Connect with us

Hi, what are you looking for?

ဆောင်းပါး

သီးနှံပေါ်လည်း မပျော်ရ​တော့ပါ

အညာမှာ ဆောင်းနှောင်းကာလ သီးနှံတွေပေါ်ပါပြီ။ အရင်ကတော့ သီးနှံပေါ်ချိန်ဆို တောင်သူတွေ ပျော်ကြတယ်။ ထွက်လာတဲ့ သီးနှံအပုံကြီးကို ကြည့်ရင်း ပီတီဖြစ်ကြတယ်။ ရမယ့်စျေး ကြိုတွက်ရင်း စိတ်ကူးအိပ်မက်တွေ မက်ကြတယ်။ အခုကော တောင်သူတွေ ပျော်နိုင်ကြရဲ့လား။

နှောပင်ရွာက မီးရှို့ခံလိုက်ရတဲ့ သီးနှံများအား တွေ့ရစဥ်။ ဓာတ်ပုံ-အညာမြေ အရပ်ဖက်လူမှုအဖွဲ့အစည်း-မြိုင်

Scorpio/People’s Spring

အညာမှာ ဆောင်းနှောင်းကာလ သီးနှံတွေပေါ်ပါပြီ။ အရင်ကတော့ သီးနှံပေါ်ချိန်ဆို တောင်သူတွေ ပျော်ကြတယ်။ ထွက်လာတဲ့ သီးနှံအပုံကြီးကို ကြည့်ရင်း ပီတီဖြစ်ကြတယ်။ ရမယ့်စျေး ကြိုတွက်ရင်း စိတ်ကူးအိပ်မက်တွေ မက်ကြတယ်။ အခုကော တောင်သူတွေ ပျော်နိုင်ကြရဲ့လား။

မကွေးတိုင်း၊ မြိုင်မြို့နယ်က တောင်သူတွေကတော့ ထွက်လာတဲ့ သီးနှံအပုံကြီးကိုကြည့်ရင်း ပျော်ဖို့ဝေးစွ၊ ငေးငိုင်နေတယ်။ တွေဝေနေတယ်။ ရင်မောနေတယ်။ ဘာလို့ဆိုတော့ မြိုင်နယ်မှာထိုးနေတဲ့ စစ်ကောင်စီစစ်ကြောင်းက တောင်သူတွေစိုက်ပျိုးပြီးလို့ ထွက်လာတဲ့ သီးနှံတွေကိုပါ မီးရှို့ဖျက်ဆီးနေလို့ပါ။

စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့နှစ်လယ်ကပိုင်းကစပြီး မြိုင်နယ်ထဲ စစ်ကြောင်းထိုးရာမှာ နေအိမ်တွေတင်မကဘဲတောင်သူတွေရဲ့ ထွက်လာတဲ့ ပဲတီစိမ်းတွေ၊ မြေပဲတွေ နှမ်းတွေကိုပါ မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

Public Service Announcement

Public Service Announcement

“တောင်သူသိမ်းချိန်မှာ စစ်ကြောင်းထိုးပြီးတော့မှ မီးရှို့ခံရတာပါ။ အဲဒါကလည်း ဒီနှစ်မှဒီလောက်ကြီး အများကြီး ရှို့တာပါ။ စစ်တပ်အာဏာသိမ်းကတည်းက ခုချိန်ထိအောင် အများဆုံးအရှို့ခံရတဲ့နှစ်ပါ။”လို့ အညာမြေ အရပ်ဖက်လူမှုအဖွဲ့အစည်း-မြိုင်က တာဝန်ရှိသူ ဆရာထွေးက ပြောပါတယ်။

ထွက်ရှိလာတဲ့ သီးနှံတွေဟာ တောင်သူတွေ စိတ်ဖြောင့်ဖြောင့်နဲ့လုပ်ပြီး ထွက်လာတာမျိုးမဟုတ်ပါဘူး။ စစ်ကောင်စီစစ်ကြောင်းတွေ၊ လက်နက်ကြီးရမ်းသမ်းပစ်ခတ်မှုတွေကြားကနေ စိုက်ပျိုးခဲ့ကြရတာဖြစ်ကြောင်း ဒေသခံတွေက ပြောပါတယ်။

