-ထွန်းညိုဦး ရေးသည်
စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့ရောပျော်ကြရဲ့လား ။
သြဂုတ် ၃ ရက်မနက်ခင်းကို တစ်နိုင်ငံလုံး ဗုံးပတ်ကြဲပြီး ပြည်သူတွေကိုသတ်နေတဲ့ စစ်တပ်ရဲ့ တိုက်ခိုက်ရေး လေယာဥ်တစ်စီးပျက်ကျတယ်ဆိုတဲ့ သတင်းနဲ့ဖွင့်ပါတယ်။ စစ်တပ်က အမောင်သင်လေယာဥ်ကျင့်ရင်း ငှက်နဲ့တိုက်မိပြီးပျက်ကျတာလို့ ထုတ်ပြန်ပါတယ် ။ဒါပေမယ့်စစ်တပ်နဲ့နီးစပ်တဲ့ သတင်းရင်းမြစ်အချို့ကတော့ ဗုံးသွားကြဲ ဖို့ ၂ စီးထွက်လာတုန်း တစ်စီးပျက်ကျခဲ့တာလို့ ပြောပါတယ် ။
စစ်တပ် လေယာဥ်ပျက်ကျတာကို ပြည်သူတွေကလည်းအခုလို မုဒိတာပွားကြပါတယ်။

Public Service Announcement
“အဖန်ဖန်ကြည်နူး၍….” လို့ပြည်သူတဦးကမှတ်ချက်ပြုသလို ၊ “ပြည်သူလူထုကိုဗုံးနဲ့လိုက်ကြဲနေတဲ့လေယာဉ်တွေပြည်သူကျိန်စာထိပြီးများများပျက်ကျပါစေ ၊အကုန်လုံးပျက်ကျပါစေ။” လို့ပြည်သူတဦးက ဆုတောင်းပါတယ်။
အခြားပြည်သူတဦးကလည်း”ပြည်သူတွေကို အသက်ပေး ကယ်တင်ခဲ့တဲ့ ငှက်ကလေးရေ ကောင်းမွန်ရာဘဝမှာခံစားနိုင်မှာပါ” လို့ မှတ်ချက်ပြုပါတယ် ။
စစ်တပ် တိုက်လေယာဥ်ပျက်ကျလို့ ပျော်တဲ့အပျော်ဟာ နေ့ခင်းပိုင်းမှာ ပိုစိတ်လှုပ်ရှားစရာသတင်းတစ်ခုထွက်ပေါ်လာပါတယ်။အာဏာသိမ်းစစ်တပ်က ဒေါ်အောင်ဆန်းစုကြည်နဲ့ အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ(ICRC)က မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ်နဲ့ တွေ့ဆုံတဲ့ သတင်းဓါတ်ပုံ တက်လာခဲ့တယ်။ နောက်ထပ် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ကိတ်ခွဲနေတဲ့ ပုံလေးတစ်ပုံလည်း ထုတ်ပြန်ခဲ့တယ်။ အဲဒီဓါတ်ပုံတွေဟာ ဒေါ်အောင်ဆန်းစုကြည်ကို စိုးရိမ်တကြီးနဲ့ စိတ်ပူနေကြတဲ့ ပြည်သူတွေအတွက် ရင်ကို တဒိုင်းဒိုင်းခုန်စေခဲ့တယ်။
တချို့ဆိုမျက်ရည်တွေကအစကျကြရတယ်။၂၀၂၁ ဖေဖော်ဝါရီ စစ်တပ်အာဏာသိမ်းပြီးကတည်းက ၂ ကြိမ်လောက် ခပ်ဝါးဝါးထုတ်ပြန်တာကလွဲလို့ ဘာသတင်းမှမရကြရှာတဲ့ ပြည်သူတွေဟာ ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိနေတာကို တွေ့ရတော့ ဝမ်းသာလုံးဆို့ကြတာပါ။
ပထမပုံက ယောဂီရောင်လို့ ယူဆရတဲ့ လုံချည်နဲ့ အဖြူရောင်အပွင့်ရိုက် ရင်ဖုံးအင်္ကျီလေးကို ဝတ်ဆင်ထားတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ ICRCက တာဝန်ရှိသူနဲ့ လက်ဆွဲနုတ်ဆက်နေတဲ့ပုံပါ။ နောက်တစ်ပုံကတော့ ICRC တာဝန်ရှိသူနဲ့ ဆက်တီခုံမှာထိုင်ရင်း စကားပြောနေကြတဲ့ပုံပါ။ နောက်တစ်ပုံကတော့ မွေးနေ့ကိတ်ခွဲနေတဲ့ပုံ ဖြစ်ပါတယ်။
