Connect with us

Hi, what are you looking for?

ဆောင်းပါး

MOU တစ်ခုမှမထိုးနိူင်တဲ့ အာဏာသိမ်း​​ခေါင်း​ဆောင် အိန္ဒိယခရီးစဥ်

မြန်မာ့အိမ်နီးချင်း ဒီမိုကရေစီနိုင်ငံကြီးဖြစ်တဲ့ အိန္ဒိယဟာ အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်ကို တရားဝင်ခရီးစဥ်ဖိတ်ကြားပြီး အစိုးရ အဖွဲ့ခေါင်းဆောင် ဝန်ကြီးချုပ်နာရန်ဒရာမိုဒီကရော၊ သမ္မတ ဒရုပဒီမုရ်မုတို့ကလည်း သီးခြားစီလက်ခံတွေ့ဆုံခဲ့ပါတယ်။

-သော်မွန်/People’s Spring

မြန်မာ့အိမ်နီးချင်း ဒီမိုကရေစီနိုင်ငံကြီးဖြစ်တဲ့ အိန္ဒိယဟာ အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်ကို တရားဝင်ခရီးစဥ်ဖိတ်ကြားပြီး အစိုးရ အဖွဲ့ခေါင်းဆောင် ဝန်ကြီးချုပ်နာရန်ဒရာမိုဒီကရော၊ သမ္မတ ဒရုပဒီမုရ်မုတို့ကလည်း သီးခြားစီလက်ခံတွေ့ဆုံခဲ့ပါတယ်။

အာဏာသိမ်းခေါင်းဆောင်မင်းအောင်လှိုင်ကို စစ်တပ်ရဲ့လွှတ်တော်တွေက နိုင်ငံတော်သမ္မတခန့်အပ်ခဲ့ပြီး အဲဒီရာထူးနဲ့ သွားရောက်တဲ့ ပထမဆုံးပြည်ပခရီးစဥ်ဖြစ်ခဲ့ကာ အောင်မြင်တဲ့ခရီးစဥ်အဖြစ် စစ်အုပ်စုက အောင်ပွဲခံပါတယ်။

ဒါပေမဲ့ ကာလရှည် နဝတ/နအဖ စစ်အစိုးရကို ထိတွေ့ဆက်ဆံခဲ့တဲ့ ကမ္ဘာ့အကြီးဆုံးဒီမိုကရေစီနိုင်ငံ အိန္ဒိယက အာဏာသိမ်းစစ်အုပ်စုကို ဆက်ဆံတာက အရေးပါတဲ့အိမ်နီးချင်းနိုင်ငံကို မိတ်ဝတ်မပျက်ပြောဆိုဆက်ဆံတာလို့ ကာကွယ်ပြောဆိုပါတယ်။ မင်းအောင်လှိုင်ရဲ့ ခရီးစဥ်အတွင်းမှာပဲ အိန္ဒိယနိုင်ငံခြားရေးအတွင်းဝန်က နေပြည်တော်စစ်အုပ်စုနဲ့ ထိတွေ့ဆက်ဆံတာက သူ့ရဲ့နိုင်ငံရေးစနစ်ကို အတည်ပြုထောက်ခံတာမဟုတ်ဘူးလို့ အခိုင်အမာဆိုခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

အချက်အလက်တွေအရလည်း အိန္ဒိယဟာ မြန်မာအာဏာသိမ်းစစ်အုပ်စုကို သတိကြီးကြီးနဲ့ ကြိုဆိုလက်ခံခဲ့တာ တွေ့ရတယ်လို့ နိုင်ငံရေးလေ့လာစောင့်ကြည့်သူတွေကသုံးသပ်ပြောကြားပါတယ်။ မင်းအောင်လှိုင်ရဲ့ သမ္မတအမည်ခံ ပွဲဦးထွက် ၅ ရက်ကြာခရီးစဥ်မှာ အိန္ဒိယနဲ့ နားလည်မှုစာချွန်လွှာ(MoU)တစ်ခုမှ ရေးထိုးနိုင်ခဲ့ခြင်းမရှိသလို နှစ်နိုင်ငံသဘောတူညီချက်လည်း ဘာတစ်ခုမှ မရခဲ့ပါဘူး။ မြန်မာ-အိန္ဒိယနှစ်နိုင်ငံ ပူးတွဲကြေညာချက်မှာလည်း နှစ်ဖက်လုံးက ဆွေးနွေးဆဲ နားလည်မှုစာချွန်လွှာတွေရဲ့အခြေအနေကို မှတ်သားထားရှိကြောင်းနဲ့ အဲဒီနားလည်မှုစာချွန်လွှာတွေ အမြန်ဆုံး လက်မှတ်ရေးထိုးနိုင်ဖို့ မျှော်လင့်ကြောင်း ပြောကြားခဲ့တယ်လို့သာ ပါရှိပါတယ်။

