Connect with us

Hi, what are you looking for?

ဆောင်းပါး

နည်းရင်မယူတဲ့ အသုပ်စုံ

အသုပ်စုံ ဆိုတာနဲ့ မိတ်ဆွေတို့က ခေါက်ဆွဲ၊ကြာဇံ၊တို့ဟူး၊အာလူး စတဲ့အရာတွေကို ရောထွေးပြီး သုပ်ထားတဲ့ စားစရာလို့ မြင်မိကြမှာပါ။

(ကားနံမှတ် စုံ၊မ စစ်ပြီး ဖမ်းဖို့​စောင့်​နေကြတဲ့စစ်တပ်လက်​အောက်ခံ ယာဥ်ထိန်းရဲ၊ရဲ ၊မီးသတ်၊​ထွေအုပ် ​တွေကို​တွေ့ရစဥ်။ ဓါတ်ပုံ-CJ)

Zack/People’s Spring

“အသုပ်စုံ ရှိလား”

အသုပ်စုံ ဆိုတာနဲ့ မိတ်ဆွေတို့က ခေါက်ဆွဲ၊ကြာဇံ၊တို့ဟူး၊အာလူး စတဲ့အရာတွေကို ရောထွေးပြီး သုပ်ထားတဲ့ စားစရာလို့ မြင်မိကြမှာပါ။

မဟုတ်ပါဘူး။

Public Service Announcement

Public Service Announcement

လက်ရှိ ရန်ကုန်မြို့က ယာဉ်ပိုင်ရှင်တွေကြားအချင်းချင်း ပြောဆိုတဲ့ ဗန်းစကားပါ။ တည့်တည့်ပြောရရင် အာဏာသိမ်းစစ်အုပ်စု ဖွဲ့စည်းပေးထားတဲ့ စက်သုံးဆီချွေတာရေးစီမံချက်မှာပါတဲ့ ရန်ကုန်မြို့က အဖွဲ့ဝင်တွေကို ရည်ညွှန်းပြောဆိုတာပါ။

အီရန် နဲ့ အ​မေရီကန်၊အစ္စ​ရေးစစ်ပွဲ​တွေကြောင့် စက်သုံးဆီ ပြဿနာခက်ခဲလာချိန်မှာ စစ်တပ်က ကန့်သတ်လိုက်တဲ့ မော်တော်ယာဉ်တွေ စုံ ၊ မ ပြဿနာကြောင့် ပေါ်ပေါက်လာတဲ့ ဗန်းစကားပါ။

စစ်တပ်က စက်သုံးဆီချွေတာရေး စီမံချက်အနေနဲ့ စုံရက်မှာ စုံ နံပါတ်ကား ၊ မ ရက်မှာ မနံပါတ်ကားတွေကို မောင်းနှင်ကြဖို့ ပြီးခဲ့တဲ့ မတ်လဆန်းမှာ ကန့်သတ်ခဲ့ပါတယ်။

အဲဒီကန့်သတ်ချက်နဲ့အတူ မလိုက်နာသူတွေကို ဒဏ်ကြေး နှစ်သောင်း နဲ့ ထောင်ဒဏ် တစ်လချမယ်ဆိုပြီးကြေညာခဲ့တယ်။အဲဒီ​နေုက် One Stop Service ဆိုတဲ့ စစ်တပ်၊ယာဉ်ထိန်းရဲနဲ့ ထွေအုပ်ဝန်ထမ်းတွေပါဝင်တဲ့ အဖွဲ့ကို ဖမ်းဆီးခွင့်ပေးခဲ့ပါတယ်။

အထက်မှာပြောခဲ့တဲ့ အသုပ်စုံ ဆိုတာ အဲဒီအဖွဲ့ပါ။

အဲဒီအဖွဲ့မှာ စစ်တပ် ၊ ယာဉ်ထိန်းရဲ နဲ့ ထွေအုပ်၊ မီးသတ်​ တွေပါဝင်တာကြောင့် ယာဉ်ပိုင်ရှင်တွေက အသုပ်စုံ လို့ နှောက်ပြောင်ခေါ်ကြတာပါ။

အသုပ်စုံ ထဲမှာ ပါဝင်တဲ့ အဖွဲ့ဝင်တွေက ပြည်သူတွေအတွက် ဝန်ဆောင်မှုပေးဖို့ ပျက်ကွက်ကြပေမယ့် သူတို့ရဲ့ ငွေရလမ်းအတွက်တော့ ဝီရိယရှိကြပါတယ်။