ဓါတ်ပုံ ၃ ပုံလုံးဟာ အရည်အသွေး ညံ့ဖျင်းစွာ ရိုက်ကူးထားပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မျက်နှာကို ခပ်ဝါးဝါးလေးပဲ မြင်တွေ့ခွင့်ရခဲ့တယ်။
သို့သော် ပြည်သူတွေဟာ အာဏာသိမ်းစစ်တပ်ရဲ့အကြိမ်ကြိမ်လိမ်လည်မှုတွေနှစ်ပေါင်းများစွာ ကြုံနေရတော့ ဒီဓါတ်ပုံတွေကို မယုံံကြည်ရဲကြပါဘူး။ တချို့က ပြည်တွင်းက နီးစပ်နိုင်မယ့်သူတွေကို လှမ်းမေးတယ်။ တချို့က AI ကို သွားမေးတယ်။ AI ကလည်း စစ်ကောင်စီအကျင့် နောကြောနေပုံရတယ်။ မဖြစ်နိုင်ပါဘူးတဲ့။
ဒါနဲ့ ပုံထဲပါတဲ့ ကိတ်မုန့်အစစ်ဟုတ်၊မဟုတ် လိုက်စုံစမ်းကြတယ်။ နေပြည်တော်ကကိတ်ဆိုင်တစ်ခုက မှာယူထားတာတွေ့ရတယ်။ အဲဒီကိတ်ဆိုင်ကလည်း သူတို့မူလတင်ထားပြီးသား ဒေါ်အောင်ဆန်းစုကြည်အတွက် ကိတ်မုန့်ပုံကို စိုးရိမ်လို့ထင်ပါရဲ့ ဖျက်ချလိုက်တယ်။ ပြည်သူတွေဟာ သို့လောသို့လောနဲ့ သံသယတွေ ပွားနေကြတယ်။
နေ့လယ်ပိုင်းမှာတော့ အဲဒီတွေ့ဆုံမှုပြုလုပ်ခဲ့တဲ့အကြောင်း ICRC က အတည်ပြုထုတ်ပြန်လာတယ်။ပြည်သူတွေရဲရဲပျော်ခဲ့ကြပါတယ်။
သို့ပေမဲ့ ဒီကိစ္စဟာ စဥ်းစားစရာတွေ အများကြီး ရှိနေပါသေးတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ(ICRC)နဲ့သာရွေးချယ်တွေ့ဆုံခွင့်ပေးခြင်းဟာအကျဉ်းသားအဖြစ်သာ သဘောထားနေတဲ့အကြောင်းသိသာထင်ရှားစေတယ်လို့ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေအသင်း(AAPP)က ထုတ်ပြန်ခဲ့ပါတယ်။
“ဒေါ်အောင်ဆန်းစုကြည်ဆိုတာပြည်သူက ရွေးချယ်ထားတဲ့ ပြည်သူ့ကိုယ်စားလှယ်ပါ။ ပြည်သူ့ဆန္ဒ က ဒေါ်အောင်ဆန်းစုကြည် ကို နိုင်ငံ့ခေါင်းဆောင်အဖြစ်သတ်မှတ်ထားတာပါ။ အဲဒီလိုဘဲ အာဆီယံ နဲ့ နိုင်ငံတကာ က ဒေါ်အောင်ဆန်းစုကြည် ကို ချွင်းချက်မရှိ လွတ်မြောက်ပေးဖို့ နဲ့ မြန်မာနိုင်ငံရေးမှာ ဦးဆောင်တဲ့ နေရာက ပါဝင်နိုင်ဖို့ပါ။ အခု စစ်အုပ်စုလုပ်ဆောင်ချက် က နိုင်ငံတကာနဲ့ပြည်သူကို လှည့်စားဖို့ လုက်ဆောင်ချက်ပါ။ အိုင်စီအာစီ ဟာ နိုင်ငံရေးအရ အဖွဲ့အစည်းမဟုတ်ပါ။ ဒါကြောင့် ဒီလုပ်ဆောင်ချက်လောက် နဲ့ မြန်မာနိုင်ငံရဲ့ ပြဿနာတွေကို ဖြေရှင်းဖို့ အထောက်အကူမဖြစ်သလို အာဆီယံ နဲ့ နိုင်သံတကာအနေနဲ့လည်း သတိကြီးကြီးထားဖို့ လိုပါလိမ့်မယ်။”လို့ တွဲဖက်အတွင်းရေးမှူး ဦးဘိုကြည်ကပြောပါတယ်။