(အာဏာသိမ်း​ခေါင်း​ဆောင်ကို အိန္ဒိယက ကြိုဆိုခဲ့ပုံနဲ့ ​ရွေး​ကောက်ခံသမ္မတ ဦးဝင်းမြင့်၊ဦးထင်​ကျော်တို့ကို အိန္ဒိယကကြိုဆိုခဲ့ပုံ)

ပြီးခဲ့တဲ့ရွေးကောက်ခံ အရပ်သားအစိုးရရဲ့ နိုင်ငံတော်သမ္မတတွေဖြစ်တဲ့ ဦးထင်ကျော်နဲ့ ဦးဝင်းမြင့်တို့ရဲ့ နိုင်ငံတော်အဆင့်(State-Visit)တွေမှာ နားလည်မှုစာချွန်လွှာ MoU ၉ ခုနဲ့ သဘောတူညီချက် ၅ ခု စုစုပေါင်း ၁၄ ခု လက်မှတ်ရေးထိုးနိုင်ခဲ့ကြပါတယ်။ အာဏာလုခေါင်းဆောင်မင်းအောင်လှိုင်ကတော့ ခရီးစဥ်အတွင်း သူရောက်ရှိခဲ့တဲ့ နေရာတွေရဲ့ ဧည့်သည်တော်မှတ်တမ်းမှာ လက်မှတ်ရေးထိုးတာပဲလုပ်နိုင်ခဲ့ပါတယ်။

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ဟာ နိုင်ငံတော်သမ္မတဟောင်းဦးထင်ကျော်ရဲ့ ခရီးစဥ်လမ်းကြောင်းအတိုင်း ဗုဒ္ဓဂါယာက ခရီးစဥ်စတင်ပြီး အုပ်ချုပ်ရေးမြို့တော် နယူးဒေလီဆီခရီးဆက်ပါတယ်။ ဒီနေရာမှာလည်း အရပ်သားအစိုးရလက်ထက် နိုင်ငံတော်သမ္မတတွေကို ဝန်ကြီးချုပ်မိုဒီနဲ့ သမ္မတတို့က လက်ခံကြိုဆိုတဲ့ ပုံစံနဲ့ မင်းအောင်လှိုင်ကို ကြိုဆိုပုံက ကွာခြားလွန်းပါတယ်။ အရပ်သားအစိုးရရဲ့ နိုင်ငံတော်သမ္မတတွေကို အိန္ဒိယ ကြည်း၊ရေ၊လေ တပ်ဖွဲ့ဝင်တွေနဲ့ ဖွဲ့စည်းထားတဲ့ ဂုဏ်ပြုတပ်ဖွဲ့က အဆောင်အယောင်အပြည့်နဲ့ သမ္မတအိမ်တော်ကွင်းပြင်ကျယ်မှာ တခမ်းတနားကြိုဆိုခဲ့ကြတာပါ။

မင်းအောင်လှိုင်ကိုတော့ အိန္ဒိယသမ္မတက သူ့ရဲ့ဧည့်ခန်းမဆောင်မှာပဲ လက်ခံတွေ့ဆုံခဲ့သလို ဝန်ကြီးချုပ်မိုဒီကလည်း သူ့ရဲ့ဝန်ကြီးချုပ်အိမ်တော်ကနေပဲ ကြိုဆိုခဲ့ပါတယ်။

နေ့စဥ်နှင့်အမျှ ကိုယ့်ပြည်သူတွေကို ဗုံးကြဲမီးရှို့သတ်ဖြတ်နေတဲ့ အာဏာသိမ်းစစ်ခေါင်းဆောင်နဲ့ စစ်အုပ်စုကို ဘာကြောင့် ကမ္ဘာ့အကြီးဆုံးဒီမိုကရေစီနိုင်ငံ အိန္ဒိယက အခုလိုထိတွေ့ဆက်ဆံနေရတာပါလဲ။ မင်းအောင်လှိုင်ရဲ့ခရီးစဥ်အတွင်းမှာပဲ အိန္ဒိယနိုင်ငံခြားရေးအတွင်းဝန်ကတော့ အဆက်ဖြတ်ထားခြင်းက ထိတွေ့ဆက်ဆံမှုထက် ပိုကောင်းတဲ့ ဘယ်လိုရလဒ်ကိုမျှ မပေးဘူးဆိုတာ သမိုင်းက ပြသပြီးဖြစ်တယ်လို့ အ​ကြောင်းပြပါတယ်။ တဖက်မှာလည်း အဆက်ဖြတ်ထားခြင်းကထိခိုက်နစ်နာစေမယ့် ဟာကွက်တစ်ခုဖြစ်ပေါ်စေပြီး အဲဒီဟာကွက်ကို တခြားသူတွေက ဖြည့်ဆည်းသွားမှာ ဖြစ်ကြောင်းနဲ့ အဲဒီတခြားသူတွေဆိုတာလည်း ဒီမိုကရေစီကို နည်းနည်းလေးမှ စိတ်ဝင်စားမှုမရှိကြောင်း အိန္ဒိယနိုင်ငံခြားရေးအတွင်းဝန်က ဆိုခဲ့ပါတယ်။

