Connect with us

Hi, what are you looking for?

ဆောင်းပါး

“သွေးစွန်းနေတဲ့လက်တွေကို ပွတ်တိုက်သန့်စင်ပေးမဲ့” မင်းအောင်လှိုင်ရဲ့ခရီးစဉ်ကို ပယ်ဖျက်ရန် ထိုင်းလွှတ်တော်အမတ် ကန်နဝီ တိုက်တွန်း

‘မင်းအောင်လှိုင်’ ရဲ့ ရက် ၁၀၀ မူဝါဒကြေညာချက်ကို ဖတ်ပြီးနောက် ကျွန်တော် ပိုမိုယုံကြည်လာတာက ထိုင်းနိုင်ငံအနေနဲ့ ဒီလူရဲ့ ခရီးစဉ်ကို ပယ်ဖျက်သင့်တယ်ဆိုတာပါ!!

ခါကာဘို ရေးသားသည်။

‘မင်းအောင်လှိုင်’ ရဲ့ ရက် ၁၀၀ မူဝါဒကြေညာချက်ကို ဖတ်ပြီးနောက် ကျွန်တော် ပိုမိုယုံကြည်လာတာက ထိုင်းနိုင်ငံအနေနဲ့ ဒီလူရဲ့ ခရီးစဉ်ကို ပယ်ဖျက်သင့်တယ်ဆိုတာပါ!!

ဒါကတော့ ထိုင်းအောက်လွှတ်တော်အမတ်တစ်ဦးဖြစ်ပြီး UNHCR တွင် နှစ်ပေါင်းများစွာ ဒုက္ခသည်အရေး ဆောင်ရွက်ခဲ့ဖူးတဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကျွမ်းကျင်သူကန်နဝီဆွတ်ဆန်း(Kannavee Suebsang) က မင်းအောင်လှိုင်၏ ထိုင်းနိုင်ငံခရီးစဉ်ကို ပြန်လည်သုံးသပ်ရန်နှင့် ဖိတ်ကြားမှုကို ပယ်ဖျက်ပေးရန် ထိုင်းဝန်ကြီးချုပ် အနုတင် ချန်ဝီရာကူးလ် အား တိုက်တွန်းထားသည့် သဘောထားဘဲ ဖြစ်ပါတယ်။

သူပြောထားတာ အပြည့်အစုံကတော့ –
“ဇူလိုင် ၃၁ ရက်နေ့က မြန်မာနိုင်ငံ လွှတ်တော်မှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြောကြားခဲ့တဲ့ ရက် ၁၀၀ မူဝါဒကြေညာချက်ကို ကျွန်တော် အသေးစိတ် ဖတ်ခဲ့ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဩဂုတ် ၆–၇ ရက်နေ့မှာ ထိုင်းနိုင်ငံကို တရားဝင်လာရောက်မယ့် ခရီးစဉ်မတိုင်ခင် နိုင်ငံတကာအသိုက်အဝန်းကို သူ ဘယ်လိုသတင်းစကား ပေးချင်တာလဲဆိုတာ သိချင်လို့ပါ။

Public Service Announcement

Public Service Announcement

ဖတ်လေလေ လက်မခံနိုင်လေလေ ဖြစ်လာပြီး၊ ထိုင်းအစိုးရအနေနဲ့ ဒီခေါင်းဆောင်ကို တရားဝင် ကြိုဆိုလက်ခံမယ့် အစီအစဉ်ကို အလေးအနက် ပြန်လည်သုံးသပ်သင့်တယ်ဆိုတာ ပိုပြီးယုံကြည်လာပါတယ်။

သူ့ရဲ့ မိန့်ခွန်းတစ်လျှောက်လုံးမှာ မြန်မာနိုင်ငံကို ငြိမ်းချမ်းရေးဆီ ဦးတည်သွားစေနိုင်မယ့် အပြောင်းအလဲလက္ခဏာတွေကို ကျွန်တော် မတွေ့ရသလောက်ပါပဲ။ အဲဒီအစား လက်ရှိလမ်းကြောင်းကို ဆက်လျှောက်မယ်ဆိုတဲ့ သဘောထားကိုပဲ ထပ်မံအတည်ပြုထားတာ တွေ့ရပါတယ်။ ဒီလမ်းကြောင်းဟာ မြန်မာပြည်သူ အများအပြား အသက်ဆုံးရှုံးစေခဲ့တယ်၊ သန်းနဲ့ချီတဲ့ လူတွေကို နေရပ်စွန့်ခွာ ထွက်ပြေးစေခဲ့တယ်၊ ထိုင်းနိုင်ငံအပါအဝင် အိမ်နီးချင်းနိုင်ငံတွေကိုလည်း ငါးနှစ်ကျော်ကြာ အကျိုးဆက်တွေခံစားစေခဲ့တဲ့လမ်းကြောင်းပါ။

