ဖိုးသား/People’s Spring
အိမ်ထောင်စုလေးစု စုပေါင်း နေ ရတဲ့ ၁၅ ပေ ပတ်လည်အခန်းလေးထဲ ငိုသံတချို့ကျယ်ကျယ်လောင်လောင်ထွက်လို့နေပါတယ်။
ဖြူဖက်ဖြူရော် မျက်နှာလေး တခုကလွဲလို့ ခန္ဓာ ကိုယ် တခုလုံး စောင်ကြမ်းတစ်ထည် နဲ့ ခြုံလွှမ်းထားတဲ့ ၆ နှစ်အရွယ် ကလေးကတော့ ကြားခွင့်မြင်ခွင့်မရတော့ပါဘူး။
ဒါ့အပြင် ၁၀ နှစ်အောက်ကလေးသေဆုံးရတဲ့ ကမ္ဘာ့ကျန်းမာရေး စစ်တမ်းတွေထက်ပိုဆိုးရွာတဲ့ အခြေအနေကို ဖိုးသား တစ်ယောက် အရွယ်နဲ့အမျှကြုံခဲ့ရပါတယ်။ဇွန်လ နောက်ဆုံးပတ်ကကွယ်လွန်ချိန်မှာ အသည်းရောင်အသားဝါ၊ လိပ်ခေါင်း၊ ဆီးချိုနဲ့ သွေးတိုး စတဲ့ရောဂါပေါင်းစုံကို နုနယ်တဲ့ ခန္ဓာ ကိုယ်နဲ့ ခံစားသွားခဲ့ရရှာပါတယ်။

Public Service Announcement
အချိန်မီကုသလို့ ရတဲ့ရောဂါတွေ ဖြစ်ပေမယ့် ကလေးရဲ့ အသက်ကို လုယူသွားတဲ့ အဓိကအကြောင်းအရာက “ဆင်းရဲတာ” ကြောင့်လို့ ဖိုးသားရဲ့ မိခင်က ရင်ဖွင့်ပါတယ်။
“သားလေး အသည်းအသန်ဖြစ်ပြီး အသက်လုနေရတဲ့ အချိန်မှာ ဆေးရုံကိုသာ အချိန်မီ ပို့နိုင်ခဲ့ရင် အသက်ရှင်ခွင့် ရှိနေဦးမှာပါ။ ဒါပေမဲ့ဆေးရုံပို့ဖို့ တက္ကစီခတောင် မရှိခဲ့ဘူး”
ဒါကြောင့်လည်း ဆင်းရဲမွဲတေမှု နဲ့ ကလေးသူငယ်သေဆုံးတာတွေကတိုက်ရိုက်ဆက်စပ်နေပြီး မြန်မာ နိုင်ငံဟာ ကမ္ဘာပေါ် ကလေးသူငယ်သေဆုံးမှုအများဆုံး နိုင်ငံတွေထဲက တစ်ခုအဖြစ် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHOက သတ်မှတ်ထားပါတယ်။
အရှေ့တောင်အာရှ ၁၁ နိုင်ငံထဲမှာ အသက် ၅ နှစ်အောက် ကလေး သေဆုံးမှုနှုန်းမှာလည်း မြန်မာနိုင်ငံက အမြင့်ဆုံးဖြစ်နေတယ်ဆိုတာ UNICEF က အခုနှစ် ထုတ်ပြန်တဲ့ ကမ္ဘာ့ကလေးသူငယ်များဆိုင်ရာ စစ်တမ်းမှာ ပါ၀င်ပါတယ်။
ဒါ့အပြင် မြန်မာနိုင်ငံက ကလေးငယ်တွေဟာ မြင့်တက်လာတဲ့ ပဋိပက္ခ ၊ မလုံခြုံမှု၊ အစုလိုက်နေရပ်စွန့်ခွာထွက်ပြေးရတာ၊ဆင်းရဲနွမ်းပါးတာ၊ ကျန်း မာရေးနဲ့ ပညာရေးအပါအဝင်အရေးကြီးဝန်ဆောင်မှုတွေပြတ်တောက်တာတွေကြောင့်ကိုယ်စိတ်ကျန်းမာရေး၊ အနာဂတ်နဲ့ ရှင်သန်မှုအပေါ် အကြီးမားဆုံး ခြိမ်းခြောက်မှုတွေကို ရင် ဆိုင်နေကြရတယ်လို့ သတိပေးထားပါတယ်။
အဲဒီသတိပေးချက်တွေ မှန်ကန်တယ်ဆိုတာ အဆက်အသွယ်မရတော့တဲ့စနစ်ဆိုးရဲ့သားကောင်ဖခင်ဖြစ်သူကို စစ်မှုထမ်းပေါ်တာ ဆွဲခံရပြီးနောက်ပိုင်းတောင်းရမ်းရှာဖွေစားသောက်နေကြရတဲ့ ဇွဲသုတတို့ မိသားစုက သက်သေတစ်ခု ဖြစ်ပါတယ်။
