Connect with us

Hi, what are you looking for?

ဆောင်းပါး

အဖေ့ကျေးဇူးမဆပ်ရသေးဘူး

ရှမ်းပြည်နယ်မြောက်ပိုင်းက ကမ္ဘာကျော်သတ္တုမိုင်းတွေရှိတဲ့ နမ္မတူမြို့ကလေးဟာ ဒီကနေ့ အောက်တိုဘာ ၂ ရက် မနက်ပိုင်းမှာ ရာသီဥတုက ကြည်လင်နေခဲ့တယ်။

သေဆုံးသူ​တွေရဲ့ မိသားစုဝင်​​​တွေငို​ကြွေး​နေကြစဥ်။ (Screen grab)

Scorpio/People’s Spring

ရှမ်းပြည်နယ်မြောက်ပိုင်းက ကမ္ဘာကျော်သတ္တုမိုင်းတွေရှိတဲ့ နမ္မတူမြို့ကလေးဟာ ဒီကနေ့ အောက်တိုဘာ ၂ ရက် မနက်ပိုင်းမှာ ရာသီဥတုက ကြည်လင်နေခဲ့တယ်။

နမ္မတူမြို့ ရပ်ကွက်( ၈ ) ၊ပုဗ္ဗာရုံကျောင်းအနီးက နေအိမ်လေးတွေမှာ အိမ်သူအိမ်သားတွေဟာ သာမန်မနက်ခင်းတွေလိုပဲ နေ့စဥ်ပြုမြဲ ဝေယျာဝစ္စတွေနဲ့ အလုပ်ရှုပ်နေခဲ့တယ်။

အသက် ၇၀ အရွယ် အဘဦးစိုင်း(အမည်လွှဲ)ဟာ နေအိမ်ရှေ့မှာ ဝါးပက်လက်ကုလားထိုင်လေးနဲ့ နေစာလှုံနေခဲ့တယ်။ အဘဟာ နေသိပ်မကောင်းဘူးတဲ့။ “အဖေက ဆေးကုတာတွေ မကြိုက်ဘူး။ ဆေးလဲမထိုးဘူး။ တော်ရုံလဲ မဖျားတတ်လို့ပါ”လို့ ဦးစိုင်းရဲ့ မိသားစုဝင်တဦးက ပြောပြတယ်။ အရွယ်နဲ့မလိုက်အောင် မာလှတဲ့ ဦးစိုင်းဟာ သဘာဝကပေးတဲ့နေရောင်ခြည်ကိုပဲ အေးအေးသက်သာ လှုံနေခဲ့တာပါ။

Public Service Announcement

Public Service Announcement

သူတို့နေအိမ်မှာ ဦးစိုင်းရဲ့ အသက် ၇၀ အရွယ် ဇနီးရယ်၊ ကျောက်မဲကနေ စစ်ရှောင်ရင်း ရောက်လာတဲ့ သားရယ်၊ ချွေးမရယ်၊ ချွေးမရဲ့ မောင်ဖြစ်သူရယ်လည်း ရှိနေခဲ့တယ်။

မနက် ၇ နာရီကျော်မှာတော့ ကောင်းကင်ပေါ်ကနေဂျက်ဖိုက်တာတစီး ရောက်လာပြီး ဦးစိုင်းတို့ နေတဲ့ရပ်ကွက်ကို ဗုံးကြဲလိုက်ပါတော့တယ်။ ဗုံးဟာ ဦးစိုင်းတို့နဲ့ အုတ်တံတိုင်းတခုသာခြားတဲ့ တဘက်က လူနေ ခြံထဲကိုကျတယ်။ အဲဒီဗုံးကြောင့် ဦးစိုင်းတို့ဘက်ပါ ပေါက်ကွဲလွင့်စင်လာပြီး ကုလားထိုင်ပေါ်မှာ နေစာလှုံနေတဲ့ ဦးစိုင်းဦးခေါင်းထိခိုက်ကာ ​နေရာမှာတင်ကွယ်လွန်သွားခဲ့ရတယ်။

ဦးစိုင်းအပြင် စစ်ရှောင်လာတဲ့ ချွေးမဖြစ်သူလည်း ပွဲချင်းပြီး အသက်ဆုံးပါးခဲ့ရတယ်။ ဦးစိုင်းရဲ့ဇနီး၊ ဒဏ်ရာရတဲ့ သားကြီးတစ်ယောက်နဲ့ ချွေးမရဲ့မောင်ဖြစ်သူတွေကိုတော့ ဆေးရုံပို့လိုက်ရတယ်။ မိခင်ကြီးဟာ ဒဏ်ရာကြီးကြီးမားမားမရခဲ့ပေမဲ့ နှလုံးရောဂါသည်ပါ။ ဆေးရုံရောက်တော့ သူ့ရဲ့ချစ်လှစွာသောခင်ပွန်းနောက်ကို လိုက်သွားခဲ့ရပါတော့တယ်။

“အမေက ဒဏ်ရာမရဘူး နှလုံးရောဂါ ရှိလို့ အသံကြောင့် ဆေးရုံမှာဆုံးတာပါ”လို့ မိသားစုဝင်က ပြောပါတယ်။

ဒဏ်ရာရတဲ့ တခြားအမျိုးသမီးတဦးလည်း ဆေးရုံမှာ သေဆုံးခဲ့တော့ စုစုပေါင်း ၄ ဦး သေဆုံးခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် ကလေးတဦးအပါအဝင် ၆ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရလို့ ဆေးကုနေရတယ်။