ကျွန်တော် အံ့ဩမိဆုံးအချက်ကတော့ မင်းအောင်လှိုင်က အာဆီယံရဲ့ ဘုံသဘောတူညီချက်၅ရပ်(Five-Point Consensus)ကို လက်မခံကြောင်း ပွင့်ပွင့်လင်းလင်း ကြေညာခဲ့ပြီး၊ အာဆီယံကမြန်မာနိုင်ငံအပေါ် “ရွေးချယ်ဆက်ဆံတဲ့ အရေးယူမှု” တွေ ပြုလုပ်နေတယ်လို့ စွပ်စွဲခဲ့တာပါ။

ကျွန်တော် ထိုင်းအစိုးရကို တိုက်ရိုက်မေးချင်တာကတော့—
မြန်မာခေါင်းဆောင်တစ်ယောက်က အာဆီယံခေါင်းဆောင်အားလုံး သဘောတူထားတဲ့ ဘုံမူဝါဒကိုတောင် ငြင်းပယ်နေသေးရင်၊ ထိုင်းနိုင်ငံက ဘာကြောင့် သူ့ကို အရေးကြီးဧည့်သည်အဖြစ် ဂုဏ်ပြုကြိုဆိုရမှာလဲ။

လူအများက “နိုင်ငံတစ်နိုင်ငံရဲ့ ပြည်တွင်းရေးကို မဝင်ရောက်စွက်ဖက်ရေး” (Non-Interference) ဆိုတဲ့ မူကို ကိုးကားလေ့ရှိပါတယ်။ ဒါပေမယ့် ကျွန်တော် ပြန်မေးချင်တာတစ်နိုင်ငံရဲ့ ပြည်တွင်းပြဿနာဟာ နယ်စပ်ကျော်ပြီး အိမ်နီးချင်းနိုင်ငံတွေကို အကြီးအကျယ် ထိခိုက်စေတဲ့အထိ ဖြစ်လာရင်၊ အားလုံးက မမြင်ချင်ယောင်ဆောင်နေလို့ ရပါသလား။

ထိုင်းနိုင်ငံဟာ မြန်မာဒုက္ခသည်တွေကို နှစ်ပေါင်း ၄၂ နှစ်ကျော် လက်ခံထားပါတယ်။ ယနေ့အချိန်ထိ ယာယီဒုက္ခသည်စခန်းတွေမှာ လူတစ်သိန်းနီးပါး ရှိနေဆဲဖြစ်ပြီး၊ ၂၀၂၁ စစ်အာဏာသိမ်းပြီးနောက် ထိုင်းနိုင်ငံထဲ ထပ်မံဝင်ရောက်လာတဲ့ သိန်းနဲ့ချီတဲ့ လူတွေကိုတောင် ဒီစာရင်းမှာ မထည့်ရသေးပါဘူး။ မြန်မာနိုင်ငံအတွင်း နေရပ်စွန့်ခွာရသူ သန်းနဲ့ချီ ရှိနေသလို၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာလည်းရိုဟင်ဂျာဒုက္ခသည် တစ်သန်းကျော် ရှိနေပါတယ်။

ထိုင်း-မြန်မာ နယ်စပ် ၂,၄၀၀ ကီလိုမီတာကျော် တစ်လျှောက် နေထိုင်တဲ့ ထိုင်းပြည်သူတွေဟာသေနတ်သံ၊ ဗုံးသံ၊ လေပိုင်နက်ကျူးကျော်မှုတွေနဲ့ လက်နက်ကြီးကျည်ကျရောက်မှုတွေကြောင့် ဒဏ်ရာရသူ၊ အသက်ဆုံးရှုံးသူတွေ ရှိခဲ့ပြီးသားပါ။