“အဖေက ပေါ်တာဆွဲခံရတယ်။အမေက တောင်းရမ်းရတယ်။ကျန်တဲ့ မောင်နှမ နှစ် ယောက်လဲ တောင်းရမ်းရတယ်။အိမ်ကတော့ ကျွန်တော်တို့ ငှားပေးထားတာ တစ်နှစ်ကျော်ပြီ။ အရင်က လမ်းမတွေမှာ နေရတယ် “လို့ ဇွဲသုတတို့ မိသားစုကို ကူညီနေတဲ့ ကိုထက်က ပြောပြပါတယ်။
လှိုင်သာယာအဝေးပြေး၀င်းအနီးငှားပေးထားတဲ့အိမ်လေးထဲမှာအမျိုးသမီး နဲ့ ကလေး ၁၈ ယောက်နီးပါး စုနေကြရတာဖြစ်ပြီး ဇွဲသုတတို့ မိသားစုလို အများစုက အခက်ခဲဆုံးဆင်းရဲနွမ်းပါးမှုကို ရင်ဆိုင်နေရသူတွေလို့ သူက ထပ်ရှင်းပြပါတယ်။
ရန်ကုန်မြို့က လမ်းဘေးကလေးနဲ့ ဆင်းရဲနွမ်းပါးတဲ့မိသားစုတွေကို ကူညီပေးနေတဲ့ကိုထက် တို့ အဖွဲ့ဆီ ပညာရေး၊ကျန်းမာရေး အကူအညီ တောင်းခံမှုကလည်း တနေ့တခြားပိုလို့များလာပါတယ်။
ဒါဟာ ပဋိပက္ခတွေအများစုရှိနေတဲ့ မြန်မာနိုင်ငံ ကျေးလက်ဒေသတွေ နဲ့အတူ မြို့ပြမှာလည်း ကုန် ဈေးနှုန်းနဲ့ အလုပ်အကိုင်ရှားပါးမှုတွေကြောင့် ဆင်းရဲမှု ရိုက်ခတ်တဲ့ဒဏ် ပြင်းထန်နေတယ်ဆိုတာ ထင်ဟပ်စေပါတယ်။
နောက်ထပ်အချက်အလက်တွေအရ ကုလသမဂ္ဂ ဖွံ့ဖြိုးမှုအစီအစဉ် (UNDP) က ၂၀၂၄ ခုနှစ်က ထုတ်ပြန်ခဲ့တဲ့ အစီရင်ခံစာတစ်ခုမှာ မြန်မာနိုင်ငံ လူဦးရေ ၄၂ သန်းနီးပါးက ဆင်းရဲမွဲတေမှုနဲ့ ရင်ဆိုင်နေရပါတယ်။
အဲဒီပမာဏက စင်ကာပူ၊လာအို၊ကမ္ဘောဒီးယား နဲ့ ဘရူနိုင် စတဲ့ နိုင်ငံလေးခု ပေါင်းထားတဲ့ လူဦးရေထက်တောင် ၁၀ သန်းကျော်ပိုများနေပါတယ်။
အဲဒီထက်ပိုလက်တွေ့ကျတဲ့ သဘောတရားအရဆိုရင် မြန်မာနိုင်ငံသားလေးဦးမှာ သုံးဦးက ဆင်းရဲနေပါတယ်။
ကုလသမဂ္ဂရဲ့သတ်မှတ်ချက်တွေမှာ ဆင်းရဲမွဲတေမှုဆိုတာ ငွေကြေးဆိုင်ရာအခြေအနေတစ်ခုတည်းမဟုတ်ဘဲ မရှိမဖြစ်လိုအပ်တဲ့၀န်ဆောင်မှုနဲ့ အခွင့်အရေးတွေ ဆုံးရှုံးနေရတာ ဖြစ်ပါတယ်။
အလုပ်အကိုင်၊ ကျန်းမာရေး၊အာဟာရ နဲ့ ကလေးသေနှုန်း၊အခြေခံပညာကျောင်းတက်ရောက်ခွင့် အပါအ၀င် သန့်ရှင်းတဲ့ရေရရှိမှု၊မိလ္လာစနစ်၊လျှပ်စစ်မီး စတဲ့ လူသားတစ်ယောက်ရဲ့အခြေခံလိုအပ်ချက်ရပိုင်ခွင့်နဲ့လည်း ဆင်းရဲမွဲတေမှုအခြေအနေကို တိုင်းတာပါတယ်။
တနည်းအားဖြင့်လက်ရှိမြန်မာနိုင်ငံသားတွေ ရင်ဆိုင်နေရတဲ့ ဆင်းရဲမွဲတေမှုက ဆင်းရဲသူတွေကိုသာမကပဲ လူ့အဖွဲ့အစည်းတစ်ခုလုံးကိုပါ ခြိမ်းခြောက်နေတဲ့ စိုးရိမ်စရာ အခြေအနေ ဖြစ်နေပါတယ်။
ဒါ့အပြင်လွန်ခဲ့တဲ့သုံးနှစ်တာကာလအတွင်း မြန်မာနိုင်ငံရဲ့ လူလတ်တန်းစားပမာဏ ထက်၀က် နီးပါး လျော့ကျသွားတယ်လို့ UNDP က ထောက်ပြထားပါတယ်။