(အာဏာသိမ်း​ခေါင်း​ဆောင်ကို အိန္ဒိယက ကြိုဆိုခဲ့ပုံနဲ့ ​ရွေး​ကောက်ခံသမ္မတ ဦးဝင်းမြင့်၊ဦးထင်​ကျော်တို့ကို အိန္ဒိယကကြိုဆိုခဲ့ပုံ)

ဝန်ကြီးချုပ်မိုဒီ နဲ့ မင်းအောင်လှိုင်တို့ သီးသန့်တွေ့ဆုံမှုအတွင်း မိုဒီက နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကို ထိန်းသိမ်းထားတဲ့အခြေအနေနဲ့ ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်လည် ရောက်ရှိရေးကိစ္စရပ်တွေကို အလေးပေးပြောကြားခဲ့တယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ ဝန်ကြီးချုပ်မိုဒီရဲ့ အဲဒီပြောဆိုမှုတွေအပေါ် အာဏာသိမ်းစစ်ခေါင်းဆောင်က ဘယ်လို တု့န်ပြန်ခဲ့သလဲဆိုတာတော့ အိန္ဒိယနိုင်ငံခြားရေးအတွင်းဝန်က ရှင်းလင်းပြောဆိုတာ မရှိပါဘူး။

မြန်မာ-အိန္ဒိယဆက်ဆံရေးလေ့လာသူတချို့ကတော့ မြန်မာပြည်မှာ အာဏာသိမ်းစစ်တပ်အပေါ် အိမ်နီးချင်း ကမ္ဘာ့စူပါပါဝါ တရုတ်နိုင်ငံရဲ့ သြဇာကြီးထွားမြင့်တက်လာနေတာကို အိန္ဒိယရော၊ မြန်မာစစ်တပ်ရောက ဟန်ချက်ထိန်းညှိလိုနေတာ တွေ့ရကြောင်း မှတ်ချက်ပြုကြပါတယ်။

“(စစ်တပ်အနေနဲ့)တရုတ်ကို အရမ်းအားကိုးနေရတယ်ဆိုရင်တောင် တခြားတနိုင်ငံငံကို သုံးပြီးတော့ တရုတ်ရဲ့ သြဇာကို တန်ပြန်ဖို့ သုံးတာက အစဥ်အလာလို ဖြစ်နေတာ”လို့ စင်ကာပူအခြေစိုက် သုတေသီတစ်ဦးက ပြောပါတယ်။

အိန္ဒိယအနေနဲ့ကလည်း မြန်မာကို သူ့ရဲ့ မဟာဗျူဟာမြောက် လိုအပ်ချက်တစ်ခုကြောင့် ချဥ်းကပ်ဆက်ဆံတာဖြစ်ပြီး အခုနောက်ပိုင်း စစ်ရေးနဲ့ နည်းပညာပိုင်းမှာ အဓိကအရေးပါတဲ့ မြေရှားသတ္တုကို တရုတ်ကိုသာ အားကိုးနေရတာကလည်း အိန္ဒိယရဲ့ အမျိုးသားလုံခြုံရေးအတွက် မျက်ခုံးလှုပ်စရာဖြစ်နေတယ်လို့ အဲဒီသုတေသီက သုံးသပ်ပါတယ်။ ဒါပေမဲ့လည်း မြေရှားသတ္တုနဲ့ အာဏာသိမ်းစစ်အုပ်စုနဲ့ တစုံတရာသဘောတူညီချက် ရရှိတာ၊​လက်မှတ်ရေးထိုးတာ မရှိသေးသလို ၊အိန္ဒိယဟာ မြောက်ပိုင်းက ကချင်လွတ်လပ်ရေးအဖွဲ့(KIO/KIA)တို့နဲ့ ထိတွေ့ဆက်ဆံနေတာရှိပါတယ်။

​တွေ့ဆုံ​မှုမှာ ​မြေရှားသတ္ထုရှာ​ဖွေထုတ်လုပ်​ရေးအတွက် ​ဆွေး​နွေးခဲ့တယ်လို့ အိန္ဒိယအစိုးရကထုတ်ပြန်ခဲ့​ပေမယ့် မြန်မာနိုင်ငံတွင်းမှာ ​မြေရှားသတ္ထုအဓိကထုတ်လုပ်​နေတဲ့​​နေရာ​တွေကို အာဏာသိမ်းစစ်တပ်က ထိန်းချုပ်မထားနိုင်ပါဘူး။