ဒါဟာမြန်မာနိုင်ငံရဲ့ပြည်တွင်းရေးသက်သက်မဟုတ်တော့ပါဘူး။ ထိုင်းနိုင်ငံရဲ့ အမျိုးသားလုံခြုံရေးနဲ့ အာဆီယံတစ်ခုလုံးရဲ့ လုံခြုံရေးဆိုင်ရာ ပြဿနာ ဖြစ်နေပါပြီ။

အထူးဆန့်ကျင်ဘက် ဖြစ်နေတာကတော့ မင်းအောင်လှိုင်က “ငြိမ်းချမ်းရေးတံခါး ဖွင့်ထားတယ်” လို့ ပြောပြီး၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တချို့နဲ့ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ ဆိုသလိုPDFကိုလည်းလက်နက်ချဖို့ တောင်းဆိုခဲ့ပါတယ်။

ဒါပေမယ့် လက်တွေ့မှာတော့ မြန်မာစစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေ ဆက်လက် ဖြစ်ပွားနေဆဲပါ။ ကျေးရွာတွေ၊ စာသင်ကျောင်းတွေ၊ ဘုန်းကြီးကျောင်းတွေ၊ ဘုရားကျောင်းတွေ၊ ဆေးရုံတွေဟာ ပစ်မှတ်ဖြစ်နေဆဲပါ။ မနှစ်က ကြီးမားတဲ့ ငလျင်ဖြစ်ပွားပြီးနောက် နိုင်ငံတကာက လူသားချင်းစာနာထောက်ထားမှု အကူအညီတွေ ပို့ဆောင်နိုင်ဖို့ အပစ်အခတ်ရပ်စဲဖို့တောင်းဆိုခဲ့ပေမယ့် ဗုံးကြဲတိုက်ခိုက်မှုတွေက မရပ်ခဲ့ပါဘူး။

တိုက်လေယာဉ်တွေနဲ့ ဗုံးတွေနဲ့ အတူလာတဲ့ “ငြိမ်းချမ်းရေး”ဟာ ငြိမ်းချမ်းရေး မဟုတ်ပါဘူး။

နောက်ထပ် သူကမသင်မနေရစစ်မှုထမ်းဥပဒေကို ဆက်လက်ကျင့်သုံးမယ်လို့လည်း ကြေညာခဲ့ပါတယ်။

အသက် ၁၈ နှစ်ကနေ ၄၅ နှစ်အထိ လူငယ်တွေကို စစ်မြေပြင်ထဲ အတင်းပို့လိုက်ရင် သူတို့ ဘာလုပ်ကြမလဲ။

လူအများအပြားအတွက် ရွေးချယ်စရာက နိုင်ငံကနေ ထွက်ပြေးတာပဲ ဖြစ်လာပါတယ်။ အဲဒီလူတွေ ဘယ်ကို ရောက်လာကြမလဲ။

ထိုင်းနိုင်ငံကိုပါ။

နောက်ဆုံးမှာတော့ လူသားချင်းစာနာမှုအကူအညီ၊ လုံခြုံရေး၊ ဒုက္ခသည်ကာကွယ်ရေးနဲ့ အုပ်ချုပ်စီမံခန့်ခွဲရေးစရိတ်တွေကို ထိုင်းနိုင်ငံကပဲ ထမ်းဆောင်ရပါတယ်။ ဒီပြဿနာရဲ့ အရင်းအမြစ်က ထိုင်းနိုင်ငံကြောင့် မဟုတ်ပေမယ့်ပါ။

ကျွန်တော် လက်မခံနိုင်ဆုံးအချက်ကတော့ အွန်လိုင်းလိမ်လည်မှု (Scam) ကိစ္စနဲ့ ပတ်သက်တဲ့ သူ့ရဲ့ ပြောဆိုချက်ပါ။

မင်းအောင်လှိုင်က မြန်မာနိုင်ငံဟာ မတရားစွပ်စွဲခံနေရတယ်လို့ ဆိုပြီး၊ ပြစ်မှုကျူးလွန်သူ ၇၅ ရာခိုင်နှုန်းဟာ အိမ်နီးချင်းနိုင်ငံတွေကနေ ဝင်လာတဲ့ နိုင်ငံခြားသားတွေ ဖြစ်တယ်လို့ ပြောပါတယ်။

ဒီစကားကို နားထောင်ပြီး ကျွန်တော် ခေါင်းခါရုံကလွဲလို့ မတတ်နိုင်ခဲ့ပါဘူး။ ဒီအဓိပ္ပာယ်အတိုင်းဆိုရင် သူဟာ တာဝန်နဲ့ အပြစ်ကို အိမ်နီးချင်းနိုင်ငံတွေ၊အထူးသဖြင့်ထိုင်းနိုင်ငံအပေါ် လွှဲချနေတာနဲ့ အတူတူပါပဲ။