ကိုဗစ်ကပ်ရောဂါ၊အာဏာသိမ်းမှု၊စနစ်မမှန်တဲ့ စီမံခန့်ခွဲမှုတွေ နဲ့အကျင့်ပျက်ခြစားမှု၊ရာသီဥတုနဲ့သဘာ၀ဘေး အန္တရာယ်တွေအပြင် ဒေသတွင်းပဋိပက္ခတွေကြောင့် မြန်မာလူထုဟာ ဆင့်ကဲ အကျိုး ဆက်တွေထက်ပိုတဲ့ ဆင်းရဲမွဲတေမှုကိုရင်ဆိုင်နေကြတယ်လို့ အရပ်ဘက် စစ်တမ်းတွေက ဆိုပါတယ်။
ဒါပေမယ့် စီးပွားရေးနဲ့ နိုင်ငံရေးအရ ကာလရှည် လက်ဝါးကြီးအုပ်ထားတဲ့ လူတန်းစားတစ်စုကပဲ နိုင်ငံသားတွေရဲ့ ဆင်း ရဲမွဲတေမှုကို အဓိကဖန်တီးနေတာလို့ အသက် ၇၀ အရွယ် ဝါရင့် စီးပွားရေးလုပ်ငန်းရှင်တစ်ယောက်က ကောက်ချက်ချပါတယ်။
“မြေပြင်က အခက်အခဲတွေကို မျက်ကွယ်ပြုပြီး စီးပွား ရေးမူဝါဒအမှားတွေကို ဆက်လက်ဆုပ်ကိုင်ထားမယ်ဆိုရင်တော့ပြိုလဲလုနီးပါးဖြစ်နေတဲ့လူမှုစီးပွားကဏ္ဍတစ်ခုလုံး အကျည်းတန်တာတွေ ပိုဆိုးလာလိမ့်မယ်”လို့ သူ့အမြင်ကို ပြောပြပါတယ်။
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ကုလသမဂ္ဂကတစ်ဆင့် မြန်မာနိုင်ငံကို ပံ့ပိုးပေးနေတဲ့ ဖွံ့ဖြိုးရေး အကူအညီတွေထက်၀က်နီးပါး ရပ်တန့်သွားခဲ့တာလည်း တပူပေါ် တပူဆင့်စေခဲ့ပါတယ်။
ကုလအဖွဲ့အစည်းတွေရဲ့၂၀၂၆ ခုနှစ်ထုတ်ပြန်တဲ့အချက်လက်တွေအရ မြန်မာနိုင်ငံရဲ့ လူဦးရေ သုံးပုံတစ်ပုံက အရေးပေါ်အကူအညီတွေလိုအပ်နေပြီး ၁၂ သန်းကျော်ဟာ ငတ်မွတ်မှုဒဏ်ကို တနည်းတဖုံ ခံစားနေကြရပါတယ်။
ဒါ့အပြင် ကာလတစ်ခုရဲ့ ဆင်းရဲဒုက္ခနဲ့ ကျပ်တည်းမှုဆိုတဲ့အမှန်တရားကို ကြက်ဥ တစ်လုံး စံချိန်တင်ဈေး နဲ့ ရန်ကုန်မြို့ ကမ်းနားလမ်းမှာအာဟာရပြတ် သေဆုံးရခဲ့ရတဲ့ ဆိုက်ကားဆရာတစ်ဦးကလည်း မြန်မာနိုင်ငံရဲ့ပကတိအခြေအနေကို ရုပ်လုံးဖော်ထားပါတယ်။အလုပ်လက်မဲ့နှုန်းများလာသလို ငွေဖောင်းပွပြီး အထွေးထွေကုန်ဈေးနှုန်းကြီးမြင့်မှုတွေက အာဏာသိမ်းစစ်တပ်လက်အောက်ကပြည်သူတွေရဲ့နေစဥ် ဘဝတွေကိုအသက်ရှုပိုကျပ်လာစေပါတယ်။
“ဘယ်သူမှတော့မွေးကတည်းကဆင်းဆင်းရဲရဲနဲ့ မွေးလာဖို့ တောင်းဆိုခဲ့တာ မရှိပါဘူး။ဒါပေမယ့် ဆင်းဆင်းရဲရဲနဲ့ မသေသွားဖို့အတွက်ကိုတော့ ကျွန်တော်တို့ လူ့အဖွဲ့အစည်းကနေပြီး စိတ်စေတနာကောင်း ရှိရုံနဲ့ မလုံလောက်ပဲ ရည်ရွယ်ချက်ကောင်းကောင်းနဲ့ ထိရောက်တဲ့ ဆောင်ရွက်မှုတွေကို လုပ်ဆောင်သွားကြရပါလိမ့်မယ်”လို့ ကိုထက်က တိုက်တွန်းစကားဆိုပါတယ်။
(အမည်တွေကို လုံခြုံရေးအရ ပြောင်းလဲထားပါတယ်)

















