စင်ကာပူအခြေစိုက်သုတေသီကတော့ အိန္ဒိယအရှေ့မြောက်ပိုင်းမှာ တချို့သော မြေရှားသန့်စင်ရေးနဲ့ပတ်သက်တဲ့ စက်ရုံတွေကို အိန္ဒိယကုမ္မဏီတွေ စတင် တည်ဆောက်နေတာရှိပြီး အဲဒါက စိတ်ဝင်စားဖွယ်ဖြစ်ကြောင်း ပြောပါတယ်။

“ဒါကတော့ အစိုးရက မြန်မာဘက်က မြေရှားတွေကို မြင်ပြီး တည်ဆောက်ခိုင်းတာလား၊ ဒါမှမဟုတ် သူတို့ဘာသာသူတို့ အရှေ့မြောက်ပိုင်းဒေသ ဖွံ့ဖြိုးရေးအတွက် တည်ဆောက်တာလားတော့ မပြောတတ်ဘူးပေါ့လေ”လို့ သူက ဆိုပါတယ်။

အိန္ဒိယဟာ လက်ရှိမြန်မာပြည်တွင်းမှာ ထုတ်နေတဲ့ မြေရှားကို လိုချင်တာမဟုတ်ဘဲ သူတို့နယ်စပ်နဲ့နီးတဲ့ ဒေသတွေမှာ မထုတ်ရသေးတဲ့ မြေရှားကို စူးစမ်းရှာဖွေ(explore)လိုတာကြောင့် မြေရှားထွက်နိုင်တဲ့ဒေသတွေက မြေသားနမူနာတွေကို ယူပြီး ဓာတ်ခွဲစမ်းသပ်တဲ့ကာလပဲ ရှိသေးကြောင်း စင်ကာပူအခြေစိုက်သုတေသီက ပြောပါတယ်။

“ဒီ(မြေရှား)ကိစ္စကို ဆွေးနွေးတယ်ဆိုတာလောက်ပဲ တော်တော်များများမှာပါတယ်ပေါ့လေ။ စာချုပ်လက်မှတ်ထိုးလို့ မရသေးတာလည်း ပါမယ်”လို့ သူက ဆိုပါတယ်။ ဆက်လက်ပြီး အဲဒီသုတေသီက “ကနဦးစမ်းသပ်ရှာဖွေတဲ့အဆင့်ပဲ ရှိသေးတော့ စာချုပ်ကို လက်မှတ်သွားထိုးလို့ မရသေးဘူး”လို့ ပြောပါတယ်။

မင်းအောင်လှိုင်ရဲ့ အခုခရီးစဥ်မတိုင်ခင် အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာတော့ မြန်မာနိုင်ငံဟာ အိန္ဒိယရဲ့ အိမ်နီးချင်းပထမမူဝါဒ၊ အရှေ့မျှော်ဝါဒကျင့်သုံးခြင်းမူဝါဒနဲ့ မဟာဆာဂါ(MAHASAGAR)မူဝါဒတွေနဲ့ ဆုံဆည်းရာအချက်အချာ နိုင်ငံဖြစ်တယ်လို့ ဖော်ပြပါတယ်။ နောက်ပြီး စစ်ခေါင်းဆောင်မင်းအောင်လှိုင်(မူရင်းထုတ်ပြန်ချက်မှာ သမ္မတဦးမင်းအောင်လှိုင်)ရဲ့တရားဝင်ခရီးစဥ်ဟာနှစ်နိုင်ငံအကြားကဏ္ဍစုံဆက်ဆံရေးတွေမှာ ပိုမိုအားကောင်း၊ နက်ရှိုင်းစေလိမ့်မယ်လို့ မျှော်လင့်ကြောင်း ထုတ်ပြန်ထားပါတယ်။

စစ်ခေါင်းဆောင်မင်းအောင်လှိုင်နဲ့ တွေ့ဆုံမှုအတွင်း လမ်းပန်းဆက်သွယ်ရေးပိုမိုကောင်းမွန်လာပါက ဒေသတွင်းမှာ အပြန်အလှန်အကျိုးရှိစေမယ့် စီးပွားရေးချိတ်ဆက်မှုများနဲ့ နှစ်နိုင်ငံ စည်ပင်ထွန်းကားလာစေမှာဖြစ်ကြောင်း ဝန်ကြီးချုပ်မိုဒီက အလေးပေးပြောကြားခဲ့တယ်လို့ ဆိုပါတယ်။ ကုလားတန်မြစ်ကြောင်းဘက်စုံသုံးဖြတ်သန်းသယ်ယူပို့ဆောင်ရေးနဲ့ စီမံကိန်းနဲ့ အိန္ဒိယ-မြန်မာ-ထိုင်း သုံးနိုင်ငံအဝေးပြေးလမ်းမကြီးတို့ကို အပြီးသတ်နိုင်ရေးအတွက် နီးကပ်စွာပူးပေါင်းဆောင်ရွက်ရေးဟာ အရေးကြီးကြောင်း နှစ်ဖက်စလုံးက လိုလားခဲ့တယ်လို့ ဆိုပါတယ်။