ထိုင်းနိုင်ငံမှာလည်း နိုင်ငံဖြတ်ကျော်ရာဇဝတ်ဂိုဏ်းတွေ အသုံးချခဲ့တဲ့ အားနည်းချက်တွေ ရှိခဲ့တယ်ဆိုတာ ကျွန်တော် လက်ခံပါတယ်။ ဒါတွေကိုလည်း အလျင်အမြန် ပြင်ဆင်ဖို့ လိုပါတယ်။

ဒါပေမယ့် လက်တွေ့မှာ အကြီးစား အွန်လိုင်းလိမ်လည်မှုစခန်းတွေဟာထိုင်းနိုင်ငံမှာ မဟုတ်ဘဲ မြန်မာနိုင်ငံမြေပေါ်မှာ တည်ရှိနေပြီး၊ နှစ်ပေါင်းများစွာလက်နက်ကိုင်အဖွဲ့တွေနဲ့ အာဏာဖွဲ့စည်းပုံတချို့ရဲ့ထိန်းချုပ်မှုအောက်မှာ လည်ပတ်ခဲ့တာကိုလည်းငြင်းလို့မရပါဘူး။

ယနေ့မှာတော့ မြန်မာခေါင်းဆောင်က မြန်မာနိုင်ငံကို သားကောင်အဖြစ် ပုံဖော်ပြီး၊ အိမ်နီးချင်းနိုင်ငံတွေကိုပြဿနာရဲ့ အကြောင်းရင်းအဖြစ် ပြန်လည်စွပ်စွဲနေတာက အလွန်ဆန့်ကျင်ဘက် ဖြစ်နေပါတယ်။

ဒါ့အပြင် မင်းအောင်လှိုင်က ပြည်သူတွေ ဒီမိုကရေစီတောင်းဆို လှုပ်ရှားခဲ့တာဟာ “ပညာရေးအရည်အသွေး နိမ့်ကျမှု” နဲ့ “ဝေဖန်ပိုင်းခြားနိုင်စွမ်း အားနည်းမှု” ကြောင့်လို့တောင် စွပ်စွဲခဲ့ပါတယ်။

ကျွန်တော် မေးချင်တာက—
ကလေးတွေကို ကျောင်းမတက်နိုင်အောင် ဘယ်သူလုပ်ခဲ့တာလဲ။

စာသင်ကျောင်းတွေကို ဘယ်သူ ဗုံးကြဲခဲ့တာလဲ။

ဆရာ၊ ဆရာမတွေ၊ ကျောင်းသားကျောင်းသူတွေ၊ မိသားစုတွေကို အိုးအိမ်စွန့်ခွာ ထွက်ပြေးရအောင် ဘယ်သူလုပ်ခဲ့တာလဲ။

ဒီနေ့ကျတော့ အပြစ်ကို ကိုယ့်ပြည်သူတွေအပေါ် ပြန်ပုံချနေတာ လက်ခံနိုင်စရာ မရှိပါဘူး။

ဒီအကြောင်းတွေကြောင့် ကျွန်တော်ဟာ မစ္စတာ အနုတင် ချန်ဝီရာကူးလ်နဲ့ ထိုင်းအစိုးရကို တိုက်ရိုက် မေတ္တာရပ်ခံချင်ပါတယ်။

ဒီခရီးစဉ်ကို အလေးအနက် ပြန်လည်သုံးသပ်ပေးပါ။

ကျွန်တော်က ထိုင်းနိုင်ငံအနေနဲ့ မြန်မာနိုင်ငံနဲ့ ဆက်ဆံရေး ဖြတ်တောက်ဖို့ ပြောနေတာ မဟုတ်ပါဘူး။ နှစ်နိုင်ငံဟာ အိမ်နီးချင်းနိုင်ငံတွေ ဖြစ်တာကြောင့် နယ်စပ်ရေးရာ၊ လုံခြုံရေး၊ ဒုက္ခသည်၊ မူးယစ်ဆေးဝါး၊ နိုင်ငံဖြတ်ကျော်ရာဇဝတ်မှုနဲ့ နှစ်နိုင်ငံပြည်သူတွေရဲ့ အကျိုးစီးပွားကိစ္စတွေမှာ ဆက်လက်ဆွေးနွေးဖို့ လိုအပ်ပါတယ်။

