သီဟံ ရေးသားသည်။
မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီး ငါးနှစ်ကျော်ကြာလာတဲ့အထိ စစ်ပွဲတွေ၊ လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ပြင်းထန်တဲ့ နိုင်ငံရေးဖိနှိပ်မှုတွေ ဆက်ပြီး ဖြစ်ပွားနေဆဲပါ။ အာဏာသိမ်းပြီးနောက် စစ်တပ်ရဲ့ အရပ်သားပစ်မှတ်ထား တိုက်ခိုက်မှုတွေ၊ လေကြောင်းတိုက်ခိုက်မှုတွေအပါအဝင် လက်နက်ကိုင်ပဋိပက္ခ တွေကြောင့် ကလေးငယ်များအပါအဝင် အသက်ဆုံးရှုံးခဲ့ရသူဦးရေ အရပ်သားနဲ့ တိုက်ပွဲဝင်သူ စုစုပေါင်းဟာ ၁၀၀,၀၀၀ ကျော်အထိ ရှိလာပြီလို့ ACLED ရဲ့ မှတ်တမ်းတွေအရ သိရပါတယ်။
ဒီလိုအချိန်မှာ ထိုင်းနိုင်ငံကတော့ မြန်မာအာဏာသိမ်း စစ်အစိုးရနဲ့ အာဆီယံရဲ့ ဆက်ဆံရေးပုံစံကို ပြန်လည်ပြင်ဆင်ဖို့ “အဆင့်လိုက် သုံးသပ်ပြီး လိုက်လျောညီထွေတဲ့ ပြန်လည်ထိတွေ့ဆက်ဆံရေး (Calibrated Re-engagement)” မူဝါဒကို တင်ပြလာပါတယ်။
ထိုင်းနိုင်ငံအနေနဲ့ အာဆီယံရဲ့ဘုံသဘောတူညီချက် (၅) ရပ် (Five-Point Consensus) ကို လမ်းညွှန်မူဘောင်အဖြစ်ဆက်လက်ခံယူထားပေမယ့် မြန်မာနဲ့ အာဆီယံရဲ့ ထိတွေ့ဆက်ဆံပုံမှာတော့ အပြောင်းအလဲ တချို့ လုပ်ဆောင်ဖို့ အဆိုပြုခဲ့တယ်လို့ ဆိုပါတယ်။ အဓိပ္ပါယ်ကတော့ အာဏာသိမ်းအုပ်စုကို တရားဝင်အသိအမှတ်ပြုမှုဆီသို့ တဖြည်းဖြည်း ရွှေ့လျားလာစေနိုင်တဲ့လမ်းကြောင်းတစ်ခုဖွင့်ပေးခြင်းပင် ဖြစ်ပါတယ်။

Public Service Announcement
ထိုင်းဝန်ကြီးချုပ် အနုတင်က ဒီအကြောင်းကို ဩဂုတ် ၄ ရက်က အင်ဒိုနီးရှားနိုင်ငံ မြို့တော် ဂျာကာတာရှိ အာဆီယံ အတွင်းရေးမှူးချုပ်ရုံးကို သွားရောက်စဉ် ပြောကြားခဲ့တာ ဖြစ်ပါတယ်။အဲဒီခရီးစဉ်အတွင်းအင်ဒိုနီးရှားသမ္မတ ပရာဘိုဝို ဆူဘီယန်တို နဲ့လည်း တွေ့ဆုံခဲ့ပါတယ်။
သူပြောတဲ့ ‘အဆင့်လိုက် သုံးသပ်ပြီးလိုက်လျော ညီထွေတဲ့ ပြန်လည်ထိတွေ့ဆက်ဆံရေး’ ဆိုတာကတော့ စစ်ကောင်စီကို အပြည့်အဝ အသိအမှတ်မပြုသလို လုံးဝလည်း သီးခြား ဖယ်ထားမယ့်အစား လိုအပ်တဲ့အချိန်မှာ ဆွေးနွေးမယ်၊ အခြေအနေတိုးတက်လာရင်နောက်ထပ်ခြေလှမ်းတွေလှမ်းမယ်ဆိုတဲ့ နည်းလမ်းတစ်ခုဖြစ်ပါတယ်။
