ဖေဖော်ဝါရီ ၂၅၊ ၂၀၂၆။ ထားမြတ်/People’s Spring
ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင် သရက်ချောင်း(ကစယ်ဒို)မြို့နယ်မှာ စစ်ကောင်စီက လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့လို့ အရပ်သား တစ်ဦးသေဆုံးကာ တစ်ဦး ဒဏ်ရာရခဲ့ကြောင်း KNU မြိတ်ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။
ဖေဖော်ဝါရီ ၂၃ရက် မွန်းလွဲပိုင်းမှာ စစ်ကောင်စီ တိုက်လေယာဉ်က ကစယ်ဒိုမြို့နယ်၊ စုံစင်ဖျားကျေးရွာအတွင်း ပေါင် ၅၀၀ ဗုံး ကြဲချ တိုက်ခိုက်ခဲ့လို့ ပြည်သူ တစ်ဦး သေဆုံးကာ တစ်ဦးဒဏ်ရာရခဲ့ပြီး နေအိမ် ပျက်စီးမှုတွေ ရှိခဲ့တယ်လို့ အသိပေးထားပါတယ်။
သရက်ချောင်းမြို့နယ်မှာ စစ်ကောင်စီတပ်ကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ပူးပေါင်းတပ်က တိုက်ခိုက်လို့ ဖေဖော်ဝါရီလအတွင်း တိုက်ပွဲတွေဖြစ်ပွားခဲ့ပါတယ်။

Public Service Announcement
သရက်ချောင်းမြို့နယ်က ဝင်း၀စခန်းကို စစ်ကောင်စီက အင်အားဖြည့်ဖို့ ကြိုးစားလာတဲ့ စစ်ကောင်စီတပ်တွေကို KNLA ပူးပေါင်းတပ်က တိုက်ခိုက်ခဲ့တာရှိကြောင်း KNU မြိတ်ထားဝယ်ခရိုင်က အသိပေးထားပါတယ်။
ဖေဖော်ဝါရီ ၁၀ရက်မှာ သရက်ချောင်းမြိုက တဆင့် စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီရဲ့ တပ်ရင်း(၄၀၃)၊ (၄၀၄)၊ (၄၀၅) ပူးပေါင်းစစ်ကြောင်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်မဟာ(၄) တပ်ရင်း(၁၂)၊တပ်မဟာ(၆) တပ်ရင်း(၂၇) တော်လှန်ရေးပူးပေါင်းစစ်ကြောင်းက တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်က ၉ဦးသေဆုံးပြီး MA1(၂)လက်၊ MA3(၅)လက်နဲ့ လက်နက်ခဲယမ်းအချို သိမ်းရခဲ့ကြောင်း အသိပေးထားတာပါ။
ဝင်း၀တပ်စခန်းဟာ စစ်ကောင်စီရဲ့ ရှေ့တန်းစခန်းဖြစ်ပြီး အင်အား ၁၀၀ ခန့်ရှိတယ်လို့ KNLA သတင်းရင်းမြစ်က ပြောပါတယ်။
KNLA တပ်မဟာ(၄) ပူးပေါင်းတပ်တွေအနေနဲ့ မြိတ်ထားဝယ်ခရိုင်အတွင်း ကျန်နေတဲ့ စစ်ကောင်စီတပ်စခန်းတွေ ဆက်လက်သိမ်းပိုက်နိုင်ဖို့ကြိုးစားနေတာရှိပါတယ်။
တိုက်ပွဲတွေမှာ အထိနာရင် စစ်ကောင်စီတပ်ဟာ KNU မြိတ်ထားဝယ်ခရိုင်အတွင်း ကျေးရွာတွေက ပြည်သူလူထုနေအိမ်တွေကို ပစ်မှတ်ထား လေကြောင်းတိုက်ခိုက်တာ၊ နေအိမ်တွေမီးရှို့ဖျက်ဆီးတာ၊ လက်နက်ကြီး ဒရုန်းတွေနဲ့ တိုက်ခိုက်တာတွေ လုပ်ဆောင်လေ့ရှိပါတယ်။

















