အိမ်မှာ အခုလိုတွေဖြစ်တော့ စျေးထဲဆိုင်ဖွင့်ထားတဲ့ သမီးကြီးဆီကို အိမ်နီးနားချင်းတွေက ပြေးခေါ်ကြတယ်။ သမီးကြီးရောက်လာခဲ့ပြီ။ ဖခင်ကြီးဦးခေါင်းပိုင်းဟာ မြင်ရက်စရာ မရှိတာကြောင့် ခြင်ထောင်တလုံးနဲ့ အုပ်ပေးထားရတယ်။

ပက်လက်ကုလားထိုင်ပေါ်မှာ အသက်ပျောက်နေခဲ့တဲ့ ဖခင်ကြီးကိုကြည့်ရင်း သမီးကြီး ရင်တွေကွဲခဲ့ရတယ်။ နေစာလှုံခဲ့တဲ့ ဖခင်ကြီးရဲ့ ခြေထောက်လေးတွေဟာ ဆန့်ဆန့်ရန့်ရန့် ရှိနေခဲ့တယ်။

“အဖေ့ကျေးဇူးမဆပ်ရသေးဘူးလေ အဖေရဲ့။ ဘယ်လိုဖြစ်သွားတာလဲ။”လို့ သမီးကြီးက နာနာကျင်ကျင်အော်ဟစ်ရင်း ငိုကြွေးနေခဲ့တယ်။

“တောထဲကိုသွားပစ်ပါလား ဘာလို့ငါ့အိမ်ကိုလာကြဲတာလဲ”လို့ သမီးကြီးက ပြောတယ်။

“အဖေနေမကောင်းဘူးဆေးကိုသေချာမကုရသေးဘူး”လို့ ပြောတယ်။

အဝေးရောက်နေတဲ့ မောင်ငယ်ညီမငယ်တွေကို ဘယ်လိုပြောရမလဲဆိုတာ သမီးကြီးမသိနိုင်တော့ဘူး။ မြေးငယ်လေးကလည်း မျက်ရည်တွေကျရင်း အသက်မဲ့နေတဲ့အဘိုးကို ကန်တော့နေခဲ့တယ်။

ဆုံးပါးသွားတဲ့ မိဘနှစ်ပါးဟာ အဝေးရောက်နေတဲ့ သားငယ်လေးနဲ့လည်း မနေ့ကမှအင်တာနက်လိုင်းရလို့ Video Call ကို ပျော်ပျော်ရွှင်ရွှင်ပြောနေခဲ့ကြပါသေးတယ်။ သားငယ်လေးနဲ့ မတွေ့ရတာ နှစ်နှစ်တောင်ကြာပြီမို့ မိဘတွေလည်း အတော်လေးလွမ်းနေခဲ့ကြမယ်။

“မနေ့ကမှ လိုင်းရပြီး video callပြောရတာ။ ဒီနေ့မှရုတ်တရက်ကြီး ကြားရတာ ပြောစရာစကားလဲ မရှိတော့ဘူး”လို့ သားငယ်ဖြစ်သူက ကြေကွဲစွာ ပြောပါတယ်။

“အမြန်ဆုံးပဲငြိမ်းချမ်းချင်ပြီ။ ‌ဘာစစ် ပွဲမှ မဖြစ်စေချင်တော့ဘူး”လို့ သားငယ်ဖြစ်သူက သူ့ဆန္ဒကို ပြောပြတယ်။

သားငယ်မှာလည်း အိမ်ပြန်ရင်တောင် ချစ်လှစွာသော မိဘနှစ်ပါးလည်း မရှိတော့။ အစားထိုးမရတဲ့ ရတနာနှစ်ပါး တပြိုင်တည်း ​ဆိုးဆိုးရွားရွားဆုံးရှုံးလိုက်ရတဲ့အတွက် သူ့ရင်ထဲမှာ ဗလာနတ္တိ။

“ဒီတခါ အိမ်ပြန်ရင် အဖေအမေနဲ့ အကြာကြီးနေပြီးမှခရီးပြန်ထွက်မယ်လို့ စိတ်ကူးထားတာ။ ခုတော့ အဖေအမေလည်း မရှိတော့ အိမ်လဲမရှိတော့ဘူး”လို့ သားငယ်ကဆို့နင့်စွာပြောလိုက်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင် သရက်ချောင်း(ကစယ်ဒို)မြို့နယ်မှာ စစ်ကောင်စီက လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့လို့ အရပ်သား တစ်ဦးသေဆုံးကာ တစ်ဦး ဒဏ်ရာရခဲ့ကြောင်း KNU မြိတ်ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

မကြာမီပြန်လွှတ်ပေးတော့မယ့် စစ်သုံ့ပန်းတွေနဲ့ မိသားစုဝင်တွေထားတဲ့နေရာကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲသွားလို့ သေဆုံးထိခိုက်မှုတွေရှိတယ်လို့ အာရက္ခတပ်တော်(AA)က သတင်းထုတ်ပြန်ပါတယ်။

သတင်း

မကွေးတိုင်း၊ နတ်မောက်မြို့နယ်အနောက်ခြမ်းက ကြက်သောက်တွင်းကျေးရွာကို စစ်တ​ပ်က တိုက်ပွဲမဖြစ်ဘဲ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ ပြည်သူ ၃ဦးသေဆုံးပြီး ၁၀ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

သတင်း

သီပေါမြို့ကို ပြန်ရခဲ့တဲ့ စစ်ကောင်စီတပ်က နမ္မတူနဲ့ မန်တုံမြို့ဆီ စစ်ကြောင်းထိုးနေပြီး လေကြောင်းကနေလည်း ဗုံးကြဲတိုက်ခိုက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။