ဒါပေမယ့် ဆက်သွယ်ဆွေးနွေးရေး လမ်းကြောင်းကို ထိန်းသိမ်းထားတာဟာ နိုင်ငံရေးတရားဝင်မှု (Political Legitimacy) ကို မည်သည့်ခေါင်းဆောင်ကိုမဆို ပေးရမယ်လို့ မဆိုလိုပါဘူး။

ကောင်းမွန်တဲ့ သံတမန်ရေးဆိုတာ အမျိုးသားအကျိုးစီးပွားကို ကာကွယ်ရင်း မူဝါဒနဲ့ အခြေခံတန်ဖိုးတွေကိုလည်း ထိန်းသိမ်းနိုင်ရမှာ ဖြစ်ပါတယ်။ မူကို စွန့်လွှတ်ပြီး ဝင်ရောက်ခွင့် (Access) ရယူတာ မဟုတ်ပါဘူး။ “Access without Principles” ဟာ သံတမန်ရေး မဟုတ်ပါဘူး။ မူကို အလဲအလှယ်လုပ်လိုက်တာသာ ဖြစ်ပါတယ်။

ထိုင်းနိုင်ငံအနေနဲ့ သတိကြီးကြီးထားဖို့ လိုပါတယ်။ ဆွေးနွေးဖို့ လိုအပ်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ “သွေးစွန်းနေတဲ့လက်တွေကို ပွတ်တိုက်သန့်စင်ပေးတဲ့” အခြေအနေမျိုး မဖြစ်စေသင့်ပါဘူး။

ကမ္ဘာက စောင့်ကြည့်နေတာက ထိုင်းနိုင်ငံက မင်းအောင်လှိုင်ကို ဘာပြောမလဲဆိုတာတင် မဟုတ်ပါဘူး။ ထိုင်းနိုင်ငံက သူ့ကို နိုင်ငံရေးတရားဝင်မှု ပေးနေသလားဆိုတာကိုလည်း စောင့်ကြည့်နေပါတယ်။

နောက်ဆုံးအနေနဲ့ ထိုင်းလူမျိုးတိုင်း သိကြတဲ့ စကားပုံတစ်ခုကို ကိုးကားချင်ပါတယ်။

“လူကောင်းနဲ့ပေါင်းရင် ကောင်းရာကို ရောက်မယ်။ လူဆိုးနဲ့ပေါင်းရင် မှားရာကို ရောက်မယ်။”

အခု ထိုင်းနိုင်ငံ ရွေးချယ်ရမယ့်အချိန် ရောက်နေပါပြီ။

မူဝါဒ၊ ငြိမ်းချမ်းရေး၊ အပြစ်မဲ့ပြည်သူတွေနဲ့ အာဆီယံရဲ့ ဘုံသဘောတူညီချက် ၅ ရပ်ဘက်မှာ ရပ်တည်မလား။

ဒါမှမဟုတ်—
အာဆီယံရဲ့ ဘုံသဘောတူညီချက်ကို ငြင်းပယ်တယ်၊ စစ်ပွဲကို ဆက်တိုက်တယ်၊ မသင်မနေရ စစ်မှုထမ်းဥပဒေကို ဆက်ကျင့်သုံးတယ်၊ အိမ်နီးချင်းနိုင်ငံတွေကို အပြစ်ပုံချတယ်၊ ဒေသတွင်းကို ထိခိုက်စေတဲ့ အကျိုးဆက်တွေအတွက် တာဝန်ယူဖို့ ငြင်းဆန်နေတဲ့ ခေါင်းဆောင်တစ်ယောက်ဘက်မှာ ရပ်တည်မလား။

ဘာကြောင့်လဲဆိုတော့ ထိုင်းနိုင်ငံက ဘယ်သူ့ကိုမဆို လက်ဆွဲနှုတ်ဆက်လိုက်တိုင်း ကမ္ဘာက ကြည့်နေတာဟာ လူနှစ်ယောက် တွေ့ဆုံနေကြတာကိုသာ မဟုတ်ပါဘူး။ ထိုင်းနိုင်ငံက ဘယ်ဘက်မှာ ရပ်တည်ဖို့ ရွေးချယ်လိုက်သလဲဆိုတာကို ကမ္ဘာက စောင့်ကြည့်နေတာ ဖြစ်ပါတယ်။”