ဒါပေမဲ့ အဲဒီလိုလားချက်တွေက မြန်မာပြည်အာဏာသိမ်းစစ်ခေါင်းဆောင်ရဲ့ ထိန်းချုပ်မှုအောက်မှာ အပြည့်အဝရှိမနေတာကို အိန္ဒိယဝန်ကြီးချုပ် မိုဒီလည်း သိရှိလိမ့်မယ်လို့ နိုင်ငံရေးအကဲခတ်တစ်ဦးက ပြောပါတယ်။

မြန်မာ-အိန္ဒိယထိစပ်နယ်နမိတ် ၁,၆၀၀ ကီလိုမီတာ(မိုင်ပေါင်း ၉၉၄ ကျော်)ရှိပေမယ့် နှစ်နိုင်ငံနယ်စပ်ဂိတ်တချို့နဲ့ အဓိက လမ်းပိုင်းတွေကို တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ ထိန်းချုပ်မှု၊ စိုးမိုးနယ်မြေတွေအတွင်းမှာ ရှိနေပြီး တိုက်ပွဲတွေလည်း အဆက်မပြတ်ဖြစ်ပွားနေပါတယ်။ ကုလားတန်စီမံကိန်းနဲ့ပတ်သက်လို့လည်း အဓိကမြစ်ကြောင်းတလျှောက်ကို အာရက္ခတပ်တော်(AA)နဲ့ မဟာမိတ်တော်လှန်ရေးတပ်ဖွဲ့တွေက ထိန်းချုပ်စိုးမိုးထားတာပါ။ နောက်ပြီး အိန္ဒိယရဲ့အရှေ့မြောက်ပိုင်းကနေ မြန်မာနိုင်ငံရဲ့ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ ပဲခူးတိုင်းနဲ့ ကရင်ပြည်နယ််တို့ကို ဖြတ်ပြီး ထိုင်းနိုင်ငံ မဲဆောက်မြို့ကို ဆက်သွယ်ဖောက်လုပ်မယ့် သုံးနိုင်ငံအဝေးပြေးစီမံကိန်းဟာလည်း လက်တွေ့မှာ အလှမ်းဝေးသေးတယ်လို့ သုံးသပ်မှုတွေ ရှိပါတယ်။ အဲဒီအဝေးပြေးစီမံကိန်းရဲ့ ခရီးမိုင်အများစုကလည်း တော်လှန်ရေးအင်အားအကောင်းဆုံးဒေသတွေအပေါ်မှာ တည်ရှိနေတာပါ။

နောက်ထပ် အိန္ဒိယကို စိတ်ပူစေမှုက မြန်မာနိုင်ငံထဲကို ခြေကုပ်ယူပြီး အိန္ဒိယအစိုးရကို ပုန်ကန်နေတဲ့ လက်နက်ကိုင်အဖွဲ့တွေရဲ့ အရေးကိစ္စဖြစ်ပါတယ်။ အိန္ဒိယအစိုးရ နှစ်ပေါင်းရှည်ကြာ ခေါင်းခဲလာခဲ့ရတဲ့ အဲဒီအရေးကိစ္စကို မင်းအောင်လှိုင်ရဲ့ အခုခရီးစဥ်မှာလည်း ဆွေးနွေးခဲ့ကြပါတယ်။ မြန်မာ့ပိုက်နက်နယ်မြေကို အိန္ဒိယရဲ့လုံခြုရေးကို ထိခိုက်စေဖို့ လုံးဝအသုံးပြုခွင့်ပေးမှာမဟုတ်ဘူးလို့ စအာဏာလုခေါင်းဆောင်က အာမခံပါတယ်။ ဒါပေမဲ့လည်း အိန္ဒိယခွဲထွက်​ရေး လက်နက်ကိုင်အဖွဲ့​တွေကို ​အဓိကကူညီ​ထောက်ပံ့​နေတာကမြန်မာစစ်တပ်ဖြစ်​နေပါတယ်။

ဒါ​ကြောင့်အာဏာသိမ်းစစ်တပ်နဲ့ အိန္ဒိယခွဲထွက်ရေးလက်နက်ကိုင်လှုပ်ရှားသူတွေကြားမှာ ဆက်နွှယ်မှုရှိပြီး သူတို့နှစ်ဖွဲ့ပေါင်းကာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)တွေကို တိုက်ခိုက်ခဲ့တာရှိတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေက ထုတ်ပြန်ပြောဆိုထားတာ ရှိပါတယ်။