“ဒီနှစ်က စိုက်တဲ့အချိန်တုန်းကတည်းက စစ်ကြောင်းထိုးနေတုန်း ရှောင်ရင်းစိုက်ကြရတာ။ သိမ်းတဲ့အချိန်ကျတော့လည်း အဲလိုပဲ စစ်ကြောင်းနဲ့သိမ်းနေရတာ။”လို့ မြိုင်နယ်က တောင်သူတစ်ဦးက ပြောပါတယ်။

စစ်ကောင်စီရဲ့ပိတ်ဆို့မှုတွေ၊ လမ်းပိုင်းဆိုင်ရာ ကြန့်ကြာမှုတွေကြောင့် သီးနှံတွေထွက်လာပြန်တော့လည်း တောင်သူတွေခမျာ စျေးကောင်းမရတာနဲ့ ကြုံရပြန်ပါတယ်။ ဒါကြောင့် တောင်သူတွေလည်း စျေးကောင်းရနိုးရနိုးနဲ့ မသေချာတဲ့ အခြေအနေကြားမှာ စောင့်ကြတာတွေရှိတယ်။ စျေးကောင်းစောင့်ရင်းနဲ့ပဲ စျေးကောင်းမလာဘဲ စစ်ကောင်စီစစ်ကြောင်း ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာတာကြောင့် သီးနှံတွေ မီးရှို့ခံရပြီး ကျပ်သိန်း ရာချီထောင်ချီ ဆုံးရှုံးခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၅ ရက်ကလည်း မြိုင်မြို့နယ်၊ နှောပင်ရွာကို စစ်တပ်က စစ်ကြောင်းထိုးပြီး နေအိမ်တွေတင်မကဘဲ လောလောလက်လက် ထွက်ထားတဲ့ နှမ်းပုံတွေကိုပါ မီးရှို့ဖျက်ဆီးသွားလို့ နှမ်းအတင်းရေထောင်ချီ ပြာကျခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

“တချို့ဆို နှမ်းတင်းတစ်ရာလောက်ပါတယ်။ နှမ်းတင်းတစ်ရာဆိုရင် တန်ကြေးနဲ့တွက်ရင် တစ်တင်းကို နှစ်သိန်းခွဲလောက်ရောင်းရတယ်။ တင်းတစ်ရာဆို သိန်းနှစ်ရာ့ငါးဆယ်ဆုံးရှုံးမှုရှိနေပြီ။ မြေပဲဆိုတချို့ တင်းခြောက်ရာ၊ တင်းတစ်ထောင်ကျော်နဲ့ မီးလောင်တဲ့သူတွေ။ အများကြီးပဲပါသွားတာ။”လို့အညာမြေ အရပ်ဖက်လူမှုအဖွဲ့အစည်း-မြိုင်က တာဝန်ရှိသူ ဆရာထွေးက ပြောပါတယ်။စစ်ကောင်စီတပ်ဟာ တောင်သူသိမ်းချိန်မှာ ရည်ရွယ်ချက်ရှိရှိ စစ်ကြောင်းထိုးပြီးတော့ မီးရှို့ခဲ့တာဖြစ်ကြောင်း ဒေသခံတွေက ပြောပါတယ်။ ဒါ့ကြောင့် တောင်သူတွေဟာ လူတွေနေအိမ်တွေတင်မက သီးနှံတွေအတွက်ပါ စိတ်ပူနေရပါတယ်။

အခုချိန် အညာမှာ မြေပဲသိမ်းပြီးပြီ။ နှမ်းသိမ်းပြီးပြီ။ ပဲစင်းငုံသိမ်းပြီးပြီ။ ဒါတွေက သိမ်းပြီးစအချိန်တွေပဲရှိသေးတယ်။ တချို့ဆို မရောင်းကြသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။