ဒီလို ရှင်းလင်းခိုင်မာတဲ့ အကြောင်းပြချက်တွေနဲ့ မင်းအောင်လှိုင်ရဲ့ ခရီးစဉ်ကို ကန့်ကွက်ခဲ့တဲ့ ကန်နဝီ ဆွတ်ဆန်းရဲ့ ရပ်တည်

ချက်ကို ဖတ်ပြီးနောက် နိဂုံးချုပ်အဖြစ် ပြောချင်တာကတော့ ယခုလို မြန်မာနိုင်ငံကို ယခုကြုံတွေ့နေရတဲ့ အခြေအနေအထိ ကျရောက်စေခဲ့တဲ့ အဓိကတရားခံကို တရားဝင်ဖိတ်ကြားခြင်းမပြုသင့်ကြောင်း ရဲရဲဝံ့ဝံ့ ကန့်ကွက်ပြောဆိုခဲ့တဲ့ ကန်နဝီ ဆွတ်ဆန်းကို မှန်ကန်တဲ့ အိမ်နီးချင်းကောင်း ထိုင်းနိုင်ငံသားတစ်ဦးအဖြစ် မြန်မာပြည်သူများကိုယ်စား ကျေးဇူးတင်ကြောင်း ဒီနေရာကနေ ပြောကြားလိုပါတယ်။

နိုင်ငံကောင်းတစ်နိုင်ငံဆိုတာ အိမ်နီးချင်းနိုင်ငံရဲ့ ပြည်သူတွေရဲ့ နာကျင်မှုကို နားလည်စာနာပြီး မူအပေါ်အခြေခံတဲ့ ရပ်တည်ချက်ကို ရွေးချယ်နိုင်တဲ့ ပြည်သူတွေနဲ့ နိုင်ငံရေးသမားတွေ ရှိနေသရွေ့ဒေသတွင်းငြိမ်းချမ်းရေးနဲ့ တရားမျှတမှုအတွက် မျှော်လင့်ချက်ဆိုတာ ဆက်လက်ရှင်သန်နေဦးမှာ ဖြစ်ပါတယ်။ ။

ကိုးကား – Facebook page of Mr. Kannavee Suebsang

ဆက်စပ်သတင်းများ

သတင်း

ထိုင်းနိုင်ငံထဲ ကို မကောင်းတဲ့ စွမ်းအင်တွေ ၀င်ရောက်လာတယ်လို့ ထိုင်းရဲတပ်ဖွဲ့ဝင်တဦးက ဒီကနေ့ပြောပါတယ်။

သတင်း

အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင် ရှေ့မှာ ငြိမ်းချမ်းရေးနဲ့ လူသားချင်းစာနာမှုတွေအတွက် အော်ဟစ်ဆန္ဒပြခဲ့တဲ့ ပြည်သူ့ပါတီ (PP)ရဲ့ အမတ် အနူဆွမ် သွမ်ချိုင်က မင်းအောင်လှိုင်ဆီလိပ်မူတဲ့ပေးစာကိုထုတ်ပြန်ခဲ့ပါတယ်။

နိုင်ငံတကာ

ထိုင်းဝန်ကြီးချုပ် အန်နုတင် ချန်ဗီရာကူလ်က နွန်သဘူရီမြို့ကျောင်းတွင်းပစ်ခတ်မှုကြောင့် လူသေဆုံးခဲ့ရတဲ့ဖြစ်ရပ်အပေါ် အလွန်အမင်း ဝမ်းနည်းကြောင်းပြောကြားပြီး၊ ဒီဖြစ်ရပ်ဟာအလွန်ဆိုးရွားတဲ့ထိတ်လန့်ဖွယ် ဖြစ်ရပ်လို့​ပြောပါတယ် ။

သတင်း

အာဏာသိမ်း မြန်မာစစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ထိုင်းနိုင်ငံခရီးစဉ်နဲ့ ပတ်သက်ပြီး ထိုင်းတက္ကသိုလ် ၃ ခုရဲ့ကျောင်းသား သမဂ္ဂတွေ နဲ့ ကျောင်းသား အဖွဲ့အစည်းတွေက ပူးတွဲထုတ်ပြန်ချက်တစ်စောင်နဲ့ကန့်ကွက်ရှုတ်ချခဲ့ပါတယ်။