ထိုင်းဘက်ကတော့ ဒီနည်းလမ်းကသာ မြန်မာနိုင်ငံရဲ့ လက်ရှိပကတိအခြေအနေကို တုံ့ပြန်နိုင်ပြီး ဆွေးနွေးရေးလမ်းကြောင်းကို ဆက်လက်ဖွင့်ထားနိုင်ကာ လက်တွေ့ကျတဲ့ ရလဒ်တွေရရှိစေနိုင်တယ်လို့အကြောင်းပြပါတယ်။
ဒီချဉ်းကပ်မှုဟာ“လမ်းကြောင်းမှန်ပေါ်ရောက်နေပြီ” ဆိုတာကို ပြသနေတယ်လို့ ထိုင်းဝန်ကြီးချုပ် အနုတင်ကဆိုခဲ့ပြီး၊ မကြာသေးမီက ICRC ကိုယ်စားလှယ်တွေ ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ဆုံခွင့်ရခဲ့တာကို ဥပမာအဖြစ် ထောက်ပြခဲ့တယ်လို့ Reuters က ဖော်ပြပါတယ်။
ဒါပေမယ့် လူ့အခွင့်အရေးအဖွဲ့အစည်းတွေ၊ လူ့အခွင့်အရေးကို အလေးထားတဲ့ နိုင်ငံတွေနဲ့ မြန်မာပြည်သူအများစုအတွက်တော့ဒီချဉ်းကပ်မှုက အာဏာသိမ်းအစိုးရကိုသာ အသက်ဆက်စေမယ့် နိုင်ငံရေးအကျိုးအမြတ် ဖြစ်နိုင်တာမို့ ပြင်းပြင်းထန်ထန် သတိပေး ကန့်ကွက်ကြပါတယ်။
တကယ်တော့ အာဆီယံက ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက် မြန်မာစစ်ကောင်စီကို “ဘုံသဘောတူညီချက် (၅) ချက်” အကောင်အထည် ဖော်ဖို့ တောင်းဆိုခဲ့ပါတယ်။ ဒါပေမယ့် အခုအချိန်အထိ အဲဒီအချက်တွေထဲက အရေးကြီးဆုံးဖြစ်တဲ့ အကြမ်းဖက်မှုရပ်တန့်ရေး၊ သက်ဆိုင်သူအားလုံးပါဝင်တဲ့ တွေ့ဆုံဆွေးနွေးရေးနဲ့ လူသားချင်းစာနာမှုအကူအညီ ပေးပို့နိုင်ရေးတွေကို အကောင်အထည် ဖော်နိုင်ခြင်းမရှိသေးပါဘူး။
ဒီလို အာဆီယံရဲ့ တောင်းဆိုချက်ကို လိုက်နာခြင်းမရှိသည့်အပြင် မင်းအောင်လှိုင်က အဆိုပါ ဘုံသဘော တူညီချက် (၅) ချက်ဟာ အာဆီယံအဖွဲ့ဝင်နိုင်ငံအားလုံးရဲ့ သဘောတူညီချက်နဲ့ ချမှတ်ထားတာ မဟုတ်ဟု ဆိုပြီး၊ ဒီမူဘောင်ရဲ့ တရားဝင်မှုကိုပင် မေးခွန်းထုတ်ခဲ့ ပါသေးတယ်။
ယင်းကဲ့သို့ ဘုံသဘောတူညီချက်များကို အကောင်အထည် မဖော်နိုင်ခြင်းကြောင့်လည်း မင်းအောင်လှိုင်ကို အာဆီယံ ထိပ်သီးအစည်းအဝေးတွေမှာမဖိတ်ကြားတော့တဲ့မူဝါဒကိုဆက်လက်ကျင့်သုံးခဲ့တာဖြစ်ပါတယ်။