“သီးနှံပေါ်စအချိန်ဆိုတော့ စျေးနည်းတော့ကြတော့ တောင်သူတွေက ပုံမှန်ခေတ်ကာလ ပုံမှန်အချိန်ဆို သူတို့ကမရောင်းသေးဘူး။ သူတို့ကြိုက်စျေးရတဲ့အချိန်မှ ရောင်းတာမျိုးတွေ၊ လှောင်ထားတာမျိုးတွေ ရှိတာ။ အဲဒါမျိုးတွေဆို အခု အနေအထားကျတော့ လှောင်ဖို့ထားဖို့ မသင့်တော်တဲ့အချိန်လေ။”လို့ ဆရာထွေးက ပြောပြပါတယ်။

ဒါကြောင့် တောင်သူတွေ နစ်နာဆုံးရှုံးမှုမဖြစ်ရအောင် သီးနှံတွေကို လှောင်မထားဘဲ ရောင်းချကြဖို့ အညာမြေ အရပ်ဖက်လူမှုအဖွဲ့အစည်း-မြိုင်က အကြံပြုပါတယ်။

“မီးမရှို့တဲ့ရွာကိုမရှိဘူး။ ရှို့လိုက်တယ်ဆိုလည်း အိမ်ခြေ ရွာလုံးကျွတ်နီးပါးတွေချည့်ပဲ။ အများကြီးဆုံးရှုံးတာဆိုတော့ ကိုယ်ကသေချာပြီးသားဟာ ရောင်းချထားတာက သေချာတယ်​လေ။ အဲဒီသဘောမျိုးနဲ့ ကျနော်တို့က အသိပေးတာပါ။”လို့ အညာမြေ အရပ်ဖက်လူမှုအဖွဲ့အစည်း-မြိုင်က တာဝန်ရှိသူ ဆရာထွေးက ပြောပါတယ်။

သီးနှံတွေ ရောင်းချထားဖို့ ဆိုတာကလည်း အားလုံးအတွက်အဆင်ပြေတဲ့နည်းလမ်းလည်းမဟုတ်သေးဘူး။ဒါ့ကြောင့်တောင်သူတိုင်းတော့မရောင်းနိုင်ကြဘူး။ “မျိုးစေ့ချန်ရမယ်။ ဆီကြိတ်စားဖို့အတွက် သိမ်းဆည်းရဦးမယ်။တခါ ကြိုက်ဈေးမရလို့ သိမ်းထားရတာ ရှိသေးတယ်”လို့ တောင်သူတစ်ဦးက ပြောပါတယ်။

လက်ရှိ စစ်ကောင်စီစစ်ကြောင်းဟာ မြိုင် နဲ့ ကပ်လျက် မြစ်ခြေ၊ ကမ္မဘက်မှာ စစ်ကြောင်းထိုးပြီး ရွာတွေဆက်တိုက်မီးရှို့နေတယ်။ အဲဒီကနေလည်း မြိုင်နယ်အရှေ့ပိုင်း ဝင်လာနိုင်တယ်လို့လည်း ခန့်မှန်းကြတယ်။

တဖက်မှာလည်း တွင်းမပျူရွာကိုဝင်ခဲ့တဲ့ အင်အားနှစ်ရာ ခန့်ပါတဲ့စစ်ကြောင်းဟာ ဒီကနေ့ ဇန်နဝါရီ ၂၇ ရက်မနက်က ပခုက္ကူမြို့နယ် သစ်ပလွေကုန်းကျေးရွာကို ဝင်ရောက်ခဲ့တယ်လို့သိရပါတယ်။ ၄င်းသစ်ပုလွေကုန်းရွာမှတဆင့် အနောက်တောင်ဘက် ကိုအထွက်ရှိနေပြီး ပခုက္ကူမြို့နယ် သံဘိုကျေးရွာဆီကို ဦးတည်နေတယ်လို့ သိရပါတယ်။ ဘယ်ကို ဆက်ပြီးဦးတည်မယ်လို့မသိရသေးပါဘူး။ မြိုင်မြို့နယ် သရက်ကန်ပျူရွာကို ဝင်မယ်လို့ သတင်းတွေထွက်နေကြောင်း အညာမြေ အရပ်ဖက်လူမှုအဖွဲ့အစည်း-မြိုင်က အသိပေးပါတယ်။