စက်သုံးဆီချွေတာရေး ခေါင်းစဉ်တပ်ထားတဲ့ ညွှန်ကြားချက်က ပြည်သူတွေအပေါ် သက်ရောက်မှု ကြီးခဲ့ပါတယ်။

ကျန်းမာရေးအတွက် အပြင်ထွက်ဖို့ အခြားအရေးတကြီးကိစ္စ‌တွေအတွက် အပြင်ထွက်မယ်‌ဆိုရင် အခုချိန်မှာ ကိုယ့်ကားနံပါတ်ကို အရင်ကြည့်ပြီးမှ စုံလား၊ မလားဆိုတာ ခွဲလုပ်ဆောင်နေကြရလို့ပါ။

ဒါကြောင့် ပြည်သူတွေက လူမှုကွန်ရက်မှာ Group တွေဖွဲ့ပြီးအချင်းချင်းကူညီနေကြပါတယ်။အသုပ်စုံ အဖွဲ့ရှိတဲ့ နေရာတွေကို အချင်းချင်းသတိပေးပြောဆိုပြီး ရှောင်ရှားကြဖို့ပါ။

စုံရက်မှာ မနံပါတ်ကားမောင်းတဲ့သူတွေက အပြင်ထွက်ခါနီးတိုင်း အသုပ်စုံတွေ ရှိ၊ မရှိ Group တွေကနေ အတည်ပြုကြလေ့ရှိပါတယ်။

ဒါ့အပြင် အခုနောက်ပိုင်း အသုပ်စုံတွေ ရှိတဲ့နေရာတွေကို သတိပေးနိုင်မယ့် Waze ဆိုတဲ့ အက်ပလီ​ကေးရှင်းကို ယာဉ်ပိုင်ရှင်တွေ ကြားထဲမှာတွင်တွင်ကျယ်ကျယ်အသုံးပြုနေကြပါတယ်။

Waze Application မှာ အသုပ်စုံတွေရှိတဲ့နေရာကို Application အသုံးပြုသူတွေက ဝင်ရောက်ရေးသားလို့ရတာကြောင့် ယာဉ်ပိုင်ရှင်တွေအတွက် အကျိုးသက်ရောက်မှုရှိတယ်လို့ ဆိုပါတယ်။

ဒါပေမယ့် ငွေရလမ်းကိုပဲမြင်တဲ့ အသုပ်စုံအဖွဲ့က လူတွေကလည်း Waze Application မှာ သတိပေးထားတဲ့ နေရာတွေကို ဝင်ဖျက်တာတွေရှိတယ်လို့ ယာဉ်ပိုင်ရှင်တွေက ဆိုပါတယ်။

အထက်ပါကိစ္စတွေက မြန်မာနိုင်ငံရဲ့လူဦးရေ အထူထပ်ဆုံး ရန်ကုန်မြို့မှာ အများဆုံးကြုံနေရတာပါ။

နယ်မြို့တွေမှာ ညွှန်ကြားချက်စထုတ်ချိန်က တင်းကျပ်မှုတွေရှိပေမယ့် နောက်ပိုင်းတော့ ဖမ်းဆီးတာ နည်းသွားတယ်လို့ ဆိုပါတယ်။

မကြာခင်မှာ ကျောင်းဖွင့်တဲ့ကာလရောက်ရှိတော့မှာ ဖြစ်တဲ့အတွက် သက်ဆိုင်ရာတာဝန်ရှိ‌သူတွေ အနေနဲ့ စုံ ၊ မ ယာဉ်မောင်းနှင်မှု ကန့်သတ်တဲ့ကိစ္စကို ဖျက်သိမ်းဖို့ ပြည်သူတွေက အလိုရှိနေကြပါတယ်။

စက်သုံးဆီ လိုအပ်ချက်ကို အကြောင်းပြ ထုတ်ပြန်ထားပေမယ့် လက်ရှိအချိန်မှာ စက်သုံးဆီပုံမှန်လည်ပတ်နိုင်တဲ့ အခြေအနေကို ရောက်နေတာကြောင့် စုံ ၊မ ကိစ္စကို ဖျက်သိမ်းဖို့ အလိုရှိနေကြတာပါ။