အခုထိုင်းဘက်က အာဏာသိမ်းအစိုးရနဲ့ အဆင့်မြင့်တွေ့ဆုံမှုတွေ ပြန်လည်လုပ်ဆောင်လာတာကို လူ့အခွင့်အရေးအဖွဲ့အစည်းတွေက ပြင်းပြင်းထန်ထန် ဝေဖန်ကြပါတယ်။သူတို့ရဲ့ အမြင်အရ မြန်မာ့အကျပ်အတည်းမှာ တိုးတက်မှုတစ်စုံတစ်ရာ မတွေ့ရသေးဘဲ ဒီလို ဆက်ဆံရေးမြှင့်တင်တာဟာ စစ်ကောင်စီအတွက် နိုင်ငံရေးတရားဝင်မှု (Legitimacy) ရရှိလာစေဖို့ အားဖြည့်ကူညီရာရောက်ပြီး၊လူ့အခွင့်အရေးချိုးဖောက်မှုတွေအတွက် တာဝန်ရှိသူတွေကို နိုင်ငံရေးအရ အရေးပေးရာရောက်သလို၊ အဖိနှိပ်ခံနေရတဲ့ မြန်မာပြည်သူတွေရဲ့ အသံကိုလည်း လျစ်လျူရှုထားရာရောက်တယ်လို့ ဝေဖန်ကန့်ကွက်ကြပါတယ်။
၎င်းတို့၏ ရပ်တည်ချက်မှာ တွေ့ဆုံဆွေးနွေးရေးကိုလုံးဝမလုပ်သင့်ဘူးလို့ဆိုလိုတာ မဟုတ်ပဲ အဲဒီတွေ့ဆုံမှုတွေဟာ အကြမ်းဖက်မှု လျှော့ချရေး၊ နိုင်ငံရေးအကျဉ်းသား လွတ်မြောက်ရေး၊ လူသားချင်းစာနာမှု အကူအညီတွေ အတားအဆီးမရှိ ရောက်ရှိရေးလိုမျိုး တိုင်းတာနိုင်တဲ့ ရလဒ်တွေနဲ့ တွဲဖက်လာဖို့ လိုတယ်လို့ အလေးအနက် သတိပေးထောက်ပြကြတာ ဖြစ်ပါတယ်။
Fortify Rights ကလည်း ဒီလိုထိုင်းနိုင်ငံက သံတမန်ဆက်ဆံရေးတိုးလာနေချိန်မှာ မြန်မာစစ်တပ်က အရပ်သားတွေအပေါ် လေကြောင်းတိုက်ခိုက်မှုတွေ၊ မတရားဖမ်းဆီး ညှဉ်းပန်း နှိပ်စက်တာတွေ၊ ဥပဒေမဲ့ သတ်ဖြတ်တာတွေ၊ အရပ်သားအခြေခံအဆောက်အအုံတွေကို တိုက်ခိုက်တာတွေကို ဆက်တိုက် ကျူးလွန်နေဆဲလို့ ထောက်ပြထားပါတယ်။
ဒီလုပ်ရပ်တွေဟာစစ်ရာဇဝတ်မှု(War Crimes) နဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှု (Crimes Against Humanity) တွေအဖြစ် သတ်မှတ်ခံရတဲ့ ပြင်းထန်တဲ့ ချိုးဖောက်မှုတွေ ဖြစ်ပါတယ်။
ကုလသမဂ္ဂရဲ့ အချက်အလက်တွေအရ လက်ရှိ မြန်မာနိုင်ငံမှာ စစ်ပွဲကြောင့် လူပေါင်း ၃.၈ သန်းနီးပါး နေရပ်စွန့်ခွာ ထွက်ပြေးနေရပြီး ၁၆ သန်းကျော်ကလူသားချင်းစာနာထောက်ထားမှု အကူအညီတွေကို အရေးပေါ် လိုအပ်နေပါတယ်။
နိုင်ငံတကာတရားရေးပိုင်းမှာလည်း မင်းအောင်လှိုင်ဟာ အရေးယူမှုတွေ တိုးမြင့်လာနေတဲ့ အခြေအနေနဲ့ ရင်ဆိုင်နေရပါတယ်။ ၂၀၂၄ ခုနှစ် နိုဝင်ဘာလမှာ အပြည်ပြည်ဆိုင်ရာ ရာဇဝတ်တရားရုံး (ICC) ရဲ့ အစိုးရရှေ့နေက ရိုဟင်ဂျာတွေအပေါ် ကျူးလွန်ခဲ့တဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုတွေအတွက် မင်းအောင်လှိုင်ကို ဖမ်းဝရမ်းထုတ်ပေးဖို့ လျှောက်ထားပါတယ်။
