ လူငယ်တဦးက ပြောပြပါတယ်။

စစ်ကိုင်းတံတားမှာ ပွတ်ကာသီကာလေးလွတ်လာခဲ့တဲ့ စစ်ကိုင်းမြို့ခံ မောင်ထွန်းကတော့ တွေးတိုင်း ရန်တုန်နေတုန်းပဲလို့ ပြောပြတယ်။

“တအားကြောက်သွားတာ။ အခုဆို တံတားကို မဖြတ်ရဲတော့ဘူး”လို့ မောင်ထွန်းက ပြောလိုက်ပါတယ်။ ။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်အထက်ပိုင်းမှာ မိုးသည်းထန်ရွာသွန်းနေပြီး ဧရာဝတီမြစ်ရေတိုးလာတဲ့အတွက် ရေဘေးသတိပြုကြဖို့ လူမှုကူညီကယ်ဆယ်ရေးအဖွဲ့တွေက သတိပေးနေကြပါတယ်။

သတင်း

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ် မြစ်ဆုံကို ကာကွယ်ဖို့၊ ဧရာ၀တီမြစ်ထာ၀ရ လွတ်လပ်စွာ စီးဆင်းစေဖို့ တောင်းဆိုတဲ့လှုပ်ရှားမှုကို ဒေသခံ လူငယ်တွေ ဦးဆောင်ပြုလုပ်ခဲ့တယ်လို့ မြစ်ကြီးနား ဒေသခံက ပြောပါတယ်။

သတင်း

မြစ်ဆုံဆည်စီမံကိန်းကို ပြန်လည်အသက်သွင်းခြင်းဟာ အချိန်အခါမဟုတ်ဘဲ၊ ပါဝင်ပတ်သက်သူများ ကြား ကွဲပြားမှုကို ပိုမိုဖြစ်စေပြီး လက်နက်ကိုင်ပဋိပက္ခကို ပိုမိုပြင်းထန်လာစေနိုင်ကြောင်း ကချင်အဖွဲ့တွေ အပါအဝင်အဖွဲ့အစည်း ၁၂၉ဖွဲ့ရဲ့ ကချင်ဒေသတကျော့ပြန်စစ်ပွဲ (၁၅) နှစ်ပြည့်အထိမ်းအမှတ် ပူးတွဲသဘောထားထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

သတင်း

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်က မြစ်ဆုံရေကာတာ စီမံကိန်းကို အာဏာသိမ်းစစ်တပ်က ပြန်လည်စတင်နိုင်ရေး ကြိုးပမ်းမှုတွေအပေါ် ပြည်သူလူထုတွေက ကန့်ကွက်ဆန္ဒပြမှုတွေ လုပ်ဆောင်လျက်ရှိရာ စီမံကိန်းကန့်ကွက်တဲ့ ပြည်သူတွေကို အားပေးကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့(KIO/KIA) သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောကြားပါတယ်။