ပြည်သူတွေဘက်က ဒီညွှန်ကြားချက်ထွက်လာချိန်ကတည်းက အဆင်မပြေကြောင်း ပြောဆိုမှုတွေ ရှိပေမယ့် အမိန့်ထုတ်ခဲ့သူတွေက ထပ်မံထုတ်ပြန်တာမျိုး မရှိသေးသလို အသုပ်စုံတွေကလည်း နေ့စဉ်မပျက် ဖမ်းဆီးနေကြတာပါ။

စုံ ၊ မ နဲ့ဖမ်းဆီးခံရရင် တစ်စီးကို ငွေကျပ် သုံးသောင်း ဒဏ်ငွေဆောင်ရတယ်လို့ ယာဉ်ပိုင်ရှင်တွေက ပြောပါတယ်။ ဒီငွေတွေက ဘယ်ဌာနတွေကို ရောက်ပြီး ဘယ်လိုနေရာတွေမှာ အသုံးပြုတယ်ဆိုတာကိုစစ်အုပ်စုက တရားဝင် သတင်းထုတ်ပြန်တာမျိုးလည်းမရှိပါဘူး။

အရင်ကတည်းက ယာဉ်တွေကို ဖမ်းဆီးစစ်ဆေးရင် လာဘ်ထိုးပြီး ဖြေရှင်းလို့ရတဲ့ နိုင်ငံမှာ စုံ၊ မ ဖမ်းဆီးလို့ ရတဲ့ငွေတွေကိုလည်း အသုပ်စုံ အဖွဲ့တွေ ခွဲတမ်းချယူတယ်လို့ ယာဉ်ပိုင်ရှင်တွေက ထင်မြင်ထားကြပါတယ်။

ဒီကိစ္စအပေါ် ပြည်သူတစ်ဦးက အခုလို မှတ်ချက်ပေးထားပါတယ်။

“သူတောင်းစား တခေတ်ဆန်း ၊ကျွန်တော်တို့ငယ်ငယ်တုန်းက သူတောင်းစား ကယ်ပါဆိုတာ အဝတ်စားနွမ်းနွမ်းနဲ့ သနားကြပါခင်ညာ ဆိုပြီး တောင်းတာ ။ ဘုရားစောင်းတန်းတို့ လူစည်ကားတဲ့စျေးတို့ မှာ လောက်ဘဲတွေ့ရတာ ။ခုခေတ်ကတော့ နေရာတကာ မှာ ဝတ်ကောင်းစားလှတူညီဝတ်စုံ တွေနဲ့ ချိန်းသလိုခြောက်သလိုတောင်းတာ ၊နည်းရင်လဲမယူဘူး ” ။ ။

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်မြို့ရဲ့ မြို့နယ်တွေမှာ စက်တင်ဘာ ၂ပတ်အတွင်း မတရားဖမ်းဆီးပေါ်တာဆွဲခံရသူ ၉၀ ကျော် ရှိတယ်လို့ မြေပြင်ကင်းထောက်အဖွဲ့တွေနဲ့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ရန်ကုန်မြို့မှာ ဒီနေ့(စက်တင်ဘာ၁၄) နေ့လည်ပိုင်းက လေပြင်းတိုက်ခတ်မှုကြောင့် မြို့နယ်လေးခုမှာသစ်ပင်လဲကျတဲ့ ဖြစ်စဉ်တွေဖြစ်ခဲ့ပြီး လမ်းပိတ်မှုတွေဖြစ်ခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။

သတင်း

ရန်ကုန်မြို့မှာဝမ်းရောဂါကူးစက်မှုဖြစ်ပွားနေချိန် ပူဇွန်တောင်မြို့နယ်မှာ အမည်မသိလူတစ်စုက ကားနဲ့လာပြီး မစင်ထုပ်တွေကို ပစ်ချသွားတယ်လို့ ဒေသခံတွေကပြောပါတယ်။

သတင်း

စက်သုံးဆီခြိုးခြံချွေတာဖို့ အကြောင်းပြချက်နဲ့ ထုတ်ပြန်ခဲ့ပေမယ့် စစ်တပ် ၊ ယာဉ်ထိန်းရဲ နဲ့ အုပ်ချုပ်ရေး အဖွဲ့တွေအတွက် ဝင်ငွေရလမ်းဖြစ်ခဲ့တဲ့ စုံ/မ ကားစနစ်ကို ဒီနေ့(စက်တင်ဘာ၉)မှာ ဖျက်သိမ်းလိုက်ပြီလို့ စစ်တပ်က ထုတ်ပြန်ပါတယ်။

Facebook