ဝန်ကြီးချုပ်မိုဒီကတော့ မြန်မာနိုင်ငံရဲ့အချုပ်အခြာအာဏာနဲ့ နယ်မြေတည်တံ့ခိုင်မြဲမှုအပေါ် အိန္ဒိယက ထောက်ခံကြောင်းနဲ့ တဖက်နိုင်ငံရဲ့လုံခြုံရေးကို ထိခိုက်စေမယ့် မလျော်ကန်တဲ့ ဆောင်ရွက်မှုတွေကို တားဆီးကာကွယ်သွားဖို့ အရေးကြီးကြောင်း သတိပေးပြောကြားခဲ့ပါတယ်။

နှစ်နိုင်ငံပူးတွဲကြေညာချက်ထဲမှာ မပါပေမယ့် အရင်ထဲက မြန်မာ-အိန္ဒိယနှစ်နိုင်ငံစစ်တပ်ချင်း ဆက်ဆံရေးက ကောင်းမွန်တာကြောင့် အခုခရီးစဥ်မှာလည်း စစ်လက်နက်ပစ္စည်းရောင်းဝယ်ရေးနဲ့ပတ်သက်လို့ ဆွေးနွေးကြလိမ့်မယ်လို့ မြန်မာ-အိန္ဒိယဆက်ဆံရေး အကဲခတ်တချို့က သုံးသပ်ပါတယ်။

မြန်မာစစ်တပ် ပထမဆုံးပိုင်တဲ့ တပတ်ရစ်ရေငုပ်သင်္ဘောကို အိန္ဒိယက ရောင်းချပေးခဲ့သလို အိန္ဒိယဟာ စစ်တပ်အာဏာမသိမ်းခင်ကရော၊ အာဏာသိမ်းအပြီးမှာပါ စစ်လက်နက်ပစ္စည်းတွေနဲ့ စစ်သုံးပစ္စည်းတွေ ရောင်းချပေးခဲ့ပါတယ်။ အခုလည်း စစ်လက်နက်ပစ္စည်းနဲ့ပတ်သက်ရင် ရုရှားနဲ့ တရုတ်ကိုသာ အားကိုးနေရတဲ့ မြန်မာစစ်တပ်အတွက် အိန္ဒိယက အရေးပါတဲ့ တင်ပို့ရောင်းချတဲ့နိုင်ငံ ဖြစ်လာနေပြီလို့ စစ်ရေးစောင့်ကြည့်သူတချို့က မှတ်ချက်ပြုပါတယ်။

“အိန္ဒိယက မြန်မာပြည်မှာ တရုတ် တန်ခိုးထွားလာတာကို power-balance(အာဏာထိန်းညှိမှု)လုပ်ချင်တာက တပိုင်း၊ တဖက်မှာလည်း တရုတ်နဲ့တူတာက မြန်မာပြည်မှာ စစ်တပ်ပြိုလဲသွားတာကိုမမြင်ချင်တဲ့ တိုင်းပြည်ဖြစ်တယ်”လို့ စစ်ရေးအကဲခတ်တစ်ဦးက ဆိုပါတယ်။

စင်ကာပူအခြေစိုက် သုတေသီကလည်း “လက်ရှိမှာ မြန််မာရေတပ်က အခြားစစ်တပ်ရဲ့လက်နက်တွေနဲ့စာရင် အိန္ဒိယရဲ့လက်နက်တွေကို အားကိုးရတာ များတယ်။ လေတပ်နဲ့ ကြည်းတပ်ကတော့ တရုတ်၊ ရုရှားတို့ရဲ့ လက်နက်တွေကို အားကိုးရတာ များတယ်။ ရေတပ်ကတော့ အိန္ဒိယလက်နက်တွေကို အားပြုတယ်။ အခုဆို ရခိုင်မှာဆိုရင် ရေတပ်ကို ပိုအားပြုလာရတယ်။ ရေတပ်လက်နက်တွေ ဝယ်ယူတာမျိုး၊ နောက်ပြီး ဒရုန်းတွေကိုလည်း တရုတ်နိုင်ငံကနေပဲ ဝယ်ယူနေရတာကနေ အိန္ဒိယဘက်ကနေ ဝယ်ချင်တာမျိုးလည်း ရှိမယ်”လို့ မှတ်ချက်ပြုပါတယ်။

ဒါ့အပြင် မင်းအောင်လှိုင်တို့စစ်တပ်အနေနဲ့ တရုတ်က သူ့ကို လွှမ်းမိုးလာတာကို မကြိုက်တဲ့အတွက်ကြောင့် အိန္ဒိယနဲ့ နီးစပ်ပြပြီး တရုတ်ကို အားကိုးရတာကို အတိုင်းအတာတစ်ခုအထိ လျှော့ချလိုနေကြောင်း လက်နက်အရောင်းအဝယ်ကိစ္စမှာ အိန္ဒိယအတွက်ရော၊ မြန်မာစစ်တပ်အတွက်ပါ နှစ်ဖက်စလုံး အကျိုးရှိနိုင်ကြောင်း အဲဒီသုတေသီက ပြောပါတယ်။