နောက်ထပ်ဆိုးရွားတာတစ်ခုကတော့ AI တွေနဲ့ ပြင်ထားတဲ့ တွေ့ဆုံမှုပုံအတုတွေ ထွက်ပေါ်လာတာပါ။ စစ်တပ်ထုတ်ပြန်တဲ့ပုံက ဝါးနေတဲ့အတွက် ပြည်သူတွေဟာ AI ကို သွားပြီးပြင်ခိုင်းကြပါတယ်။ အဲဒီအခါမှာ ဒေါ်အောင်ဆန်းစုကြည် ရုပ်သွင်ဟာ မိတ်ကပ်လူးထားသလို ကြည်လင်ပြီး ပြုံးနေတဲ့ပုံတွေပါ တက်လာခဲ့တာပါ။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားဖြစ်သူ ကိုထိန်လင်းကလည်း ဒီကနေ့ တွေ့ဆုံမှုကို အရေးပါတဲ့ ခြေလှမ်းတစ်ရပ်အဖြစ် သတိထားပြီး ကြိုဆိုခဲ့ပါတယ်။ သို့သော် မိခင်ဖြစ်သူရဲ့ အခြေအနေနဲ့ပတ်သက်ပြီးလွတ်လပ်တဲ့ သီခြား အတည်ပြုချက်တွေ၊ မိသားစုနဲ့တိုက်ရိုက်ဆက်သွယ်ခွင့်တွေ ဆက်လက်လိုအပ်နေဆဲဖြစ်ကြောင်း တောင်းဆိုထားပါတယ်။
ဒီကနေ့ တွေ့ဆုံမှုကတော့ ဒေါ်အောင်ဆန်းစုကြည်သက်ရှိထင်ရှားရှိသေးတယ်လို့ ပြည်သူတွေအတွက် စိတ်ပူပန်မှူ လျော့ပါးစေခဲ့ပေမဲ့ မြန်မာ့ဒီမိုကရေစီအရေးနဲ့ စစ်အာဏာရှင်စနစ် ဖယ်ရှားရေးအတွက် ပြည်သူတွေရဲ့ တိုက်ပွဲဝင်လိုစိတ်နဲ့ ရပ်တည်ချက်တွေကိုတော့တစ်စုံတစ်ရာ ပြောင်းလဲသွားခြင်း မရှိပါဘူး။
ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဥ်းသားတွေလွတ်မြောက်ဖို့နဲ့ တစ်နိုင်ငံလုံး စစ်တပ်လက်အောက်က လွတ်မြောက်ဖို့ ဆက်လက်ကြိုးစားသွားကြမှာပဲဖြစ်ပါတယ်။
သြဂုတ် ၃ ရက်မှာ ယူဆောင်လာပေးတဲ့ စစ်တပ် တိုက်လေယာဥ်ပျက်ကျတဲ့သတင်းက တစ်နိုင်ငံလုံးကို နေ့မအား ၊ညမနား ဗုံးပတ်ကြဲနေတဲ့ စစ်တပ် တိုက်လေယာဥ်တွေ၊ရဟတ်ယာဥ်တွေ ရဲ့ကြံခိုင်မှု အခြေအနေ အချက်ပြမှုဖြစ်တယ်လို့ စစ်ရေးအကဲခတ်သူအချို့ကပြောပါတယ် ။တိုက်လေယာဥ်ကိုအားထားပြီး စစ်တိုက်နေတဲ့ စစ်တပ်အတွက်ခေါင်းလောင်းထိုးသံဖြစ်သလို တော်လှန်ရေးအင်အားစုတွေအတွက် သတင်းကောင်းဖြစ်ပြီး ရည်မှန်းချက်တွေအတိုင်းရှေ့ကို ဖြောင့်ဖြောင့်တန်းတန်းချီတက်ရမယ့်အချိန်လို့ တော်လှန်ရေးခေါင်းဆောင်တဦးကပြောပါတယ်။
ဒေါ်အောင်ဆန်းစုကြည်နဲ့ ICRC ဌာနေကိုယ်စားလှယ်တွေ့ဆုံတဲ့သတင်း စစ်တပ်က လူထုခေါင်းဆောင်ကို၅ နှစ်ခွဲကျော်ဖမ်းဆီးကာ သတင်းအမှောင်ချထားပြီးမှထုတ်ပြန်လာတဲ့အပေါ်အမျိုးသားညီညွတ်ရေးအစိုးရ ၊နိုင်ငံခြားရေးဝန်ကြီးဒေါ်ဇင်မာအောင်ကလည်း ဖေစ်ဘွခ်မှာအခုလိုတိုက်တွန်းထားပါတယ်။
“မေတ္တာရပ်ခံလိုတာကတော့ –
အတုအစစ် ငြင်းခုန် မနေကြပဲ –
နိုင်ငံရေး ၊ သံတမန်ရေး ၊ စစ်ရေး ဟန်ချက်ညီညီ
ဆက်လက်ဖိအားပေးကြဖို့ပါပဲ။
အန်တီ့ ရုပ်ပုံလွှာက ပေးတဲ့ ခွန်အားတွေ နဲ့ ရှေ့ဆက်
ချီတက်ကြဖို့ပါပဲ ။” ။


















