ဒါ့အပြင်၂၀၂၅ခုနှစ် ဖေဖော်ဝါရီလမှာလည်းအာဂျင်တီးနား ဖက်ဒရယ်တရားရုံးက “ကမ္ဘာလုံးဆိုင်ရာစီရင်ပိုင်ခွင့်(Universal Jurisdiction)” အခြေခံနဲ့ ရိုဟင်ဂျာတွေအပေါ် ကျူးလွန်ခဲ့တဲ့ လူမျိုးတုံး သတ်ဖြတ်မှု (Genocide) နဲ့လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုတွေအတွက်မင်းအောင်လှိုင်အပေါ် ဖမ်းဝရမ်း ထုတ်ခဲ့ပါတယ်။
ခုလို ထိုင်းဝန်ကြီးချုပ် အနုတင်ရဲ့ အာဏာသိမ်းစစ်အစိုးရကို သံတမန်ရေးအရ အခွင့်အလမ်းပေးပြီး အသက်ဆက်နိုင်အောင် ကူညီပေးနေတာဟာ မင်းအောင်လှိုင်လို ရာဇဝတ်မှုတွေ ကျူးလွန်ထားသူကို နိုင်ငံတကာမှာ တရားဝင်မှုရရှိအောင် အကျိုးဆောင်ပေး နေတာမို့ ဒါဟာ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေကို သွယ်ဝိုက်အားပေးရာရောက်ပြီး ထိုင်းနိုင်ငံရဲ့ နိုင်ငံတကာဂုဏ်သိက္ခာနဲ့ ယုံကြည်မှုကိုလည်း ထိခိုက်ကျဆင်းစေတဲ့ လုပ်ရပ်တစ်ခု ဖြစ်ပါတယ်။
မင်းအောင်လှိုင်ဦးဆောင်တဲ့အာဏာသိမ်းစစ်အစိုးရကို ASEAN က မြန်မာနိုင်ငံရဲ့ တရားဝင် ကိုယ်စားပြုအစိုးရအဖြစ် အသိအမှတ်မပြုထားပါဘူး။ ဒါ့အပြင် ဒီမိုကရေစီနည်းကျ ရွေးကောက် တင်မြှောက်ထားတဲ့ အစိုးရကို ဖြုတ်ချပြီး အာဏာသိမ်းခဲ့ တာကြောင့် လူ့အခွင့်အရေးအဖွဲ့အစည်း တွေနဲ့ အနောက်နိုင်ငံတွေ ကလည်း ၎င်းတို့ စီစဉ်ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲကို “ဟန်ပြရွေးကောက်ပွဲ” လို့ ဝေဖန်ခဲ့ကြပြီး ရွေးကောက်ပွဲရလဒ်ကိုလည်း အသိအမှတ်မပြုခဲ့ကြပါဘူး။
ဒီအခြေအနေမှာ မင်းအောင်လှိုင်ရဲ့ထိုင်းခရီးစဉ်ဟာလည်း နိုင်ငံတကာရဲ့ အသိအမှတ်ပြုမှု ရရှိဖို့ ကြိုးပမ်းနေတဲ့ နောက်ဆုံး ကြိုးပမ်းမှုတစ်ခုဖြစ်တယ်လို့အမေရိကန်အခြေစိုက် Reuters သတင်းဌာနကဖော်ပြထားပါတယ်။
ကိုးကား – Reuters

















