အိန္ဒိယအစိုးရအနေနဲ့ အာဏာသိမ်း စစ်အုပ်စုကို စစ်လက်နက်ရောင်းချမှုနဲ့ စစ်ဘက်ဆိုင်ရာပူးပေါင်းဆောင်ရွက်မှု အားလုံးကို ချက်ချင်းအဆုံးသတ်ဖို့ Justice For Myanmar က ၂၀၂၅ ခုနှစ် သြဂုတ်က တောင်းဆိုခဲ့ပါတယ်။ အိန္ဒိယအစိုးရဟာ စစ်အုပ်စုစစ်သည်အရာရှိများကို အိန္ဒိယမှာ လေ့ကျင့်သင်ကြားပေးပြီး စစ်အုပ်စုရဲ့ အကြမ်းဖက်စစ်ဆင်ရေးကို အားပေးကူညီနေသလို စစ်ဘက်ဆိုင်ရာ ထောက်လှမ်းရေးကိရိယာတွေကို ရောင်းချပေးရာပါဝင်ပတ်သက်မှုတွေ ရှိနေတယ်လို့ JFM က ဖော်ထုတ်ထားပါတယ်။

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ဟာ အိန္ဒိယခရီးစဥ်အတွင်း DD India သတင်းဌာနကို အင်တာဗျူးလက်ခံဖြေဆိုခဲ့ပြီး လက်ရှိသူ့အစိုးရသစ် ရက် ၁၀၀ အတွင်း ငြိမ်းချမ်းရေးရအောင် ကြိုးစားဆောင်မယ်ဖြစ်ကြောင်းနဲ့ လာမယ့် ၅နှစ်အတွင်း တိုင်းပြည်ငြိမ်းချမ်းအောင် ကြိုးစားမှာဖြစ်ကြောင်း ပြောပါတယ်။ စစ်အုပ်စုကို ဆန့်ကျင်နေတဲ့အဖွဲ့တွေနဲ့ပတ်သက်လို့ မင်းအောင်လှိုင်က နှစ်ပိုင်းခွဲပြောပြီး ပထမပိုင်းဖြစ်တဲ့ PDF(ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့)တွေကို ငြိမ်းချမ်းရေးရော၊ လုံခြုံရေးပိုင်းရော ဦးစားပေးရှင်းမယ်လို့ ပြောပါတယ်။ ဒုတိယအပိုင်းဖြစ်တဲ့ EAO(တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့)တွေနဲ့ပတ်သက်လို့ ငြိမ်းချမ်းရေးကဏ္ဍကနေ သွားမယ်လို့ မင်းအောင်လှိုင်က ပြောပါတယ်။ ဒါပေမဲ့ EAO တွေရဲ့လိုလားချက်က မျိုးစုံဖြစ်နေကြောင်းနဲ့ ဖြစ်ချင်တာတွေ လျှောက်ပြောနေမယ့်အစား ဖြစ်နိုင်တာတွေနဲ့ဖြစ်သင့်တာတွေပဲ လုပ်တာ ပိုကောင်းတယ်လို့ စစ်ခေါင်းဆောင်က DD India နဲ့ မေးမြန်းခန်းမှာ ပြောပါတယ်။ ​မေးမြန််းခန်းမှာ တိုင်းရင်းသားကို အဂ်လိပ်အသံထွက်နဲ့ မှား​ပြောတဲ့ အာဏာသိမ်း​ခေါင်း​ဆောင်တစ်​ယောက် လူမှုကွန်ယက်မှာ ​ဝေဖန်စရာ ၊​လှောင်​ပြောင်စရာလည်းဖြစ်​နေပါတယ်။

ဒါ့အပြင် အိန္ဒိယခရီးစဥ်အတွင်း မြန်မာ-အိန္ဒိယစီးပွားရေးဖိုရမ်ပြုလုပ်ခဲ့ပြီး အိန္ဒိယစီးပွားရေးလုပ်ငန်းရှင်တွေကို မြန်မာပြည်ကို လာရောက်ရင်းနှီးမြှုပ်နှံကြဖို့ မင်းအောင်လှိုင်က ဖိတ်ခေါ်ပါတယ်။ အိန္ဒိယစီးပွားရေးလုပ်ငန်းရှင်တွေအနေနဲ့ လုံခြုံရေးကို စိတ်မပူကြဖို့နဲ့ မြန်မာ့နိုင်ငံရေးအကြောင်း သူ ကောင်းကောင်းသိကြောင်း မင်းအောင်လှိုင်က ကြွားလုံးထုတ်ပါတယ်။