အဲဒီစစ်ကြောင်းက​နေ မီးရှို့ဖျက်ဆီးတာတွေရှိနေပြီး မီးရှို့ခံရတဲ့ တောင်သူတွေအနေနဲ့ လက်တလော အကူအညီတွေ များစွာလိုအပ်နေကြောင်း ဒေသခံတွေက ပြောပါတယ်။

“ခုလောလောဆယ်တော့ အထောက်အပံ့တွေက တော်တော်ကိုလိုအပ်နေတာ။ ဘေးကလာလှူတဲ့ဟာလေးတွေကို မျှစားနေရတာ”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ဒါ့အပြင် သီးနှံတွေပါ မီးရှို့ခံလိုက်ရတာကြောင့် နောက်နှစ်အတွက်ပါ စိတ်ပူနေကြရပါပြီ။ သီးနှံမျိုးတွေ နောက်နှစ်မှာ အခက်အခဲရှိလာနိုင်တယ်လို့ ဆရာထွေးက ပြောပါတယ်။

“မျိုးဘာညာလည်း နောက်နှစ်တွေဆို အခက်အခဲ ဖြစ်နိုင်တယ်။ မျိုးတွေပါအကုန်လုံး ရှိသမျှ တောင်သူတွေအများစုရဲ့အိမ်တွေ မီးရှို့ခံရတာဆိုတော့ ကျန်တဲ့သူတွေလည်း ထားရဲမှာမဟုတ်တော့ဘူး။ ရောင်းချကြတာပါ။ မျိုးချိန်ကျမှ တမျိုးပြန်စဥ်းစားရတော့မယ်။”လို့ ဆရာထွေးက ပြောပါတယ်။

နှောပင်ရွာမှာတော့ မြေပဲပုံကြီးက မီးတွေကျွမ်းထအောင် ရှို့ခံလိုက်ရတာကြောင့် မည်းသည်းသွားခဲ့ပြီး တစ်စေ့မှ သုံးမရတော့ပါဘူး။

“နောက်နှစ်ခါစိုက်စရာ မျိုးမကျန်တော့ဘူး”လို့ တောင်သူတစ်ဦးက ဖွင့်ဟလိုက်ပါတယ်။ ။

ဆက်စပ်သတင်းများ

ဆောင်းပါး

"မီးတောက်တွေကလည်း များလိုက်တာ။ အမေတို့ ပြေးဖို့ပြင်လိုက်အုန်းမယ်"

သတင်း

အာဏာသိမ်းစစ်ကောင်စီလက်ထက်မှာ ပြည်သူတွေ ဆင်းရဲကျပ်တည်းမှု အခြေအနေ ဘယ်လောက်ထိ ရှိနေပြီဆိုတာကို အညာက မင်္ဂလာဆောင်ဖိတ်စာတစ်ခုက ပြသနေပါတယ်။

ဆောင်းပါး

လူထုဒေါ်အမာရဲ့ ၁၂ပွဲဈေးသည်ဆိုတဲ့ စာအုပ်ဟာ စာဖတ်သူ တွေအကြား နာမည်ကြီးလှပါတယ်။

သတင်း

အညာဒေသက စစ်တပ်စစ်ကြောင်းတွေမှာ ပါဝင်လာတဲ့ စစ်မှုထမ်းတပ်သားသစ်တွေအနေနဲ့ သေတွင်းကနေရုန်းထွက်ကြဖို့ အမှတ်(၁)ရွှေဘိုခရိုင်စစ်ဌာနက တိုက်တွန်းထုတ်ပြန်ပါတယ်။