“အခုဟာက ဒီစကားကို ထုတ်ပြောရတယ်ဆိုကတည်းက သူ့မှာ အဲ့လောက်အထိ ယုံနိုင်စရာ မဖြစ်နေသေးလို့ သူကိုယ်တိုင်ထုတ်ပြောပြီး လာကြပါလို့ ခေါ်နေရတဲ့ အနေအထားမျိုးဖြစ်နေတာပေါ့လေ။ ဆိုတော့ အိန္ဒိယလုပ်ငန်းရှင်တွေအနေနဲ့ ဒါကိုတော့ မြင်မယ်လို့ ထင်တယ်။ လာလိမ့်မယ်လို့ မထင်ဘူး”လို့ မြန်မာ့အရေးသုတေသီက ပြောပါတယ်။

အာဏာသိမ်းစစ်ခေါင်းဆောင်ရဲ့ အိန္ဒိယခရီးစဥ်နဲ့ပတ်သက်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG နိုင်ငံခြားရေးဝန်ကြီးဒေါ်ဇင်မာအောင်ကတော့ အဲဒီခရီးစဥ်ဟာ မဖြစ်သင့်တဲ့ကိစ္စဖြစ်ပြီး ကမ္ဘာ့အကြီးဆုံး ဒီမိုကရေစီနိုင်ငံ အိန္ဒိယက အခုလို အာဏာသိမ်းစစ်ခေါင်းဆောင်ကို ဖိတ်ကြားတွေ့ဆုံခြင်းအပေါ် NUG အနေနဲ့ အလွန်အမင်း စိုးရိမ်ကြောင်းလည်း ပြောထားပါတယ်။

အိန္ဒိယနဲ့ နယ်နိမိတ်ချင်းကပ်လျက် ချင်းပြည်နယ်က ချင်းအမျိုးသားတပ်ဦး(CNF)ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီကလည်း အိန္ဒိယအစိုးရအနေနဲ့ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ဖိတ်ခေါ်ခဲ့တာဟာ ဒီမိုကရေစီနိုင်ငံမပီသတဲ့ လုပ်ရပ်ဖြစ်တယ်လို့ ဝေဖန်ပါတယ်။

“ဘယ်လိုပဲတွေ့တွေ့ပါ။ ဒါက တရားမဝင်တဲ့ စစ်အာဏာရှင်၊ အတုအယောင်အစိုးရကို အသိအမှတ်ပြုလိုက်တာပဲ။ ဒီမိုကရေစီ နိုင်ငံကြီး မပီသဘူးလို့ပဲ မှတ်ချက်ပြုချင်တယ်”လို့ ဆလိုင်းထက်နီက ပြောပါတယ်။ ။

ဆက်စပ်သတင်းများ

သတင်း

မြန်မာနိုင်ငံအတွင်းရှိတရုတ်လုပ်ငန်းများနဲ့ ဝန်ထမ်းများရဲ့ လုံခြုံရေးကို အထူးအလေးထားပြီး အစွမ်းကုန် အာမခံချက် ပေးသွားမယ်လို့ အာဏာသိမ်းစစ််ခေါင်းဆောင်းမင်းအောင်လှိုင်က တရုတ်သမ္မတကို ကတိပြုပါတယ်။

သတင်း

တရုတ်ဟာ အိမ်နီးချင်းသံတမန်ဆက်ဆံရေးမှာ မြန်မာကို ဦးစားပေးအဆင့်ထားရှိကြောင်း သမ္မတရှီကျင့်ဖျင်က ဒီနေ့ ဇွန်လ ၁၆ရက်မှာ ပြောကြားပါတယ်။

သတင်း

အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်ဟာ အိန္ဒိယခရီးစဥ်အပြီးတစ်ပတ်ကျော်အကြာမှာ တရုတ်နိုင်ငံကို နိုင်ငံတော်ခရီးစဥ်(State Visit)သွားရောက်မယ်လို့ သိရပါတယ်။

နိုင်ငံတကာ

အိန္ဒိယ နိုင်ငံမှာ ဉာဏ်ရည်တု နည်းပညာ (AI)ကို လေ့ကျင့်ပေးတဲ့ အလုပ်က ပိုမိုကျယ်ပြန့်လာနေပါတယ်။ နောင်တစ်ချိန်မှာ AIဟာ သူတို့ရဲ့ အလုပ်နေရာတွေကို အစားထိုး ယူသွားမလား ဆိုတာကို စိုးရိမ်မှုတွေ ရှိနေပေမယ့်လည်း AI လေ့ကျင့်ရေး ဝန်ထမ်းတွေကတော့ အဲဒီ နည်းပညာသစ်ကို နည်းလမ်းမျိုးစုံနဲ့ လေ့ကျင့်...